အခန်း ၄၂၃
Vol. 43 Ch. 423
အခန်း ( ၄၂၃ ) ဘလူးစတားမှာ ဝိညာဉ်ချီ ရှိလား
တရုတ်နိုင်ငံ၏ နေရာအနှံ့အပြားတွင် အဖြူရောင် အလင်းတန်းသုံးဆယ့်ခြောက်ခုက လင်းလက်သွားပြီး ခရီးသွားများအား သူတို့၏ မူလထွက်ခွာရာ နေရာအသီးသီးဆီသို့ ပြန်လည်ပို့ဆောင်ပေးလိုက်သည်။
ဟိုင်ချန်မြို့ရှိ ဇိမ်ခံတိုက်ခန်းတစ်ခန်း၏ ဧည့်ခန်းထဲတွင် ဖန်ဖန်၏ ပုံရိပ်က ဖြည်းညှင်းစွာ ပီပြင်ထင်ရှားလာလေသည်။
ထို့နောက် သူမက ပြန်လည်သယ်ဆောင်လာခဲ့သည့် ဒေသထွက်ကုန်များကို စစ်ဆေးကြည့်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချလိုက်ကာ ရေခဲနှလုံးသားကျင့်စဉ်ကို လည်ပတ်ရန် ကြိုးစားလိုက်၏။
ဤသည်က သူမအတွက် အလွန် အရေးကြီးချေသည်။
အကယ်၍ ကမ္ဘာမြေပေါ်တွင် ကျင့်ကြံရန် ဝိညာဉ်ချီသာမရှိခဲ့ပါက ရွှမ်ဝူတိုက်ကြီးတွင် သူမ ချိုးဖျက်နိုင်ခဲ့မှုက အတိတ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
တရားထိုင်ခြင်းဖြင့် နှစ်နာရီ အချိန်က တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့၏။
အိမ်ရှေ့ လူခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်အခါ ဖန်ဖန်က သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အနှောင့်အယှက်ပေးခံလိုက်ရသဖြင့် မကျေနပ်သည့်အလား မျက်မှောင်ကုတ်သွားရသည်။
သူမက မတ်တတ်ရပ်လိုက်ပြီး ဗီဒီယို လူခေါ်ခေါင်းလောင်းမှတစ်ဆင့် တံခါးအပြင်ဘက်ရှိ လူနှစ်ဦးကို မှတ်မိသွား၏။
သူတို့က ကျန်းယဲ့နှင့် မကြာခဏ အတူတူ တွေ့ရလေ့ရှိသည့် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ဝန်ထမ်းများ ဖြစ်ကြသည်။
"မစ်ဖန်... ကျွန်တော်တို့က အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုက ချန်ချင်း နဲ့ လင်ရှောင်ပါ..." ချန်ချင်းက သူ၏ အထောက်အထားကို ပြသကာ ရိုသေစွာ ပြောလိုက်၏။
"ကျွန်မ ရှင်တို့ကို သိပါတယ်..." ဖန်ဖန်က လမ်းဖယ်ပေးလိုက်သည်။ "ကျေးဇူးပြုပြီး ဝင်လာကြပါ..."
သူတို့နှစ်ဦး ဧည့်ခန်းထဲသို့ ဝင်လာကြပြီး ရိုးရှင်းသည့် ပိတ်စဆိုဖာပေါ်တွင် ထိုင်လိုက်ကြ၏။
ချက်ချင်းပင် ချန်ချင်းက လိုရင်းကိုသာ တန်းပြောလိုက်သည်။ "ကျွန်တော်တို့ ရထားတဲ့ သတင်းအချက်အလက်တွေအရ ခင်ဗျားက ရွှမ်ဝူတိုက်ကြီးမှာ ထိပ်တန်းအဆင့် ရေခဲဝိညာဉ်မြစ်ကို ပိုင်ဆိုင်ထားတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်ထဲကို ချီသွင်းတာ အောင်မြင်ခဲ့သလို ချီစုစည်းမှုအဆင့်ရဲ့ ပထမအဆင့်ကိုလည်း ရောက်ရှိသွားပြီဆိုတာ ဟုတ်ပါသလား..."
ဖန်ဖန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်..."
လင်ရှောင်က ဆက်မေးလေသည်။ "ကမ္ဘာမြေကို ပြန်ရောက်ပြီးတဲ့နောက် ခင်ဗျား ကျင့်ကြံဖို့ ကြိုးစားကြည့်သေးလား... ဝိညာဉ်ချီရဲ့ တည်ရှိမှုကိုရော အာရုံခံနိုင်ခဲ့သလား..."
ဖန်ဖန် သဘောပေါက်သွားရသည်။
ဤသည်က ယနေ့ သူတို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်ပင်။
"ရှင်တို့ ခေါင်းလောင်းမတီးခင်လေးတင် ကျွန်မ နှစ်နာရီလောက် ကျင့်ကြံခဲ့တာ ပြီးသွားတာပါ..." သူမက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "ကံမကောင်းစွာနဲ့ပဲ အခုလောလောဆယ်တော့ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ဝိညာဉ်ချီကို လုံးဝ အာရုံမခံနိုင်သေးဘူး..."
ယင်းစကားကို ကြားလိုက်ရသည့်အခါ ချန်ချင်းနှင့် လင်ရှောင်တို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များကို ဖုံးကွယ်မထားနိုင်ခဲ့ကြချေ။
လင်ရှောင်က လေးလေးနက်နက် ပြောလိုက်၏။ "မစ်ဖန်... ကမ္ဘာမြေပေါ်မှာ ကျင့်ကြံဖို့ အခြေအနေတွေ ရှိမရှိဆိုတာက နိုင်ငံတော်နဲ့ လူသားယဉ်ကျေးမှု နှစ်ခုလုံးအတွက် အလွန် အရေးကြီးပါတယ်... ကျွန်တော်တို့ရဲ့ ဒီရှာဖွေရေး အစီအစဉ်မှာ ပါဝင်ပေးဖို့ ခင်ဗျားကို ရိုးသားစွာ ဖိတ်ခေါ်ချင်ပါတယ်..."
ချန်ချင်းက ဖြည့်စွက်ပြောလိုက်ပြန်သည်။ "ဝိညာဉ်ချီ ပျံ့နှံ့မှုက ပထဝီဝင်အနေအထားအရ ကွာခြားနိုင်ပါတယ်... ခင်ဗျားတို့ရဲ့ ဟိုင်ချန်မြို့မှာ မရှိပေမဲ့ တခြား ဒေသတွေမှာတော့ ရှိနိုင်ပါတယ်..."
အထက်လူကြီးများ၏ ရည်ရွယ်ချက်ကို ဖန်ဖန် ချက်ချင်း သဘောပေါက်သွား၏။
ဤသည်က သူမအား လူသားဝိညာဉ်ချီ ရှာဖွေရေးကိရိယာအဖြစ် အသုံးပြုရန်ပင်။
ဖန်ဖန် တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ လင်ရှောင်က အလျင်အမြန်ပင် အာမခံလိုက်သည်။ "ခင်ဗျားရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်... ဒါက တန်းတူညီမျှတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လှုပ်ရှားမှုတိုင်းအတွက် ထိုက်တန်တဲ့ အခကြေးငွေကိုလည်း ပေးချေသွားမှာပါ... ခင်ဗျားကို ဘယ်တော့မှ အလကား မခိုင်းစေရပါဘူး... အကယ်၍ ခင်ဗျားက ကြားထဲမှာ ရပ်နားချင်တယ်ဆိုရင်လည်း အချိန်မရွေး ရပ်နားနိုင်ပါတယ်... ကျွန်တော်တို့ကို မယုံကြည်ဘူး ဆိုရင်လည်း ခင်ဗျားအနေနဲ့ ဒါရိုက်တာကျန်းဆီကို တိုက်ရိုက် သတင်းပို့လို့ ရပါတယ်..."
အခြားကမ္ဘာသို့ ခရီးသွားလာခဲ့သည့် ဤခရီးသွားများက တရားဝင်အဖွဲ့အစည်းများထက် ကျန်းယဲ့ကို ပို၍ ယုံကြည်ကြကြောင်းကို အထူးညှိနှိုင်းရေးဗျူရိုမှ လူများက ကောင်းကောင်းကြီး သိထားကြ၏။
ဤကတိစကားက ဖန်ဖန်ကို သံသယကင်းစွာဖြင့် စိတ်သက်သာရာ ရသွားစေလေသည်။
ဖန်ဖန်က ခဏမျှ တွေးတောလိုက်ပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ..."
ချန်ချင်းနှင့် လင်ရှောင်တို့က ဝမ်းသာသွားကြပြီး ချက်ချင်းပင် ပြောလိုက်ကြသည်။ "ဒီလိုဆိုရင်တော့ အချိန်မဆွဲတော့ဘဲ လုံဟူတောင်နဲ့ တခြားနေရာတွေကို စူးစမ်းလေ့လာဖို့ မနက်ဖြန်ပဲ ကျွန်တော်တို့ ထွက်ခွာကြတာပေါ့..."
"အိုကေ..." ဖန်ဖန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ထိုနှစ်ဦးကို ပြန်လည်ပို့ဆောင်ပြီးနောက် ဖန်ဖန်က ရွှမ်ဝူတိုက်ကြီးမှ ဝယ်ယူလာခဲ့သည့် ဝိညာဉ်ကျောက်တုံးများကို သူမ၏ အိတ်ထဲမှ ထုတ်ယူလိုက်လေသည်။
ထို့နောက် သူမက တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်တွင် ဝိညာဉ်ကျောက်တုံး တစ်တုံးစီကို ကိုင်ထားကာ ရေခဲနှလုံးသား ကျင့်စဉ်ကို စတင် လည်ပတ်စေလိုက်၏။
ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ ဝိညာဉ်ကျောက်တုံးထဲမှ သန့်စင်လှသည့် ဝိညာဉ်ချီများက သွေးကြောမကြီးများထဲသို့ ဖြည်းညှင်းစွာ စီးဝင်လာတော့သည်။
ဝိညာဉ်ကျောက်တုံး နှစ်တုံး ပြာအဖြစ် ပြောင်းလဲသွားသည့်အခါ သူမက နောက်ထပ် နှစ်တုံးကို ထပ်ယူလိုက်ပြန်သည်။
ဤလုပ်ငန်းစဉ်က အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းများ ထွက်ပေါ်လာသည်အထိ ဆက်လက် လည်ပတ်နေချေသည်။
ဖန်ဖန်က သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ခန္ဓာကိုယ်တွင်း၌ သိသိသာသာ အားကောင်းလာသည့် ဝိညာဉ်ချီများကို ခံစားလိုက်ရကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာရ၏။
တစ်ညလုံး ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင် သူမက ချီစုစည်းမှုအဆင့်၏ ဒုတိယအဆင့်သို့ ချိုးဖျက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
၎င်းက ရွှမ်ဝူတိုက်ကြီးတွင် ရရှိခဲ့သည့် အတွေ့အကြုံတချို့ ပါဝင်နေသော်လည်း မနေ့က ချိုးဖျက်နိုင်ခဲ့မှုမှာ သူမ အရေးကြီးသည့် အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေသောကြောင့်သာ ဖြစ်၏။
သို့သော်လည်း သုံးရက်တည်းနှင့် ချီစုစည်းမှုအဆင့်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းမှာ အတော်လေး မြန်ဆန်သည်ဟု ဆိုရမည်ပင်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ချီများ ခန်းခြောက်နေသည့် ဤဘလူးစတားတွင် သူမ၏ ကျင့်ကြံမှုကို တိုးတက်စေမည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်ကျောက်တုံးများမှတစ်ဆင့်သာ ဖြစ်ကြောင်း သူမ သဘောပေါက်သွားရသည်။ သို့သော်လည်း တစ်ကိုယ်တော်စွမ်းရည်ဖြင့် ကျင့်ကြံခြင်း သယံဇာတများကို အဆက်မပြတ် ရရှိနိုင်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှချေသည်။
ထို့ကြောင့် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သံသယဖြစ်ဖွယ်မရှိ ဖြတ်လမ်းတစ်ခုပင်။
အင်မော်တယ်ကျင့်ကြံခြင်းနှင့် ထာဝရအသက်ကို ရရှိရေးတို့နှင့် ယှဉ်လာလျှင် အခြားအရာအားလုံးကို စွန့်လွှတ်အနစ်နာခံနိုင်ပေသည်။
အမျိုးသားများက အင်မော်တယ်ကျင့်ကြံလိုကြသကဲ့သို့ အမျိုးသမီးများကရော မကျင့်ကြံလိုဘဲ နေမည်လား။
ကြီးမြတ်လှသည့် တာအိုလမ်းစဉ်ကို ရှာဖွေသည့် ခရီးလမ်းတွင် ယောက်ျား၊ မိန်းမ ခွဲခြားမှု မရှိသင့်ချေ။
သူမ ပိုမို သန်မာလာချင်ပြီး ကမ္ဘာမြေ၏ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်လာချင်သည်။
ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ် ရှင်သန်လာလေသည်။
တဖြည်းဖြည်း လင်းထိန်လာသည့် ကောင်းကင်ယံကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်ရင်း ဖန်ဖန်၏ မျက်ဝန်းများက ပြတ်သားနေခဲ့သည်။
ယနေ့မှစ၍ သူမသည် ထူးခြားလှသည့် ကျင့်ကြံခြင်း ခရီးလမ်းတစ်ခုကို စတင်လျှောက်လှမ်းတော့မည်။
နိုင်ငံတော်နှင့်အတူ ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံနိုင်မှု အလားအလာများကို ရှာဖွေစူးစမ်းမည့် ခရီးလမ်းတစ်ခုပင်။
ဖန်ဖန် ကျင့်ကြံခြင်းကို အာရုံစိုက်နေချိန်တွင် ဟန်ကျိုးမြို့ရှိ ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်တွင် ကျန်းယဲ့သည်လည်း ထိုနည်းတူ လုပ်ဆောင်နေခဲ့သည်။
သူက ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် သူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို အရင်ဆုံး အာရုံခံကြည့်ရန် ကြိုးစားလိုက်၏။
ရွှမ်ဝူတိုက်ကြီး၏ ထိုးဖောက်၍မရနိုင်လောက်အောင် သိပ်သည်းလှသည့် ဝိညာဉ်ချီများနှင့် ယှဉ်လိုက်လျှင် ဘလူးစတား၏ ဝိညာဉ်ချီမှာ မရှိသလောက်ကို ပါးလွှာနေပြီး ကန္တာရထဲတွင် ရေငွေ့ကို ရှာဖွေနေရသကဲ့သို့ပင်။
"ပါးလွှာလွန်းတယ်..."
ဝိညာဉ်ချီ၏ ပေါကြွယ်ဝမှုကို မြည်းစမ်းဖူးသူများအတွက် သွားကြားထဲမှနေ၍ အနိုင်နိုင် ဆွဲထုတ်ယူနေရသည်မှာ သည်းခံနိုင်စရာ မရှိချေ။
ကျန်းယဲ့က မျက်လုံးများကို ဖွင့်လိုက်ပြီး စနစ်နေရာလွတ်ထဲမှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်ယူလိုက်သည်။
ယခုအချိန်တွင် သူ့ထံ၌ လိုလေသေးမရှိ ပေါများနေသည့်အရာမှာ ဝိညာဉ်ကျောက်တုံးများပင်။
အကယ်၍ တစ်စုံတစ်ယောက်သာ ရှိနေခဲ့မည်ဆိုပါက သူ၏ ဤကျင့်ကြံမှုကြောင့် တုန်လှုပ်သွားကြမည်မှာ အသေအချာပင်။
ကျန်းယဲ့က လက်တစ်ဖက်စီတွင် ဝိညာဉ်ကျောက်တုံး ငါးတုံးစီကို ကိုင်ထားလိုက်သည်။ ထို့နောက် ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ ဝိညာဉ်ကျောက်တုံးများက သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်ဖြင့် တောက်ပမှုများ ပျောက်ဆုံးသွားကြရသည်။
ဝိညာဉ်ကျောက်တုံး ဆယ်တုံးက ပြာအဖြစ် ပြောင်းလဲသွားသည့်အခါ သူက အသစ်များနှင့် ချက်ချင်း အစားထိုးလိုက်ပြန်သည်။
ဤကဲ့သို့ ဖြုန်းတီးလွန်းလှသည့် ကျင့်ကြံမှု နည်းလမ်းက ရွှမ်ဝူတိုက်ကြီးရှိ လျှို့ဝှက်ဂိုဏ်းကြီးများမှ တိုက်ရိုက် ဆင်းသက်လာသူများကိုပင် ဆွံ့အသွားစေလိမ့်မည်။
တက်လာသည့် နေရောင်ခြည်က လိုက်ကာကြားမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသည့်အခါ ကျန်းယဲ့က သူ၏ ကျင့်ကြံမှုကို ဖြည်းညှင်းစွာ အဆုံးသတ်လိုက်လေသည်။
သူ၏ အတွင်းမှ လှိုင်းလုံးကြီးများကဲ့သို့ မြင့်တက်နေသည့် ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည့်အခါ သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားရ၏။
တစ်ညတည်းနှင့်ပင် သူက အဆင့်နှစ်ဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီး ချီစုစည်းမှုအဆင့်၏ တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ဤအမြန်နှုန်းက ဖန်ဖန်၏ ထိပ်တန်းအဆင့် ရေခဲ ဝိညာဉ်မြစ်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
ကျန်းယဲ့က သူ၏ လက်ဖဝါးထဲတွင် ကျန်ရှိနေသည့် ဝိညာဉ်ကျောက်တုံး ပြာများကို ငုံ့ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများက နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြောသွားရသည်။
လောလောဆယ်တွင်တော့ သူက အင်မော်တယ် ကျင့်ကြံနိုင်စွမ်းရှိနေကြောင်းကို မည်သူ့ကိုမျှ ပြောပြရန် အစီအစဉ် မရှိသေးချေ။
သူ မတ်တတ်ရပ်ကာ လိုက်ကာများကို ဆွဲဖွင့်လိုက်ရာ မနက်ခင်းအလင်းရောင်များက အခန်းထဲသို့ အပြည့် ဝင်ရောက်လာတော့သည်။
ယခု၌ ဝိညာဉ်မြစ်မရှိကြောင်း သတ်မှတ်ခံထားရသည့် လူတစ်ယောက်သည် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်ကြောင်းကို မည်သူမျှ မသိကြချေ။
ထို့အပြင် ဤလူ၏ ကျင့်ကြံမှုအမြန်နှုန်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်နေကြောင်းကိုလည်း မည်သူမျှ မသိကြပေ။
ကျန်းယဲ့နှင့် ဖန်ဖန်တို့ ကျင့်ကြံခြင်းတွင် နစ်မြောနေချိန်၌ သူတို့၏ ရွှမ်ဝူတိုက်ကြီးဆီသို့ ခရီးစဉ်အကြောင်း သတင်းများက အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အဓိက ဖိုရမ်ကြီးများရှိ လူကြိုက်အများဆုံး ပို့စ်များတွင် သတင်းကြီး နှစ်ခုကို ဆွေးနွေးနေခဲ့ကြသည်။
အတည်ပြုလိုက်ပြီ။ ဒါရိုက်တာကျန်းတွင် ဝိညာဉ်မြစ် မရှိကြောင်း စမ်းသပ်တွေ့ရှိရပြီး သူ၏ အင်မော်တယ် လမ်းစဉ် ပြတ်တောက်သွားပြီ ဖြစ်သည်။
"ထူးကဲလှတဲ့ ရေခဲဝိညာဉ်မြစ်ကို တွေ့ရှိ... ခရီးသွားအဖွဲ့ဝင် ဖန်ဖန်က ချီစုစည်းမှုအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားပြီ.... "
အင်တာနက် အသုံးပြုသူများက ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြ၏။
[အင်တာနက်သုံးစွဲသူ ၁] - "ဒါရိုက်တာကျန်းက မကျင့်ကြံနိုင်ဘူးဆိုတာ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."
[အင်တာနက်သုံးစွဲသူ ၂] - "ဖန်ဖန်က အရမ်း မိုက်တာပဲ... သူမက ကမ္ဘာမြေရဲ့ ပထမဆုံး အစစ်အမှန် ကျင့်ကြံသူပဲကွ... "
[အင်တာနက်သုံးစွဲသူ ၃] - "အင်မော်တယ်ဆရာမ ဖန်ဖန်ရဲ့ ဆက်သွယ်ရန် အချက်အလက်ကို ရှာနေပါတယ်.... ကျွန်တော်တို့ သုတေသနဌာနက အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှု စည်းကမ်းချက်တွေနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိပါတယ်..."
နိုင်ငံအသီးသီးရှိ အထူးအဖွဲ့အစည်းများကလည်း ကမ္ဘာမြေ၏ ပထမဆုံးကျင့်ကြံသူကို ဆက်သွယ်ရန် အလျင်အမြန် လှုပ်ရှားလာကြသည်။
ထူးဆန်းစွာပင် ဖန်ဖန်က လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေချေသည်။
ဖုန်းက ပိတ်ထားပြီး အိမ်တွင်လည်း မည်သူမျှ မရှိသလို ပုံမှန်အသုံးပြုနေကျ လူမှုကွန်ရက် အကောင့်များကလည်း အပ်ဒိတ်လုပ်ခြင်း ရပ်တန့်သွားခဲ့သည်။
စီအိုင်အေ အေးဂျင့်များက ဖန်ဖန်၏ တိုက်ခန်းကို သုံးရက်တိတိ စောင့်ကြည့်ခဲ့ကြသော်လည်း ဘာမှ မတွေ့ခဲ့ရချေ။
MI6 က လေယာဉ်ခရီးစဉ် မှတ်တမ်းများကို စစ်ဆေးရန် ၎င်းတို့၏ အမြင့်ဆုံး အာဏာကို အသုံးပြုခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။
သူမကို တရုတ်အစိုးရက အကာအကွယ် ပေးထားနိုင်ခြေ များကြောင်းကို နိုင်ငံအားလုံးက နားလည်ထားကြသည်။
ရက်အနည်းငယ် ကြာပြီးနောက် လူထု၏ စိတ်ဝင်စားမှုများက တဖြည်းဖြည်း လျော့ကျသွားပြီး အင်အားစု အနည်းငယ်သာ တိတ်တဆိတ် ဆက်လက် ရှာဖွေနေကြတော့သည်။
သာမန်လူများအတွက်မူ အင်မော်တယ်ကျင့်ကြံခြင်း၏ ဆွဲဆောင်မှုက ငြင်းပယ်၍မရနိုင်သော်လည်း နောက်ဆုံးတွင်တော့ မနက်ဖြန်မနက် တင်ရမည့် အစီရင်ခံစာများနှင့် နောက်လအတွက် ပေးရမည့် အိမ်လခ၊ အကြွေးများနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားရသည်သာ.....
တစ်ချိန်တည်းမှာပင် လောကကြီးက မသိနိုင်သည့် နေရာတစ်ခုတွင်တော့ ဖန်ဖန်သည် သံချပ်ကာကား တစ်စီးပေါ်တွင် ထိုင်လျက် လုံဟူတောင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားနေခဲ့သည်။
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် လင်ရှောင်က သူမထံသို့ စာရွက်စာတမ်းတစ်ခု ကမ်းပေးလိုက်၏။
"နောက်မှတ်တိုင်က ဝူတန်တောင်ပဲ..."
အခန်း ၄၂၃ပြီး၏။