မင်းသားလေးကဲ့သို့ ဆွဲဆောင်မှု ရှိသူ
Vol. 36 Ch. 355
နောက်တစ်နေ့ နံနက်ခင်း။
လီချန်ကျွင်းသည် ကတိပေးထားသည့်အတိုင်း ချန်ယွီ့၏ ဆေးခန်းသို့ ရောက်လာခဲ့၏။
“ ကပ္ပတိန်လီ … ဒါက အားဟုန်ကို အနိုင်ကျင်ခဲ့တဲ့ လူတွေရဲ့ လက်ရှိလိပ်စာပဲ ….”
“ စာရွက်နောက်ကျောမှာ သူတို့တွေ ဒီနှစ်တွေ တစ်လျှောက်လုံး ကျူးလွန်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ရေးပေးထားတယ် …”
“ ခင်များကိုတော့ အလုပ်ပေးမိပြီ ….”
ချန်ယွီ့က ခေါင်းဆောင်လီထံသို့ ပုံနှိပ်စာလုံးများ ပြည့်နှက်နေသည့် စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်လေသည်။
လီချန်ကျွင်းက စာရွက်ကို မည်သည့်အမူအရာမျှ မပြဘဲ လက်ခံလိုက်၏။
တကယ်တော့ ချန်ယွီ့ အဘယ်ကြောင့် သူ့အား ဆေးခန်းသို့ လာခဲ့ဖို့ ခေါ်လိုက်ရလဲဆိုသည့် အကြောင်းအရင်းကို အကြမ်းဖျင်းတော့ ခန့်မှန်းထားပြီး ဖြစ်သည်။
စာရွက်ပါ အကြောင်းအရာများကို ဖတ်ရှုကြည့်ပြီးနောက် လီချန်ကျွင်း ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ချေ။
၎င်းတို့ထဲ အများစုက သူ၏ တရားစီရင်ပိုင်ခွင့် နယ်မြေတွင် မရှိနေသော်ငြား လီချန်ကျွင်းသည် နည်းလမ်းရှာပြီး ဤလူများကို တန်ကြေးတစ်ခုတော့ ပေးဆပ်ရစေမည်။
“ ဒေါက်တာချန် … အားဟုန် သူ့မိဘတွေနဲ့ ပြန်ပေါင်းစည်းစေမယ့် ကိစ္စကရော ဘယ်လို ဖြစ်သွားမှာလဲ …”
မထွက်ခွာမီ လီချန်ကျွင်း မည်သို့မျှ မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိသည်။
“ အားဟုန်ကို ကလေးဖမ်းသမားတွေ ဖမ်းသွားပြီးတဲ့နောက်မှာ သူ့မိဘတွေက နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးခဲ့ကြတယ် ….”
“ တွက်ကြည့်လိုက်ရင် သူ့မောင်လေးက ကောင်မလေးဖြစ်သူနဲ့ တစ်လနေရင် လက်ထပ်တော့မှာ ….”
“ မကြာခင် သူတို့မှာ ကလေးရှိလာမယ် ….”
ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက ချန်ယွီ့၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့၏။
“ သူ့မောင်က သူ့ကောင်မလေးနဲ့ လက်ထပ်တော့မယ် …. မဟုတ်မှလွဲရော …..”
လီချန်ကျွင်း ဆက်မေးတော့မည့် အချိန်မှာပဲ ပုံရိပ်တစ်ခုက သူ့စိတ်ထဲတွင် ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်။
လီချန်ကျွင်း၏ ရှော့ခ်ရနေသည့် အမူအရာကို မြင်တော့ ချန်ယွီ့ ခေါင်းညိတ်ပြလိုက်၏။
“ ဟားဟားဟား …”
ချန်ယွီ့၏ အတည်ပြုစကားကို လက်ခံရရှိပြီးနောက် လီချန်ကျွင်းသည် မည်သို့မျှ မထိန်းနိုင်ဘဲ အားပါးတရ အော်ရယ်မိလိုက်၏။
ချန်ယွီကတော့ တကယ့်ကို ပါရမီရှင်ပါပဲ …
ဒီလို နည်းလမ်းမျိုးကိုတောင် စဉ်းစားမိတယ် …
သိပ်မကြာခင်မှာ အားဟုန်ရဲ့မောင်နဲ့ သူ့ကောင်မလေးတို့က လက်ထပ်ကြတော့မယ် ….. ပြီးတာနဲ့ အမျိုးသမီးဖြစ်သူက ကိုယ်ဝန်ရလာမယ် …
ဒီနည်းလမ်းက ပိုပြီးတောင် လက်တွေ့ဆန် တိုက်ရိုက်ကျနေတာပဲ …
ချန်ယွီ့က နည်းလမ်းတစ်ချို့ အသုံးပြုပြီး အားဟုန်ကို သူ့ယောင်းမ၏ ဝမ်းဗိုက်ထဲသို့ လူဝင်စားခွင့် ပြုလိုက်သည်မှာ ကျိန်းသေသည်။
ဆွေမျိုးတော်စပ်မှုက ရှုပ်ထွေးသွားမည်ဆိုသော်လည်း အားဟုန်ကို သူ့မိဘရင်းများနှင့် ပြန်လည် ဆုံစည်းစေမှာကတော့ အမှန်တရား ဖြစ်၏။
တကယ်တော့ ချန်ယွီ့ ပြုလုပ်ပေးခဲ့သည်က ထို့ထက်ပင် ပိုသေးသည်။
ငရဲသို့ မီးရှို့ပေးလိုက်သည့် ဆုတောင်းစက္ကူတွင် ချန်ယွီ့က အသေးအမွှား တောင်းဆိုမှုလေး တစ်ခုကိုလည်း ပြုလုပ်ခဲ့သေး၏။
ယင်းက အားဟုန်ကို သူ့မိဘများ၏ အိပ်မက်ထဲသို့ တစ်ည ဝင်ရောက်ခွင့် ပြုပေးလိမ့်မည်။
“ ဒေါက်တာချန် … ရှင်တို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ …” လီချန်ကျွင်း ထွက်သွားခဲ့ပြီးနောက် ကျိုးခဲ့ရှင်းက စူးစမ်းချင်သည့် ကြောင်ပေါက်လေးနှယ် စပ်စုလာသည်။
“ ဒီတိုင်းပါကွာ … သနားဖို့ကောင်းတဲ့ လူတစ်ယောက်ကို မိသားစုနဲ့ ပြန်ဆုံဖို့ ကူညီပေးရုံတင်ပါပဲ ….”
ချန်ယွီ့ သာမန်လျှံကာ ခွန်းတုံ့ပြန်လိုက်ပြီး ရှေ့ရှိ ကွန်ပျူတာကို ဆက်ကလိနေလိုက်သည်။
ညစာ စားပြီးနောက် ချန်ယွီ့၏ နှလုံးသားတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။
ခဏနေ လိုက်စထွင်း စတင်သည်နှင့် ကုသိုလ်အများအပြား ရရှိနိုင်ပေတော့မည်။
သို့ပေမယ့်လည်း အနှီ ကုသိုလ်က နည်းနည်းလေးတော့ ရယ်ချင်စရာ ကောင်းနေသည်။
ညနေ ၇ နာရီခွဲ။ ချန်ယွီ့သည် ဂိုဂျီဘယ်ရီတီးတစ်ခွက်ကို ယူရင်း ကွန်ပျူတာထိုင်ခုံ၌ သက်တောင့်သက်သာဖြစ်စွာ ဝင်ထိုင်လိုက်၏။
ဆော့ဖ်ဝဲကို ကျင်လည်စွာဖွင့်ပြီး သူ၏ လိုက်စထွင်းချာနယ်ထဲသို့ ဝင်ရောက်လိုက်လေသည်။
“ ဟယ်လို … ငါ့ရဲ့ ချစ်လှစွာသော လူနာတို့ ….”
“ ကောင်းကင်မှာ လသာနေတယ် … ကြယ်တွေလည်း မြင်နေရတယ် … သာယာတဲ့ နေ့လေးတစ်နေ့ပဲ ….”
“ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေတဲ့လူပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ နာမကျန်း ဖြစ်နေတဲ့လူပဲ ဖြစ်ဖြစ် ၊ ဟုန်ပေါင်း ဝင်လုလို့ရပါတယ် ….”
“ တကယ်လို့ ကိုယ့်ရဲ့ ဘဝမှာ ၊ အလုပ်မှာ၊ ဒါမှမဟုတ် လူတစ်ဦးနဲ့ တစ်ဦးကြားက ဆက်ဆံရေး ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ငါ့ဆီလာပြီး အကြံဉာဏ်လာတောင်းလို့ရပါတယ် …”
“ ကဲ အိုကေ … ဒီတော့ စလိုက်ကြစို့ ….”
သူ့မောက်စ်နှင့် ကီးဘုတ်ကို သုံးရင်း ချန်ယွီ့က ယွမ်တစ်ရာတန် ဟုန်ပေါင်းတစ်ခုကို လွှတ်လိုက်သည်။
ထိုအချိန်၌ သူ့လိုက်စထွင်းချာနယ်ကို ကြည့်ရှုသူ အရေအတွက်က သုံးသန်းခန့် ရှိနေလေပြီ။ နောက်ပြီး ကြည့်ရှုသူ ဦးရေကလည်း ဆက်လက် တိုးပွားနေလျက် ရှိ၏။
ယွမ် တစ်ရာတန် ဟုန်ပေါင်းက မျက်တောင်တစ်ခတ်အတွင်းမှာပဲ ချက်ချင်း ပျောက်ရှသွားခဲ့တော့သည်။
“ ကဲ … ပထမဆုံးလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ….”
နောက်တစ်စက္ကန့်၌ ခန့်ညားချောမောသည့် လူငယ်လေးတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာသည်။
သူ့အွန်လိုင်း အသုံးပြုသူနာမည်က [ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ] ဟူ၍ပင်။
ကိုယ်လုံးကိုယ်ပေါက်က ပိန်ပါးပြီး မျက်နှာအသားအရေက ကြည်လင်ဝင်းပနေကာ ကြန်အင်လက္ခဏာကလည်း ပျိုတိုင်းကြိုက်မည့် နှင်းဆီခိုင်တစ်ပွင့်နှင့် ကိုက်ညီနေသည်။
လူငယ်လေးက အဖြူရောင်သန့်သန့် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး အသက် နှစ်ဆယ်ကျော်အရွယ်မျှ ရှိသေးသည်ဟု ထင်ရ၏။
[ ဟယ်တော် … မင်းသားလေးပဲ .. ]
[ ဒီမောင်လေးရဲ့ အချက်အလက်တွေ အကုန်လုံးကို တစ်မိနစ်တစ်အတွင်း သိချင်တယ် … ]
[ ငါတော့ ဟက်ထိသွားပြီ … သူလေးက ငါ့ရဲ့ ဆောင်းရာသီတစ်ခုလုံးကို နွေဦးရောက်အောင် လုပ်ပေးလိုက်တာပဲ … ]
[ ကျွတ် ကျွတ် ကျွတ် … ဒီဘက်ခေတ်ကြီးမှာ မျက်နှာကြည့်ပြီး ယောက်ျားမိန်းမ ခွဲခြားဖို့ဆိုတာ တကယ်ခက်လာပြီပဲ … ]
[ ဒီလာပြီး အချစ်ရူးထမနေကြနဲ့ … ဒီညီလေးရဲ့ နောက်က နံရံမှာ ဘာရှိနေလဲဆိုတာ သေချာကြည့်ပြီးမှ စောက်ရူးထကြ … ]
[ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ] စခရင်ပေါ်တွင် ထွက်ပေါ်လာသည်နှင့် ယင်းက လိုက်စထွင်းထဲရှိ ကြည့်ရှုသူ ပျိုမေများ၏ အသည်းနှလုံးကို ချက်ချင်းလက်ငင်း ဖမ်းစားဆွဲဆောင်သွားခဲ့သည်။
များပြားလှသည့် ကျီစယ်စနောက်သည့် ကွန်းမန့်များက စကားပြောခန်းထဲတွင် အများအပြား ထွက်ပေါ်လာသည်။
ယင်းက ကြည့်ရှုသူတစ်ဦးမှ နောက်ကျောဘက် နံရံကို သေချာကြည့်ကြဖို့ မပြောသေးခင် အချိန်ထိပင်။
သို့ပေမယ့် လိုက်စထွင်းထဲရှိ ရူးသွပ်နေသည့် ကွန်းမန့်များက လျော့ကျမသွားဘဲ ထိုအစား ပိုလို့ပင် တိုးပွားလာလေတော့သည်။
[ ဘာကြောင့်လဲ … ဘာကြောင့် ခန့်ညားပြီး ခပ်လန်းလန်း ကောင်လေးတွေ အကုန်လုံးက သူများ ပိုင်ဆိုင်ပြီးသားတွေ ဖြစ်နေရတာလဲ … ]
[ သူက အိမ်ထောင်ကျပြီးရုံတင် မကဘူး … မကြာခင် ကလေးအဖေတောင် ဖြစ်တော့မှာလားဟ …. ]
[ ဟိုက အိမ်ထောင်ကျပြီးသွားပြီ … နင်တို့ကောင်မတွေ တစ်ဖဲ့လေးတောင် ရမယ် မကြံနဲ့ … ]
[ သူ့လို ယောက်ျားမျိုးက ရုပ်ရည်နဲ့ ကိုယ်အလေးချိန်ကို ဂရုစိုက်စရာ မလိုမှာ ကျိန်းသေတယ် … ]
[ မထင်လိုက်နဲ့ ယောင်းမရေ …. ငါ့အိမ်က ဟိုဒင်းကြီးဆိုလည်း မယူခင်တုန်းက တကယ့်မင်းသားလေး … ယူပြီး သုံးနှစ်လောက်လည်း ရောက်ရော မေးနှစ်ထပ်နဲ့ ဝက်သုံးထပ်သားကိုယ်လုံးကြီး ဖြစ်လာနေပြီ … ]
[ ဟော့ဒီကလည်း အတူတူပါပဲတော်ရေ … ]
[ ယောက်ျားတွေက ရုပ်ဆိုးလာနိုင်တယ် … ဒါပေမယ့် သူတို့ ရည်းစားတွေနဲ့ တွေ့တဲ့ အချိန်တော့ မဟုတ်ဘူး … ]
နံရံပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့၏ မင်္ဂလာဆောင် ဓာတ်ပုံကို ချိတ်ဆွဲထားလျက် ရှိ၏။
ဆိုဖာဘေး၌ ချစ်ဖို့ကောင်းသည့် ကလေးပုခက်လေး တစ်ခုလည်း ရှိနေသည်။
“ အဟွတ် ဒေါက်တာချန် ….” သူက ကိုးရို့ကားယားနိုင်စွာ ချောင်းဟန့်လိုက်ပြီး “ ငါ အခု ဆက်သွယ်မှုကို ဖျက်သိမ်းလိုက်လို့ ရလား ….”
သူ စကားပြောလိုက်သည့်အချိန်မှာပဲ လိုက်စထွင်းထဲရှိ မိန်းကလေး ကြည့်ရှုသူများမှာ ပိုလို့ပင် စိတ်လှုပ်ရှားလာခဲ့ကြသည်။
[ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ]၏ အသံက သံလိုက်ဓာတ်ပါပြီး သိပ်ကို ဆွဲဆောင်မှု ရှိလွန်းနေသည်။
“ မင်းက အိမ်ထောင်ကျပြီးတဲ့ အမျိုးသားတစ်ယောက် …၊ ငါ့လိုက်စထွင်းထဲက မိန်းကလေး ကြည့်ရှုသူတွေ မင်းအပေါ် စွဲလမ်းရူးသွပ်မှုတွေ ပြလာရင် မင်းမိန်းမ သဝန်တိုမှာ စိုးလို့မလား ….” ချန်ယွီ့ ညင်သာစွာ ပြုံးရင်း မေးလိုက်၏။
[ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ]က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“ ကြားဖူးတာတော့ မိန်းကလေးတွေ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ စိတ်ကျရောဂါ ခံစားရတတ်တယ်ဆိုပဲ … ငါလည်း ငါ့မိန်းမက အခု အဲ့ရောဂါကို ခံစားနေရတယ်လို့ ထင်တယ်….”
“ ကိစ္စ အသေးအမွှားလေးတွေကိုတောင် သူက အချိန်အကြာကြီး တွေးပြီး အတွေးလွန်နေတတ်တယ် …..”
[ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ]က သက်ပြင်းတွေ ဆက်တိုက်ချနေသည်။
ယခုလတ်တလော၌ သူ့မိန်းမ၏ ကိုယ်ဝန်ဆောင် စိတ်ကျရောဂါက ပိုပိုပြီး ပြင်းထန်လာသည်။
နေ့တိုင်းနေ့ သူ့ကို ပူညံပူညံလုပ်နေပြီး မျက်နှာချင်းဆိုင်မိသည်နှင့် အငြင်းပွားရသည်အထိပင်။
“ ဒေါက်တာချန် … ငါ့မိန်းမက အခု ကိုယ်ဝန် ငါးလရှိပြီ ….”
“ အရင် သုံးလလောက်ကစပြီး သူ့ရဲ့ စိတ်ခံစားချက်တွေ စပြီး ပြောင်းလဲလာတာပဲ …”
“ သူ့ရဲ့ အခြေအနေကို ကြည့်ပြီး အွန်လိုင်းမှာ ရှာကြည့်လိုက်တော့ သူ အခု ဖြစ်နေတဲ့ ပုံစံတွေက ကိုယ်ဝန်သည် စိတ်ကျရောဂါနဲ့ တော်တော်ကြီး ဆင်တူနေတယ် …”
“ ဒါပေါ့ … အွန်လိုင်းမှာ ဂူဂဲလ် ခေါက်ပြီး ရောဂါစစ်တာက အမြဲတမ်း ကင်ဆာနဲ့ပဲ စတယ် ….” [ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ]က ကြည့်ရှုသူများကို စိတ်ပေါ့ပါးစေရန်အတွက် သူ့ကိုယ်သူ ဟာသလုပ်ရင်း “ နောက်တစ်နေ့ကျ စိတ်ကျန်းမာရေး အထူးကုနဲ့ သွားပြီး တိုင်ပင်ကြည့်တယ် ….”
“ ငါ ထင်တာ မမှားဘူး … သူကလည်း ငါ့မိန်းမမှာ ကိုယ်ဝန်သည် စိတ်ကျရောဂါ ဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေး များတယ်ဆိုပြီး သုံးသပ်ပြတယ် ….”
“ ဆရာဝန်ကတော့ သူ့မှာ တကယ်ပဲ စိတ်ကျရောဂါတွေ ရှိရှိ မရှိရှိ အချိန်ရှိတုန်း ဆရာဝန်ဆီ ခေါ်သွားပြီး စစ်ဆေးခိုင်းတာပေါ့ ….”
“ တကယ်လို့ ရှိတယ်ဆိုရင် သေချာလေး ကြပ်ကြပ်မတ်မတ် ကုသသင့်တယ် …”
“ မဟုတ်ဘူးဆိုရင် ဗိုက်ထဲက သန္ဓေသားရော မိခင်ပါ ကျန်းမာရေး ထိခိုက်လိမ့်မယ် …”
“ ဒါပေမယ့် ဟင်း ….”
[ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ]က ထပ်ခါတလဲလဲ သက်ပြင်းချနေသည်။
“ မင်း ဒီအကြောင်းတွေ သူ့ကို နှစ်ခါ ပြောခဲ့ဖူးတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် သူကတော့ မင်းကို နှစ်ကြိမ်လုံး ငြင်းခဲ့တယ် … အဲ့တာအပြင် မင်းကိုတောင် ပြင်းပြင်းထန်ထန် ဆဲဆိုကြိမ်းမောင်းခဲ့သေးတယ်မဟုတ်လား ….”
“ တစ်ခြား အမျိုးသမီးတစ်ယောက်ဆို မင်းကို ရိုက်တောင် ရိုက်နှက်ချင်နေတယ် …”
“ ဟုတ်တယ် ဟုတ်တယ် … တကယ်လည်း အဲ့လို ဖြစ်ခဲ့တာပဲ ….”
[ပက်ကျိခေါက်ဆွဲ ၊ ကော်ဖီဖျော်နေသည် ]က ခေါင်းကို ဆက်တိုက် ညိတ်ရင်း “ ဒေါက်တာချန် … ငါ့မိန်းမကို ဆေးရုံခေါ်သွားပြီး စိတ်ကျန်းမာရေး စစ်ဆေးဖို့ ဖျောင်းဖျနိုင်မယ့် နည်းလမ်းလေး ကူစဉ်းစားပေးဦးကွာ …”
“ ကိုယ်ဝန်သည် စိတ်ကျရောဂါဆိုတာ ပေါ့သေးသေး ကိစ္စ မဟုတ်ဘူး … တကယ်လို့ အချိန်အကြာကြီးဆွဲနေရင် အခြေအနေတွေက ပိုဆိုးလာဖို့ပဲ ရှိတယ် ….”