အခန်း ၄၂၆
Vol. 43 Ch. 426
အခန်း ( ၄၂၆ ) ချီမင်းသား၏ စမ်းသပ်မှု
ဆိုင်ရှင်ကလည်း သဘောတူလိုက်ပြီး ကျန်းယဲ့အား အတွင်းခန်းသို့ အလျင်အမြန် ဖိတ်ခေါ်လိုက်၏။
ကုတင်ပေါ်တွင် ကောင်လေး၏ မျက်နှာမှာ ရဲရဲနီနေလေသည်။ ကျန်းယဲ့က အပူချိန်စမ်းရန် လက်လှမ်းလိုက်ပြီး ညင်သာစွာ မေးလိုက်၏။ "ခင်ဗျားရဲ့ သားလေးက လမစေ့ဘဲ မွေးလာလို့ မွေးရာပါ အားနည်းနေတာလား..."
မိန်းမဖြစ်သူက မျက်ရည်များကို သုတ်ရင်း "ဟုတ်ပါတယ်ရှင်... သူက ခုနစ်လကျော်လေးနဲ့ မွေးလာတာပါ... ဒီနှစ်တွေ တစ်လျှောက်လုံး အမြဲ ဖျားနာနေခဲ့တာချည်းပါပဲ..."
ကျန်းယဲ့က စနစ်ကုန်တိုက်မှ ကလေးများအတွက် အသင့်တော်ဆုံး အဖျားကျဆေးကို ရွေးချယ်လိုက်ပြီး အိတ်ကပ်ထဲမှ ကြွေပုလင်းလေးတစ်ခုကို ထုတ်ယူဟန်ဆောင်ကာ အဖြူရောင် ဆေးလုံးလေး တစ်လုံးကို ထုတ်ပေးလိုက်၏။ "ရေနွေးလေးနဲ့ တိုက်လိုက်ပါ..."
ဖျားနာနေသော်လည်း ရှောင်ရှီတုံးသည် အလွန် လိမ္မာပြီး မိခင်ဖြစ်သူ၏ လက်ထဲမှ လက်ဖက်ရည်ပန်းကန်လုံးဖြင့် ဆေးလုံးကို နာခံစွာ မျိုချလိုက်သည်။
ထို့နောက် ကလေးငယ်က အံ့အားသင့်စွာဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ဆေးက နည်းနည်းလေးမှ မခါးပါလား။
"နောက်တစ်နာရီလောက်ဆိုရင် အဖျားကျသွားပါလိမ့်မယ်..." ကျန်းယဲ့က ဂရုတစိုက် မှာကြားလိုက်သည်။ "နောက်တစ်ခါ အအေးမပတ်စေဖို့ သတိထားပါ..."
မထွက်ခွာမီ သူက ဆိုင်ရှင်ကို ပြောလိုက်၏။ "အကယ်၍ တစ်ခုခု လိုအပ်လာရင် အချိန်မရွေး လာရှာလို့ ရပါတယ်..."
တစ်နာရီကြာပြီးနောက် ပျော်ရွှင်စွာ ပြုံးဖြီးနေသည့် ဆိုင်ရှင်က ခရီးသွားအေဂျင်စီ၏ တံခါးကို လာခေါက်ချေသည်။
"အဖျားကျသွားပြီ... တကယ်ကြီး အဖျားကျသွားပြီ... သူဌေးကျန်းက တကယ့် နတ်သမားတော်ပါပဲလား.." ဆိုင်ရှင်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် သူဌေးကျန်းကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ..."
ကျန်းယဲ့က တည်ငြိမ်စွာ ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး..."
ထို့နောက် တိတ်ဆိတ်ခြောက်ကပ်နေသည့် ဆိုင်ကို ကြည့်ကာ ဆိုင်ရှင်က မနေနိုင်ဘဲ အကြံပြုလိုက်၏။ "ဒီလို ဆေးပညာစွမ်းရည်မျိုး ရှိနေတာတောင် ဘာလို့ ဆေးကုသပြီး လောကကြီးကို မကူညီတာလဲဗျာ... ဒီခရီးသွားအေဂျင်စီကို ဖွင့်ထားတာက တကယ်ကို..."
"ဒီလောကကြီးက ရောဂါတွေက ကျွန်တော့်အတွက်တော့ ဘာစိန်ခေါ်မှုမှ မရှိလို့ပါ..." ကျန်းယဲ့က အဓိပ္ပာယ်ပါပါ ပြန်ဖြေလိုက်သည်။
ယင်းစကားကို ကြားလိုက်ရသည့်အခါ ဆိုင်ရှင်၏ နှလုံးသားက ခုန်လှုပ်သွားပြီး နန်းတော်အတွင်းမှ မကြာသေးမီက ပျံ့နှံ့နေသည့် သတင်းတစ်ခုကို ရုတ်တရက် သတိရသွားခဲ့၏။
မိဖုရားခေါင်ကြီး မကျန်းမမာဖြစ်နေပြီး နန်းတွင်းသမားတော်များပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
သူ မနေနိုင်ဘဲ ထပ်မေးလိုက်၏။ "သူဌေးကျန်းက ကုသရခက်တဲ့ ရောဂါမှန်သမျှကို တကယ်ပဲ ကုသပေးနိုင်တာလား..."
ကျန်းယဲ့က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ "မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရှိနေသရွေ့ ကုနိုင်ပါတယ်..."
ဆိုင်ရှင်၏ မျက်ဝန်းများက အရောင်လက်သွားပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။ "အကယ်၍ ဒါက တကယ်ဆိုရင် သူဌေးကျန်းရဲ့ အနာဂတ်က အကန့်အသတ်မရှိ တိုးတက်သွားမှာ သေချာတယ်..."
ဤစကားကို ပြောပြီးနောက် သူက လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားရာ သူ၏ ခြေလှမ်းများက လာစဉ်ကထက် များစွာ ပေါ့ပါးနေခဲ့လေသည်။
ဆိုင်ရှင် ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ရင်း ကျန်းယဲ့၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားရသည်။
နောက်ဆုံးတော့ အချိတ်အဆက် ရသွားပြီပဲ...
အစက သူက အဆင့်မြင့်အရာရှိတစ်ဦးကို သူ၏ ဆေးပညာစွမ်းရည် ပြသပြီး ထိုမှတစ်ဆင့် နန်းတော်ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မာမိဖုရားခေါင်ကြီးမှာ ဟုန်ဝူ နန်းသက် ဆယ့်ငါးနှစ် အေဒီ ၁၃၈၂ ဩဂုတ်လတွင် ကံတော်ကုန်ရမည်ဖြစ်ပြီး ယခုက ဇူလိုင်လကုန်သို့ ရောက်ရှိနေပြီဖြစ်ရာ အချိန် သိပ်မကျန်တော့ချေ။
မင်မင်းဆက်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် မင်းမျိုးမင်းနွယ်များကို ခရီးစဉ်တစ်ခုတွင် ပါဝင်ရန် ဆန္ဒအလျောက် သဘောတူစေရန်အတွက် ပြင်းထန်သည့် လုပ်ရပ်တစ်ခု လိုအပ်ပေသည်။
အကောင်းဆုံး ထိုးဖောက်မှုကတော့ မာမိဖုရားခေါင်ကြီး၏ အသက်ကို ကယ်တင်ပေးခြင်းပင်။
ဟုန်ဝူဧကရာဇ်၏ ယုံကြည်မှုကို ရရှိသွားပြီဆိုလျှင် အခုမှစပြီး အရာအားလုံးက များစွာ လွယ်ကူသွားလိမ့်မည်။
ထိုအချိန်မှာပင် မြို့တော်ရှိ အင်အားကြီးပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို စုံစမ်းထောက်လှမ်းနေစဉ် ဘေးအိမ်မှ ပိုးထည်ဆိုင်ပိုင်ရှင်က ချီမင်းသား၏ လက်အောက်ငယ်သားတစ်ဦးဖြစ်ပြီး ဆိုင်ကိုယ်တိုင်ကလည်း ချီမင်းသား၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။ ပို၍ တိုက်ဆိုင်သည်မှာ ပိုင်ရှင်၏ သားငယ်လေးမှာ ဖျားနာလွယ်ပြီး အားနည်းနေခြင်းပင်။ ၎င်းက တကယ်ကို ကောင်းကင်ဘုံက ပေးသနားသည့် အခွင့်အရေးကြီး တစ်ရပ် ဖြစ်၏။
တမင်သက်သက် စီစဉ်ထားသည့် တွေ့ဆုံမှုက မတော်တဆပြသလိုက်ရသည့် ဆေးပညာစွမ်းရည်၏ သဘာဝကျမှုနှင့် ဘယ်သောအခါမှ ယှဉ်နိုင်မည် မဟုတ်ချေ။
ဆိုင်ရှင်က ယနေ့ ဖြစ်ရပ်များကို ချီမင်းသားထံ သတင်းပို့လိုက်သည်နှင့် သူ့ကို လာရောက် ဖိတ်ခေါ်မည့်သူ ရှိလာလိမ့်မည်။
ထိုအခါ သူက နန်းတော်ထဲသို့ ဝင်ရောက်ပြီး လူနာများကို မတတ်သာလို့ ကုသပေးသည့်ပုံစံ ဖမ်းနိုင်ပြီး အရာအားလုံးက သဘာဝကျကျ နေရာတကျ ဖြစ်သွားပေလိမ့်မည်။
ကျန်းယဲ့က စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်လုံးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ အကြည့်များက နက်ရှိုင်းနေ၏။
ဤခမ်းနားကြီးကျယ်လှသည့် စစ်တုရင်ပွဲကြီးတွင် ပထမဆုံး အကွက်ကို ရွှေ့လိုက်ပြီ ဖြစ်သည်။
ဆိုင်ရှင်မှာ ချီမင်းသား၏ စံအိမ်တော်သို့ အလျင်အမြန် ပြန်သွားပြီး ညက ဖြစ်ရပ်များကို အသေးစိတ် သတင်းပို့လိုက်သည်။
ဤအချိန်တွင် ချီမင်းသားက သူ၏ စာကြည့်ဆောင်၌ အကြံပေးများနှင့် ကိစ္စရပ်များကို ဆွေးနွေးနေခြင်း ဖြစ်၏။ ယင်းကို ကြားသည့်အခါ မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး မေးလိုက်လေသည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြံပေးကြီးရဲ့ သဘောထားက ဘယ်လိုရှိလဲ..."
အကြံပေးက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ တွေးတောလိုက်၏။ "မင်းသားအနေနဲ့ ဒီလူနဲ့ အရင်ဆုံး တွေ့ဆုံသင့်ပါတယ်... အကယ်၍ သူက တကယ်ပဲ ပြောတဲ့အတိုင်း ဆေးပညာစွမ်းရည်ရှိပြီး နန်းတော်ထဲက အရေးပေါ် အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆိုရင် ဒါက မင်းသားအတွက် ရှားပါးတဲ့ အခွင့်အရေး တစ်ခု ဖြစ်လာမှာပါ..."
ထိုစကားကြောင့် ချီမင်းသား၏ မျက်လုံးများက အရောင်လက်သွားရသည်။
၎င်း၏ အဓိက သော့ချက်ကို သူ သဘာဝကျကျပင် နားလည်ထား၏။
အကယ်၍ ထိုလူက မိဖုရားကြီး၏ ရောဂါကို တကယ် ကုသပေးနိုင်ခဲ့လျှင် ဧကရာဇ်က သူ့ကို မျက်နှာသာပေးမည်သာမက အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီနောင်များကလည်း သူ့အပေါ် ကျေးဇူးတင်ကြမည်သာ ဖြစ်သည်။
"မနက်ဖြန် စံအိမ်တော်မှာ ဆွေးနွေးဖို့ သူ့ကို ဆင့်ခေါ်လိုက်ပါ..." ခဏမျှ တွေးတောပြီးနောက် ချီမင်းသားက ဆုံးဖြတ်ချက် ချလိုက်၏။ "ပိုးထည်ဆိုင် မန်နေဂျာကို လမ်းပြခိုင်းလိုက်..."
အပြင်ဘက် ခြံဝင်းတွင် စောင့်ဆိုင်းနေသည့် ဆိုင်ရှင်သည် အတည်ပြုချက် ရရှိသည်နှင့် ဝမ်းသာအားရဖြင့် နှုတ်ဆက် ထွက်ခွာသွားလိုက်သည်။
သူက လရောင်လွှမ်းနေသည့် ခြံဝင်းကို ဖြတ်လျှောက်ရင်း စိတ်ထဲမှ တွေးလိုက်၏။ ဒီသူဌေးကျန်းကသာ ဒီအခွင့်အရေးကို တကယ်ဆုပ်ကိုင်နိုင်မယ်ဆိုရင် ယင်ထျန်းမြို့တော်မှာ အကြီးအကျယ် နေရာရသွားတော့မှာပဲ...
ဆိုင်ရှင်က အလျင်အမြန် ပြန်လာခဲ့ရာ ကျန်းယဲ့က ဝါးကုလားထိုင်ပေါ်တွင် လှဲလျောင်းလျက် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ကာ သီချင်းတစ်ပုဒ်ကို ညည်းရင်း အတော်လေး ကျေနပ်နေပုံရသည်ကို တွေ့လိုက်ရ၏။
"သူဌေးကျန်း... သတင်းကောင်းပဲဗျ.." ဆိုင်ရှင်က ပြုံးလျက် ချဉ်းကပ်လာလေသည်။
ကျန်းယဲ့က မသိချင်ယောင် ဆောင်လိုက်၏။ "ဆိုင်ရှင်ရွှီ... ဘာဖြစ်လို့ ဒီလို ပြောရတာလဲ..."
"မင်းသားချီက ခင်ဗျားကို တွေ့ချင်နေတယ်..." ဆိုင်ရှင်ရွှီက အသံကို နှိမ့်ကာ ပြောလိုက်ပြီး ကျန်းယဲ့ကို ခရီးသွားအေဂျင်စီထဲသို့ ဆွဲခေါ်သွားလိုက်သည်။
ဤအံ့ဩဖွယ်ရာ နေရာလေးထဲသို့ ပြန်လည် ဝင်ရောက်လာချိန်တွင် ဆိုင်ရှင်ရွှီမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးချေ။
ခုံးတံတားလေးများနှင့် စီးဆင်းနေသည့် ရေပြင်ကြားတွင် ရွှေငါးများက ကူးခတ်နေကြပြီး ထူးဆန်းလှသည့် ရှုခင်းများက နံရံပေါ်ရှိ အလင်းနှင့် အရိပ်များကြားတွင် ရောင်ပြန်ဟပ်နေ၏။ ဤကဲ့သို့သော နတ်ဘုံနတ်နန်း ရှုခင်းမျိုးက ငြိမ်းချမ်းသည့် အချိန်များတွင်ဆိုလျှင် ဖောက်သည်များဖြင့် စည်ကားနေမည်မှာ သေချာဆချသည်။
ကံမကောင်းစွာဖြင့် နန်းတော်အတွင်းရှိ အခြေအနေများက အကျပ်အတည်းဖြစ်နေပြီး ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက အပျော်အပါးကို ရှာဖွေရဲမည်နည်း။
ထို့နောက် သူက အကယ်၍ ဤလူသာ ထိုမင်းမျိုးမင်းနွယ်၏ ရောဂါကို တကယ်ကုသပေးနိုင်ခဲ့လျှင် အနာဂတ်တွင် အဆုံးမရှိသည့် စည်းစိမ်ချမ်းသာများကို ခံစားရမည်ဖြစ်ပြီး ခရီးသွားအေဂျင်စီကလည်း စီးပွားရေးအတွက် ဘယ်သောအခါမှ စိုးရိမ်ရတော့မည် မဟုတ်ကြောင်း တွေးလိုက်မိ၏။
မိမိကိုယ်မိမိ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ဆိုင်ရှင်ရွှီက လေးလေးနက်နက် ပြောလိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင် နန်းတော်ထဲက မိဖုရားခေါင်ကြီးက မကျန်းမမာဖြစ်နေတယ်... မင်းသားက ခင်ဗျားရဲ့ ထူးချွန်တဲ့ ဆေးပညာစွမ်းရည်အကြောင်းကြားတဲ့အခါမှာ အကြံပြုဖို့ ကျွန်တော့်ကို အထူးတလည် အမိန့်ပေးခဲ့တယ်... အကယ်၍ ခင်ဗျားသာ သူမကို ကုသပေးနိုင်ရင် ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပဲ..."
ကျန်းယဲ့ တုံ့ဆိုင်းနေသည်ကို မြင်သည့်အခါ သူက ယုံကြည်မှုရှိစေရန် ထပ်ပြောလိုက်၏။ "မင်းသားက ပြည်သူတွေအပေါ် အရမ်းသနားကြင်နာတတ်ပြီး အကြောင်းမဲ့သက်သက် ပြစ်ဒဏ်ပေးမှာ မဟုတ်ပါဘူး... ခင်ဗျား စိတ်ချလက်ချ နေလို့ ရပါတယ်..."
ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ ဆိုင်ရှင်ရွှီ..."
ထို့နောက် သူတို့နှစ်ဦးက ချီမင်းသား၏ စံအိမ်တော်သို့ ချက်ချင်း ထွက်လာလိုက်ကြ၏။
ချီမင်းသား စံအိမ်တော်၏ တံခါးစောင့်က ညွှန်ကြားချက်များကို ကြိုတင်ရရှိထားပြီးဖြစ်ရာ ဆိုင်ရှင်ရွှီက ကျန်းယဲ့ကို ခေါ်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် ဦးညွှတ်ကာ လမ်းပြပေးလေသည်။
အနီရင့်ရောင်တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်သွားပြီး မျက်စိတစ်ဆုံး ထပ်နေသည့် ခေါင်မိုးစွန်းများ ရှိသော ခြံဝင်းများကို တွေ့မြင်လိုက်ရ၏။
ဆိုင်ရှင်ရွှီက ဒုတိယမြောက်တံခါးဝတွင် တားဆီးခံလိုက်ရပြီး အိမ်တော်ထိန်းက စိတ်ခံစားမှု ကင်းမဲ့သည့် မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။ "ဒီမှာပဲ စောင့်နေ..."
လမ်းမပေါ်တွင် အတော်လေး ဩဇာလွှမ်းမိုးမှု ရှိသည့် ပိုးထည်ဆိုင်ပိုင်ရှင်မှာ ဤအချိန်တွင် အိမ်တော်၏ အတွင်းခြံဝင်းထဲသို့ပင် ခြေချခွင့်မရှိဘဲ လက်အောက်ချလျက် စင်္ကြံပေါ်တွင်သာ ရပ်နေရုံမှလွဲ၍ မတတ်နိုင်ချေ။
အိမ်တော်ထိန်းက ကျန်းယဲ့ကို လမင်းပုံစံ တံခါးသုံးဆင့်ကို ဖြတ်သန်း ခေါ်ဆောင်သွား၏။ လမ်းတစ်လျှောက်တွင် မဏ္ဍပ်များနှင့် မျှော်စင်များကို စနစ်တကျ နေရာချထားပြီး ထိုက်ဟူကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် တောင်တုများက သေသပ်လှပကာ အလင်းဖောက်ဝင်နေချေသည်။ အမိုးပါသည့် စင်္ကြံလမ်းများပေါ်ရှိ ရောင်စုံ ပန်းချီကားများကလည်း အသက်ဝင်နေ၏။
ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ပို၍ တိတ်ဆိတ်ငြိမ်သက်လာလေလေဖြစ်ပြီး နောက်ဆုံးတွင်တော့ တိတ်ဆိတ်သည့် ခြံဝင်းငယ်လေး တစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့သည်။
"ကျေးဇူးပြုပြီး ကြွပါ..." အိမ်တော်ထိန်းက ဟနေသည့် ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်၏။
ခြံဝင်းထဲတွင် ပြင်းထန်သည့် ဆေးနံ့များပြည့်နှက်နေပြီး ပင်မအခန်းထဲမှ ရင်ကွဲမတတ် ချောင်းဆိုးသံများ ထွက်ပေါ်နေသည်။ အစေခံနှစ်ဦးက ခေါင်မိုးအောက်တွင် အဝေးသို့ ရှောင်ပုန်းနေကြပြီး သူတို့၏ လက်အင်္ကျီများဖြင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားကြ၏။
ကျန်းယဲ့ ချက်ချင်းပင် နားလည်သွားရသည်။
ဤသည်က ချီမင်းသား၏ နေအိမ်မဟုတ်ဘဲ အသည်းအသန် လူနာများအပေါ် သူ၏ ဆေးပညာစွမ်းရည်ကို စမ်းသပ်ရန် နေရာတစ်ခုသာ ဖြစ်၏။
အကယ်၍ သူက ဤအခက်အခဲကိုတောင် မကျော်ဖြတ်နိုင်ပါက သဘာဝကျကျပင် မင်းသားနှင့် တွေ့ဆုံရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။
အရိပ်ထဲမှ စောင့်ကြည့်နေသည့် အိမ်တော်ထိန်းက ဤလူငယ်လေးသည် ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရသည့်တိုင် မျက်နှာချိုသွေးခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်အေးဆေးစွာ နေနိုင်သည်ကို မြင်သည့်အခါ သူ၏ အထင်ကြီးမှုက အနည်းငယ် မြင့်တက်သွားရသည်။
"အတွင်းကလူက အိမ်တော်ရဲ့ အစေခံဟောင်း တစ်ယောက်ပါ... ဖျားနေတာ ခြောက်လကျော် ရှိနေပြီ..." အိမ်တော်ထိန်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အကယ်၍ မင်းက သူ့ရဲ့ ရောဂါကို ထိန်းချုပ်နိုင်မယ်ဆိုရင် မင်းသားက သဘောထားကြီးကြီး ဆုချလိမ့်မယ်..."
ရည်ရွယ်ချက်က ရောဂါကို ပျောက်ကင်းအောင် ကုသရန် မဟုတ်ဘဲ ထိန်းချုပ်ရန်သာ ဖြစ်ကြောင်းက ထိုလူ၏အခြေအနေမှာ ကုသ၍ မရနိုင်လောက်အောင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို အကြံပြုနေပေသည်။
ကျန်းယဲ့က ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး အခန်းထဲသို့ပင် မဝင်ရသေးခင် ပုပ်စော်နံနေသည့် အနံ့ဆိုးတစ်ခုကို ရလိုက်၏။
အခန်းထဲသို့ ဝင်ရန် လိုက်ကာကို မလိုက်သည့်အခါ ကုတင်ပေါ်တွင် ပိန်ချုံးနေသည့် အဘိုးအိုတစ်ဦး လှဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာက သွေးဆုတ်ကာ ပြာနှမ်းနေပြီး ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ချောင်းတစ်ချက် ဆိုးလိုက်တိုင်း အနီရင့်ရောင် သွေးစသွေးနများ ပါလာလေသည်။
"ရေသန့်တစ်ဇလုံ ယူလာခဲ့..." ကျန်းယဲ့က သူ၏ လက်အင်္ကျီများကို ခေါက်တင်လိုက်၏။ "ပြီးတော့ အရက်ပြင်းတစ်အိုး သွားယူခဲ့..."
အိမ်တော်ထိန်းက အချက်ပြလိုက်သည်နှင့် အစေခံတစ်ဦးက ချက်ချင်းပင် ပြေးထွက်သွားကြသည်။
ကျန်းယဲ့က ပိုမိုသေချာစွာ ကြည့်ရန် ငုံ့လိုက်ရာ အဘိုးအို၏ လက်သည်းများက ခရမ်းရောင်သန်းနေပြီး နှုတ်ခမ်းများက မည်းနေကာ ဆိုးရွားသည့် တီဘီရောဂါ ဖြစ်နေကြောင်း ရှင်းလင်းစွာ ပြသနေသည်ကို တွေ့လိုက်ရ၏။
အခန်း ၄၂၆ပြီး၏။