အခန်း ၄၂၈
Vol. 43 Ch. 428
အခန်း ( ၄၂၈ ) ကျန်းယဲ့အား ကမ်းလှမ်းခြင်း
ချီမင်းသားက ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာသည့်အခါ ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့် အပြာရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရပြီး သူ၏ ဘေးတိုက်ရုပ်သွင်က ဝါးပင်တစ်ပင်ကဲ့သို့ ကျော့ရှင်းနေခဲ့၏။
ခြေသံကို ကြားသည့်အခါ ကျန်းယဲ့က လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်သည်။
"သခင်လေးကျန်း..." ချီမင်းသားက နွေးထွေးစွာ ပြန်လည် နှုတ်ဆက်လိုက်ပြီး ဤလွန်လွန်းလှအောင် ငယ်ရွယ်သည့် နတ်သမားတော်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်၏။
သူတို့ နေရာယူပြီးနောက် ချီမင်းသားက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "ဆရာရဲ့ နာမည်ကို သိခွင့်ရမလား..."
"ဘလူးစတားကပါ..." ကျန်းယဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ချီမင်းသား၏ မျက်ဝန်းများထဲတွင် နားမလည်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ပြုံးလျက် "ဒါက... ကျွန်တော် အရင်က တစ်ခါမှ မကြားဖူးဘူးဗျ..."
"ဒါက သီးသန့်ဆန်တဲ့ ဂိုဏ်းငယ်လေးတစ်ခုပါ..." ကျန်းယဲ့က သူ၏ လက်ဖက်ရည်ပန်းကန်လုံးကို ညင်သာစွာ ပွတ်သပ်လိုက်၏။ "အခု ဂိုဏ်းက ကျွန်တော့်ကို သာမန်လောကထဲ ဝင်ခွင့်ပြုလိုက်ပြီဆိုတော့ ကျွန်တော်က ဒီလောကကြီးထဲမှာ လှည့်လည်ကြည့်ရှုနေတာပါ..."
ဤအချိန်တွင် ချီမင်းသားသည် ဤစကားများ၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို သဘောမပေါက်သေးဘဲ သာမန်တာအိုဆရာတစ်ပါး၏ စကားများအဖြစ်သာ ယူဆလိုက်၏။
ထို့နောက် သူက ဖိတ်ခေါ်လိုက်လေသည်။ "ကျွန်တော်က နေရာအနှံ့က ထူးခြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေဖွဲ့ရတာ ဝါသနာပါတယ်... သခင်လေးအနေနဲ့ ကျွန်တော့်ရဲ့ စံအိမ်တော်မှာ ရက်အနည်းငယ်လောက် တည်းခိုသွားပါလားဗျာ..."
ယဉ်ကျေးသည်ဟု ထင်ရသည့် ဤဖိတ်ခေါ်မှုက တကယ်တမ်းတွင် ငြင်းပယ်၍ မရနိုင်သည့် ဖိတ်ခေါ်မှုပင်။
ကျန်းယဲ့က အလွယ်တကူပင် သဘောတူလိုက်၏။ "ဒါဆိုလည်း အလုပ်ရှုပ်သွားရပြီပေါ့ဗျာ..."
ချီမင်းသားက ပြုံးလျက် ဘေးတွင် ရပ်နေသည့် အိမ်တော်ထိန်းကို ညွှန်ကြားလိုက်သည်။ "စံအိမ်တော်မှာ အကောင်းဆုံး အခန်းဖြစ်တဲ့ ချင်းဟွေ့ ဥယျာဉ်ကို ပြင်ဆင်လိုက်... ပြီးတော့ သခင်လေးကို ပြုစုဖို့ လိမ္မာပါးနပ်တဲ့ အစေခံနှစ်ယောက်ကို တာဝန်ပေးလိုက်... အကယ်၍ သခင်လေးကျန်းမှာ တောင်းဆိုစရာရှိရင် အချိန်မဆွဲဘဲ ချက်ချင်း လုပ်ပေးရမယ်..."
အိမ်တော်ထိန်းက ဦးညွှတ်၍ အမိန့်ကို လက်ခံလိုက်ပြီးနောက် ကျန်းယဲ့ဘက်သို့ လှည့်ကာ လိုက်ခဲ့ရန် အချက်ပြလိုက်၏။ "သခင်လေး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါခင်ဗျာ..."
လမင်းပုံစံ တံခါးကို ဖြတ်သန်းသွားသည့်အခါ တိတ်ဆိတ်ငြိမ်သက်သည့် လမ်းကလေးမှတစ်ဆင့် ခေါင်မိုးစွန်းလေး တစ်ခုကို တွေ့လိုက်ရသည်။
ချင်းဟွေ့ ဥယျာဉ်ကို ရေပြင်နံဘေးတွင် တည်ဆောက်ထားပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် ရွှေငါးများ ကူးခတ်နေသည်ကို မြင်တွေ့နိုင်ကာ ခြံဝင်းထဲတွင် ရာစုနှစ်များစွာ သက်တမ်းရှိသည့် ဂင်ကိုပင်အများအပြားကို စိုက်ပျိုးထားလေသည်။
အိမ်တော်ထိန်းက ပန်းပုထုဆစ်ထားသည့် သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ ကျော့ရှင်းစွာ အလှဆင်ထားသည့် အတွင်းခန်းကို မြင်တွေ့လိုက်ရ၏။ သစ်မာသား စာရေးစားပွဲပေါ်တွင် စာပေရေးရာ ရတနာလေးပါးကို အသင့်ပြင်ဆင်ထားပြီး ရှေးဟောင်းစင်များပေါ်တွင် တရားဝင်ဖိုများမှ ထုတ်လုပ်ထားသည့် ကြွေပန်းအိုးများက နေရာယူထားလေသည်။
(NT- ရတနာလေးပါး : စုတ်တံ၊ မင်တုံး၊ စက္ကူ၊ မင်သွေးကျောက်)
"ရေနွေးနဲ့ အစားအသောက်တွေကို အချိန်မရွေး ရနိုင်ပါတယ်... ခြံဝင်းတံခါးအပြင်ဘက်မှာလည်း အစောင့်တွေ အမြဲ ရှိနေပါတယ်..." အိမ်တော်ထိန်းက အသင့်အနေအထားဖြင့် ရပ်နေကြသည့် အပြာရောင် ဝတ်ရုံနှင့် အစေခံနှစ်ဦးကို လက်ညှိုးထိုးပြလိုက်၏။ "အကယ်၍ အဆင်မပြေတာ တစ်ခုခုရှိရင် သူတို့ကတစ်ဆင့် အသိပေးလိုက်ပါခင်ဗျာ..."
အိမ်တော်ထိန်း ထွက်သွားပြီးနောက် ကျန်းယဲ့က ပြတင်းပေါက်ဘေးတွင် ရပ်ကာ ရေကန်ထဲတွင် ထင်ဟပ်နေသည့် လခြမ်းလေးကို ငေးကြည့်ရင်း အပြုံးသဲ့သဲ့လေး ပြုံးလိုက်သည်။
ချီမင်းသားသည် "ပညာရှိများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်း" ဆိုသည့် မူဝါဒကို တကယ်ပင် အပြစ်ပြောစရာ မရှိအောင် လက်တွေ့ အသုံးချနိုင်ပေသည်။
အိမ်ရှေ့ ခန်းမဆောင်တွင်တော့ ကျန်းယဲ့နှင့် အိမ်တော်ထိန်း ထွက်သွားပြီးနောက် ချီမင်းသား၏ အပြုံးက ပျောက်ကွယ်သွားပြီး သူ၏ အကြံပေးဘက်သို့ လှည့်လိုက်၏။ "အကြံပေးကြီးရဲ့ အမြင်အရဆိုရင် ဒီလူ ခုနက ပြောသွားတာတွေက ဘယ်လောက်အထိ ယုံကြည်ရနိုင်လဲ..."
အကြံပေးက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ တွေးတောလိုက်သည်။ "သူ့ရဲ့ တည်ငြိမ်တဲ့ အမူအရာကို ကြည့်ရတာ သူ့ရဲ့ ဆေးပညာစွမ်းရည်က တကယ်ပဲ ထူးချွန်ပြီး ဆရာရှိတယ်လို့ ပြောတာလည်း အမှန်ဖြစ်သင့်ပါတယ်... ဒါပေမဲ့ ဘလူးစတားဆိုတာကတော့ တစ်ခါမှ မကြားဖူးတဲ့ နာမည်ပဲ... အဲ့ဒီနောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်တယ်... ကျွန်တော့် အမြင်အရတော့ ခုနစ်ပုံက အမှန်ဖြစ်ပြီး သုံးပုံကတော့ စဉ်းစားဖို့ လိုပါသေးတယ်..."
"ဒါက ငါ့ရဲ့ အတွေးနဲ့လည်း ကိုက်ညီတယ်..." ချီမင်းသားက ခေါင်းညိတ်လိုက်ပြီး သူ၏ ကိုယ်ရံတော်တပ်မှူးကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ "ဒီလူရဲ့ ဇာစ်မြစ်ကို သွားစုံစမ်းချေ... အထူးသဖြင့် ဘလူးစတားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သေချာ စုံစမ်းခဲ့..."
နောက်တစ်နေ့ မနက်ခင်းတွင်တော့ ချီမင်းသားက သူ၏ ထုံးစံအတိုင်း ခမည်းတော်ကို ဂါရဝပြုရန် နန်းတော်သို့ သွားရောက်ခဲ့သည်။
ခွန်းနင်နန်းဆောင်သို့ ခြေချလိုက်သည်နှင့် ဖိနှိပ်မှုတစ်ခုက သူ့အပေါ်သို့ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရ၏။
နန်းတွင်းအစေခံများ အားလုံးက ခေါင်းငုံ့ကာ အသက်ရှူကြပ်မတတ် ငြိမ်သက်နေကြပြီး တစ်စုံတစ်ခုကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေသည့်အလား သူတို့၏ ခြေသံများပင် အလွန်တရာ တိုးညင်းနေလေသည်။
အိပ်ဆောင်ထဲတွင် ဆေးနံ့များ အပြင်းအထန် ရနေ၏။ ဟုန်ဝူဧကရာဇ်က မိဖုရားကြီး၏ ကုတင်နံဘေးတွင် ထိုင်နေပြီး မာမိဖုရားခေါင်ကြီး၏ ပိန်ချုံးနေသည့် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူ၏ မျက်မှောင်များက တွန့်ချိုးနေချေသည်။
အိမ်ရှေ့စံမင်းသားက ခမည်းတော်၏ ဘေးတွင် ရပ်နေပြီး နန်းတွင်းသမားတော် အများအပြားက အကာအရံ၏ အပြင်ဘက်တွင် ဒူးထောက်နေကြကာ သူတို့၏ နဖူးပေါ်တွင် ချွေးစေးများ ပျံနေကြ၏။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ် ခမည်းတော်..." ချီမင်းသားက ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဟုန်ဝူဧကရာဇ်က မကြားသည့်အလား သူ၏ အကြည့်များက လူနာကုတင်ပေါ်မှ လုံးဝ မခွာခဲ့ချေ။
အိမ်ရှေ့စံမင်းသားကမူ သူ့ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများက သွေးကြောများ ယှက်နွှယ်နေခဲ့၏။
မာမိဖုရားခေါင်ကြီးက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ မျက်နှာက သွေးဆုတ်ဖြူရော်နေကာ အသက်ရှူသံက အားနည်းနေပြီး တစ်ခါတစ်ရံတွင် နာကျင်စွာ ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။
နန်းတွင်းအစေခံမလေးက သူမ၏ နှုတ်ခမ်းထောင့်မှ စိမ့်ထွက်လာသည့် သွေးများကို ပိုးပဝါလေးဖြင့် ညင်သာစွာ သုတ်ပေးနေပြီး ပဝါပေါ်ရှိ အနီရင့်ရောင် သွေးကွက်များက ချီမင်းသား၏ နှလုံးသားကို တင်းကျပ်သွားစေ၏။
ဤအခြေအနေမျိုးတွင် သူ ပြင်ဆင်လာခဲ့သည့် နှုတ်ခွန်းဆက်စကားများ အားလုံးမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး အိမ်ရှေ့စံမင်းသား၏ ဘေးသို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားလိုက်သည်။
ခမည်းတော်၏ စိုးရိမ်ပူပန်နေသည့် မျက်နှာကို ကြည့်ရင်း သူ စကားပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျန်းယဲ့၏ နောက်ခံဇာစ်မြစ်ကို သေချာ မသိရသေးသဖြင့် သူ အလောတကြီး မလှုပ်ရှားရဲခဲ့ချေ။
အိမ်ရှေ့စံမင်းသားက ဘေးသို့ လှမ်းကြည့်လိုက်သည့်အခါ ချီမင်းသား၏ တွေဝေနေသည့် အမူအရာကို ထက်မြက်စွာ သတိထားမိသွား၏။
သူတို့နှစ်ဦး အိပ်ဆောင်ထဲမှ ထွက်လာပြီးနောက် သူက ညင်သာစွာ မေးလိုက်သည်။ "ညီတော် ခုနစ်... စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လား..."
ချီမင်းသား၏ လက်က လက်အင်္ကျီထဲတွင် တင်းကျပ်သွားလိုက် ပြေလျော့သွားလိုက် ဖြစ်နေရ၏။
မိဖုရားခေါင်ကြီး၏ အခြေအနေက အလျင်အမြန် ဆိုးရွားလာနေပြီး ကျန်းယဲ့အကြောင်း အမှန်တရားကို သိရချိန်တွင် အတော်လေး နောက်ကျသွားလောက်ပြီ ဖြစ်သည်။
ဒါပေမဲ့ အလောတကြီး အကြံပြုမိရင်ရော...
သူ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားသွားပြီးနောက် နောက်ဆုံးတွင်တော့ နှစ်ဖက်စလုံးအတွက် အဆင်ပြေမည့် ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့သွားခဲ့၏။
"အိမ်ရှေ့စံ နောင်တော်... ညီတော် မကြာသေးခင်က နတ်သမားတော် တစ်ယောက်နဲ့ မတော်တဆ ဆုံခဲ့တယ်..." သူက အသံကို နှိမ့်ကာ ပြောလိုက်၏။ "အဲ့ဒီလူက နံ့သာတိုင် တစ်တိုင်စာလောက် အချိန်လေးအတွင်းမှာ သုံးနှစ်လုံးလုံး အိပ်ရာထဲ လဲနေခဲ့တဲ့ အဆုတ်နာ ရောဂါသည်တစ်ယောက်ကို ပျောက်ကင်းအောင် ကုသပေးခဲ့တယ်..."
"တကယ်လား..." ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သည့် အိမ်ရှေ့စံမင်းသားက မယုံကြည်နိုင်စွာဖြင့် သူ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်၏။ "သူ ဘယ်မှာလဲ... မင်း ဘာလို့ သူ့ကို နန်းတော်ထဲ ချက်ချင်း မခေါ်လာခဲ့တာလဲ..."
ချီမင်းသားက အလျင်အမြန် ရှင်းပြလိုက်၏။ "သူ့ရဲ့ ဇာစ်မြစ်ကို သေချာမစုံစမ်းရသေးလို့ ညီတော် အလောတကြီး မခေါ်လာရဲတာပါ..."
အိမ်ရှေ့စံမင်းသားက နန်းဆောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး မနေ့က နန်းတွင်းသမားတော်၏ ဆယ်ရက်ထက် ပိုအသက်မရှင်နိုင်တော့ဘူးဆိုသည့် ကြိုတင်ခန့်မှန်းချက်ကို သတိရသွားကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။ "အရေးပေါ် အခြေအနေမှာ အရေးပေါ် နည်းလမ်းကို သုံးရမှာပဲ... အန္တရာယ် ရှိရင်တောင်မှ ငါတို့ စမ်းကြည့်ရမယ်..."
ထို့နောက် သူက ချီမင်းသားကို ခေါ်ကာ အိပ်ဆောင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။
သူတို့နှစ်ဦး ပြန်ဝင်လာသည်ကို မြင်သည့်အခါ ဟုန်ဝူ ဧကရာဇ်က မောပန်းစွာဖြင့် သူ၏ နဖူးကို ပွတ်သပ်လိုက်၏။ "တခြား ကိစ္စ ရှိသေးလို့လား..."
နတ်သမားတော်တစ်ဦးက အဆုတ်နာရောဂါကို ကုသပေးနိုင်ကြောင်း ကြားလိုက်ရသည့်အခါ ဧကရာဇ်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ တောက်ပလာရသည်။ "သူ ဘယ်မှာလဲ..."
"လောလောဆယ် သားတော်ရဲ့ စံအိမ်တော်မှာ တည်းခိုနေပါတယ်..." ချီမင်းသားက အမှန်အတိုင်း ပြန်ဖြေလိုက်၏။ "အသေးစိတ်ကို မစုံစမ်းရသေးလို့ သားတော် မခေါ်ရဲ..."
"မောင်းရှန်....." ဟုန်ဝူဧကရာဇ်က နန်းတွင်း ကိုယ်ရံတော်တပ်မှူးကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ "ချီမင်းသားရဲ့ စံအိမ်တော်ကနေ ရောဂါပျောက်သွားတဲ့ အဆုတ်နာရောဂါသည်နဲ့ ပတ်သက်သူ အားလုံးကို ခေါ်လာခဲ့...."
နာရီဝက်အတွင်းမှာပင် ဦးလေးချန်၊ ပိုးထည်ဆိုင်ပိုင်ရှင်နှင့် သမားတော်တို့အားလုံး ဘေးဘက် ခန်းမဆောင်သို့ ခေါ်ဆောင်ခံလိုက်ကြရသည်။
နန်းတွင်းသမားတော်သုံးဦးက ဦးလေးချန်၏ သွေးခုန်နှုန်းကို တစ်လှည့်စီ စမ်းသပ်ပြီးနောက် သူတို့ အားလုံး အံ့အားသင့်ကာ သံသယ ဝင်သွားကြ၏။
သမားတော်ခေါင်းဆောင်က တုန်ယင်နေသည့် အသံဖြင့် သတင်းပို့လိုက်လေသည်။ "အရှင်မင်းကြီး... ဒီအဘိုးအိုရဲ့ သွေးခုန်နှုန်းက လူငယ်တစ်ယောက်ထက်တောင် ပိုပြီး အားကောင်းနေပါတယ်... သူ့ရဲ့ အဆုတ် သွေးကြောတွေကလည်း ပွင့်နေပြီး ဘာရောဂါမှ မရှိပါဘူး... ဒါပေမဲ့... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..." ဟုန်ဝူ ဧကရာဇ်က အရေးတကြီး မေးလိုက်၏။
"သူ့ရဲ့ ပိန်ချုံးနေတဲ့ အသွင်အပြင်ကို ကြည့်ရင် သူက ပြင်းထန်တဲ့ ရောဂါတစ်ခုကနေ ပြန်လည် နာလန်ထူလာတယ်ဆိုတာ ရှင်းနေပါတယ်... ဒီလို သွေးခုန်နှုန်း အခြေအနေက ဆေးပညာသဘောတရားတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလို့ပါ..."
မောင်းရှန်က အတည်ပြုချက်အတွက် စာရွက်စာတမ်းများကို ချက်ချင်း တင်ပြလိုက်၏။ ပိုးထည်ဆိုင် မန်နေဂျာ၏ ထွက်ဆိုချက်၊ သမားတော်၏ ကိုယ်တိုင်ရေး ဆေးမှတ်တမ်းနှင့် ထိုနေ့က ရှောင်ပုန်းနေခဲ့ကြသည့် အစေခံများ၏ ထွက်ဆိုချက်များပင်လျှင် တစ်ခုနှင့်တစ်ခု ကိုက်ညီနေခဲ့သည်။
ဟုန်ဝူဧကရာဇ်က မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ဦးလေးချန်ကို စူးစိုက်ကြည့်လိုက်၏။ အဘိုးအိုက ပိန်ချုံးနေသော်လည်း သူ၏ မျက်လုံးများက ကြည်လင်နေပြီး သူ၏ အသက်ရှူနှုန်းက ရှည်လျားကာ ညီညာနေသည်ကို သူ တွေ့လိုက်ရသည်။
သူက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အဘိုးအိုကို ကိုယ်တိုင် ကိုယ်ကျ ထူပေးလိုက်၏။ "မင်းရဲ့ ရောဂါက နံ့သာတိုင် တစ်တိုင်စာလောက် အချိန်လေးအတွင်းမှာ တကယ် ပျောက်သွားတာလား..."
ဦးလေးချန်က စိတ်လှုပ်ရှားစွာဖြင့် ဦးချလိုက်၏။ "ဒီအစေခံက အရှင်မင်းကြီးကို ဘယ်လိမ်ရဲပါ့မလဲ... အဲ့ဒီနေ့က သခင်လေးကျန်းက ဆေးတိုက်ပြီးတဲ့နောက် အမည်းရောင်သွေးတွေ အန်ချလိုက်ရပြီး ကျွန်တော် လုံးဝ လန်းဆန်းသွားပါတယ်... ပြီးတော့ သုံးနှစ်လုံးလုံး ခံစားနေရတဲ့ ရောဂါကလည်း လုံးဝ ပျောက်ကင်းသွားခဲ့ပါတယ်..."
ဧကရာဇ်က ကုတင်ပေါ်တွင် သေလုမျောပါး ဖြစ်နေသည့် ဇနီးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲမှ နောက်ဆုံး တွေဝေမှု အရိပ်အယောင်များ ပျောက်ကွယ်သွားရ၏။
"ငါကိုယ်တော်ရဲ့ တော်ဝင်အမိန့်ကို ကြေညာလိုက်..." သူက အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ "သခင်လေးကျန်းကို နန်းတော်ထဲ ချက်ချင်း ဆင့်ခေါ်လိုက်..."
ထို့နောက် နန်းတွင်း ကိုယ်ရံတော်တပ်မှူး မောင်းရှန်ကိုယ်တိုင် ချီမင်းသား၏ စံအိမ်တော်သို့ လာရောက်ခဲ့၏။ သူက ချင်းဟွေ့ ဥယျာဉ်အပြင်ဘက်တွင် သူ၏ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီးမှ အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားလေသည်။
ကျန်းယဲ့နှင့် တွေ့သည့်အခါ သူက မထင်မှတ်ဘဲ တစ်ဝက် ဦးညွှတ် နှုတ်ဆက်လိုက်၏။
"အရှင်မင်းကြီးရဲ့ အမိန့်တော်အရ... သခင်လေးကို နန်းတော်ထဲ ချက်ချင်း ဝင်ရောက်ဖို့ တောင်းဆိုထားပါတယ်..."
ကျန်းယဲ့ အနည်းငယ် အံ့အားသင့်သွားရ၏။
အစက သူက စံအိမ်တော်တွင် အနည်းဆုံး နှစ်ရက်ခန့် ဆက်နေရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ တစ်ရက်တည်းနှင့်ပင် နန်းတော်မှ ဆင့်ခေါ်ခြင်း ခံလိုက်ရသည်။
မာမိဖုရားခေါင်ကြီး၏ အခြေအနေက သူတို့ ထင်ထားသည်ထက် ပိုမို စိုးရိမ်ရပုံပေါ်ချေသည်။
"ဒီအစေခံက အမိန့်တော်ကို နာခံပါတယ်..."
မောင်းရှန်နှင့်အတူ နန်းတော်တံခါး များစွာကို ဖြတ်သန်းလာစဉ် ကျန်းယဲ့က သမိုင်းမှတ်တမ်းများထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည့် ဧကရာဇ်နန်းတော်ကို တည်ငြိမ်စွာ အကဲခတ်ကြည့်နေခဲ့၏။
ဧကရာဇ် နန်းတော်က ကျယ်ဝန်းပြီး အပြာရောင် ကျောက်ပြားများ ခင်းထားလေသည်။ ဖုန်းထျန်နန်းဆောင်၏ စဉ့်ကြွပ်များက နေရောင်အောက်တွင် ရွှေရောင် တလက်လက် တောက်ပနေ၏။ စင်္ကြံလမ်းများတွင် အစောင့်များက သူတို့၏ ဓားများပေါ်တွင် လက်တင်ကာ ရပ်နေကြပြီး သူတို့၏ သံချပ်ကာများ ထိခိုက်သံက ကြည်လင်ကာ လေးနက်လှသည်။
ကျင်းရွှေတံတားကို ဖြတ်ကျော်လာသည့်အခါ သူက တံတားလက်ရန်းများပေါ်ရှိ နဂါးခေါင်း ကျောက်ဆစ်လက်ရာများကို တစ်ချက် လှမ်းကြည့်လိုက်၏။
နှစ်ပေါင်း ခြောက်ရာကြာပြီးနောက်တွင် ဤလက်ရာမြောက်လှသည့် ကျောက်ဆစ်လက်ရာများက သမိုင်းမှတ်တမ်းများထဲတွင်သာ တည်ရှိတော့မည် ဖြစ်သည်။
ယခု ဤနေရာတွင် ရပ်နေရခြင်းက အသက်ဝင်နေသည့် သမိုင်းစာအုပ်တစ်အုပ်ထဲသို့ ခြေချလိုက်ရသကဲ့သို့ ခံစားရချေသည်။
အခန်း ၄၂၈ပြီး၏။