အခန်း ၄၂၄
Vol. 43 Ch. 424
အခန်း ( ၄၂၄ ) ဟုန်ဝူ ခေတ်ကာလ
ကျန်းယဲ့သည် မည်သည့်နေရာ၏ ဝိညာဉ်ချီ သိပ်သည်းဆကိုမျှ ကိုယ်တိုင် သွားရောက်စမ်းသပ်နေစရာ မလိုအပ်ချေ။
အကယ်၍ တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ပါက ဖန်ဖန် သို့မဟုတ် ချန်ချင်းက သူ့ကို သဘာဝကျကျ အကြောင်းကြားလာလိမ့်မည်သာ ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူက အိမ်ထဲတွင်သာ နေထိုင်ခဲ့ပြီး ကျင့်ကြံခြင်းတွင်သာ လုံးလုံးလျားလျား နစ်မြောနေခဲ့၏။
စနစ်က ယူဆောင်လာပေးသည့် အဆင်ပြေချောမွေ့မှုက အရေးကြီးသော်လည်း အစစ်အမှန် စွမ်းအားဆိုသည်မှာ အမြဲတမ်း ကိုယ်ပိုင်စွမ်းဆောင်ရည်များမှသာ လာလေ့ရှိချေသည်။
မည်သည့် အမျိုးသားမှ ပိုမို သန်မာလာရန် မရည်မှန်းဘဲ မနေကြချေ။ ကျန်းယဲ့လည်း ချွင်းချက် မဟုတ်ပေ။
ထိုနေ့ မနက်ခင်းတွင် ကျန်းယဲ့က တရားထိုင်ရာမှ နိုးထလာပြီး သူ၏ ကြွက်သားများကို အကြောဆန့်လိုက်သည်။
အတွင်းမှ လှိုင်းလုံးကြီးများကဲ့သို့ မြင့်တက်နေသည့် ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည့်အခါ သူ မနေနိုင်ဘဲ အံ့ဩချီးကျူးလိုက်မိ၏။
ချီစုစည်းမှုအဆင့် (၄)....
ဤကျင့်ကြံမှု အမြန်နှုန်းက မှန်းဆနိုင်သည်ထက်ပင် ပိုမြန်နေချေသည်။
သူက ဇာစ်မြစ်မသိရသည့် ထိုမပြည့်စုံသော ကျောက်စိမ်းပေလွှာလေးကို ပွတ်သပ်လိုက်ရင်း သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာခဲ့၏။ ဒီကျောက်စိမ်းပေလွှာကများ ထူးခြားနေတာလားဒါမှမဟုတ် သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကပဲ ထူးခြားနေလို့ ဝိညာဉ်မြစ်မရှိတဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို ရောက်လာတာများလား.....
"စနစ်... ငါတို့က ဒီလောက်တောင် ရင်းနှီးနေပြီပဲ... ငါ့ကို နည်းနည်းလောက် အရိပ်အမြွက် ပြောပြလို့ မရဘူးလား..." ကျန်းယဲ့က စမ်းသပ်သည့်အနေဖြင့် မေးကြည့်လိုက်လေသည်။
သို့သော် စနစ်က မည်သည့် တုံ့ပြန်မှုမျှ မပေးဘဲ အသေကောင်လို ဟန်ဆောင်နေချေသည်။
သို့သော် ဒီအချက်ကို အတည်ပြုဖို့က တကယ်တော့ အတော်လေး ရိုးရှင်းလှသည်။ ၎င်းက ဝိညာဉ်မြစ် မရှိသည့် အခြားလူတစ်ဦးကို ဤကျောက်စိမ်းပေလွှာဖြင့် စမ်းသပ်ကျင့်ကြံခိုင်းလိုက်ရုံသာပင်။
သို့သော်လည်း အန္တရာယ်က ကြီးမားလွန်းလှသည်။
သူ့အနေဖြင့် ကိုယ်တုံးလုံး ချွတ်ပြသကဲ့သို့ အရာအားလုံးကို ထုတ်ဖော်မပြချင်ချေ။ ၎င်းက သေတွင်းထဲသို့ ခုန်ဆင်းတာနှင့် အတူတူပင်။
ထို့ကြောင့် ကျန်းယဲ့က ဤအတွေးကို လောလောဆယ် ဖိနှိပ်ထားလိုက်၏။
သူ အတွေးနက်နေချိန်မှာပင် ကြည်လင်သည့် သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
[ဒင်.... မစ်ရှင်အသစ် ပေးပို့လိုက်ပါသည် - ဟုန်ဝူ နန်းသက်ဆယ့်ငါးနှစ် အေဒီ ၁၃၈၂၊ ဇူလိုင်လကုန်၌ ယင်ထျန်းမြို့တော်သို့ သွားရောက်ကာ ရုံးခွဲတစ်ခု ဖွင့်လှစ်ပါ။]
[မစ်ရှင် လိုအပ်ချက် - (၁) မင်မင်းဆက်တွင် ရီယဲ့ ခရီးသွားအေဂျင်စီ ရုံးခွဲတစ်ခုကို အောင်မြင်စွာ တည်ထောင်ရန်။ (၂) ဘလူးစတားသို့ သုံးရက်ကြာ ခရီးသွားရန် သမိုင်းဝင်ပုဂ္ဂိုလ်ဆယ်ဦးကို စုဆောင်းရန်။]
[မစ်ရှင် ကြာမြင့်ချိန် - ရက် ၃၀]
[မစ်ရှင် ဆုလာဘ် - သက်တမ်း +၃၀၀ ရက်၊ စနစ် အမှတ် +၂၀၀၀၀]
စနစ်မှ ပြသလာသည့် အချိန်နှင့် နေရာကို မြင်လိုက်ရသည့်အခါ ကျန်းယဲ့ မှင်တက်သွားရသည်။
"ဟုန်ဝူ နန်းသက် ဆယ့်ငါးနှစ်... ယင်ထျန်းမြို့တော်..." သူက တိုးတိုးလေး ရေရွတ်လိုက်၏။ "ခူချာမှာ ရုံးခွဲသွားဖွင့်ရမှာလည်း မဟုတ်ဘူး... မင်မင်းဆက် နှောင်းပိုင်းကာလလည်း မဟုတ်ဘူး... တကယ်ကြီး ဧကရာဇ်ဟုန်ဝူရဲ့ နန်းသက်ကာလကြီးထဲမှာပေါ့လေ..."
ကျန်းယဲ့၏ ခေါင်းကြီး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။
"ကျစ်... ဟုန်ဝူခေတ်ကာလကြီးမှာ ငါက အဆက်အသွယ်တွေကို ဘယ်ကနေ သွားရမှာလဲဟ" သူ မနေနိုင်ဘဲ ညည်းညူလိုက်မိ၏။ "အခက်အခဲက နှစ်ဆတောင် ဖြစ်သွားပြီပဲ..."
ဒီတစ်ခါ ဆုလာဘ်တွေက ဘာကြောင့် ဒီလောက်တောင် သဘောထားကြီးနေရသလဲဆိုတာ အံ့ဩစရာ မရှိတော့ချေ။ သက်တမ်း ၃၀၀ ရက်နဲ့ အမှတ် ၂၀၀၀၀.... တကယ်တော့ မစ်ရှင်ရဲ့ အခက်အခဲက အကြီးအကျယ် မြင့်တက်သွားတာကိုး...
ချင်မင်းဆက်မှာ ရုံးခွဲဖွင့်ခဲ့တုန်းက အချိန်ကို ပြန်စဉ်းစားကြည့်ပါက အကိုကြီးရင်းကျန့်ရဲ့ အကာအကွယ်ပေးမှုအောက်မှာ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်ခဲ့တာလေ...
အခုတော့ အရာအားလုံးက ရှုပ်ထွေးကုန်ပြီ။ မင်မင်းဆက်ကို ရောက်သွားရင် အစကနေ ပြန်စရမှာ ဖြစ်ပြီး ဘာဆိုဘာမှ သိမှာ မဟုတ်ဘူး...
အကယ်၍များ မင်မင်းဆက်က လူတွေဆီ တိုက်ရိုက်သွားပြီး သူတို့ကို နှစ်ရာချီကြာတဲ့ အနာဂတ်ဆီ ခရီးသွားပို့ပေးမယ်လို့ သွားပြောလိုက်ရင် မိစ္ဆာဝါဒ ဖြန့်ဖြူးတဲ့ လိမ်လည်သူအဖြစ် သတ်မှတ်ခံရပြီး ရိုက်သတ်ခံရဖို့ သေချာသလောက်ပဲ...
ကျန်းယဲ့က သူ၏ နားထင်ကို ပွတ်သပ်လိုက်၏။ သူ ခေါင်းကိုက်လာချေပြီ။
သို့သော်လည်း မစ်ရှင်က ပေးပို့လာပြီဖြစ်ရာ ဘယ်လောက်ပဲ ခက်ခဲပါစေ အံကြိတ်ပြီး လုပ်ရုံသာ ရှိတော့ပေသည်။
စနစ်မျက်နှာပြင်ပေါ်မှ ၂၄ နာရီ နောက်ပြန်ရေတွက်နေမှုကိုကြည့်ကာ ကျန်းယဲ့က လေပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး အစီအစဉ်များ စတင်ဆွဲတော့သည်။
သူက အရင်ဆုံး ခရီးစဉ်ဇယားတစ်ခုကို အကြမ်းဆွဲလိုက်ပြီး ချန်ချင်းထံသို့ ပေးပို့လိုက်၏။ "ကြိုတင် ပြင်ဆင်ထားကြ... ဒီတစ်ခါ ငါက မင်မင်းဆက်က လူကြီးတွေကို ဘလူးစတားဆီ အလည်ခေါ်လာမှာ..."
အစပိုင်းက ခက်ခဲနေသော်လည်း ကျန်းယဲ့က လူတွေကို လှည့်စားနိုင်သည့် သူ၏ စွမ်းရည်ကို ယုံကြည်မှု ရှိနေဆဲပင်။
အကယ်၍ သူက ပထမဆုံး ခရီးသွားအသုတ်ကိုတောင် မဆွဲဆောင်နိုင်ဘူးဆိုရင် သူက လုံးဝ အသုံးမကျတဲ့သူ ဖြစ်သွားလိမ့်မည်။
အရာအားလုံးကို ပြင်ဆင်ပြီးနောက် ကျန်းယဲ့က မင်မင်းဆက် အစောပိုင်းကာလ၏ စတိုင်လ်နှင့် ကိုက်ညီသည့် အပြာရောင်ဝတ်ရုံတစ်ထည်ကို စနစ်စျေးဆိုင်မှ ဝယ်ယူလိုက်ပြီး စတုရန်းပုံစံခေါင်းပေါင်းကို ဆောင်းကာ သူ၏ ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်လိုက်၏။
ဝတ်စုံ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် စနစ်မျက်နှာပြင်ပေါ်ရှိ အတည်ပြုသည်ကို နှိပ်လိုက်သည်။
ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ လွှမ်းခြုံသွားပြီး နောက်တစ်စက္ကန့်တွင်တော့ ကျန်းယဲ့၏ ပုံရိပ်က သူ၏ အိမ်ထဲမှ ပျောက်ကွယ်သွားကာ ဟုန်ဝူ နန်းသက် ဆယ့်ငါးနှစ်သို့ ရောက်ရှိသွားလေသည်။
ကျန်းယဲ့က စနစ်မျက်နှာပြင်ပေါ်မှ မြေပုံကို ဖွင့်ကြည့်လိုက်ရာ သူက ယင်ထျန်းမြို့တော်နှင့် မိုင် ၄၀ ကျော် ဝေးနေသေးကြောင်း တွေ့လိုက်ရ၏။
စနစ်က သူ့ကို ရက်သုံးဆယ် အချိန်ပေးထားသော်လည်း သူ၏ အဖိုးတန် အချိန်များကို လမ်းလျှောက်ရင်း ဖြုန်းတီးပစ်ရန် ရည်ရွယ်ချက် မရှိချေ။
သူက ဇိမ်ခံမြင်းတစ်ကောင်ကို ချက်ချင်းပင် ဝယ်ယူလိုက်ပြီး မြင်းပေါ်သို့ တက်ကာ ယင်ထျန်းမြို့တော်ရှိရာဘက်သို့ ဒုန်းစိုင်းနှင်သွားတော့သည်။
မြို့တော်နှင့် နီးကပ်လာလေလေ တရားဝင် လမ်းမကြီးများပေါ်တွင် ပိုမို စည်ကားလာလေလေပင်။
ဝန်များ သယ်ဆောင်လာသည့် ဈေးသည်များ၊ လက်တွန်းလှည်းများ တွန်းလာသည့် လယ်သမားများ၊ ဝေါယာဉ်များ စီးနင်းလာသည့် သူဌေးများနှင့် လူအမျိုးမျိုးတို့က အဆက်မပြတ် သွားလာလှုပ်ရှားနေကြသည်။
အဝေးမှ ခမ်းနားထည်ဝါလှသည့် မြို့ရိုးကြီးကို မြင်လိုက်ရသည့်အခါ ကျန်းယဲ့က မြင်းပေါ်မှ ဆင်းလိုက်ပြီး ဇက်ကြိုးကို ဆွဲကာ လူအုပ်ကြီးနှင့်အတူ ဖြည်းညှင်းစွာ လမ်းလျှောက်သွားလိုက်၏။
မြို့ကို စောင့်ကြပ်နေသည့် စစ်သည်များက သူ၏ ခရီးသွားခွင့်ပြုမိန့်ကို ဂရုတစိုက် စစ်ဆေးပြီး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ဖြတ်သန်းခွင့်ပြုလိုက်လေသည်။
မြို့တံခါးထဲသို့ ဝင်လိုက်သည်နှင့် ဈေးကွက်၏ စည်ကားသိုက်မြိုက်လှသည့် အငွေ့အသက်များက ဆီးကြိုနေ၏။
အပြာရောင်ကျောက်ပြားများ ခင်းထားသည့် လမ်းမကြီးများက ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်နေကာ လမ်းဘေးဝဲယာတွင် ဆိုင်ခန်းများရှိနေပြီး သူတို့၏ ဆိုင်းဘုတ်များက လေထဲတွင် တလူလူ လွင့်နေချေသည်။
သကြားလုံးသည်များက သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြပြီး ပိုးထည်ဆိုင်မှ အရောင်းစာရေးများက ဖောက်သည်များကို ဆိုင်ပေါက်ဝမှနေ၍ ဖိတ်ခေါ်နေကြကာ လက်ဖက်ရည်ဆိုင်များမှ ပုံပြင်ပြောသူများ၏ သာယာနာပျော်ဖွယ် အသံများကလည်း လွင့်ပျံနေချေသည်။
လမ်းမပေါ်ရှိ လူအများစုမှာ သွေးရောင်လွှမ်းနေသည့် အသားအရေ ရှိကြပြီး သပ်ရပ်စွာ ဝတ်ဆင်ထားကြရာ ဟုန်ဝူခေတ်ကာလတွင် ဘဝက အတော်လေး တည်ငြိမ်နေကြောင်း ညွှန်ပြနေခဲ့သည်။ တစ်ခါတစ်ရံတွင် စစ်သည်များက အုပ်စုလိုက် ကင်းလှည့်လေ့ရှိကြပြီး လမ်းသွားလမ်းလာများက လမ်းဖယ်ပေးကြသော်လည်း အစီအစဉ်တကျရှိနေကာ မည်သည့် အထိတ်တလန့်မှ မရှိကြချေ။
ကျန်းယဲ့က စည်ကားနေသည့် လမ်းမများကို ဖြတ်သန်းကာ သူ၏ မြင်းကို ဆွဲခေါ်လာပြီး နောက်ဆုံးတွင် ချင်ဟွိုင်မြစ်ကမ်းနံဘေးရှိ ယွဲ့လိုင်ကျူဟုခေါ်သော ခမ်းနားထည်ဝါသည့် တည်းခိုခန်းတစ်ခုကို တွေ့ရှိလိုက်သည်။
ကော့တက်နေသည့် ခေါင်မိုးစွန်းများရှိသော သုံးထပ် မဏ္ဍပ်ကြီးနှင့် ၎င်းရှေ့တွင် ရထားလုံးများ၊ မြင်းများ အဆက်မပြတ် ဝင်ထွက်သွားလာနေခြင်းက ၎င်းက အဆင့်မြင့် အရာရှိများနှင့် မင်းမျိုးမင်းနွယ်များ မကြာခဏ လာရောက်လေ့ရှိသည့် နေရာတစ်ခု ဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။
"သခင်လေး... အစားအသောက် လိုချင်တာလား ဒါမှမဟုတ် အခန်း ယူမလို့လားခင်ဗျာ..." ဖြတ်လတ်လှသည့် စားပွဲထိုးလေးက အနားသို့ ချဉ်းကပ်လာလေသည်။
"အကောင်းဆုံး အခန်းတစ်ခန်း ပေးပါ..." ကျန်းယဲ့က ဇက်ကြိုးကို ကမ်းပေးလိုက်၏။ "မြင်းကို သေချာ ကျွေးမွေးထားလိုက်..."
တည်းခိုခန်း၏ ဒုတိယထပ်ရှိ ပြတင်းပေါက်တွင် ရပ်ရင်း သူက ယင်ထျန်းမြို့တော် တစ်ဝက်ခန့်၏ စည်ကားနေသည့် မြင်ကွင်းကို အပေါ်စီးမှ တွေ့မြင်နေရသည်။
ချင်ဟွိုင်မြစ်ပေါ်တွင် အရောင်သွေးစုံလင်လှသည့် လှေများက ဝင်ထွက်သွားလာနေကြပြီး ပိုးချည်နှင့် ဝါးဖြင့် ပြုလုပ်ထားသည့် တူရိယာသံများကလည်း ပျံ့လွင့်နေချေသည်။ အဝေးတစ်နေရာတွင်မူ ဧကရာဇ်မြို့တော်ကြီးက ခမ်းနားထည်ဝါစွာ တည်ရှိနေပြီး ၎င်း၏ အဝါရောင်အုတ်ကြွပ်များက နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေ၏။
နောက်ခဏ၌ စားပွဲထိုးလေးက သပ်ရပ်လှပသည့် ဟင်းပွဲအချို့ကို စားပွဲပေါ်တွင် ချပေးပြီးနောက် ထွက်သွားရန် ပြင်လိုက်ချိန်တွင် ကျန်းယဲ့က သူ့ကို ခေါ်လိုက်ပြီး ငွေငါးတေးကို စားပွဲပေါ်သို့ တင်လိုက်၏။
"ညီလေး... ခဏလောက် စောင့်ပါဦး... ငါ့ကို ကူညီလို့ ရမလား..." ကျန်းယဲ့က ပြုံးလျက် မေးလိုက်သည်။ "ငါက ယင်ထျန်းမြို့တော်မှာ ဆိုင်တစ်ဆိုင် ဝယ်ချင်လို့ ယုံကြည်ရတဲ့ ပွဲစားတစ်ယောက်ကို ရှာနေတာ... အကယ်၍ မင်းက မိတ်ဆက်ပေးနိုင်ရင် ဒီငွေတုံးက မင်းအတွက် ဆုလာဘ်ပဲ..."
စားပွဲထိုးလေးမှာ တလက်လက် တောက်ပနေသည့် ငွေတုံးများကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားရသည်။
ဤသည်က သူ့အတွက် လပေါင်းများစွာစာ လစာနှင့် ညီမျှချေသည်။
"စိတ်မပူပါနဲ့ သခင်လေး... ကျွန်တော် အကောင်းဆုံး ပွဲစားကို အခုချက်ချင်း သွားရှာပေးပါ့မယ်..." သူက အလျင်အမြန် သဘောတူလိုက်ပြီး ငွေများကို သူ၏ အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်လေသည်။ "မနက်ဖြန်မနက် အစောကြီး ပွဲစားကို ခေါ်လာခဲ့ပါ့မယ်ခင်ဗျာ..."
ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပဲကွာ..."
စားပွဲထိုးလေး ထွက်သွားပြီးနောက် သူက ညစာကို အရင်စားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ အမည်မသိ ကျင့်စဉ်ကျမ်းကို ကျင့်ကြံရန် ကြိုးစားလိုက်၏။
ဤစမ်းသပ်မှုက သူ့ကို အံ့အားသင့်ကာ ဝမ်းသာသွားစေခဲ့သည်။
ယင်ထျန်းမြို့တော်ရှိ ဝိညာဉ်ချီက ရွှမ်ဝူတိုက်ကြီးလောက် သိပ်သည်းမှုမရှိသော်လည်း နှစ်ရာချီကြာပြီးနောက် ဘလူးစတား၏ ဝိညာဉ်ချီထက် များစွာ ပိုမို ပေါကြွယ်ဝနေချေသည်။
သိမ်မွေ့နူးညံ့လှသည့် ဝိညာဉ်ချီအလင်းတန်းလေးများက နူးညံ့သည့် နွေဦးလေပြေလေးတစ်ခုကဲ့သို့ သူ၏ မွေးညင်းပေါက်တိုင်းမှတစ်ဆင့် သွေးကြောမကြီးများထဲသို့ စိမ့်ဝင်လာ၏။
သူက ချက်ချင်းပင် စိတ်ပြောင်းသွားပြီး ပြင်ဆင်ထားသည့် ဝိညာဉ်ကျောက်တုံးများကို စနစ်နေရာလွတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
ဤနေရာရှိ ဝိညာဉ်ချီက ကျင့်ကြံရန်အတွက် လုံလောက်နေပြီဖြစ်ရာ အဖိုးတန်သည့် ဝိညာဉ်ကျောက်တုံးများကို ဘာကြောင့် ဖြုန်းတီးပစ်ရမည်နည်း။
ကျင့်စဉ် စတင်လည်ပတ်လာသည်နှင့် ကျန်းယဲ့က ပြင်ပကမ္ဘာကို လုံးဝမေ့လျော့သွားသည့် အာရုံစူးစိုက်မှု အဆင့်တစ်ခုသို့ တဖြည်းဖြည်း ရောက်ရှိသွား၏။
နောက်ခဏ၌ ခပ်သဲ့သဲ့အဖြူရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပိုးစုန်းကြူးလေးများကဲ့သို့ ရေတွက်၍မရနိုင်သော အလင်းစက်လေးများက လေထဲတွင် ပေါ်လာကာ သူ့ထံသို့ ဖြည်းညှင်းစွာ စုဝေးလာကြသည်။
ဤအလင်းစက်လေးများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သွေးကြောမကြီးများတစ်လျှောက် စီးဆင်းသွားကာ ဒန်တျန်ထဲသို့ ရောက်ရှိသွားပြီး ချီဝဲကတော့ကြီးကို သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်ဖြင့် ကြီးထွားလာစေခဲ့၏။
ဝိညာဉ်ကျောက်တုံးကို အသုံးပြုသည့် လျင်မြန်သော ကျင့်ကြံမှုနှင့် မတူဘဲ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများကို စုပ်ယူခြင်းက ပို၍ ညင်သာပြီး တဖြည်းဖြည်းချင်း ဖြစ်ပေါ်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လေသည်။
သူ၏ အသက်ရှူနှုန်းတိုင်းက ကောင်းကင်ဘုံ တာအိုလမ်းစဉ်၏ စည်းချက်နှင့် ထပ်တူကျနေပြီး သူ၏ ခန္ဓာကိုယ်အတွင်း ချီလည်ပတ်မှုတိုင်းက ကျင့်စဉ်ကျမ်းအပေါ် သူ၏ နားလည်သဘောပေါက်မှုကို ပိုမို နက်ရှိုင်းလာစေ၏။
အရုဏ်တက်ချိန်သို့ ရောက်သည့်အခါ ကျန်းယဲ့က သူ၏ ကျင့်ကြံမှုကို ဖြည်းညှင်းစွာ အဆုံးသတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
သူက တစ်ညလုံး မအိပ်ထားသော်လည်း လန်းဆန်းတက်ကြွနေသည်ကို ခံစားရပြီး သူ၏ ကျင့်ကြံမှုကလည်း ပိုမို တိုးတက်လာခဲ့ချေပြီ။
အခန်း ၄၂၄ပြီး၏။