← Chapters

အခန်း ၇၆၈

Vol. 64 Ch. 768

အခန်း ၇၆၈

Vol. 64 Ch. 768

အခန်း(၇၆၈)

ဂျာကူရဲ့ ခေါင်းထဲမှာ ခလုတ်တစ်ခု နှိပ်လိုက်သလိုမျိုး ဖြစ်သွားခဲ့တယ်။

လောကကြီးက သူ့ကို ပျင်းရိခွင့် မပေးဘူးဆိုရင် သူက ဒီလောကကြီးကိုပဲ ပြောင်းလဲပစ်တော့မယ်၊ မိုက်ကယ်ဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲလေ။

ဒီအချက်ကို စောစောစီးစီး သဘောမပေါက်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သူ ရယ်ချင်စိတ်တောင် ပေါက်သွားခဲ့တယ်။

"မင်း ဘာကို ရယ်နေတာလဲ" လို့ မော်ရီစီယိုက ဓားခုတ်နေတဲ့ကြားကနေ ရပ်ပြီး မေးလိုက်တယ်။

"ငါ လုပ်နေတာတွေ အားလုံး မှားနေခဲ့တာ" လို့ ဂျာကူက ပြောလိုက်တယ်။ "ကိုယ့်ကိုယ်ကိုယ် ဘာလို့ ပြောင်းလဲဖို့ ကြိုးစားနေခဲ့မှန်း ငါ မသိတော့ဘူး၊ ငါက ပျင်းတယ်၊ အမြဲတမ်းလည်း ပျင်းနေမှာပဲ"

မော်ရီစီယိုက သူ့ကို လှောင်ရယ်လိုက်တယ်။ "အဲဒါကပဲ မင်းကို ရှုံးနိမ့်စေတာပေါ့"

ဒါပေမဲ့ ဂျာကူက ခေါင်းယမ်းလိုက်တယ်။ "မဟုတ်ဘူး၊ အဲဒါကပဲ ငါ့ကို နိုင်စေမှာ"

ရှုံးတော့မယ့်ဆဲဆဲ အခြေအနေဖြစ်နေတဲ့ ဂျာကူရဲ့ စကားတွေကို ကြားရင် ဘယ်သူမဆို ရယ်ချင်ကြမှာ သေချာတယ်။

အဲဒီအချိန်မှာပဲ ဂျာကူက သူ့ရဲ့ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်တယ်။

အရင်က တောင့်တင်းဖြောင့်မတ်နေတဲ့ သူ့ရဲ့ ကိုယ်နေဟန်ထားက အခုတော့ လျော့ရဲသွားပြီး နည်းနည်း ကိုင်းကျသွားခဲ့တယ်၊ အခု သူက အသဘာဝအကျဆုံး အခြေအနေမှာ ရှိနေတာပဲ။

သူက သူ့ရဲ့ ကာတာနာဓားကို ပခုံးပေါ် တင်လိုက်ပြီး ခြေတစ်ဖက်တည်းပေါ် မှီချလိုက်သလိုမျိုး ရပ်နေခဲ့တယ်။

ဒါက ဓားရေးဆရာတိုင်း မုန်းတီးကြမယ့် ကိုယ်နေဟန်ထားမျိုးပဲ၊ ဟာကွက်တွေ ပြည့်နှက်နေပြီး အားနည်းချက်တွေ အများကြီး ရှိနေသလို အဓိကကတော့ တော်တော်လေး ပျင်းရိပုံပေါက်နေတာလေ။

ဒါကို မြင်တော့ မော်ရီစီယိုက မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မျက်စိရှေ့မှာတင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေတာလေ၊ အဲဒါ ဘာလဲဆိုတာ သူ သေချာမသိပေမဲ့ တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာကို သူ သိနေတယ်။

တကယ်လို့ သူသာ မိုက်ကယ်လိုမျိုး တန်ခိုးစွမ်းရည်ကို မြင်နိုင်စွမ်း ရှိမယ်ဆိုရင် သူ့ရဲ့ ခံစားချက်က မှန်ကန်နေမှန်း သူ သိသွားမှာပဲ။ ဂျာကူရဲ့ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေခဲ့တယ်။

မကြာသေးခင်က အဖြစ်အပျက်တွေကြောင့် အေးစက်သွားခဲ့တဲ့ သူ့နှလုံးသားက အခုတော့ အရင်ကထက် ပိုပြီး တောက်ပနွေးထွေးလာခဲ့တယ်၊ သူ့ရင်ဘတ်ထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ပိုပိုပြီး သက်ဝင်လှုပ်ရှားလာကာ ပိုမိုမြန်ဆန်စွာ ခုန်ပေါက်နေပြီး နောက်ဆုံးမှာတော့ အလင်းတန်းလေးတွေ ဖြစ်ပေါ်လာကာ ဂျာကူရဲ့ လက်တွေဆီ ဖြည်းဖြည်းချင်း တွားသွား ရွေ့လျားသွားကြတယ်။

ဂျာကူဆီကနေ မျက်စိနဲ့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့တယ်။

မော်ရီစီယိုက ဒါကို ပထမဆုံး သတိပြုမိသွားခဲ့တယ်။ တဖြည်းဖြည်း ဖြစ်ပေါ်လာနေတဲ့ နောက်ထပ် အရာတစ်ခုရဲ့ တည်ရှိမှုကို ခံစားမိသွားလို့ သူ့ရဲ့ ဒီဗာက တဆတ်ဆတ် တုန်ခါသွားခဲ့တယ်။

"မ.. မဖြစ်နိုင်ဘူး"

ဂျာကူရဲ့ ခေါင်းပေါ်မှာ ပုံရိပ်တစ်ခုက မှိန်တုံလင်းတုံ ဖြစ်လာပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ဒီဗာက အပြည့်အဝ ပုံပေါ်လာခဲ့တော့တယ်။

အဲဒါက မျက်နှာပြင်တစ်ဝိုက်မှာ လျှပ်စီးကြောင်းတွေ အများကြီး ပြေးလွှားနေတဲ့ အပြာရင့်ရောင် ဥကြီးတစ်လုံး ဖြစ်နေတယ်။

"အဲဒါ ဘာကြီးလဲ"

"အဲဒါ ဒီဗာ ကြီးပဲ၊ လုံးဝ မဖြစ်နိုင်တာ"

"သူက လူတစ်ပိုင်းသတ္တဝါ လေ"

ဂျာကူရဲ့ ခေါင်းပေါ်မှာ ဒီဗာတစ်ခု ပေါ်လာတာကို မြင်တော့ လူအုပ်ကြီးထဲက လူတွေ အံ့ဩမှင်တက်သွားပြီး အော်ဟစ်လိုက်ကြတယ်။

သူတို့က အိပ်မက်မက်နေသလိုပဲ ခံစားလိုက်ရတယ်၊ ဂျာကူက လူတစ်ပိုင်းသတ္တဝါ တစ်ယောက်လေ။ သူက နှလုံးသားထဲမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ရှိနိုင်တဲ့ လူသားတစ်ယောက် မဟုတ်သလို ရင်ဘတ်ထဲမှာ တာအိုနှလုံးသား ရှိနေတဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါ တစ်ယောက်လည်း မဟုတ်ဘူးလေ။

ဒါပေမဲ့ ဂျာကူရဲ့ ခေါင်းပေါ်က ဥကြီးဆီကနေ ထွက်ပေါ်နေတဲ့ မမြင်နိုင်တဲ့ စွမ်းအားက အဲဒီအရာဟာ တခြား မက်ဂ်နက်တစ် တွေလိုပဲ မော်ရီစီယိုရဲ့ ခေါင်းပေါ်က အရာနဲ့ အတူတူပဲဆိုတာကို သက်သေပြနေခဲ့တယ်။

အခုတော့ သူတို့က အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မြင်တွေ့လိုက်ရတာပဲ။

ဒါကို မြင်လိုက်ရတဲ့ မော်ရီစီယို တစ်ယောက် ကြက်သီးမွေးညင်းတွေ ထသွားခဲ့တယ်။ ဂျာကူ့ဆီမှာ တစ်ခုခု ဖြစ်နေတယ်ဆိုတာ သူ သိနေခဲ့ပြီး သူ ထင်တဲ့အတိုင်းပဲ မှန်ကန်နေခဲ့တယ်။ ဂျာကူက သူ့မျိုးနွယ်ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်နိုင်တဲ့ သဘာဝတရားကို ဆန့်ကျင်နေသူ တစ်ယောက် ဖြစ်နေခဲ့တာပဲ။

"မိစ္ဆာကောင်" လို့ မော်ရီစီယိုက အော်လိုက်တယ်။ ဒီအရာက ဂျာကူအတွက် ဘယ်လို အဓိပ္ပာယ်သက်ရောက်မလဲဆိုတဲ့ အကြောက်တရားက သူ့နှလုံးသားထဲကို တဖြည်းဖြည်း စိမ့်ဝင်လာခဲ့တယ်။ တကယ်လို့ သူ့ဆီမှာ ဒီဗာ ရှိတယ်ဆိုရင် သူ့မှာ တန်ခိုးစွမ်းရည် ရှိနေပြီဆိုတဲ့ သဘောပဲလေ။

တန်ခိုးစွမ်းရည် ရှိလာတာနဲ့အမျှ သူ့ရဲ့ အခြေခံအမြန်နှုန်းက လက်တွေ့မှာ ပုံမှန်လို့ သတ်မှတ်ထားတာထက် ကျော်လွန်သွားပြီ ဖြစ်တယ်။

ဒါက မော်ရီစီယိုကို ကြောက်ရွံ့သွားစေခဲ့တယ်... အဲဒီနောက်မှာတော့ သူ တစ်ခုခုကို သတိပြုမိသွားခဲ့တယ်။

"မင်းကို အရင်ကတည်းက အပြတ်ရှင်းခဲ့သင့်တာ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မင်း ဘယ်လိုလုပ်ပြီး ဒီဗာ ရလာလဲဆိုတာ ငါ မသိပေမဲ့ အနည်းဆုံးတော့ မင်းက ပထမအဆင့်မှာပဲ ရှိနေသေးတာလေ၊ အဲဒီလို အကောင်တွေကို ငါက မနက်စာအဖြစ်တောင် စားပစ်လို့ ရတယ်"

မော်ရီစီယိုက ဓားကြီးကို ခေါင်းပေါ် မြှောက်လိုက်ပြီး ဂျာကူဆီကို ပြေးဝင်သွားခဲ့တယ်၊ သူ့ခေါင်းပေါ်က ဒီဗာ ကလည်း သူ့ရဲ့ ဓားတွေကို မြင်တောင်မမြင်ရလောက်အောင် မြန်ဆန်တဲ့ အရှိန်နဲ့ လွှဲယမ်းနေခဲ့တယ်။

ဒီလို ထင်ရှားတဲ့ ထူးခြားမှုကြီး ရှိနေပေမဲ့ မော်ရီစီယို ပြောတာ မှန်နေဆဲပါပဲ။ သူတို့နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့် ကွာဟနေသေးတယ်လေ၊ အတွေ့အကြုံနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ တန်ခိုးစွမ်းရည် နှစ်ခု ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲမှာ မော်ရီစီယို ကပဲ အသာစီးရမှာ သေချာတယ်။

ဒါပေမဲ့ ဂျာကူကတော့ အဲဒါကို စိတ်ပူနေမယ့်အစား ဘယ်သူမှ ထင်မှတ်မထားတာကို လုပ်ချလိုက်တယ်။

သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး အိပ်ပျော်သွားတဲ့ အတိုင်းပဲ ခေါင်းကို နောက်လှန်ချလိုက်တယ်။

ပြင်ပြောရရင် အိပ်ပျော်သွားတဲ့ အတိုင်းပဲ မဟုတ်ဘူး၊ သူ တကယ်ကြီး အိပ်ပျော်သွားတာ။

အနီးကပ်ရောက်လာတော့ ဂျာကူရဲ့ မျက်လုံးတွေ တကယ် မှိတ်ထားမှန်း မော်ရီစီယို သတိပြုမိသွားတယ်။ ဂျာကူ ဘာလို့ အဲလိုလုပ်လဲဆိုတာ သူ မသိပေမဲ့ ဒါက သူ့အတွက် ရနိုင်သမျှ အကောင်းဆုံး အခွင့်အရေးပဲလေ။ သူက ဓားကြီးကို ခေါင်းပေါ်ကနေ လွှဲခုတ်လိုက်ပြီး အရင်ကထက် ပိုပြင်းထန်တဲ့ အင်အားတွေကို ထည့်သွင်းလိုက်တယ်။

သူ ဓားလွှဲနေတဲ့ အချိန်မှာတောင် ဂျာကူရဲ့ မျက်လုံးတွေက မှိတ်ထားဆဲပါပဲ။

ခဏအကြာမှာပဲ မော်ရီစီယိုရဲ့ ဒီဗာ က လက်တွေကို လွှဲယမ်းနေတာကနေ ရပ်တန့်သွားခဲ့တယ်။

အခုတော့ သူ့ရဲ့ လက်နက်က ရိုးရှင်းတဲ့ ဓားတစ်လက် ဖြစ်သွားခဲ့ပြီ၊ အမြန်နှုန်းနဲ့ အင်အား နှစ်မျိုးစလုံး ပါဝင်ပြီး နေရာစုံမှာ အသုံးဝင်တဲ့ ဓားတစ်လက်ပေါ့။

အဲဒါက ဂျာကူရဲ့ ကာတာနာဓားနဲ့ အံဝင်ခွင်ကျ ဖြစ်နေခဲ့တယ်။

ဒါပေမဲ့ ဂျာကူက အိပ်ပျော်နေတုန်းပဲလေ။ သူ အခုချက်ချင်း နိုးလာရင်တောင် မော်ရီစီယိုရဲ့ ဓားခုတ်ချက်ကို တုံ့ပြန်ဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူး၊ အထူးသဖြင့် ဓားက သူ့ကိုယ်ကို ထိဖို့ လက်တစ်ကမ်းလေးပဲ လိုတော့တဲ့ အချိန်မှာပေါ့။

နောက်ဆုံးအချိန်လေးမှာပဲ ဂျာကူရဲ့ ခေါင်းပေါ်က အပြာရင့်ရောင် ဥကြီးက တဆတ်ဆတ် တုန်ခါလာပြီး အပေါ်ကနေ အောက်ထိ အက်ကြောင်းတစ်ခု ပေါ်လာခဲ့တယ်။

ရုတ်တရက် ဂျာကူရဲ့ ခန္ဓာကိုယ် တစ်ဝိုက်မှာ လျှပ်စီးကြောင်းတွေ ရစ်ပတ်လာခဲ့တယ်။

ဒါက ချက်ချင်းဆိုသလို ဖြစ်သွားခဲ့တာ၊ အလင်းရဲ့ အမြန်နှုန်းလိုမျိုးပေါ့။

ဂျာကူ မျက်လုံးဖွင့်လိုက်တဲ့အခါ ကမ္ဘာကြီးပေါ်က အရာအားလုံး အနှေးပြကွက်လို ဖြစ်သွားပြီး ရပ်တန့်သွားတာကို သူ မြင်လိုက်ရတယ်။

ဓားကြီးကနေ ရိုးရိုးဓားအဖြစ် အခုလေးတင် ပြောင်းလဲသွားတဲ့ မော်ရီစီယိုရဲ့ လက်နက်က သူ့ရှေ့တည့်တည့်မှာ အချိန်ကို ရပ်တန့်ထားသလိုမျိုး ရှိနေခဲ့တယ်။

ဂျာကူရဲ့ ရင်ထဲမှာ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်တဲ့ ခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

'ငါ ဒါကို ဖြေရှင်းရတော့မှာလား'

သူက ထပ်ပြီး အိပ်ချင်နေသေးတာ၊ ဒါပေမဲ့ သူ့ရှေ့မှာရှိနေတဲ့ ဓားက အခုချိန်မှာ အဲဒါကို တားဆီးနေခဲ့တယ်။

သူ့ရဲ့ အိပ်မက်တွေက သူ့ကို အလွန်ပြင်းပြစွာ ခေါ်ဆောင်နေတာမို့ လောကကြီးကပဲ သူ ကြုံတွေ့နေရတဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ အလင်းရဲ့ အမြန်နှုန်းကို ပေးအပ်လိုက်သလိုမျိုး သူ့ခန္ဓာကိုယ်နဲ့ မျက်လုံးတွေ တစ်ဝိုက်မှာ လျှပ်စီးကြောင်းတွေ ပိုပြီး ရစ်ပတ်လာခဲ့တယ်။

ဂျာကူက သူ့ပခုံးပေါ်က ကာတာနာဓားကို ရွှေ့လိုက်တဲ့အခါ ကြယ်တံခွန်ရဲ့ အမြီးလိုမျိုး လျှပ်စီးကြောင်းတွေက ဓားနောက်ကနေ ပြေးလွှားသွားခဲ့တယ်။

ပြီးတော့ သူက သူ့ရှေ့ကို ပေါ့ပေါ့ပါးပါးနဲ့ ခုတ်ချလိုက်တော့တယ်။

ခဏအကြာမှာတော့ မော်ရီစီယိုရဲ့ သံချပ်ကာနဲ့ အဝတ်အစားတွေက ရင်ဘတ်ကနေ ဗိုက်အထိ အနီရောင်တွေ အများကြီး စွန်းထင်းသွားခဲ့တယ်။

အဲဒီနောက် ကမ္ဘာကြီးက ပုံမှန်အမြန်နှုန်းကို ပြန်လည်ရောက်ရှိသွားခဲ့တယ်။

မော်ရီစီယို ဓားခုတ်လိုက်ပေမဲ့ သူ့ဓားက မြေကြီးကလွဲပြီး ဘာကိုမှ မထိခဲ့ဘူး။

"ဘာ..."

ဂျာကူက သူ့အမြင်အာရုံထဲကနေ ချက်ချင်းဆိုသလို ဘယ်လို ပျောက်ကွယ်သွားလဲဆိုတာကိုတောင် သူ စဉ်းစားချိန် မရလိုက်ဘူး၊ ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲမှာ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရလို့ပဲ။

သူ အောက်ကို ငုံ့ကြည့်လိုက်တော့ ရင်ဘတ်ကနေ သွေးတွေ ယိုကျနေတာကို မြင်လိုက်ရတယ်၊ သူ့ရဲ့ ကိုယ်ခံသံချပ်ကာက ဘယ်ဘက်ပခုံးကနေ ညာဘက်ကိုယ်လုံးအထိ သေသပ်စွာ ပြတ်တောက်သွားခဲ့တယ်။

သူ့ဘေးနားက တခြားလူတွေတောင် ဘာဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်သွားကြတယ်၊ သူတို့က အချိန်တစ်ခုစာလောက် ကွက်လပ်ဖြစ်သွားသလို ခံစားလိုက်ရတယ်။

"သူ အဲဒီကို ဘယ်လိုရောက်သွားတာလဲ"

ဂျာကူက ဓားခုတ်ခံရမယ့်နေရာနဲ့ မီတာအနည်းငယ်အကွာ ကွင်းရဲ့ နောက်တစ်ဖက်ကို ဘယ်လိုရောက်သွားမှန်း မသိဘဲ ရောက်နေပြီး မြေပြင်ပေါ်မှာ လှဲလျောင်းရင်း အိပ်ပျော်နေတာကို လူတွေ သတိပြုမိသွားကြတယ်။

လူတွေက သူတို့ ရူးသွားပြီလို့တောင် ထင်လိုက်ကြတယ်။

ဘာဖြစ်သွားမှန်း သူတို့ မသိကြဘူး၊ ဒါပေမဲ့ ဂျာကူ အတွက်တော့ အရာအားလုံးက ပုံမှန်အတိုင်းပဲ ဖြစ်ပျက်သွားခဲ့တာလေ။

ဒါက သူ့ရဲ့ တန်ခိုးစွမ်းရည် ပဲ။

အိပ်စက်ခြင်းက သူ့ရဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်လာခဲ့တယ်၊ သူ့ရဲ့ အိပ်စက်ချိန် ဒါမှမဟုတ် အနားယူချိန် နှောင့်ယှက်ခံရတဲ့ အချိန်တိုင်းမှာ သူ့ရဲ့ ပြဿနာကို ဖြေရှင်းပြီး ပြန်အိပ်နိုင်အောင် အလွန်များပြားလှတဲ့ အလင်းရဲ့ အမြန်နှုန်းက သူ့ခန္ဓာကိုယ်ထဲကို စီးဝင်လာတော့တာပဲလေ။

* * * * * * * *

All Chapters