အခန်း ၄၂၉
Vol. 43 Ch. 429
အခန်း ( ၄၂၉ ) မိဖုရားခေါင်ကြီး မာကို ကုသခြင်း
ချန်ချင်းနန်းဆောင်၏ ဘေးတံခါးကို ဖြတ်သန်းသွားသည့်အခါ နန်းတွင်းသမားတော် အများအပြားက လှေကားထစ်များအောက်တွင် တုန်ယင်စွာ ဒူးထောက်နေကြသည်ကို တွေ့လိုက်ရ၏။
လမ်းပြလာသည့် မိန်းမစိုးက အသံကို နှိမ့်ကာ ပြောလိုက်သည်။ "မနေ့ကတည်းကဆိုရင် ဒါက ရာထူးကနေ ထုတ်ပယ်ခံရတဲ့ တတိယမြောက် နန်းတွင်းသမားတော် အဖွဲ့ပဲ..."
ကျန်းယဲ့က ခေါင်မိုးစွန်းများမှ တွဲလောင်းကျနေသည့် ကြေးခေါင်းလောင်းလေးများကို ငေးကြည့်ရင်း သူ၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သော ခံစားချက်များ ပြည့်နှက်သွားရ၏။
မင်မင်းဆက်၏ အစောပိုင်း ထွန်းတောက်မှုများကို သက်သေပြခဲ့သည့် ဤနန်းတော်ကြီးမှာ နောက်ဆုံးတွင်တော့ စစ်ပွဲများကြောင့် ဖျက်ဆီးခံလိုက်ရပြီး လူတွေ ဝမ်းနည်းကြေကွဲဖို့အတွက် အပျက်အစီးများသာ ကျန်ရစ်ခဲ့ရသည်။
ယခုအခိုက်အတန့်တွင်တော့ သူသည် ၎င်း၏ အစည်ကားဆုံး၊ အတိုးတက်ဆုံး အချိန်ကာလထဲတွင် လမ်းလျှောက်နေခြင်း ဖြစ်၏။
"ကျေးဇူးပြုပြီး ကြွပါခင်ဗျာ..." မောင်းရှန်က ခွန်းနင် နန်းဆောင်ရှေ့တွင် ရပ်တန့်လိုက်ပြီး နန်းတွင်း အစေခံမလေး နှစ်ဦးက ပုလဲပုတီး လိုက်ကာကို မတင်ပေးလိုက်သည်။
အိပ်ဆောင်ထဲတွင် စူးရှသည့် ဆေးနံ့များဖြင့် ပြည့်နှက်နေ၏။ ကျန်းယဲ့ မော့ကြည့်လိုက်သည့်အခါ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် ပိန်ချုံးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ဟုန်ဝူဧကရာဇ်က ကုတင်ပေါ်ရှိ အမျိုးသမီး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
ပုလဲပုတီး လိုက်ကာ၏ တိုးညင်းသည့် ပွတ်တိုက်သံလေးနှင့်အတူ ကျန်းယဲ့က အိပ်ဆောင်ထဲသို့ ဝင်ရောက်လာပြီး တောက်ပသည့် အဝါရောင် ဝတ်ရုံနှင့် ပုံရိပ်ကို ဦးညွှတ်လျက် "ဒီအစေခံက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..." ဟု ပြောလိုက်၏။
ဟုန်ဝူဧကရာဇ်က အသံကြားသည့်အခါ ခေါင်းလှည့်ကြည့်လိုက်ပြီး မည်သူဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူ၏ ခန့်ညားလှသည့် မျက်ခုံးများကြားတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားရသည်။
အဆုတ်နာရောဂါကို ကုသပေးနိုင်သည့် နတ်သမားတော်ဆိုသူမှာ မယုံနိုင်လောက်အောင် ချောမောလှပလွန်းသည့် လူငယ်လေး တစ်ဦး ဖြစ်နေချေသည်။
သို့သော် သူ အံ့အားသင့်သွားရသည်မှာ ဤလူငယ်သည် ဧကရာဇ်၏ ဘုန်းအာနုဘော်ကို မြင်သည့်တိုင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်နေပြီး သူ၏ နှုတ်ခမ်းထက်တွင်လည်း နူးညံ့သည့် အပြုံးလေးတစ်ခု အမြဲ ခိုတွဲနေခြင်းပင်။
"ထလော့..." ဟုန်ဝူ ဧကရာဇ်၏ အကြည့်များက စူးရှနေခဲ့၏။ "မင်းက ကုသရခက်ခဲ ရှုပ်ထွေးတဲ့ ရောဂါတွေကို ကုသပေးနိုင်တယ်လို့ ငါကိုယ်တော် ကြားထားတယ်..."
ကျန်းယဲ့က ခါးကို မတ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။ "သာမန်လောကက ရောဂါမှန်သမျှ အားလုံးကို ကုသနိုင်ပါတယ်..."
ယင်းစကားကြောင့် ထောင့်တစ်နေရာတွင် ဒူးထောက်နေကြသည့် နန်းတွင်းသမားတော်များမှာ တိတ်တဆိတ် လှောင်ပြုံး ပြုံးလိုက်မိကြ၏။
ဝိုး.... တကယ့်ကို အပြောကြီးတဲ့ ကောင်လေးပဲ....
ထိုစကားကြောင့် ဟုန်ဝူဧကရာဇ်၏ မျက်နှာက မှုန်ကုပ်သွားရသည်။ "အကယ်၍ မကုသနိုင်ဘူးဆိုရင် အဲ့ဒါက ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုပဲ..."
"ဒီအစေခံ နားလည်ပါတယ်..." ကျန်းယဲ့၏ အပြုံးက ပြောင်းလဲခြင်း မရှိချေ။
ဧကရာဇ်က သူ၏ တည်ငြိမ်လှသည့် အမူအရာကို စူးစိုက်ကြည့်နေရင်း နှလုံးသားထဲတွင် အကြောင်းပြချက်မရှိ မျှော်လင့်ချက် ရောင်ခြည်တစ်ခု ထွက်ပေါ်လာခဲ့၏။
မိဖုရားကြီး အပြင်းအထန် မကျန်းမမာ ဖြစ်ကတည်းက သူသည် နန်းတွင်းသမားတော်များ၏ "ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" ဆိုသည့် ဆင်ခြေများကို ကြားရလွန်း၍ ရိုးအီနေပြီဖြစ်ရာ ဤယုံကြည်မှုအပြည့်ရှိနေသည့် သဘောထားက သူ့ကို မျှော်လင့်ချက်ရောင်ခြည်လေး တစ်ခု ပေးစွမ်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"အကယ်၍ မင်းက မိဖုရားကြီးကို ကုသပေးနိုင်မယ်ဆိုရင် မင်းလိုချင်တဲ့ ရွှေ၊ ငွေ၊ ရတနာ၊ မျိုးရိုးစဉ်ဆက် ဆက်ခံခွင့်ရှိတဲ့ ဂုဏ်ပုဒ်တွေကို ကြိုက်သလောက် တောင်းဆိုနိုင်တယ်..." ဟုန်ဝူဧကရာဇ်၏ အသံက သံမဏိကဲ့သို့ အေးစက်နေခဲ့၏။ "အကယ်၍များ မင်းက သတိလက်လွတ် လျှောက်ပြောနေတာဆိုရင်တော့..."
"အရှင်မင်းကြီး စိတ်ချပါ..." ကျန်းယဲ့က ကြားဖြတ်ပြောလိုက်ပြီး သူ၏ အကြည့်များကို မိဖုရားခေါင်ကြီး၏ ကုတင်ဆီသို့ ပြောင်းလဲလိုက်၏။ "ဒီအစေခံကို မိဖုရားကြီးရဲ့ သွေးခုန်နှုန်းကို အရင် စမ်းသပ်ခွင့် ပြုနိုင်မလား..."
ဤအလောတကြီး မရှိသည့် တည်ငြိမ်မှုက ဟုန်ဝူ ဧကရာဇ်အား သူ ဆက်ပြောမည့် သတိပေးစကားများကို ပြန်မြိုချသွားစေချေသည်။
ထို့နောက် သူက လမ်းဖယ်ပေးလိုက်ပြီး အပြာရောင် ဝတ်ရုံနှင့် အမျိုးသား လူနာကုတင်ဆီသို့ လျှောက်သွားသည်ကို ကြည့်နေရင်း သူ၏ လက်သီးက လက်အင်္ကျီထဲတွင် မသိမသာ တင်းကျပ်သွားခဲ့၏။
ကျန်းယဲ့က မိဖုရားကြီး၏ ကုတင်နံဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီးနောက် လူတိုင်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သွေးခုန်နှုန်းကို မစမ်းသပ်ခဲ့ချေ။ ထို့အစား သူက နန်းတွင်း အစေခံမလေးကို ညွှန်ကြားလိုက်သည်။ "ရေနွေးတစ်ခွက် ယူလာခဲ့..."
ဟုန်ဝူဧကရာဇ်က ထိုလူငယ် သူ၏လက်အင်္ကျီထဲမှ ကြွေပုလင်းလေးတစ်ခုကို ထုတ်ယူကာ တလက်လက် တောက်ပနေသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မိဖုရားကြီးကို တိုက်ရန် ပြင်နေသည်ကို မြင်သည့်အခါ ချက်ချင်းပင် တင်းမာစွာ တားဆီးလိုက်၏။ "နေဦး...မင်းက သွေးခုန်နှုန်းတောင် မစမ်းသပ်ဘဲ၊ ရောဂါလက္ခဏာတွေကိုလည်း မမေးဘဲနဲ့ ဘယ်လိုလုပ် ဆေးကို ဒီလောက် သတိလက်လွတ် တိုက်ရဲရတာလဲ.."
ဤလုပ်ရပ်ကြောင့် ဒူးထောက်နေသည့် နန်းတွင်းသမားတော်များမှာ ဆွံ့အသွားကြပြီး ချီမင်းသားဆိုလျှင် ချက်ချင်းပင် ချွေးစေးများဖြင့် စိုရွှဲသွားသည်အထိ ထိတ်လန့်သွားရ၏။
ဒီကျန်းယဲ့ဆိုတဲ့ လူက လိမ်လည်လှည့်စားတတ်တဲ့ လူလိမ်တစ်ယောက်များလား....
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ကျန်းယဲ့က တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ လက်ချောင်းထိပ်များကြားတွင် မွှေးကြိုင်လှသည့် ဆေးလုံးလေးကို ကိုင်ထားလျက် ပြောလိုက်သည်။ "ဒီဆေးလုံးက ဝိညာဉ်တစ်သောင်း ဆေးလုံးလို့ ခေါ်ပြီး လောကကြီးက ရောဂါမှန်သမျှ အားလုံးကို ကုသပေးနိုင်ပါတယ်... ရောဂါမှန်သမျှ အားလုံးကို ကုသပေးနိုင်ပြီဆိုမှတော့ သွေးခုန်နှုန်း စမ်းသပ်တာတို့၊ မေးမြန်းတာတို့ လုပ်ပြီး ဘာလို့ အချိန်ဖြုန်းနေမှာလဲ..."
ဆံပင်ဖြူနေသည့် အသက်အရွယ်ကြီးရင့်သော နန်းတွင်းသမားတော်တစ်ဦးက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။ "ကျွန်တော်မျိုးရဲ့ နှစ် ၅၀ ကြာ ဆေးပညာ သက်တမ်းတစ်လျှောက် ဒီလို အံ့ဩစရာကောင်းတဲ့ ဆေးမျိုး တစ်ခါမှ မကြားဖူးပါဘူး... မိဖုရားခေါင်ကြီးရဲ့ ခန္ဓာကိုယ်က အဖိုးတန်ပါတယ်... ဇာစ်မြစ်မသိရတဲ့ ဒီလို ဆေးမျိုးကို ဘယ်လိုလုပ် စွန့်စားပြီး သုံးရဲမှာလဲ..."
ဟုန်ဝူဧကရာဇ်၏ အကြည့်က ရေခဲကဲ့သို့ အေးစက်နေပြီး နန်းဆောင်ထဲရှိ လေထုက အေးခဲသွားသကဲ့သို့ ရှိချေသည်။
ချီမင်းသား၏ ခြေထောက်များမှာ အားပျော့သွားပြီး ခွင့်လွှတ်ပေးရန် ဒူးထောက် တောင်းပန်တော့မတတ် ပင် ဖြစ်သွား၏။
သို့သော် ကျန်းယဲ့က ဧကရာဇ်ရှိရာဘက်သို့ လှည့်လိုက်ပြီး ဧကရာဇ်၏ အကြည့်များကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ "အကယ်၍ အရှင်မင်းကြီးက ကျွန်တော်မျိုးကို မယုံကြည်ဘူးဆိုရင် ဆေးကို အရင် စမ်းသပ်ဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးနိုင်ပါတယ်..."
သူက ဝင်ပြောခဲ့သည့် နန်းတွင်းသမားတော်ထံသို့ ဆေးလုံးကို ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်၏။ "အမတ်ကြီးက မယုံကြည်ဘူးဆိုမှတော့ ကိုယ်တိုင် စမ်းကြည့်ပါလား... အကယ်၍ ဒီဆေးက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ရင် ကျွန်တော် ကျန်းယဲ့က အရှင်မင်းကြီး စီရင်သမျှကို ခံယူပါ့မယ်..."
နန်းတွင်းသမားတော်မှာ ဆွံ့အသွားပြီး တောင်းဆိုမှုကို လက်ခံရမလား၊ ငြင်းပယ်ရမလား မသေချာဖြစ်သွား၏။
ဟုန်ဝူဧကရာဇ်က ကျန်းယဲ့၏ တည်ငြိမ်အေးဆေးလှသော အမူအရာကို စူးစိုက်ကြည့်လိုက်ပြီးနောက် ကုတင်ပေါ်တွင် အသက်ရှူအားနည်းနေသည့် ဇနီးဖြစ်သူကို ကြည့်ကာ နောက်ဆုံးတွင် အံကြိတ်လျက် ပြောလိုက်လေသည်။ "မင်းကို ဆေးတိုက်ဖို့ ငါကိုယ်တော် ခွင့်ပြုတယ်..."
ဟုန်ဝူဧကရာဇ်တွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် မျှော်လင့်ချက်မဲ့စွာဖြင့် စွန့်စားလိုက်ရခြင်း ဖြစ်ကြောင်းကို ကျန်းယဲ့ ကောင်းကောင်းကြီး သိထားလေသည်။
အကယ်၍ မာမိဖုရားခေါင်ကြီးသာ သေလုမျောပါး ဖြစ်မနေဘဲ နန်းတွင်းသမားတော် အဖွဲ့ကလည်း လက်မြှောက် အရှုံးပေးမထားခဲ့လျှင် သံသယကြီးလှသည့် ဤဧကရာဇ်က ဇာစ်မြစ်မသေချာသည့် ဤဆေးလုံးကို သုံးခွင့်ပြုလိမ့်မည် မဟုတ်ချေ။
နန်းတွင်းသမားတော်များ၏ သံသယများကိုလည်း သူ နားလည်ပေသည်။
ဤသည်က သမားတော်တစ်ဦး၏ တာဝန်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် ပညာရှိသော နည်းလမ်းတစ်ခုလည်း ဖြစ်၏။
"မိဖုရားကြီးကို ဆေးတိုက်လိုက်ပါ..." ကျန်းယဲ့က နန်းတွင်း အစေခံမလေးထံသို့ ဆေးလုံးကို ကမ်းပေးလိုက်သည်။
ဆေးလုံးကို မျိုချလိုက်ပြီး အချိန်ခဏအတွင်းမှာပင် မာမိဖုရားခေါင်ကြီး၏ သွေးဆုတ်ဖြူရော်နေသည့် မျက်နှာက သွေးရောင် ပြန်လွှမ်းလာခဲ့၏။
သူမက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး စိုးရိမ်ပူပန်နေသည့် ဟုန်ဝူဧကရာဇ်ကို ကြည့်ကာ အားနည်းသော်လည်း ကြည်လင်သည့် အသံဖြင့် ပြောလိုက်သည်။ "ချုံးပါ... ကျွန်မ... အများကြီး ပိုသက်သာလာသလို ခံစားရတယ်..."
(NT- ဂျူးယွမ်ကျန်း၏ ငယ်နာမည်)
"နှမတော်.." ဟုန်ဝူဧကရာဇ်က သူမ၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ရာ အရင်က ရေခဲလို အေးစက်နေခဲ့သည့် သူမ၏ လက်ဖဝါးက ယခုအခါတွင် နွေးထွေးလာပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
နန်းဆောင်ထဲရှိ လူတိုင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာပြီး ချီမင်းသားဆိုလျှင် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ချေသည်။
နန်းတွင်းသမားတော် အနည်းငယ်သာ သတိထားနေဆဲဖြစ်ပြီး မိဖုရားခေါင်ကြီး၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေကြ၏။
ထိုအခိုက်အတန့်တွင် ကျန်းယဲ့က ရှေ့တိုးလာပြီး မာမိဖုရားခေါင်ကြီးအား ညင်သာစွာ ပြောလိုက်၏။ "မိဖုရားကြီး... နောက်ဆက်ဖြစ်လာမယ့် အရာတွေက နည်းနည်း ခက်ခဲပါလိမ့်မယ်... ဆေးက ရောဂါပျက်စီးနေတဲ့ နေရာတွေကို ရှင်းလင်းပေးနေလို့ ပုရွက်ဆိတ် တစ်ထောင်လောက်က အရိုးတွေကို ကိုက်ခဲနေသလို ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါလိမ့်မယ်... ဒါပေမဲ့ ဒါကို ခဏလောက် သည်းခံနိုင်ရင် မိဖုရားကြီးရဲ့ ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည် ကျန်းမာလာပါလိမ့်မယ်..."
မာမိဖုရားခေါင်ကြီးက အားနည်းသော်လည်း ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။ "ကျွန်မ... တောင့်ခံထားနိုင်ပါတယ်..."
ဟုန်ဝူဧကရာဇ်က ကျန်းယဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ စူးရှလှသည့် မျက်လုံးများက နူးညံ့သွားပြီး တောင်းပန်သည့် အကြည့်များဖြင့် အစားထိုး နေရာယူလာခဲ့သည်။ "သခင်လေး... နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ ရှိမလား..."
ကျန်းယဲ့က ခေါင်းခါလိုက်၏။ "ဒါက အဆိပ်ဖြေတဲ့ လုပ်ငန်းစဉ်မှာ မလွဲမသွေ ကြုံတွေ့ရမယ့် အဆင့်ပါ... အကယ်၍ အကိုက်အခဲပျောက်ဆေး သုံးလိုက်ရင် ဆေးရဲ့ အာနိသင်ကို အဟန့်အတား ဖြစ်စေပါလိမ့်မယ်..."
ထို့နောက် သူက သန့်ရှင်းသည့် ပဝါတစ်ထည်ကို ထုတ်ယူကာ မိဖုရားခေါင်ကြီး၏ နှုတ်ခမ်းထံသို့ ကမ်းပေးလိုက်ပြီး "အကယ်၍ မိဖုရားကြီးအနေနဲ့ မခံမရပ်နိုင် ဖြစ်လာရင် ဒါကို ကိုက်ထားပါ..."
စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မာမိဖုရားခေါင်ကြီးက ရုတ်တရက်ညည်းတွားလိုက်ပြီး သူမ၏ နဖူးပေါ်တွင် ချွေးစေးလေးများ ထွက်ပေါ်လာရ၏။
ဟုန်ဝူဧကရာဇ်က သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်ဝန်းများထဲတွင် ရင်ကွဲမတတ် နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဆေးက အပြည့်အဝ အာနိသင် ပြလာ၏။ မာမိဖုရားခေါင်ကြီး၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာပြီး သူမ၏ လက်ဆစ်များမှာ အားစိုက်ထားရသဖြင့် ဖြူရော်နေချေသည်။
ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူမက ဖိနှိပ်ထားသည့် ညည်းတွားသံများကို ထုတ်လွှတ်နေရ၏။ ဟုန်ဝူဧကရာဇ်က သူမ၏ တုန်ယင်နေသော လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများက သွေးကြောများ ယှက်နွှယ်နေခဲ့သည်။
"သည်းခံထားပါ နှမတော်..." ဧကရာဇ်၏ အသံက ရှားရှားပါးပါး ငိုသံပါနေခဲ့လေသည်။ "မကြာခင် ပြီးသွားမှာပါ..."
ရုတ်တရက် မာမိဖုရားခေါင်ကြီး၏ မွေးညင်းပေါက်များမှ အမည်းရောင် စေးကပ်ကပ်အရည်များ စိမ့်ထွက်လာပြီး အိပ်ဆောင်ထဲတွင် ညှီစော်နံသည့် အနံ့ဆိုးတစ်ခု ပြည့်နှက်သွားရသည်။
ဟုန်ဝူဧကရာဇ်၏ ခန့်ညားလှသည့် အကြည့်များက ကျန်းယဲ့အပေါ်သို့ ရောက်ရှိသွား၏။ "ဒါက ဘာတွေလဲ..."
"မထိတ်လန့်ပါနဲ့ အရှင်မင်းကြီး..." ကျန်းယဲ့က တည်ငြိမ်စွာ ရှင်းပြလိုက်၏။ "ဒါတွေက မိဖုရားကြီးရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ စုပုံနေတဲ့ အဆိပ်တွေပါ... အခု မွေးညင်းပေါက်တွေကနေတစ်ဆင့် စွန့်ထုတ်နေတာပါ..."
ဟုန်ဝူဧကရာဇ်က ပိုးပဝါဖြင့် အလျင်အမြန် သုတ်ပေးလိုက်သော်လည်း ပိုသုတ်လေ အမည်းရောင် အရည်များ ပိုထွက်လာလေဖြစ်နေကြောင်း တွေ့လိုက်ရ၏။
သူက သူ၏ နဂါးဝတ်ရုံတွင် ပေကျံသွားမည်ကိုပင် ဂရုမစိုက်တော့ဘဲ မိဖုရားခေါင်ကြီးကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ နားထဲသို့ အကြိမ်ကြိမ် တိုးတိုးလေး ပြောနေခဲ့သည်။ "အရာအားလုံး မကြာခင် ပြီးသွားမှာပါ... မင်း နေကောင်းသွားရင် မင်းကို ဧကရာဇ်ဥယျာဉ်ထဲ ခေါ်သွားပြီး အသစ်ပွင့်နေတဲ့ ပီယိုနီပန်းတွေကို ပြမယ်လေ..."
ကျန်းယဲ့က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့၏။
ယခုအခိုက်အတန့်တွင် ဟုန်ဝူဧကရာဇ်သည် သူ၏ ဧကရာဇ် အရှိန်အဝါများကို ဖယ်ခွာထားပြီး ဇနီးဖြစ်သူအတွက် စိုးရိမ်ပူပန်နေသည့် သာမန် ခင်ပွန်းတစ်ယောက်သာ ဖြစ်နေချေသည်။
ဤနက်ရှိုင်းလှသည့် ချစ်ခြင်းမေတ္တာက သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည့် ဟုန်ဝူ ဧကရာဇ်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
လိုက်ကာအပြင်ဘက်တွင်မူ အိမ်ရှေ့စံမင်းသားက စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ချီမင်းသား၏ မျက်နှာက သွေးဆုတ်ဖြူရော်နေခဲ့ကြ၏။
နန်းဆောင်ထဲမှ ဖိနှိပ်ထားသည့် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတိုင်း လူတိုင်း၏ နှလုံးသားက တင်းကျပ်သွားကြရသည်။
လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာပြီးနောက် ဟုန်ဝူဧကရာဇ်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ရေပြင်ထား..."
တစ်ပြိုင်နက် နန်းတွင်း အစေခံမလေးများက အစီအရီ ဝင်လာကြသည်။
ကျန်းယဲ့ကလည်း အလိုက်သိစွာဖြင့် အိပ်ဆောင်ထဲမှ ထွက်ခွာလာခဲ့ပြီး ကောင်းတူဆိုးဖက် အတူတူ ဖြတ်သန်းလာခဲ့ကြသည့် ဇနီးမောင်နှံအတွက် သီးသန့် နေရာဖယ်ပေးလိုက်တော့သည်။
အခန်း ၄၂၉ပြီး၏။