← Chapters

အခန်း ၇၇၉

Vol. 65 Ch. 779

အခန်း ၇၇၉

Vol. 65 Ch. 779

အခန်း(၇၇၉)

မိုက်ကယ်က ကောင်းကင်ကြီးကို မော့ကြည့်နေရင်း အဲဒီတွေ့ဆုံမှုကြောင့် ခေါင်းချာချာလည်နေတုန်းပဲ။ ပါမောက္ခကို အဲဒီလိုကိစ္စတွေ ထုတ်ပြောလိုက်တာက သူ့ရဲ့ အရေးပေါ်အစီအစဉ်ကို အသက်ဝင်သွားစေပြီး သန္ဓေဝိညာဉ် ကျင့်ကြံသူတစ်ယောက်ကို သူ့ရှေ့တည့်တည့်ဆီ ခေါ်ဆောင်လာလိမ့်မယ်လို့ သူ မယုံနိုင်အောင် ဖြစ်နေခဲ့တယ်။

အခုတော့ ပါမောက္ခအနေနဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ထူးဆန်းတဲ့ ဝေဒနာကနေ မကြာခင် သက်သာလာလိမ့်မယ်လို့ ယုံကြည်ရုံကလွဲပြီး သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။

'ဒါပေမဲ့... သူက သူ့သမီးတဲ့လား၊ ငါ လုံးဝ ထင်မထားမိဘူး'

သူမက ထွက်မသွားခင်လေးတင်မှ အဲဒါကို ဖွင့်ပြောသွားခဲ့တာမို့ မိုက်ကယ်မှာ သူမကို ထပ်ပြီး မေးမြန်းဖို့ အချိန်မရလိုက်ဘူး။

ဘာပဲဖြစ်ဖြစ် ဒါက သူမအပေါ်ကို ပိုပြီး ယုံကြည်သွားစေခဲ့တယ်။

'ငါ သူနဲ့ ထပ်တွေ့ရဦးမလား' လို့ သူ တွေးတောနေမိတယ်။

သူ စူးစမ်းချင်နေတာက သူမတစ်ယောက်တည်းကို မဟုတ်ဘဲ သူမရဲ့ နောက်ကွယ်က လျှို့ဝှက်အဖွဲ့အစည်းတစ်ခုလုံးကိုပဲ။ စောစောက သူမရဲ့ ရှင်းပြချက်တွေအရဆိုရင် အဲဒါက လူသားတွေ ရှင်သန်ရပ်တည်ရေးအတွက် အဓိကထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ ထင်ရပြီး ဒါက မိုက်ကယ် သဘောကျတဲ့ အချက်တစ်ခုပဲ။

ဒါပေမဲ့ ဒီလောက် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်မျိုး ရှိနေတာတောင် သူတို့ရဲ့ အဖွဲ့အစည်းကို ဘာလို့များ လျှို့ဝှက်ထားရတာလဲဆိုတာကို သူ စဉ်းစားမရ ဖြစ်နေတယ်။

ဒါက ဖြေရှင်းမရတဲ့ မေးခွန်းတွေနဲ့အတူ သူ့စိတ်ကို လွင့်မျောသွားစေမယ့် နက်ရှိုင်းလွန်းတဲ့ ဝင်္ကပါတစ်ခုလိုပဲ။ ကံကောင်းစွာနဲ့ပဲ တစ်စုံတစ်ယောက်က သူ့ကို အချိန်မီ နှောင့်ယှက်လာခဲ့တယ်။

"သခင်... တကယ့်ကို အံ့သြစရာပဲ" လို့ ဂျာကူက သူ့နဖူးပေါ်က ချွေးတွေကို သုတ်ရင်း ပြောလိုက်တယ်။

"ငါ သိတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း တော်တော်လေး တောင့်ခံနိုင်ခဲ့ပါတယ်" လို့ မိုက်ကယ်က ချီးကျူးလိုက်တယ်။

ပထမအဆင့် မက်ဂ်နက်တစ် အများစုကတော့ သန္ဓေဝိညာဉ် မက်ဂ်နက်တစ်တစ်ယောက် ရှိနေတာနဲ့တင် သတိလစ်သွားနိုင်ကြတယ်။ ဒါပေမဲ့ ဂျာကူကတော့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့တာတောင်မှ မတ်မတ်ရပ်နေနိုင်ဆဲပဲ။

"အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"

ဂျာကူက ပြုံးလိုက်ပြီး သူ့ရဲ့အထက်မှာတော့ ဒီဗာက ပုံပေါ်လာခဲ့တယ်။

အဲဒါက မျက်နှာပြင်တစ်ခုလုံးမှာ လျှပ်စီးကြောင်းတွေ ယှက်နွယ်နေတဲ့ အပြာရင့်ရောင် ဥကြီးတစ်လုံးဖြစ်တယ်။ အများစုက အက်ကွဲနေပြီး အချိန်မရွေး ပေါက်ဖွားလာတော့မယ့်ပုံစံ ရှိနေတယ်။

မိုက်ကယ်က ဒါမျိုးကို အရင်က မြင်ဖူးတယ်။ ရှီနာ့မှာလည်း အဖြူရောင် နဂါးပေါက်လေးအဖြစ် ပုံစံအသစ်နဲ့ မပေါက်ဖွားလာခင်က ဒီဗာအတွက် ဥတစ်လုံး ရှိခဲ့ဖူးတယ်။

"ဒါက ဘာလို့ မပေါက်သေးတာလဲ" လို့ သူက ဂျာကူကို မေးလိုက်တယ်။

ဂျာကူက မျက်ခုံးပင့်လိုက်တယ်။ "ပေါက်တယ်"

အဲဒီအချိန်မှာပဲ သူ့ခေါင်းပေါ်က ဥဒီဗာကြီးက ရုတ်တရက် တုန်ခါလှုပ်ရှားလာပြီး မျက်နှာပြင်ရဲ့ အစိတ်အပိုင်းအချို့က ကွာကျလာခဲ့တယ်။

"ဝိုး"

အခွံတွေ ကွာကျသွားတာနဲ့အမျှ အက်ကွဲကြောင်းတွေထဲကနေ မျက်စိကျိန်းမတတ် အလင်းရောင်တွေ ထွက်ပေါ်လာခဲ့တယ်။

အက်ကွဲကြောင်းတွေ ပိုများလာပြီး အစအနတွေ ပိုကွာကျလာတာနဲ့အမျှ ဒီဗာရဲ့ အတွင်းပိုင်းက လှုပ်ရှားမှုတွေကလည်း ပိုမို ပြင်းထန်လာတယ်။

တုန်ခါမှုတွေက အမြင့်ဆုံးကို ရောက်ရှိသွားချိန်မှာတော့ ဥကြီးက တစ်စက္ကန့်လောက် ငြိမ်ကျသွားခဲ့တယ်။

အဲဒီနောက် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခုနဲ့အတူ ပေါက်ကွဲထွက်သွားတော့တယ်။

မိုက်ကယ်နဲ့ ဂျာကူတို့က မျက်လုံးတွေကို မှိတ်ထားလိုက်ကြပြီး အပြင်ဘက်ကို ပျံ့နှံ့ထွက်ပေါ်လာတဲ့ ဒီဗာရဲ့ တန်ခိုးစွမ်းရည်ကနေ ဖိအားတွေကို သူတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့သာ ခံစားနေရတယ်။

အလင်းရောင်တွေ ငြိမ်သက်သွားတဲ့အခါ မိုက်ကယ်နဲ့ ဂျာကူတို့က ဂျာကူရဲ့ ဒီဗာရဲ့ အစစ်အမှန်ပုံစံကို စိုက်ကြည့်လိုက်ကြတယ်။

အဲဒါက မွေးကင်းစအရွယ်သာ ရှိသေးတဲ့ နဂါးပေါက်လေးတစ်ကောင်ပဲ။ အဲဒါက ဂျာကူရဲ့ အပြာရင့်ရောင် အကြေးခွံတွေကို အမွေရထားပေမဲ့ အကြေးခွံတစ်ခုချင်းစီက သက်ဝင်နေတဲ့ လျှပ်စီးတွေနဲ့ ပြည့်နှက်နေသလိုပဲ၊ အတွင်းထဲမှာ နစ်မြုပ်နေတာတောင်မှ လျှပ်စီးကြောင်းတွေက ဖြာထွက်နေဆဲဖြစ်တယ်။

ခြေလက်တွေက သွယ်လျပြီး တောင်ပံတွေက ထက်မြက်နေတယ်။ မျက်လုံးတွေကတော့ မုန်တိုင်းဆန်တဲ့ မီးခိုးရောင်ဖြစ်နေပြီး သန့်စင်တဲ့ လျှပ်စီးကြောင်းတွေကို မွေးဖွားပေးတဲ့ မည်းမှောင်နေတဲ့ မိုးကြိုးမုန်တိုင်းတိမ်တိုက်တွေနဲ့ တူနေတယ်။

မိုက်ကယ်ကို မြင်လိုက်တာနဲ့ အဲဒါက လန်းဆန်းတက်ကြွသွားပြီး လျှပ်စီးကြောင်းတွေက အမြီးကနေတစ်ဆင့် ခေါင်းထိပ်အထိ ဖြတ်သန်းစီးဆင်းသွားခဲ့တယ်။

ပြီးတော့ မွေးဖွားပြီးတာနဲ့ တစ်ပြိုင်နက် အပြာရင့်ရောင် အကြေးခွံတွေနဲ့ နဂါးလေးက ဘောလုံးလေးတစ်လုံးလို ကွေးကွေးလေးလုပ်ပြီး အိပ်ပျော်သွားတော့တယ်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ မိုက်ကယ်တစ်ယောက် ရယ်မောမိမတတ် ဖြစ်သွားခဲ့တယ်။

ဂျာကူက ဘာလို့ သူ့ရဲ့ ဒီဗာကို အခုမှ ပေါက်ဖွားစေတာလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားပြီ။

အဲဒါက သူ့လိုပဲ ပျင်းရိလွန်းလို့ပဲလေ။

အဆင့်တက်ပြီးတာနဲ့ ချက်ချင်း မပေါက်လာခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက အခွံထဲမှာ သက်တောင့်သက်သာ ဆက်အိပ်ချင်နေလို့ပဲ။

"ကျွန်တော် သိပ်အားကျတာပဲ" လို့ ဂျာကူက မျက်ခွံတွေ လေးလံလာရင်း ပြောလိုက်တယ်။ "ကျွန်တော်လည်း အိပ်ချင်လာပြီ"

ဒါပေမဲ့ ဂျာကူ အိပ်မက်ကမ္ဘာထဲ မရောက်သွားခင်မှာပဲ မိုက်ကယ်က သူ အဆင့်တက်စဉ်က ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ သူ့ရဲ့ တန်ခိုးစွမ်းရည် အသစ်အကြောင်းကို တစ်ဆင့်ချင်း ရှင်းပြဖို့ တောင်းဆိုလိုက်တယ်။

ဂျာကူက သူ့ကို အားလုံး ပြန်ရှင်းပြပြီးတဲ့နောက် မိုက်ကယ် တော်တော်လေး စိတ်ဝင်စားသွားခဲ့တယ်။

'ဒါဆို သူ့ရဲ့ စွမ်းရည်က သူ ပျင်းရိနေဖို့အပေါ် မူတည်နေတာပဲ၊ သိပ်လိုက်ဖက်တာပဲ'

"သခင်... ကျွန်တော်တို့ အိမ်ပြန်လို့ရပြီလား၊ ကျွန်တော့် လည်ချောင်းက နည်းနည်း နာနေလို့"

"အိုကေ... ရပါတယ်"

မိုက်ကယ်က သူ့ရဲ့ အရိပ်ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသက်သွင်းဖို့ လုပ်လိုက်စဉ်မှာပဲ ဂျာကူရဲ့ လည်ချောင်းကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ်။

ဂျာကူက လည်ချောင်းနာတယ်လို့ ပြောတဲ့အတွက် ပျားရည်သံပရာလက်ဖက်ရည် သောက်လိုက်ရင် ပျောက်သွားနိုင်တဲ့ သာမန်ဖျားနာမှုတစ်ခုလို့ပဲ သူ ထင်ထားခဲ့တာလေ။

ဒါပေမဲ့ ဂျာကူရဲ့ အလင်းမှော်စွမ်းအင်တွေက တကယ်တော့ ကမောက်ကမ ဖြစ်မနေဘူးဆိုတာကို သူ သတိထားမိလိုက်တယ်။

အားလုံးက လုံးဝကို ပုံမှန်ဖြစ်နေခဲ့တယ်။

"မင်း သေချာလို့လား" လို့ သူက ဂျာကူကို ထပ်မေးလိုက်တယ်။

"သေချာပါတယ် သခင်" လို့ ဂျာကူက သူ့လည်ချောင်းကို နှိပ်နယ်ရင်း ပြန်ဖြေလိုက်တယ်။ "အဲဒီ ထူးဆန်းတဲ့ကိစ္စ ဖြစ်ပြီးကတည်းက ကျွန်တော့် လည်ချောင်းက ဆက်တိုက် နာနေတော့တာပဲ"

မိုက်ကယ်က မျက်ခုံးပင့်လိုက်တယ်။ "ဘာ ထူးဆန်းတဲ့ကိစ္စလဲ"

အဲဒီနောက် ဂျာကူက မော်ရီစီယိုနဲ့ တခြားဓားသမားတွေအကြားက တိုက်ပွဲရဲ့ နောက်ဆုံးအပိုင်းကို စတင် ရှင်းပြပါတော့တယ်။

"တကယ်လို့ တခြားဓားသမားတွေ လွတ်သွားခဲ့ရင် ကျွန်တော် ပြိုင်ပွဲမှာ ရှုံးတော့မယ်ဆိုတာ သိတယ်လေ၊ အဲလို အဖြစ်မခံနိုင်တာမို့... ကျွန်တော့် ရင်ထဲမှာ ခံစားနေရတဲ့ ထူးဆန်းတဲ့ ခံစားချက်အတိုင်းပဲ လုပ်လိုက်တာပါ"

"အဲဒါ ဘာများလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

ဒီအကြောင်းကို အသံထွက်ပြီး ပြန်ပြောပြရမှာ တော်တော်လေး အနေခက်သလို ခံစားရတာမို့ ဂျာကူက သူ့နောက်စေ့ကို ကုတ်လိုက်တယ်။

"အဲဒါက ကြီးစိုးလိုစိတ်ပါ သခင်၊ ကျွန်တော် တစ်ယောက်တည်းပဲ မြန်ဆန်ချင်ခဲ့တာ၊ ဟို ဓားသမားတွေက... သူတို့ရဲ့ မြန်ဆန်မှုနဲ့ မထိုက်တန်ဘူးလေ၊ ကျွန်တော် တစ်ယောက်တည်းပဲ မြန်ဆန်ရမယ်"

"အဲဒီခံစားချက်ကို လိုက်နာပြီးတဲ့နောက် ဘာတွေဖြစ်သွားလဲဆိုတာကိုတော့ ကျွန်တော် မသိတော့ဘူး၊ ဒါပေမဲ့ မကြာခင်မှာပဲ သတိပြန်ဝင်လာပြီး ဓားသမားတွေ အထိန်းအကွပ်မဲ့သွားတာကို ရုတ်တရက် မြင်လိုက်ရတယ်၊ ဒါကြောင့် အဲဒီအခွင့်အရေးကို ယူပြီး ပြိုင်ပွဲမှာ အနိုင်ယူလိုက်တာပါ"

ဂျာကူရဲ့ ပြန်ပြောင်းပြောပြမှုကို နားထောင်ပြီး မိုက်ကယ်တစ်ယောက် ထပ်ပြီး ရှုပ်ထွေးသွားရပြန်တယ်။

'ဘာ၊ ဂျာကူက တခြားဓားသမားတွေရဲ့ အမြန်နှုန်းကို ပျောက်ဆုံးသွားအောင် လုပ်လိုက်တာတဲ့လား၊ ငါ ထင်ထားတာက သူ့ရဲ့ တန်ခိုးစွမ်းရည်က သူ ပျင်းရိပြီးတဲ့နောက်မှာ အမြန်နှုန်းကို ရရှိစေတာလို့လေ၊ သူများဆီကနေ ယူပစ်တာမှ မဟုတ်တာ'

အဲဒါတွေက လုံးဝကို ကွဲပြားခြားနားတဲ့ စွမ်းအားနှစ်ခုပဲ။ ဂျာကူက တန်ခိုးစွမ်းရည် နှစ်ခုကို နိုးထစေခဲ့တာလို့ပဲ သူ ကောက်ချက်ချလို့ ရတော့တယ်၊ ဒါက ထူးဆန်းပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

'အဲဒီနောက် သူ့လည်ချောင်း နာသွားတာလား၊ တန်ခိုးစွမ်းရည်ကို သုံးတာက ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေတာ မဟုတ်ဘူး၊ အဲဒါက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေနဲ့ နှလုံးသားကိုပဲ မောပန်းစေတာ'

ဒီ 'လည်ချောင်းနာခြင်း' ဆိုတာက ဂျာကူရဲ့ ထင်ယောင်ထင်မှားဖြစ်မှု သက်သက်လို့ သူ ထင်ခဲ့မိနိုင်ပေမဲ့ ဒရုန်းအမြင်အာရုံကို အသုံးပြုပြီး စောင့်ကြည့်လိုက်တဲ့အခါ ဂျာကူ့ဆီမှာ တစ်ခုခု ပြောင်းလဲသွားပြီဆိုတာကို သူ သိလိုက်ရတယ်။

အသံအိုးရဲ့ အောက်တည့်တည့် လည်ချောင်းပေါ်မှာ တန်ခိုးစွမ်းရည်တွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ လုံးဝ အစိတ်အပိုင်းအသစ်တစ်ခု ရှိနေခဲ့တယ်။

အဲဒါက ဂျာကူရဲ့ လည်ချောင်းတစ်ဝိုက်မှာ အထပ်ထပ် ဖြစ်နေတဲ့ အဝတ်စတစ်ခုကို ဖန်တီးဖို့အတွက် ရက်ကန်းရက်သလို ယှက်နွယ်နေကြတဲ့ တန်ခိုးစွမ်းရည် အမျှင်တန်းလေးတွေနဲ့ ဖွဲ့စည်းထားတာပဲ။

'အဲဒါကြီးက ဘာကြီးလဲ'

အဲဒါက တန်ခိုးစွမ်းရည်ရဲ့ သာမန်အသုံးပြုမှုမျိုးနဲ့ မတူဘူး။

သူ့ရဲ့ ကွမ်တမ် နည်းစနစ်တွေလိုလည်း မဟုတ်သလို သန္ဓေဝိညာဉ် အဆင့် မက်ဂ်နက်တစ်တစ်ယောက်က သူတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့ လုပ်ဆောင်နေတာမျိုးလည်း မဟုတ်ဘူး။

တကယ်လို့ အဲဒါတွေက တန်ခိုးစွမ်းရည်ကို ခွန်အားတွေ ပေးပို့ဖို့ သွေးကြောတွေအဖြစ် အသုံးပြုခဲ့တာဆိုရင် ဂျာကူရဲ့ လည်ချောင်းပေါ်က ဒီအရာအသစ်ကတော့ တန်ခိုးစွမ်းရည်ကို လုံးဝကို ကိုယ်အင်္ဂါအစိတ်အပိုင်းအသစ်တစ်ခုအဖြစ် အသုံးပြုနေတာပဲ။

'ဟာဘင်ဂျာ... ငါ ဘာကို မြင်နေရတာလဲ'

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ဟုတ်ပြီ၊ နတ်ဘုရားမက မင်းကို အဲဒီအကြောင်း ပြောပြထားပြီးပြီလေ |

မိုက်ကယ်ရဲ့ မှတ်ဉာဏ်တွေက နတ်ဘုရားမနဲ့ 'ထင်ယောင်ထင်မှား' တွေ့ဆုံခဲ့ရတဲ့ အချိန်ဆီကို ပြန်ရောက်သွားခဲ့တယ်။

သူမက မူလဗန်ပိုင်ယာ ကူနိုနဲ့ပတ်သက်တဲ့ တစ်စုံတစ်ရာအကြောင်းကိုရော အိုင်းရွန်းမေဒင် ဂိုင်ယာ အကြောင်းကိုပါ ပြောပြခဲ့တယ်။

ဒါပေမဲ့ အဲဒီလောက်တင် မကဘူး။ ဒရာဂွန်ဘွန်းတွေအကြောင်းနဲ့ သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို နိုးထလာဖို့ ဘယ်လောက်တောင် နီးစပ်နေပြီလဲ ဆိုတာကို သူမ ပြောခဲ့တာကိုပါ သူ မှတ်မိလိုက်တယ်။

'ဒါက အဲဒါပဲလား'

ဂျာကူက သူ့အသံလေးနဲ့တင် တစ်စုံတစ်ယောက်ရဲ့ အမြန်နှုန်းကို ရပ်တန့်ပစ်နိုင်ခဲ့တယ်။ ဘယ်စွမ်းရည်ကမှ အဲလို မလုပ်နိုင်ဘူး။ ဒါက ပိုပြီး စွမ်းအားကြီးတဲ့... ပိုပြီး ရှေးကျတဲ့ တစ်စုံတစ်ခုပဲ။

* * * * * * * *

စာစဉ်(၆၅)

All Chapters