အခန်း ၄၂၇
Vol. 43 Ch. 427
အခန်း ( ၄၂၇ ) နတ်သမားတော် ဝင်စားခြင်း
အစေခံများက ရေနှင့် အရက်ပြင်းများကို တံခါးဝတွင် ချထားခဲ့ပြီးနောက် အလျင်အမြန်ပင် နောက်ဆုတ်သွားကြပြီး တံခါးခုံကိုပင် ကျော်မဝင်ရဲကြချေ။ အတွင်းမှ ကူးစက်ရောဂါကို သူတို့ ထိတ်လန့်နေကြကြောင်း သိသာလှသည်။
အိမ်တော်ထိန်းက ခြံဝင်းထဲရှိ ကဏန်းပင်အောက်တွင် ရပ်နေပြီး အေးအေးဆေးဆေးရှိနေသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် သူက အခန်းတွင်းမှ အခြေအနေများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့၏။
ကျန်းယဲ့က ကုတင်နံဘေးသို့ လျှောက်သွားလိုက်ပြီး ရောဂါဝေဒနာကြောင့် နှိပ်စက်ခံထားရသဖြင့် လူရုပ်ပင် မပေါ်တော့သည့် အဘိုးအိုကို ကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်၏။ "အဘိုး... ဒီနေ့က ခင်ဗျား သေရမယ့် အချိန် မဟုတ်သေးပါဘူးဗျာ..."
ထို့နောက် သူက စနစ်နေရာလွတ်ထဲမှ တလက်လက် တောက်ပနေသည့် အဆိပ်ဖြေဆေးတစ်လုံးကို ထုတ်ယူလိုက်ပြီး အဘိုးအိုကို ထူပေးလိုက်သည်။ အဘိုးအို၏ ခန္ဓာကိုယ်က သစ်ရွက်ခြောက် တစ်ရွက်ကဲ့သို့ ပေါ့ပါးနေသည်ကို သူ ခံစားလိုက်ရသည်။
ဆေးလုံးလေးက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်နှင့် အဘိုးအို၏ နောက်ကျိနေသော မျက်ဝန်းများထဲတွင် ကြည်လင်သည့် အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွား၏။ နွေးထွေးသည့် ရေစီးကြောင်းလေးတစ်ခုက သူ၏ လည်ချောင်းမှတစ်ဆင့် ခြေလက်များနှင့် အရိုးများထဲသို့ ပျံ့နှံ့သွားပြီး နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးနေခဲ့သည့် နာကျင်မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာပြီးနောက်တွင်တော့ အဘိုးအိုက ရုတ်တရက် အော်ဟစ်လိုက်ပြီး ပြင်းထန်စွာ တက်လာ၏။
မူလက တွန့်လိမ်နေသည့် အရေပြားအောက်တွင် ရေတွက်၍မရနိုင်သော ပိုးကောင်ငယ်လေးများ တွားသွားနေသကဲ့သို့ ဖြစ်လာပြီး ဒွါရခုနှစ်ပေါက်မှတစ်ဆင့် ခရမ်းရင့်ရောင် အဆိပ်ရည်များ ဖြည်းညှင်းစွာ စိမ့်ထွက်လာကာ ပုပ်ဟောင်နေသည့် အနံ့ဆိုးကြီးတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ဆူညံသံကို ကြားသည့်အခါ ခြံဝင်းအပြင်ဘက်မှ လူများမှာ လာရောက် စစ်ဆေးရန်ပင် မရဲကြချေ။
အိမ်တော်ထိန်းက သူ၏ အကြည့်များကို တံခါးဆီသို့ စူးစိုက်ထားပြီး တည်ငြိမ်မှုကို ထိန်းသိမ်းထားရင်း သူ၏ လက်ချောင်းများက ကျောက်စိမ်းဆွဲကြိုးလေးကို မသိမသာ ပွတ်သပ်နေခဲ့၏။
"သည်းခံထားပါ..." ကျန်းယဲ့က အဘိုးအို၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ထိန်းကိုင်ပေးထားရင်း တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။ "ဒါက အဆိပ်ဖြေနေတာပါ... အညစ်အကြေးတွေ အားလုံးကို ဖယ်ရှားပြီးသွားရင် ခင်ဗျား ပြန်ပြီး မတ်တတ်ရပ်နိုင်ပါလိမ့်မယ်..."
အဘိုးအိုက သွားများကို တင်းကျပ်စွာ ကြိတ်ထားပြီး နဖူးပေါ်မှ သွေးကြောများက ထောင်တက်နေသော်လည်း ပြန်ပြီး မတ်တတ်ရပ်နိုင်လိမ့်မယ်ဟူသည့် စကားကို ကြားလိုက်ရသည့်အခါ သူ၏ နောက်ကျိနေသော မျက်ဝန်းများထဲတွင် အံ့ဩဖွယ်ကောင်းသည့် အလင်းရောင်တစ်ခုက ဖြတ်ပြေးသွား၏။
သူက ကုတင်စွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်သည်းများက သစ်သားထဲသို့ပင် စိုက်ဝင်နေပြီး သူ၏ နာကျင်စွာ အော်ဟစ်သံများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။
နံ့သာတိုင်တစ်ဝက်စာခန့် အချိန်ကုန်လွန်သွားပြီးနောက် အဘိုးအိုက ရုတ်တရက် အမည်းရောင် သွေးတစ်ပွက်ကို အန်ချလိုက်ပြီး ကုတင်ပေါ်သို့ ပြိုကျသွားကာ လုံးဝ အားအင်ကုန်ခမ်းသွားတော့သည်။
ထူးဆန်းစွာပင် သူ၏ သွေးဆုတ်ဖြူရော်နေသည့် မျက်နှာက သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်ဖြင့် သွေးရောင်ပြန်လည်လွှမ်းလာပြီး သူ၏ မောဟိုက်နေသည့် အသက်ရှူသံများကလည်း တည်ငြိမ်ကာ မှန်မှန် ဖြစ်လာခဲ့သည်။
အခန်းတွင်းမှ ဆူညံသံများ ငြိမ်သက်သွားသည့်အခါ အိမ်တော်ထိန်းက ခြံဝင်းထဲမှနေ၍ လှမ်းမေးလိုက်၏။ "သခင်လေး... အကူအညီများ လိုအပ်သေးလားခင်ဗျာ..."
"ရေနွေးနဲ့ အဝတ်အစားသစ်တွေ ပြင်ဆင်ပေးပါ..." ကျန်းယဲ့၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
ခဏအကြာတွင် အစေခံများက ရေချိုးစည်ပိုင်းနှင့် အဝတ်အစားသစ်များကို တံခါးဝသို့ ယူလာပေးကြသော်လည်း အတွင်းသို့ ခြေချရန်မူ မရဲကြသေးချေ။
အဘိုးအိုက အားနည်းနေသေးသော်လည်း ကုတင်ပေါ်မှ ကိုယ်တိုင် ဆင်းနိုင်နေပြီ ဖြစ်သည်။ သူက ကျန်းယဲ့ထံသို့ ယိမ်းထိုးလျက် လျှောက်သွားလိုက်ပြီး ရုတ်တရက် ဒုန်းခနဲနေအောင် ဒူးထောက်ချလိုက်ကာ သုံးကြိမ်တိုင်တိုင် ဦးချလိုက်၏။
"အသက်ကို ကယ်တင်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်ဗျာ..." အဘိုးအိုက မျက်ရည်များ စီးကျလျက် ငိုကြွေးရင်း သူ၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။ "ကျွန်တော်က ဒီရောဂါကြောင့် နှိပ်စက်ခံနေရတာ သုံးနှစ်ရှိပြီ... ဒီနေ့တော့... ဒီနေ့တော့ နောက်ဆုံးမှာ ကျွန်တော်..."
ကျန်းယဲ့က ငုံ့ကာ သူ့ကို ထူပေးလိုက်၏။ "အဘိုး... သွားပြီး ရေချိုး၊ အဝတ်အစား လဲလိုက်ပါဦး..."
အဘိုးအို ကိုယ်လက်သန့်စင်ပြီးနောက် ကျန်းယဲ့က တံခါးကို ဖွင့်လိုက်သည်။
ခြံဝင်းထဲတွင် တီးတိုးစကားပြောနေကြသည့် လူများမှာ သူ၏အနောက်မှ ထွက်လာသည့် ပုံရိပ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်သွားကြလေသည်။
အိမ်တော်ထိန်း၏ လက်ထဲမှ ကျောက်စိမ်းဆွဲကြိုးလေးမှာ ခလောက်ဆိုသည့် အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း သူက လုံးဝ သတိမထားမိဘဲ သူ၏ မျက်လုံးများက ကြေးခေါင်းလောင်းကြီးများကဲ့သို့ ပြူးကျယ်နေ၏။
အစေခံအများအပြားမှာ အံ့အားသင့်လွန်း၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြပြီး တချို့ဆိုလျှင် သူတို့ မျက်စိမှားနေသလားဟု ထင်ကာ မျက်လုံးများကိုပင် ပွတ်သပ်ကြည့်နေကြသည်။
လွန်ခဲ့သည့် အချိန်အနည်းငယ်က သေလုမျောပါး ဖြစ်နေသည့် အဘိုးအိုမှာ ယခုအခါတွင် သွေးရောင်လွှမ်းနေသည့် မျက်နှာနှင့် တည်ငြိမ်သည့် ခြေလှမ်းများဖြင့် လမ်းလျှောက်လာနေ၏။
သူက ပိန်ချုံးနေသေးသော်လည်း သူ၏ မျက်လုံးများက တောက်ပပြီး စူးရှနေကာ သူ၏ ကုန်းနေသည့် ကျောပြင်သည်ပင် အနည်းငယ် မတ်မတ် ဖြစ်လာလေသည်။
"ဒါ.. ဒါက..." အိမ်တော်ထိန်းက အဘိုးအိုကို လက်ညှိုးထိုးပြကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းကိုပင် ပြီးဆုံးအောင် မပြောနိုင်ခဲ့ချေ။
ဖြတ်လတ်လှသည့် အစေခံတစ်ဦးက အော်ဟစ်လိုက်၏။ "ဦးလေးချန်.... ဦးလေး... တကယ်ကြီး သက်သာသွားပြီလား...."
ဦးလေးချန်ဟု ခေါ်သည့် အဘိုးအိုက အားရပါးရ ရယ်မောလိုက်၏။ "ဒီနတ်သမားတော်လေးရဲ့ စွမ်းဆောင်မှုကြောင့် ငါက လူပြန်ဖြစ်လာတာပဲ...."
သူက နောက်တစ်ကြိမ် ဒူးထောက်ရန် ပြင်လိုက်သော်လည်း ကျန်းယဲ့က အချိန်မီ တားဆီးလိုက်၏။
ထို့နောက် ကျန်းယဲ့က အံ့အားသင့်နေဆဲဖြစ်သည့် အိမ်တော်ထိန်းကို ကြည့်ကာ ပြောလိုက်သည်။ "အိမ်တော်က သမားတော်ကို လာပြီး စစ်ဆေးပေးဖို့ ခေါ်လိုက်ပါ..."
ထိုအခါမှ အိမ်တော်ထိန်းမှာ အသိစိတ် ပြန်ဝင်လာပြီး အလျင်အမြန် အမိန့်ပေးလိုက်၏။ "မြန်မြန်... သမားတော်ကျန်းကို သွားခေါ်ချေ..."
သမားတော်ကျန်းက ယခင်က ဦးလေးချန်ကို ကုသပေးခဲ့စဉ်က ဦးလေးချန်၏ ရောဂါမှာ ကုသ၍ မရနိုင်တော့ဘဲ တစ်လထက် ပို၍ အသက်မရှင်နိုင်တော့ကြောင်း ကြိုတင် ခန့်မှန်းထားခဲ့ခြင်းပင်။
နောက်ခဏ၌ သူက ဆေးသေတ္တာကို ကိုင်ကာ အပြေးရောက်လာပြီး ဦးလေးချန်၏ သွေးရောင်လွှမ်းနေသည့် မျက်နှာနှင့် တက်ကြွနေသည့် စိတ်ဓာတ်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်လွန်း၍ ဆေးသေတ္တာပင် လွတ်ကျတော့မတတ် ဖြစ်သွားရ၏။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." သမားတော်ကျန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး ရှေ့သို့ အလျင်အမြန် တိုးကာ ဦးလေးချန်၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
သမားတော်ကျန်း၏ လက်ချောင်းထိပ်များက လက်ကောက်ဝတ်ရှိ နွေးထွေးနေသည့် သွေးခုန်နှုန်းကို ထိမိလိုက်သည်နှင့် သူ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားရသည်။
သူက လက်သုံးကြိမ်တိုင်တိုင် ပြောင်းစမ်းပြီး ဦးလေးချန်၏ လျှာနှင့် မျက်ခွံများကို စစ်ဆေးကြည့်ပြီးနောက် နောက်ဆုံးတွင် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ မယုံကြည်နိုင်စွာဖြင့် ခေါင်းခါလိုက်၏။ "သွေးခုန်နှုန်းက တည်ငြိမ်ပြီး အားကောင်းနေတယ်... အဆုတ် သွေးကြောတွေကလည်း ပွင့်နေတယ်... ဒါက ရှင်းရှင်းကြီးကို... ပြန်လည်ကျန်းမာလာတဲ့ လက္ခဏာပဲ..."
အိမ်တော်ထိန်းက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။ "တကယ်ကြီး ပျောက်သွားတာလား..."
"တကယ်ပါပဲ..." သမားတော်ကျန်း၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေချေသည်။ "ဦးလေးချန်ရဲ့ အဆုတ်နာရောဂါက ပျောက်ကင်းသွားတာတင် မကဘူး... သူ့ရဲ့ နာတာရှည်ရောဂါကလည်း လုံးဝ အမြစ်ပြတ်သွားပြီ... ဘယ်နတ်သမားတော်က ဒါကို လုပ်ပေးခဲ့တာလဲလို့ မေးလို့ရမလားဗျာ... ဒီလို ဆေးပညာ စွမ်းရည်မျိုးက တကယ်ကို အသက်ကယ်နိုင်တဲ့ စွမ်းရည်ပဲ..."
အိမ်တော်ထိန်းက မဖြေတော့ဘဲ သမားတော်ကျန်းကို စံအိမ်တော်အပြင်ဘက်သို့ လိုက်ပို့ရန် အစေခံများကိုသာ အချက်ပြလိုက်၏။
သမားတော်ကျန်းက ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း နောက်သို့ လှည့်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင်တော့ မင်းသား၏ စံအိမ်တော်တွင် ရိုင်းစိုင်းစွာ မပြုမူရဲခဲ့ချေ။
ခြံဝင်းထဲတွင် တိတ်ဆိတ်သွားသည့်အခါ အိမ်တော်ထိန်းက ကျန်းယဲ့အပေါ် ပို၍ပင် ရိုသေသွားခဲ့၏။ "သခင်လေး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ ဘေးဘက်ခန်းမဆောင်ကို လိုက်ခဲ့ပါခင်ဗျာ... မင်းသားကို သတင်းသွားပို့နေတုန်း ခဏလောက် စောင့်ပေးပါဦး..."
ဘေးဘက်ခန်းမဆောင်တွင် အကောင်းစား လက်ဖက်ရည်နှင့် အရသာရှိသည့် သရေစာများကို ကြိုတင် ပြင်ဆင်ထားပြီး အစေခံမလေးနှစ်ဦးက သူတို့၏ လက်များကို ဘေးတွင် ချထားကာ အသင့်အနေအထားဖြင့် ရပ်နေကြပြီး သူတို့၏ အသက်ရှူသံများပင် အလွန်တရာ တိုးညင်းနေလေသည်။
ကျန်းယဲ့အတွက် လက်ဖက်ရည် ကိုယ်တိုင် ငဲ့ပေးပြီးနောက် အိမ်တော်ထိန်းက စာကြည့်ဆောင်ရှိရာသို့ အလျင်အမြန် ပြေးသွားရာ သူ၏ ဝတ်ရုံများက လေထဲတွင် လွင့်ဝဲနေခဲ့၏။
အိမ်တော်ထိန်းက လမ်းကြောင်းသုံးသွယ် စင်္ကြံကို ဖြတ်လျှောက်လာစဉ် သူ၏ နှလုံးသားထဲတွင် လှိုင်းထန်နေခဲ့သည်။
သူက ချီမင်းသားအောက်တွင် အလုပ်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး နာမည်ကြီးသမားတော်များစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း သေလုမျောပါး လူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကင်းအောင် ကုသပေးနိုင်သည့် နည်းလမ်းမျိုးကို ဘယ်သောအခါမှ မကြားဖူးချေ။
အကယ်၍ ဤလူက နန်းတော်ထဲက ထိုလူကို တကယ် ကုသပေးနိုင်ခဲ့မယ်ဆိုရင်...
ဤအကြောင်းကို တွေးမိသည်နှင့် သူ၏ ခြေလှမ်းများကို ပို၍ သွက်လိုက်၏။
အိမ်တော်ထိန်းက စာကြည့်ဆောင် အပြင်ဘက်သို့ ရောက်သည်အထိ ပြေးလာပြီး အသက်ရှူ မှန်အောင် ထိန်းလိုက်ကာ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
ချီမင်းသားက အကြံပေးများနှင့် စစ်တုရင် ကစားနေစဉ် သူ အပြေးအလွှား ဝင်လာသည်ကို မြင်သည့်အခါ မကျေမနပ်ဖြင့် မျက်မှောင်ကုတ်ကာ မေးလိုက်၏။ "ဘာကိစ္စလဲ..."
"မင်းသား... ဝမ်းသာစရာ သတင်းပါ..." အိမ်တော်ထိန်းက ဦးညွှတ်လျက် သတင်းပို့လိုက်ပြီး သူ၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့၏။ "ဦးလေးချန်ရဲ့ အဆုတ်နာရောဂါက... ပျောက်သွားပါပြီ... အဲ့ဒီ သခင်လေးကျန်းက တကယ့် ဟွာထိုဝင်စားတာပါပဲ..."
(NT-တရုတ်နိုင်ငံ၏ နာမည်ကြီး သမားတော်)
ချီမင်းသားက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ... ဦးလေးချန် သက်သာသွားပြီ ဟုတ်လား...."
"တကယ်ပါ..." အိမ်တော်ထိန်းက မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။ "ကျွန်တော် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ... သခင်လေးကျန်းက အခန်းထဲကို နံ့သာတိုင် တစ်တိုင်စာလောက်လေးပဲ ဝင်သွားတာပါ... ဦးလေးချန်က ကုတင်ပေါ်ကနေ ကိုယ်တိုင် ဆင်းနိုင်ပြီး လမ်းတောင် လျှောက်နိုင်နေပါပြီ... သူ့ရဲ့ မျက်နှာကလည်း သွေးရောင်လွှမ်းနေပြီး စကားပြောတာကအစ ပုံမှန် အတိုင်းပါပဲ... သမားတော်ကျန်းက ခုနလေးတင် သွေးခုန်နှုန်းကို စမ်းသပ်ပြီး အဆုတ်နာရောဂါ လုံးဝပျောက်ကင်းသွားပြီဆိုတာ အတည်ပြုပေးသွားပါတယ်ဗျာ..."
အကြံပေးက အလျင်အမြန် ရှေ့တိုးလာပြီး မေးလိုက်၏။ "မင်း သေချာ စစ်ဆေးပြီးပြီလား... ဦးလေးချန်ရဲ့ ရောဂါက..."
"ဒီအစေခံက ဘယ်လိုလုပ် လျှောက်ပြောရဲပါ့မလဲ..." အိမ်တော်ထိန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဦးလေးချန်က အခု ခြံဝင်းထဲမှာ ရှိနေပါတယ်... မင်းသားအနေနဲ့ အချိန်မရွေး ခေါ်ယူစစ်ဆေးလို့ ရပါတယ်..."
ချီမင်းသားနှင့် အကြံပေးတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အတိုင်းမသိ ဝမ်းသာနေသည့် အရိပ်အယောင်များ တောက်ပလာရ၏။
ဤသည်က မထင်မှတ်ထားဘဲ ရောက်လာသည့် မယုံကြည်နိုင်လောက်ဖွယ် အောင်မြင်မှုတစ်ခုပင်။
အကယ်၍ သူသာ ဤအရာမှတစ်ဆင့် သူ၏ မိခင်ကို ကုသပေးနိုင်ခဲ့ပါက ခမည်းတော်၏ ရှေ့မှောက်တွင် မျက်နှာပွင့်ရုံသာမက သူ၏ နောင်တော်ဖြစ်သည့် အိမ်ရှေ့စံမင်းသားကပင် ဤကျေးဇူးကို မှတ်ထားလိမ့်မည် ဖြစ်၏။
"မြန်မြန် သူ့ကို ဖိတ်ခေါ်လိုက်..." ချီမင်းသားက စကားတစ်ဝက်တွင် ရုတ်တရက် စိတ်ပြောင်းသွားပြန်သည်။ "မလုပ်နဲ့... ငါ ကိုယ်တိုင်သွားပြီး သခင်လေးကို ကြိုဆိုမယ်..."
ထို့နောက် သူက အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။
အကြံပေးများနှင့် အိမ်တော်ထိန်းတို့ကလည်း ချီမင်းသား၏ နောက်သို့ အလျင်အမြန် လိုက်သွားကြ၏။
သူတို့ သုံးဦးက ခြံဝင်းများစွာကို ဖြတ်သန်းကာ ဘေးဘက်ခန်းမဆောင်ဆီသို့ အလျင်အမြန် သွားနေကြလေသည်။
လမ်းတစ်လျှောက်တွင် အစေခံမလေးများနှင့် အစောင့်အရှောက်များက မင်းသားကို ဦးညွှတ်နှုတ်ဆက်ကြသော်လည်း မင်းသားက ပတ်ဝန်းကျင်ရှိ အစေခံများကို လျစ်လျူရှုထားပြီး နတ်သမားတော်နှင့် နှိုင်းယှဉ်နိုင်သည့် သခင်လေးကျန်းအကြောင်းကိုသာ စိတ်ထဲတွင် တွေးတောနေခဲ့တော့သည်။
အခန်း ၄၂၇ပြီး၏။