← Chapters

အခန်း ၇၅၈

Vol. 64 Ch. 758

အခန်း ၇၅၈

Vol. 64 Ch. 758

အခန်း(၇၅၈)

တစ်ချိန်တည်းမှာပဲ မိုက်ကယ်နဲ့ ပါမောက္ခက ရေလူသားရေကန်ထဲကနေ ထွက်လာခဲ့ကြပြီး သူတို့ မြေပြင်ပေါ် ခြေချလိုက်တာနဲ့ ဧရာမ ရေပူဖောင်းကြီးက ချက်ချင်း ပေါက်ကွဲသွားခဲ့တယ်။

အဲဒီနောက် ပါမောက္ခ လစ်ချ်တန်စတိုင်းက ချက်ချင်းပဲ အပြေးအလွှား ထွက်သွားတာမို့ မိုက်ကယ်တစ်ယောက် နောက်မှာ ကျန်ရစ်ခဲ့မလိုတောင် ဖြစ်သွားတယ်။

"မင်း လိုက်မှာလား" လို့ သူက မေးလိုက်ပေမဲ့ သူ့အသံက တိုးဝင်ပျောက်ကွယ်လုနီးပါး ဖြစ်နေတယ်။

မိုက်ကယ်က ရယ်မောလိုက်ပြီး ပါမောက္ခနောက်ကို လိုက်သွားခဲ့တယ်။ သူ့ကို အပြစ်တင်လို့တော့ မရပါဘူး။ သူကိုယ်တိုင်လည်း ရှေးဟောင်းအမွေအနှစ်ကို ကိုယ်တိုင် မျက်မြင်တွေ့ရမှာမို့ စိတ်လှုပ်ရှားနေတာလေ။ ဒဏ္ဍာရီလာ မှော်သားရဲတွေနဲ့ ရှေးဟောင်းလူသားတွေအကြောင်းက သူ့ကို အရမ်း စိတ်ဝင်စားစေခဲ့တယ်။

သူတို့က ရေလူသားရေကန်နဲ့ ဝံပုလွေတောအုပ်ကြားက နယ်နိမိတ်လမ်းကြောင်းအတိုင်း လျှောက်လာရင်း နယူးစပါတာရဲ့ အလယ်ဗဟိုမှာရှိတဲ့ နဂါးမျိုးနွယ်ဝင်များ နယ်မြေဆီ ဦးတည်သွားနေကြတာပါ။

အချိန်က ညဘက်ရောက်နေပြီဖြစ်ပြီး ကောင်းကင်ယံမှာ ကြယ်တွေ ထွက်ပေါ်နေသလို လပြည့်ဝန်းကြီးကလည်း သူတို့အထက်မှာ ထင်းထင်းလင်းလင်း သာယာနေတယ်။ လရောင်က မှောင်မည်းနေတဲ့ လမ်းမတွေကို လင်းထိန်စေပြီး လူသားခရီးသွားဧည့်သည်တွေအတွက် နယ်နိမိတ်တစ်လျှောက် သူတို့ရဲ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ အချိန်ပို ရသွားစေတယ်။

"ကျွန်တော်တို့ ဘယ်သွားနေလဲဆိုတာကိုရော ပါမောက္ခ သိရဲ့လား"

ရှေးဟောင်းအမွေအနှစ်ကို ဇိုဗီရုလို့ခေါ်တဲ့ နဂါးမျိုးနွယ်ဝင်တစ်ယောက်က သိမ်းဆည်းထားတယ်လို့ မင်းသမီး အော့တေးဗီးယားက သူတို့ကို ပြောပြခဲ့တယ်။ ဒါပေမဲ့ ပါမောက္ခက စိတ်လှုပ်ရှားလွန်းလို့ ဇိုဗီရု ဘယ်မှာရှိနေလဲဆိုတာကို သူမကို မေးဖို့ မေ့လျော့သွားခဲ့တာလေ။

"ဟိုရောက်ရင် ငါ အဆင်ပြေအောင် လုပ်လိုက်မယ်" လို့ ပါမောက္ခက ပြောလိုက်တယ်။ "ငါ့မှာ အစီအစဉ် ရှိတယ်"

ပါမောက္ခရဲ့ အစီအစဉ်က နဂါးမျိုးနွယ်ဝင်များ နယ်မြေဆီကို တည့်တည့်မတ်မတ် ပြေးသွားဖို့လောက်ပဲ ပါဝင်ပုံရတယ်။ မိုက်ကယ်ကတော့ ဘာမှ မညည်းညူခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ပါမောက္ခရဲ့ သစ္စာရှိ တပည့်ဖြစ်တဲ့ ကီယို နေရာကနေ သရုပ်ဆောင်နေရတာလေ။

နောက်ဆုံးတော့ သူတို့ရဲ့ ခရီးပန်းတိုင်နဲ့ နီးကပ်လာတာနဲ့အမျှ လမ်းတွေက ပိုကျဉ်းမြောင်းလာပြီး လူတွေလည်း ပိုနည်းသွားသလို မြူခိုးတွေကလည်း တိမ်တိုက်တစ်ခုလို ဖြစ်လာတဲ့အထိ ထူထပ်လာခဲ့တယ်။ သူတို့ရှေ့ မီတာအနည်းငယ်အကွာထက် ကျော်ပြီး သေသေချာချာ မမြင်ရတော့ဘူး။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အာရုံတွေက တစ်ခုခုကို သတိထားမိသွားတယ်။

"ပါမောက္ခ" လို့ သူက ခပ်တိုးတိုး ရေရွတ်ရင်း ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။

ပါမောက္ခက ရှေးဟောင်းအမွေအနှစ်ကိုပဲ အာရုံစိုက်လွန်းနေပေမဲ့ ဧည့်သည်တွေ ရောက်နေတာကို သူလည်း သတိပြုမိပုံရတယ်။ သူက မိုက်ကယ်ရဲ့ဘေးမှာ ရပ်လိုက်ပြီး မြူခိုးတွေကြားကို ပတ်ချာလှည့် ကြည့်လိုက်တယ်။

မိုက်ကယ်က သူ့ရဲ့ ဒရုန်းကို တိတ်တဆိတ် အသုံးပြုလိုက်ပြီး ကောင်းကင်ပေါ်ဆီ ပျံတက်သွားအောင် ထိန်းချုပ်လိုက်တယ်။ ဒရုန်းရဲ့ မျက်နှာပြင်က မြူခိုးတွေရဲ့ ရှုပ်ထွေးမှုကို အပြည့်အဝ အတုယူလိုက်ပြီး ကိုယ်ပျောက်စွမ်းရည် ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် မြူခိုးတွေရဲ့ အစိတ်အပိုင်းတစ်ခုလို ချက်ချင်း ပြောင်းလဲသွားတယ်။

အပေါ်ကို ရောက်သွားတာနဲ့ သူ့ရဲ့ ဒရုန်းအမြင်အာရုံက နေရာတစ်ခုလုံးကို အပေါ်စီးကနေ မြင်ရစေတဲ့အပြင် မြူခိုးတွေကြားထဲကနေ စောင့်ကြည့်နေတဲ့ သူတို့ရဲ့ ဧည့်သည်တွေဆီက တန်ခိုးစွမ်းရည် လှိုင်းတွေကိုပါ မြင်တွေ့ခွင့်ရလိုက်တယ်။

အတိအကျပြောရရင် အဲဒီမှာ ငါးယောက် ရှိနေပြီး သူတို့တစ်ယောက်ချင်းစီတိုင်းက ညိုမည်းတဲ့ အသားအရေနဲ့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ် ရှိကြကာ ပခုံးပေါ်မှာ အနက်ရောင် သားမွေးတွေကို လွှမ်းခြုံထားကြတယ်။

သူတို့က ဝံပုလွေလူသားတွေပဲ။

ဘရောင်းဘလဒ်တွေလား။ မဟုတ်ဘူး၊ သူတို့က ပုံစံမတူဘူး။

ပြိုင်ပွဲတုန်းက သူ မြင်ခဲ့ရတဲ့ ဝံပုလွေလူသားတွေက လည်ပင်းမှာ အညိုရောင် သားမွေးတွေကို ဝတ်ဆင်ထားကြပြီး ဘရောင်းဘလဒ် မျိုးနွယ်စုအတွင်း သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြနေတဲ့ တက်တူးတွေ အများကြီး ထိုးထားကြတယ်။ ဒါပေမဲ့ ဒီဝံပုလွေလူသားတွေကတော့ အနက်ရောင် သားမွေးတွေကို ဝတ်ဆင်ထားပြီး အရေပြားပေါ်မှာ တက်တူးတစ်ခုမှ မရှိကြဘူး။ သူတို့က နှာခေါင်း၊ နားရွက်နဲ့ နှုတ်ခမ်းတွေမှာ ရွှေကွင်းတွေ တပ်ဆင်ထားကြတာပဲ။

"မင်းတို့က ဘယ်သူတွေလဲ" လို့ ပါမောက္ခက အော်မေးလိုက်တယ်။

ဒါပေမဲ့ တိတ်ဆိတ်မှုကသာ ပြန်လည်တုံ့ပြန်လာခဲ့တယ်။

မိုက်ကယ်က ပါမောက္ခအနားကို ကပ်သွားပြီး "ပါမောက္ခ၊ ခန္ဓာကိုယ်မှာ ရွှေကွင်းတွေ တပ်ဆင်ထားတဲ့ ဝံပုလွေလူသားတွေအကြောင်း ခင်ဗျား သိလား" လို့ တီးတိုးမေးလိုက်တယ်။

ပါမောက္ခ လစ်ချ်တန်စတိုင်းက သူ့ကို လှည့်ကြည့်လိုက်တယ်။ "ဂိုးလ်ဘလက်ဒ် တွေလေ၊ ဘာဖြစ်လို့လဲ"

ပါမောက္ခရဲ့ စကားသံက နည်းနည်း ကျယ်သွားခဲ့ပြီး ခဏအကြာမှာတော့ ဝံပုလွေလူသားတွေက မြူခိုးတွေကြားထဲကနေ ထွက်လာပြီး သူတို့ကိုယ်သူတို့ ပြသလိုက်ကြတယ်။

"ကျွန်တော်တို့က ခင်ဗျားကို အထင်သေးမိသွားပုံရတယ် ပါမောက္ခ။ ခင်ဗျား ကျွန်တော်တို့ကို သတိထားမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ဂိုးလ်ဘလက်ဒ် ဝံပုလွေလူသားတွေက ပါမောက္ခကို တော်တော်လေး သဘောကျသွားပုံရပြီး လေးစားတဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်။ ဒါပေမဲ့ ပါမောက္ခကတော့ မိုက်ကယ်ကိုသာ ကြည့်နေပြီး သူ့ရဲ့စကားတွေက တကယ်မှန်ကန်နေတာကြောင့် အံ့အားသင့်နေခဲ့တယ်။

"မင်း ဘယ်လိုလုပ်ပြီး..."

ပါမောက္ခက ကောင်းကင်ကို မော့ကြည့်လိုက်တော့ သူတို့အထက်မှာ သာယာနေတဲ့ လပြည့်ဝန်းကြီးကို မြင်လိုက်ရတယ်။ ဒီညက ဝံပုလွေလူသားတွေ အသန်မာဆုံးအချိန်ပဲ။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ မှော်ပိုင်းဆိုင်ရာ အာရုံခံစားမှု အားလုံးက လူသားဘက်ခြမ်းရော ဝံပုလွေဘက်ခြမ်းမှာပါ ပုံမှန်ထက် အဆပေါင်းများစွာ မြင့်တက်နေတာလေ။ ဒါက တစ်လအတွင်း ဝံပုလွေလူသားတွေ နဂါးမျိုးနွယ်ဝင်များနဲ့ တန်းတူဖြစ်သွားနိုင်တဲ့ ရှားရှားပါးပါး အချိန်တွေထဲက တစ်ခုပဲ။

မြူခိုးတွေပါ ရှိနေတဲ့အတွက် သာမန်လူသား ဒါမှမဟုတ် မက်ဂ်နက်တစ် တွေအနေနဲ့ သူတို့ကို ဒီလောက် လွယ်လွယ်ကူကူ အာရုံမခံနိုင်ပါဘူး။

သူက မိုက်ကယ်ကို ကြည့်ရင်း အတွေးတစ်ခု ဝင်လာခဲ့တယ်။ သူ့ရဲ့ တပည့်လေးက တကယ်ပဲ ပါရမီရှင်တစ်ယောက် ဖြစ်နေတာလား။

"ပါမောက္ခ၊ ကျွန်တော်တို့ရဲ့ နောက်ပြောင်မှုလေးအတွက် ခွင့်လွှတ်ပါ။ ခင်ဗျားနောက်ကို လိုက်လာတာက ရန်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး" လို့ ဝံပုလွေလူသားတွေထဲက တစ်ယောက်က ပြောလိုက်တယ်။ "ကျွန်တော်တို့ကို မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော့်နာမည်က အာနက်စ် ဂိုးလ်ဘလက်ဒ် ပါ။ ကျွန်တော့်အဖေက ဂိုးလ်ဘလက်ဒ် မျိုးနွယ်စုခေါင်းဆောင်လေ"

အာနက်စ် နဲ့ ဂိုးလ်ဘလက်ဒ်တွေက အသံကျယ်ကျယ်နဲ့ ဟိန်းဟောက်လိုက်ကြပြီး ပါမောက္ခနဲ့ မိုက်ကယ်အပေါ် သူတို့ရဲ့ စေတနာကို ပြသလိုက်ကြတယ်။

"ဒီလို ရုတ်တရက် ရောက်လာတာကို ငါ သဘောမကျဘူး" လို့ ပါမောက္ခက တင်းမာတဲ့လေသံနဲ့ ပြောလိုက်တယ်။ "ငါက အရမ်းအရေးကြီးတဲ့ အလုပ်တစ်ခုကို လုပ်နေတာ၊ ပြီးတော့ မင်းတို့က လမ်းပိတ်နေတယ်"

"စိတ်မကောင်းစရာပါပဲ၊ ဒါပေမဲ့ ကျွန်တော့်အဖေက ပါမောက္ခကို မဖြစ်မနေ လာတွေ့စေချင်နေတာပါ" လို့ အာနက်စ် က ပြောလိုက်တယ်။

ဒါပေမဲ့ ပါမောက္ခ လစ်ချ်တန်စတိုင်းက လက်မခံခဲ့ဘူး။ သူက ဟန်ဆောင်နေတာတွေကို ဂရုမစိုက်ဘဲ ဝံပုလွေလူသားတွေ ဝိုင်းရံထားတဲ့ကြားကနေ လျှောက်ထွက်သွားခဲ့တယ်။

မိုက်ကယ်က ပါမောက္ခနောက်ကနေ လိုက်သွားခဲ့ပြီး ဝံပုလွေလူသားတွေကလည်း သူတို့ကို ထွက်သွားခွင့်ပြုလိုက်တယ်။

"ပါမောက္ခ..." လို့ အာနက်စ် က ခပ်တိုးတိုး ပြောလိုက်တယ်။ "အဖေက ရှေးဟောင်းအမွေအနှစ်အကြောင်း သိထားပါတယ်။ ပြီးတော့ ခင်ဗျား သိချင်လောက်မယ့် အချက်အလက်တွေ သူ့ဆီမှာ ရှိတယ်လို့ အာမခံထားတယ်"

လစ်ချ်တန်စတိုင်းရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။ ပါမောက္ခကို မြှူဆွယ်ဖို့အတွက် ဘာပြောရမလဲဆိုတာ ဝံပုလွေလူသားတွေက အတိအကျ သိနေကြတာပဲ။

"ဘယ်လို အချက်အလက်မျိုးလဲ" လို့ ပါမောက္ခက နောက်ကို လှည့်ရင်း မေးလိုက်တယ်။

"ဒါက ရှေးဦးဟိန်းသံ နဲ့ ပတ်သက်တာပါ" လို့ အာနက်စ် က ပြုံးရင်း ပြောလိုက်တယ်။

မိုက်ကယ်က ထုံးစံအတိုင်း ဒီ 'ရှေးဦးဟိန်းသံ' ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတဲ့ ရှင်းပြချက်ကို ရဖို့ ပါမောက္ခဆီ လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ပါမောက္ခက ဝံပုလွေလူသားတွေ ပြောမယ့်စကားကို စိတ်ဝင်စားလွန်းနေတာမို့ မိုက်ကယ်ကိုတောင် သတိမထားမိတဲ့ပုံပဲ။

"မင်း လိမ်မပြောတာ ပိုကောင်းမယ်" လို့ သူက အာနက်စ် ကို သတိပေးလိုက်တယ်။

"ပါမောက္ခရာ... လပြည့်ညကြီးလေ၊ လမင်းကြီး ဒေါသထွက်အောင် ကျွန်တော်တို့ မလုပ်ရဲပါဘူး"

မိုက်ကယ်က ပါမောက္ခကို "သူတို့ကို ယုံလို့ရပါ့မလား" လို့ တီးတိုးမေးလိုက်တယ်။

"ကံမကောင်းစွာနဲ့ပဲ သူ့စကားတွေက အမှန်တွေဖြစ်နေတယ်။ လိုင်ကန် တွေရဲ့ ရိုးရာအရ လပြည့်ညမှာ အပြစ်ကျူးလွန်သူတွေကို အလွန် သိက္ခာချတတ်ကြတယ်။ လမင်းကြီး ဒေါသထွက်အောင်လုပ်ရင် ဝံပုလွေလူသားတွေက သူတို့ရဲ့ ပုံစံပြောင်းလဲနိုင်စွမ်း ဆုံးရှုံးသွားလိမ့်မယ်လို့ ကောလာဟလတွေ ရှိတယ်" လို့ ပါမောက္ခက ဖြေလိုက်တယ်။

"ဒါဆို ခင်ဗျားက ကျွန်တော်တို့အကြောင်း သေချာသိတာပဲ ပါမောက္ခ။ အခု မျိုးနွယ်စုဆီကို ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးနိုင်မလား" လို့ အာနက်စ် က သူတို့နောက်ကို လိုက်ခဲ့ဖို့ လက်ဟန်နဲ့ ပြရင်း ပြောလိုက်တယ်။

ပါမောက္ခက မိုက်ကယ်ကို နောက်ကလိုက်ခဲ့ဖို့ အချက်ပြပြီးနောက် ဝံပုလွေလူသားတွေနောက်ကို ဒေါသတကြီးနဲ့ စတင် လိုက်ပါသွားခဲ့တယ်။

လမ်းလျှောက်သွားနေစဉ်မှာပဲ မိုက်ကယ်တစ်ယောက် မနေနိုင်တော့ဘဲ "ပါမောက္ခ၊ ဂိုးလ်ဘလက်ဒ် တွေက ဘယ်သူတွေလဲ" လို့ မေးလိုက်တယ်။

"ဝံပုလွေလူသားတွေကို မျိုးနွယ်စုတွေအလိုက် ခွဲခြားထားတာ။ သူတို့ကြားက သမိုင်းကြောင်းက နက်ရှိုင်းပြီး မိသားစုဆန်လွန်းတာမို့ တစ်ခုချင်းစီအကြောင်း ဆွေးနွေးဖို့က အရမ်း ရှုပ်ထွေးတယ်။ မင်း သိထားရမှာက ဂိုးလ်ဘလက်ဒ် မျိုးနွယ်စုခေါင်းဆောင်ရှေ့မှာ ဘရောင်းဘလဒ် တွေအကြောင်း ဘယ်တော့မှ မဟမိဖို့ပဲ။ သူတို့ သွေးတွေက မတည့်ကျဘူး"

"ပါမောက္ခက စကားတတ်မှန်း ကျွန်တော် မသိခဲ့ဘူး"

(TR Note: မူရင်းမှာက သူတို့ကြားမှာ ရန်ညှိုးရှိကျတယ် မတည့်ကျဘူးဆိုတာကို Brownblood(အညိုရောင်သွေး)နဲ့ Goldblood(ရွှေရောင်သွေး) အဲ့သွေးတွေကမတည့်ကျဘူးဆိုပြီး သွေးအရောင်ကိုမူတည်ပြီး စကားကိုလှည့်ပတ်ပြောတာကိုရည်ညွှန်းတာပါ)

"ဟေ"

"ထားလိုက်ပါတော့လေ..."

နောက်ဆုံးတော့ မြူခိုးတွေ ပါးသွားခဲ့ပြီး တောအုပ်အလယ်က သစ်လုံးအိမ်လေးတွေနဲ့ စည်ကားနေတဲ့ မြို့လေးတစ်မြို့ကို သူတို့ မြင်တွေ့လိုက်ရတယ်။ အနက်ရောင် သစ်သားတွေနဲ့ ဆောက်လုပ်ထားတဲ့ အိမ်လေးတွေကို စက်ဝိုင်းပုံစံ စီစဉ်ထားပြီး အမိုးတွေထက် နှစ်ဆလောက် မြင့်တက်နေတဲ့ မီးတောက်တွေရှိတဲ့ ဧရာမ မီးပုံကြီးဆီ မျက်နှာမူထားကြတယ်။

"ကျွန်တော်တို့ အချိန်ကိုက် ရောက်လာတာပဲ" လို့ အာနက်စ် က ပြောလိုက်တယ်။ "လမင်းကိုပူဇော်တဲ့ မီးပုံပွဲ စတင်တော့မယ်"

အာနက်စ် နဲ့ ဝံပုလွေလူသားတွေက မီးပုံကြီးဆီ အပြေးအလွှား သွားကြရာမှာ တကယ့် ဝံပုလွေတစ်ကောင်လိုပဲ သူတို့ရဲ့ ခြေလက်လေးဖက်စလုံးကို အသုံးပြုပြီး ပြေးသွားကြတယ်။

"တခြားနေ့ဆိုရင်တော့ ဒါက တော်တော်ကြည့်ကောင်းတဲ့ မြင်ကွင်းမျိုး ဖြစ်မှာပဲ၊ ဒါပေမဲ့ ငါ ရှေးဟောင်းအမွေအနှစ်နဲ့ အရမ်းနီးစပ်နေတဲ့အချိန်ကျမှ ဘာလို့ ဒါမျိုး ဖြစ်လာရတာလဲ" လို့ ပါမောက္ခက ညည်းတွားလိုက်တယ်။

အဲဒီနောက် သူက မိုက်ကယ်ဘက် လှည့်ပြီး ရှင်းပြလိုက်တယ်။ "လမင်းကိုပူဇော်တဲ့ မီးပုံပွဲ ဆိုတာက သူတို့ရဲ့ ကိုးကွယ်ရာအရှင် ဖြစ်တဲ့ လမင်းကြီးကို ပူဇော်ပသတဲ့နေ့ပဲ။ သူတို့က ထူးထူးဆန်းဆန်း ပုံစံမျိုးတွေ အများကြီး လုပ်ကြမှာမို့လို့ မင်း မအံ့ဩသွားနဲ့..."

ပါမောက္ခ စကားမဆုံးခင်မှာပဲ ဝံပုလွေလူသားတွေထဲက တစ်ယောက်က လမင်းကြီးကိုကြည့်ပြီး အူလိုက်သံကို မိုက်ကယ် ကြားလိုက်ရတယ်။

အား...ဝူး...

တစ်ယောက်ပြီးတစ်ယောက် ဝံပုလွေလူသားတွေက စတင် အူလာကြပြီး နောက်ဆုံးမှာတော့ ဂိုးလ်ဘလက်ဒ် မျိုးနွယ်စုတစ်ခုလုံးရဲ့ အသံတွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားကာ ထူးဆန်းပြီး ညှို့ငင်နိုင်စွမ်းရှိတဲ့ အသံတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။

မိုက်ကယ်က သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ လှုပ်ရှားလာတာကို ရုတ်တရက် ခံစားလိုက်ရတယ်။ သူ့ရဲ့ တန်ခိုးစွမ်းရည် က နိုးကြားတက်ကြွလာနေပြီလေ။

* * * * * * * *

စာစဉ်(၆၄)

All Chapters