အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း ( ၄၃၀ ) မင်းက ဘယ်သူလဲ
နံ့သာတိုင်တစ်တိုင်စာခန့် အချိန်ကုန်လွန်သွားပြီးနောက် မိန်းမစိုးက ဦးညွှတ်ကာ လူတိုင်းကို အိပ်ဆောင်ထဲသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။
မာမိဖုရားခေါင်ကြီး၏ ကုတင်ကို သန့်ရှင်းသည့် လိုက်ကာများဖြင့် လဲလှယ် တပ်ဆင်ထားပြီး လရောင်ကဲ့သို့ ဖြူဖွေးသည့် အတွင်းခံဝတ်ရုံကို ဝတ်ဆင်ထားသော မိဖုရားကြီးက ကုတင်ခေါင်းရင်းကို မှီလျက် ထိုင်နေ၏။
သူမက ပိန်ချုံးနေသေးသော်လည်း သူမ၏ မျက်နှာက သွေးရောင်လွှမ်းနေပြီး မျက်လုံးများက ကြည်လင်နေကာ ယခင် သေလုမျောပါး အသွင်အပြင်နှင့် လုံးဝ ကွဲပြားခြားနားနေချေသည်။
"မြန်မြန်... မိဖုရားကြီးရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ကြစမ်း..." ဟုန်ဝူဧကရာဇ်က အလျင်စလို ညွှန်ကြားလိုက်၏။
သမားတော်ခေါင်းဆောင်က အရင်ဆုံး ရှေ့ထွက်လာပြီး သူ၏လက်ချောင်းသုံးချောင်းကို သူမ၏ လက်ကောက်ဝတ်ပေါ်တွင် ခဏမျှ တင်ထားလိုက်ကာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားရသည်။
သူက မယုံကြည်နိုင်စွာဖြင့် လက်ပြောင်းစမ်းလိုက်ပြီး မိဖုရားကြီး၏ လျှာကို သေချာ ထပ်မံစစ်ဆေးကြည့်ပြီးနောက် သူ၏ လုပ်ဖော်ကိုင်ဖက်များကို တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ "ခင်ဗျားတို့... ခင်ဗျားတို့ ကိုယ်တိုင် စမ်းကြည့်ကြပါဦး..."
နန်းတွင်းသမားတော် အများအပြား တစ်လှည့်စီ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူတို့ အားလုံး အံ့အားသင့် မှင်တက်သွားကြလေသည်။
လူအုပ်ကြီးက မယုံကြည်နိုင်သည့် အကြည့်များ ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင်တော့ သူတို့၏ အကြည့်များကို ကျန်းယဲ့ထံသို့ ပြောင်းလဲလိုက်ကြရာ ထိုအကြည့်များက ပြင်းထန်လွန်းသဖြင့် သူ့ကို မီးရှို့ပစ်တော့မည့်အလားပင်။
"ဘယ်လိုနေလဲ..." ဟုန်ဝူ ဧကရာဇ်၏ အသံက တင်းမာနေခဲ့၏။
သမားတော်ခေါင်းဆောင်က ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားလွန်း၍ စကားများပင် ရှေ့နောက် မညီတော့ချေ။ "အရှင်မင်းကြီး... မိဖုရားခေါင်ကြီးရဲ့ သွေးခုန်နှုန်းက တည်ငြိမ်ပြီး အားကောင်းနေပါတယ်... သူမရဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ... ဒါ.. ဒါက ရှင်းရှင်းကြီးကို... အပြည့်အဝ ပြန်လည် ကျန်းမာလာတဲ့ လက္ခဏာပါပဲ..."
"တကယ်လား....." ဟုန်ဝူ ဧကရာဇ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
နန်းတွင်းသမားတော် အားလုံးက တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြ၏။ "တကယ်ပါပဲ အရှင်မင်းကြီး... မိဖုရားကြီးရဲ့ ခန္ဓာကိုယ်က ပြန်လည် ကျန်းမာလာရုံတင် မကဘဲ ဖျားနာမကျခင်ကထက်တောင် ပိုပြီး ကျန်းမာနေပါသေးတယ်..."
ထိုစကားကြောင့် ဟုန်ဝူဧကရာဇ်က တုန်ယင်နေသည့် လက်များဖြင့် မာမိဖုရားခေါင်ကြီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်လာရ၏။ "နှမတော်... ကိုယ်တော် ပြောတာကို ကြားရလား... မင်း လုံးဝ သက်သာသွားပြီတဲ့... "
အိမ်ရှေ့စံမင်းသားက ဝမ်းသာလွန်း၍ ငိုကြွေးလိုက်ပြီး ကျန်းယဲ့အား လေးလေးနက်နက် ဦးညွှတ်လျက် ပြောလိုက်၏။ "သခင်လေးရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
အစိတ်လှုပ်ရှားဆုံး ဖြစ်နေသူမှာ ချီမင်းသားပင်။
သူက ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်ချင်စိတ်ကို ဖိနှိပ်ထားသော်လည်း သူ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်ကိုတော့ မတားဆီးနိုင်ခဲ့ချေ။
သူ၏ မိခင်ကို ကယ်တင်ပေးလိုက်သည့် ဤလုပ်ရပ်က သူ့ကို ညီနောင်များကြားတွင် ထင်ပေါ်ကျော်ကြားသွားစေရန် လုံလောက်ချေသည်။
မာမိဖုရားခေါင်ကြီးက အားနည်းသော်လည်း ကြည်လင်သည့် အသံဖြင့် ပြောလိုက်၏။ "ချုံးပါ...ကျွန်မတို့က ဒီသခင်လေးကို သေချာ ကျေးဇူးဆပ်သင့်တယ်..."
ဟုန်ဝူဧကရာဇ်က မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး ကျန်းယဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ ဧကရာဇ်၏ အရှိန်အဝါများ ပြန်လည် ဝင်ရောက်လာခဲ့၏။ "သခင်လေး ဘာဆုလာဘ် လိုချင်သလဲ... ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."
ဤအချိန်တွင် အိပ်ဆောင်အတွင်းအပြင်ရှိ လူတိုင်း၏ အကြည့်များက အပြာရောင်ဝတ်ရုံနှင့် ထိုပုံရိပ်ထံသို့ ရောက်ရှိနေကြချေသည်။
ကျန်းယဲ့က လက်နှစ်ဖက်ကို ဆုပ်ကာ တည်ငြိမ်စွာ နှုတ်ဆက်လိုက်၏။ "အရှင်မင်းကြီး... လောလောဆယ် ဆုလာဘ် မလိုသေးပါဘူး... ဒါပေမဲ့ ဒီအစေခံက အရှင်မင်းကြီးအတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခုကို ပြင်ဆင်လာခဲ့ပါတယ်..."
သူက နန်းဆောင်ထဲရှိ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တခြားသူတွေ အားလုံးကို အပြင်ထွက်ခိုင်းလိုက်ပါ..."
ဟုန်ဝူဧကရာဇ်က မျက်မှောင်အနည်းငယ် ကုတ်သွားသော်လည်း မယုံကြည်နိုင်လောက်ဖွယ် ဆေးပညာ စွမ်းရည်များကို ယခုလေးတင် မျက်မြင်ကိုယ်တွေ့ မြင်ထားခဲ့ရသဖြင့် သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။ နန်းတွင်းသမားတော်များနှင့် အစေခံများက ဦးညွှတ်ကာ ထွက်ခွာသွားကြပြီး ပုလဲပုတီး လိုက်ကာများက တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်။
"အိမ်ရှေ့စံမင်းသားနဲ့ ချီမင်းသားတို့ကတော့ နေခဲ့လို့ ရပါတယ်..." ကျန်းယဲ့က အချိန်ကိုက် ဖြည့်စွက်ပြောလိုက်၏။
အိမ်ရှေ့စံမင်းသားနှင့် ချီမင်းသားတို့က နားမလည်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဟုန်ဝူဧကရာဇ်၏ အကြည့်က စူးရှသွား၏။ "ဒီလောက်အထိ လျှို့ဝှက်ထားဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စက ဘာများလဲ သခင်လေး..."
ကျန်းယဲ့က ပြုံးလိုက်ပြီး သူ့ရှေ့မှ မင်းမျိုးမင်းနွယ် သုံးဦးကို လှမ်းကြည့်လိုက်သည်။ "လူကြီးမင်း သုံးဦးအနေနဲ့ ကျွန်တော်နဲ့အတူ နောင် ၆၄၂ နှစ် အကြာက အနာဂတ်ကမ္ဘာကို ခရီးသွားဖို့ ဆန္ဒရှိကြလား..."
ဤစကားများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားချေသည်။
ချီမင်းသားမှာ သူ အကြားမှားသွားသလားဟု ထင်မှတ်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။ "သခင်လေး... ခုနက ဘာပြောလိုက်တာလဲ..."
"နောင် နှစ်ပေါင်း ခြောက်ရာ့လေးဆယ့်နှစ် နှစ် အကြာပါ..." ကျန်းယဲ့က ရှင်းလင်းစွာ ပြောလိုက်၏။ "ကျွန်တော်က လူကြီးမင်းတို့ အားလုံးကို မင်မင်းဆက်ရဲ့ အနာဂတ်ကို ပြသပေးမှာပါ..."
ဟုန်ဝူဧကရာဇ်က မျက်မှောင်အနည်းငယ် ကုတ်သွားရသည်။ အကယ်၍ သူသာ ယခုလေးတင် အံ့ဩဖွယ်ရာ တစ်ခုကို မျက်မြင်ကိုယ်တွေ့ မမြင်ထားခဲ့ရပါက ဤအရူးကို အပြင်သို့ ဆွဲထုတ်သွားရန် လူများကို အမိန့်ပေးပြီးလောက်ပြီ ဖြစ်၏။
ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သည့် အိမ်ရှေ့စံမင်းသားက အသံနက်ကြီးဖြင့် မေးလိုက်လေသည်။ "သခင်လေးက ကိုယ်ပြောနေတဲ့ စကားကို သေချာသိရဲ့လား..."
"အရှင်မင်းကြီး... ဒါကို ကြည့်ပါ..."
ကျန်းယဲ့က တည်ငြိမ်အေးဆေးစွာဖြင့် သူ၏ လက်ဖဝါးကို အထက်သို့ မြှောက်လိုက်ရာ နှံကောင်တောင်ပံကဲ့သို့ ပါးလွှာသည့် ဖန်ချပ်ပြားလေးတစ်ခု လေထဲမှ ထွက်ပေါ်လာခဲ့သည်။
"မိစ္ဆာပညာရပ်..." ချီမင်းသားက အံ့အားသင့်စွာဖြင့် လက်ချောင်းများ တုန်ယင်လျက် နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားရ၏။
ကျန်းယဲ့က သူ၏ လက်ချောင်းထိပ်ဖြင့် ညင်သာစွာ ခေါက်လိုက်ရာ ဖန်ချပ်ပြားလေးက ရုတ်တရက် လင်းလတ်လာလေသည်။
မြင်ကွင်းထဲတွင် အလင်းရောင်များ၊ အရောင်အသွေးများဖြင့် တောက်ပနေပြီး တိမ်များကို ဖောက်ထွင်းနေသည့် မိုးမျှော်တိုက်ကြီးများ၊ သံလမ်းများပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည့် သံနဂါးကြီးများကဲ့သို့ ရထားများနှင့် ကောင်းကင်ယံတွင် ပျံသန်းနေသည့် ဧရာမ ငွေရောင်ငှက်ကြီးများကို မြင်တွေ့လိုက်ရ၏။
"ဒါကို တက်ဘလက် ကွန်ပျူတာလို့ ခေါ်ပါတယ်..." ကျန်းယဲ့က ကိရိယာကို ကမ်းပေးလိုက်သည်။ "ဒါက အနာဂတ်ရဲ့ အသေးစိတ် အချက်အလက် တိုင်းကို မှတ်တမ်းတင်ထားပါတယ်..."
အိမ်ရှေ့စံမင်းသားက ရှေ့တိုးရန် ပြင်လိုက်ချိန်တွင် ဟုန်ဝူဧကရာဇ်က သူ၏ သားအငယ်ဆုံးကို လှမ်းကြည့်လိုက်၏။
ချီမင်းသားက သဘောပေါက်သွားပြီး စိတ်ကို တင်းကာ သူ၏ နောင်တော် ရှေ့တွင် ဝင်ရပ်လိုက်ပြီး တောက်ပနေသည့် ဖန်ပြားကို တုန်ယင်နေသည့် လက်များဖြင့် လက်ခံယူလိုက်သည်။
သူ၏ လက်ချောင်းထိပ်များက နွေးထွေးနေသည့် မျက်နှာပြင်ကို ထိမိသည့်အခါ သူ လွတ်ကျတော့မတတ်ပင် ဖြစ်သွားခဲ့၏။
မြင်ကွင်းထဲတွင် ယာဉ်များဖြင့် စည်ကားနေသည့် ကျယ်ဝန်းသော လမ်းမကြီးတစ်ခု၊ သပ်ရပ်လှပစွာ ဝတ်ဆင်ထားသည့် လမ်းသွားလမ်းလာများနှင့် ကုန်ပစ္စည်းများ အပြည့်ရှိနေသည့် ဆိုင်ခန်းများကို ပြသနေလေသည်။
မြင်ကွင်းတစ်ခုက စားသောက်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားပြီး ဖန်သေတ္တာများထဲတွင် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သည့် အရသာရှိလှသော အစားအစာများကို ပြသထား၏။ အခြား မြင်ကွင်းတစ်ခုကတော့ စိမ်းလန်းနေသည့် ပန်းခြံလေးတစ်ခုထဲတွင် ကလေးများ ပြေးလွှား ဆော့ကစားနေကြသည်ကို ပြသနေချေသည်။
"ဒါ... ဒါက အနာဂတ်လား..." ချီမင်းသားမှာ လုံးဝ နစ်မြောသွားရသည်။
အထူးသဖြင့် မှန်ဘီလူးက ဆွဲယူလိုက်ပြီး လမ်းသွားလမ်းလာများ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်နေသည့် အပြုံးများကို ရှင်းလင်းစွာ ပြသလိုက်သည့်အခါ သူ မနေနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်မိ၏။ "သာမန်ပြည်သူတွေက ဒီလောက်အထိ ကြီးပွားချမ်းသာတဲ့ ဘဝကို နေထိုင်နိုင်ကြတာလား..."
သူ၏ သားငယ်လေး မှင်တက်နေပုံပေါ်သည်ကို မြင်သည့်အခါ ဟုန်ဝူဧကရာဇ်က ထိုသတ္တုပစ္စည်းလေးထဲတွင် ဘာတွေ ပြသနေသလဲဆိုသည်ကို အနည်းငယ် သိချင်စိတ် ဖြစ်လာရသည်။
သူ စကားပြောရန် ပြင်လိုက်ချိန်မှာပင် ဗီဒီယိုက ရုတ်တရက် ပြီးဆုံးသွားလေသည်။
ချီမင်းသားက အိပ်မက်မှ နိုးလာသကဲ့သို့ တက်ဘလက်ကို သူ၏ ခမည်းတော်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ဆက်သလိုက်သည်။ "ခမည်းတော်... ဒါကို ကြည့်ပါဦး.... နောက်နှစ်ပေါင်း ခြောက်ရာ အကြာက လူတွေကလေ..."
သူက စကားများ ရှေ့နောက်မညီအောင် အမူအရာများဖြင့် ရှင်းပြနေခဲ့၏။ "သူတို့ရဲ့ အိမ်တွေက ဂျင်းရှန်း နန်းဆောင်ထက်တောင် ပိုမြင့်ပြီး လမ်းပေါ်က ယာဉ်တွေက ဒုန်းစိုင်းပြေးနေတဲ့ မြင်းတွေထက်တောင် ပိုမြန်တယ်...."
ဟုန်ဝူဧကရာဇ်က တက်ဘလက်ကို သံသယဖြင့် ယူလိုက်ပြီး သူ၏ လက်ချောင်းထိပ်လေး မျက်နှာပြင်ကို ထိမိသွားသည့် အခိုက်အတန့်မှာပင် ဤအတွေ့အကြုံရင့် ဧကရာဇ်ကြီးသည်ပင် မှင်တက်သွားခဲ့ရသည်။
အလင်းနှင့် အရိပ်များ ပြောင်းလဲသွားသည့်အခါ မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် ဧရာမတံတားကြီးပေါ်တွင် ယာဉ်များဖြင့် စည်ကားနေပြီး အဝေးတစ်နေရာမှ အဆောက်အအုံများ၏ မှန်နံရံများက တောက်ပနေသည့် နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေချေသည်။
"ဒါတွေက... တကယ်လား..." ဧကရာဇ်၏ အသံက မသိမသာ တုန်ယင်နေ၏။
ကျန်းယဲ့က လက်နောက်ပစ်လျက် ရပ်နေခဲ့သည်။ "အကယ်၍ အရှင်မင်းကြီးက ဆန္ဒရှိမယ်ဆိုရင် နောက်သုံးရက်နေရင် ကိုယ်တိုင် သွားရောက် အတည်ပြုနိုင်ပါတယ်..."
အိမ်ရှေ့စံမင်းသားက ရပ်တန့်နေသည့် ပုံရိပ်အထက်ရှိ ကောင်းကင်ယံကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်ပြန်သည်။ "အဲ့ဒီ သံငှက်ကြီးက... လူဘယ်နှယောက်ကို သယ်နိုင်လဲ..."
"အများဆုံး လူငါးရာကျော် သယ်နိုင်ပါတယ်..." ကျန်းယဲ့က ပြုံးလိုက်လေသည်။ "ယင်ထျန်းကနေ ပေဖျင်ကို သွားဖို့ နှစ်နာရီပဲ ကြာပါတယ်..."
နန်းဆောင်ကြီးက သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွား၏။
မင်မင်းဆက်၏ အထူးချွန်ဆုံး အမျိုးသားသုံးဦးမှာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်လွန်း၍ စကားတစ်ခွန်းမျှ မဆိုနိုင်ကြတော့ချေ။
ကုတင်ပေါ်တွင် မှီနေသည့် မာမိဖုရားခေါင်ကြီးက သားအဖသုံးဦး ထိုတောက်ပနေသည့် အရာလေးကို ကြည့်ကာ မျက်နှာအမူအရာများ ပြောင်းလဲနေသည်ကို မြင်သည့်အခါ မနေနိုင်ဘဲ သိချင်စိတ်ဖြင့် မေးလိုက်၏။ "ချုံးပါ... ကျွန်မကိုလည်း ပြပါဦး..."
ဟုန်ဝူဧကရာဇ်က အလျင်အမြန်ပင် တက်ဘလက်ကို ကမ်းပေးလိုက်သည်။
ကျန်းယဲ့က မည်သို့လုပ်ရမည်ကို ပြောပြနေစရာ မလိုဘဲ ဟုန်ဝူဧကရာဇ်က ဗီဒီယိုကို အလိုအလျောက် ဖွင့်လိုက်လေသည်။
ကျန်းယဲ့ အသုံးပြုခဲ့သည်ကို ကြည့်ပြီး သူ မှတ်သားထားခဲ့ခြင်း ဖြစ်၏။
လက်ချောင်းထိပ်လေးဖြင့် ညင်သာစွာ ခေါက်လိုက်သည်နှင့် ဗီဒီယိုက ပေါ်လာခဲ့သည်။
ပထမဆုံး မြင်လိုက်ရချိန်တွင် မာမိဖုရားခေါင်ကြီးက တောက်ပနေသည့် အလင်းရောင်များကြောင့် အံ့အားသင့်ကာ အသက်ရှိုက်လိုက်မိသော်လည်း အတွင်းမှ အကြောင်းအရာများကို ရှင်းလင်းစွာ မြင်တွေ့ပြီးနောက်တွင်တော့ သူမဟာ အသက်ရှူရန်ပင် မေ့သွားရသည်။
ပန်းချီကားထဲမှ လူများက သွေးရောင်လွှမ်းနေသည့် အသားအရေများ ရှိကြပြီး ကလေးများက ခမ်းနားထည်ဝါသည့် အဆောက်အအုံကြီးများထဲတွင် ပြေးလွှား ဆော့ကစားနေကြကာ ဈေးထဲတွင်လည်း ကုန်ပစ္စည်းများကို တောင်လို ပုံထားချေသည်။
သူမကို အထိမိဆုံး ဖြစ်စေသည့် အရာကတော့ အနီးကပ် ရိုက်ကူးထားသည့် မြင်ကွင်းတစ်ခုပင်။
ပန်းခြံခုံတန်းလျားလေးတစ်ခုပေါ်တွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ဦးက ခိုလေးများကို အစာကျွေးနေပြီး သူမ၏ ကျောက်စိမ်းလက်ကောက်နှင့် ငွေရောင်ဆံပင်များက နေရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။
"အကယ်၍ ဒါက တကယ်ပဲ နှစ်ပေါင်း ခြောက်ရာအကြာက အနာဂတ်ဆိုရင်..." မာမိဖုရားခေါင်ကြီးက လေးနက်စွာ သက်ပြင်းချလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်နှက်လာ၏။ "တကယ်ကို ငြိမ်းချမ်းပြီး ကြီးပွားတိုးတက်တဲ့ ခေတ်ကာလ တစ်ခုပဲ..."
ကျန်းယဲ့က ညင်သာစွာ ပြန်ဖြေလိုက်လေသည်။ "ဒီကြီးပွားတိုးတက်တဲ့ ခေတ်ကာလကြီးက လူပေါင်းများစွာရဲ့ ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ကို လက်ဆင့်ကမ်းလာခဲ့တဲ့ အသိပညာတွေရဲ့ ရလဒ်ပါ... ပြည်သူတွေအတွက် ရပ်တည်ပြောဆိုပေးတဲ့ တာဝန်သိ အမတ်တွေ၊ ထူးချွန်မှုကို ကြိုးပမ်းကြတဲ့ လက်မှုပညာရှင်တွေနဲ့ သန်းနဲ့ချီတဲ့ ကြိုးစားပမ်းစား လုပ်ကိုင်နေကြတဲ့ ပြည်သူတွေ ရှိပါတယ်..."
ချီမင်းသားက မနေနိုင်ဘဲ ရှေ့သို့ တိုးလာကာ မေးလိုက်၏။ "သခင်လေးကျန်း... သခင်လေးက ကျွန်တော်တို့ကို ကိုယ်တိုင် သွားကြည့်ဖို့ တကယ်ပဲ ခေါ်သွားပေးနိုင်တာလား..."
သူက စကားပြောပြီးသည်နှင့် ၎င်းက မည်မျှ အဓိပ္ပာယ်မဲ့ကြောင်း သဘောပေါက်သွားသော်လည်း အကယ်၍ တစ်ဖက်လူက သေလုမျောပါး လူတစ်ယောက်ကိုတောင် ကယ်တင်ပေးနိုင်တယ်ဆိုရင် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းခရီးသွားခြင်း ဆိုသည်မှာလည်း ဖြစ်နိုင်ခြေတစ်ခု ဖြစ်လာသည်ဟု တွေးလိုက်မိ၏။
ဟုန်ဝူဧကရာဇ်က သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှေးကျဉ်းလိုက်ရာ သူ၏အကြည့်များက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေပြီး အရေပြားကို ဖောက်ထွင်းကာ ဝိညာဉ်ထဲအထိ ရောက်ရှိသွားမည့်အလားပင်။
သူက ချီမင်းသားကို ဆက်မမေးရန် လက်ကာပြလိုက်ပြီး စကားတစ်ခွန်းချင်းစီကို ပီပီသသဖြင့် မေးလိုက်၏။ "မင်းက တကယ်တော့ ဘယ်သူလဲ..."
အခန်း ၄၃၀ပြီး၏။