သူမက အင်မတန် သနားဖို့ကောင်းတဲ့ ဘဝမှာ နေထိုင်ခဲ့ရတယ်
Vol. 36 Ch. 351
“ ဒေါက်တာချန် … ငါတို့ သီးသန့်စကားပြောလို့ ရမလား …”
ချန်ယွီ့၏ အကူအညီဖြင့် အမှု၏ အမှန်တရားသည်လည်း တော်တော်များများ ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။
သို့ပေမယ့် လီချန်ကျွင်းစိတ်ထဲ ဇဝေဇဝါဖြစ်မှုတို့ကတော့ နည်းနည်းလေးမျှ လျော့ကျမသွားဘဲ ဖြစ်နေသည်။
၎င်းနှင့် ဆန့်ကျင်ဘက် ပို၍ပင် တိုးပွားလာနေတော့၏။
ချန်ယွီ့ ကျန်းတာမောက်နှင့် စတင် စကားပြောဆိုသည့် အချိန်က စပြီး သူ့မျက်နှာထက်တွင် ရွံရှာစက်ဆုပ်သည့် အမူအရာကို ဆင်မြန်းထားခဲ့သည်။
ချန်ယွီ့က ကျန်းတာမောက်ကို အင်မတန် စက်ဆုပ်မုန်းတီးနေသည်မှာ မြင်သာသည်။ ထိုသို့ဆိုပါက အဘယ်ကြောင့် ကျန်းတာမောက်ကို တိုက်ရိုက် မဖမ်းဆီးခိုင်းခဲ့သနည်း။ စောနတုန်းကလည်း တစ်စုံတစ်ယောက်က ညသန်းခေါင်အချိန်တွင် ကျန်းတာမောက်ကို တရားစီရင်လိမ့်မည်ဟုလည်း ဆိုခဲ့သေး၏။
ဧကန္တ … တရားစီရင်မယ့်သူက သရဲဖြစ်နေတဲ့ အားဟုန်များလား …
ကျန်းတာမောက်တွင် မည်ကဲ့သို့သော အပြစ်မျိုးပဲ ရှိရှိ ၊ ရဲများရှာဖွေတွေ့ရှိသည်နှင့် တရားမျှတမှု၏ ရှေ့တော်မှောက်သို့ စီရင်ခံရမည်မှာ ကျိန်းသေပေါက်ပင်။
အဆုံးတွင် သူ့အား ဆေးထိုးစီရင်မည်လော၊ ဒါမှမဟုတ် ထောင်ထဲပို့ထားမည်လော ဆိုတာကိုတော့ တရားရုံးက စီရင်အမိန့်ချ ဆုံးဖြတ်လိမ့်မည်။
ချန်ယွီ့၏ လက်ရှိ အပြုအမူအတိုင်းဆိုလျှင် သရဲမကို ကျန်းတာမောက်အား နှိပ်စက်ညှင်းပန်းစေချင်နေသည်မှာ အသိသာကြီးပင်။
ချန်ယွီ့အပေါ် လေးစားသမှုကြောင့် … လီချန်ကျွင်းက သူ၏ လက်အောက်ငယ်သားများကို ကျန်းတာမောက်အား လွှတ်ပေးခိုင်းခဲ့သည်။
“ အားဟုန်ရဲ့ ဘဝက အင်မတန် ခါးသီးကြမ်းတမ်းခဲ့တယ် …” ချန်ယွီ့က စိတ်ခံစားချက်တို့ ရောပြွမ်းနေသည့် လေသံဖြင့် ပြောဆိုရင်း လီချန်ကျွင်းကို ကြည့်လိုက်သည်။
“ ငယ်စဉ် ကလေးဘဝကတည်းက ပျော်ရွှင်မှုဆိုတဲ့ အရာကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးသလို ခံလည်း မခံစားခဲ့ရဘူး …”
“ အသက်ရှင်နေတုန်းမှာ အနိုင်ကျင့်ခံခဲ့ရပြီး သေသွားပြီးပြန်တော့လည်း …............... ”
“ သူ့အတွက် တရားမျှတမှုကို တစ်ခါလောက်တော့ သူ့ဘာသူ ယူခိုင်းလိုက်ပါ …”
ထိုအချိန်၌ ချန်ယွီ့၏ မျက်လုံးနှစ်ဖက်မှာ မျက်ရည်များဖြင့် ပြည့်နှက်လို့နေခဲ့၏။
“ ဒါက …..”
ချန်ယွီ့နှင့် နှစ်ဝက်ကျော်မျှ ရင်းနှီးလာခဲ့သည့် လီချန်ကျွင်းမှာ ချန်ယွီ့ သူ၏ စစ်မှန်သည့် စိတ်ခံစားချက်များကို ဖော်ပြသည်အား ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။
လီချန်ကျွင်း ချက်ချင်းပဲ အသင်းသားတစ်ဦးကို လှမ်းခေါ်လိုက်၏။
ဖီးနစ်ကလပ် ဝိတ်တာမလေး အားဟုန်၏ အချက်အလက်များကို ချက်ချင်း စုံစမ်းဖို့ အမိန့်ပေးလိုက်လေသည်။
“ အားဟုန်ရဲ့ အသက် ငါးနှစ်အရွယ်တုန်းက ခြောက်လပိုင်း ၁ ရက်နေ့ ပွဲတော်နေ့ကို ဆင်နွှဲဖို့ သူ့မိဘတွေနဲ့အတူ ကစားကွင်း သွားခဲ့တယ် ….”
“ ကလေးဖမ်းသမားတွေက အားဟုန်ကို သူ့မိဘတွေ သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာ ဖမ်းသွားခဲ့ကြတယ် …”
“ အဲ့ဒီအချိန်ကစပြီး အားဟုန်ရဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ ဘဝခရီးက စတင်တော့တာပဲ …”
ကျင့်ကြံမှုအဆင့် တိုးမြင့်လာသည်နှင့်အတူ ချန်ယွီ့သည် အားဟုန်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင် မမြင်တွေ့ရလျှင်ပင် သူမ တွေ့ကြုံခံစားခဲ့ရသည့် နာကျင်မှုများကို ကျန်းတာမောက်မှတစ်ဆင့် ခံစားတွက်ချက်နိုင်သည်။
လွန်ခဲ့သော နှစ် ၂၀ ကျော် ၃၀ ခန့်က ‘ကလေးသတို့သမီး မွေးစားခြင်း’ ဆိုသည့် ရူးနှမ်းလှသည့် ဓလေ့တစ်ခုက ဝေးလံခေါင်သီသည့် ဒေသများတွင် ရှိခဲ့ဖူးသည်။
အားဟုန် ဖမ်းဆီးခံလိုက်ရပြီးနောက် တောင်တန်းအနက်တစ်နေရာတွင် နေထိုင်သည့် လယ်သမား မိသားစု တစ်ခုထံသို့ ရောင်းချခံလိုက်ရသည်။
ရွာက ဆင်းရဲလွန်းပြီး လူသူ အရောက်အပေါက် နည်းပါးသည့် နေရာလည်း ဖြစ်၏။ လယ်သမားစုံတွဲက အားဟုန်ကို ယွမ် ၃၀၀ ပေးပြီး ဝယ်ယူခဲ့သည်။
သူတို့၏ အစီအစဉ်ကတော့ အားဟုန် အရွယ်ရောက်လာသည်ကို စောင့်ဆိုင်းပြီး ၎င်းတို့၏ ကျပ်မပြည့်သည့် သားနှင့် ပေးစားဖို့ပင်။
“ အဲ့ဒီစုံတွဲက အားဟုန်ကို ကလေးသတို့သမီးအဖြစ် သဘောထားရုံတင် မကဘူး … အလကားခိုင်းလို့ရတဲ့ အလုပ်သမားလိုလည်း ခိုင်းစားခဲ့တယ် …”
“ အသက် ငါးနှစ်ပဲ ရှိသေးတဲ့ အားဟုန်က သူတို့ မိသားစုရဲ့ အမိန့်ပေးမှုတွေအောက်မှာ ကျွန်တစ်ယောက်လို ဘဝမျိုးနဲ့ နေထိုင်ခဲ့ရတယ် ….”
“ သူတို့ရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေကို မြင်ယောင်ကြည့်ရင် သေခြင်းတရားကတောင် သက်တောင့်သက်သာရှိမယ့် ကြင်နာမှု တစ်ခု ဖြစ်ရင် ဖြစ်နေဦးမယ် ….”
“ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံ၊ အနှိပ်စက်ခံလာပြီးတဲ့နောက်မှာ အားဟုန်ရဲ့ အကျင့်စရိုက်က နာခံတတ်လာတယ် ၊ ကျိုးနွံတတ်လာတယ် …”
“ အသက် ဆယ့်ခြောက်နှစ်ရောက်တော့ အားဟုန်က ကျပ်မပြည့်တဲ့ သူတို့သားနဲ့ လက်ထပ်လိုက်ရတယ် …”
“ အားဟုန်ကို မြန်နိုင်သမျှ မြန်မြန် မြေးလေး မွေးခိုင်းဖို့ရာအတွက် လယ်သမားစုံတွဲက အားဟုန်အပေါ် နှိပ်စက်မှုတွေကို ယာယီ ရပ်နားထားလိုက်ကြတယ် ….”
“ အဲ့ဒီအချိန်ကာလ အပိုင်းအခြားလေးက အားဟုန် ရွာကို ရောက်လာပြီးကတည်းက အကောင်းဆုံး အချိန်အခိုက်အတန့်လေးပဲ …”
“ ကံဆိုးချင်တော့လည်း အချိန်ကောင်းတွေဆိုတာ ဘယ်တော့မှ ကြာရှည်ခံလေ့မရှိဘူး …”
“ တစ်နှစ်ကျော်ကြာတဲ့အထိ အားဟုန်ရဲ့ ဝမ်းဗိုက်မှာ ဘာလှုပ်ရှားမှုမှ ရှိမလာသေးဘူး ….”
“ မိဘလုပ်သူတွေကလည်း သူတို့တတ်စွမ်းတဲ့ တောဆေးအမယ်တွေကို ရှာဖွေဖန်တီးပြီး အားဟုန်ကို စားခိုင်းခဲ့ကြတယ် …”
“ နောက်ထပ် နှစ်ဝက်ကျော် ကြာညောင်းသွားခဲ့တယ် … ဒါပေမယ့် အားဟုန်ရဲ့ ဝမ်းဗိုက်မှာတော့ ဘာလှုပ်ရှားမှုမှ ရှိမလာသေးဘူး …”
“ မိဘလုပ်သူတွေ ဒေါသထွက်လာပြီ … ဘယ်လိုမှ စိတ်မရှည်နိုင်ကြတော့ဘူး … အားဟုန်က ဥမဥပေးနိုင်တဲ့ အလကား ကြက်မဆိုပြီး ထင်မိလာတယ် …”
“ သူတို့ မျက်လုံးထဲမှာ အားဟုန်ဆိုတာ သူတို့ ပိုက်ဆံတွေ အများကြီး ပေးဝယ်ခဲ့တဲ့ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခု ….”
“ သူတို့အတွက်တော့ အိမ်မွေးကြက်မနဲ့ မခြားဘူး ….”
“ သူ့ရဲ့ တစ်ခုတည်းသော တာဝန်က သူတို့အတွက် မြေးတွေ မွေးပေးဖို့ပဲ …”
“ အားဟုန်က ကလေးမမွေးပေးနိုင်တော့ မိဘတွေကလည်း သူမကို ဆိုးဆိုးရွားရွား ရိုက်နှက်ကြတယ် …”
“ အားဟုန်ကို ‘ကျွန်’တစ်ယောက်လိုမျိုး ပြန်ပြီး သဘောထားလာကြတယ် …”
ဤသည်ကိုကြားတော့ လီချန်ကျွင်းနှင့် သူ့လက်အောက်ငယ်သားများမှာ စာနာသနားမှုဖြင့် သက်ပြင်းချလိုက်ကြ၏။
အစောပိုင်း နှစ်များတွင် လူကုန်ကူးသမားများ၊ ကလေးဖမ်းသမားများက တကယ့်ကို ဂိုဏ်းဖွဲ့ သောင်းကြမ်းခဲ့ကြပြီး သူတို့ ရာဇဝတ်မှု စုံစမ်းရေး အသင်းကလည်း သက်ဆိုင်ရာ ဌာနများကို ဝေးလံသည့် တောင်ပေါ်ဒေသရွာများ၌ လူကုန်ကူးသည့် အမှုများစွာကို ကူညီစုံစမ်းပေးခဲ့ရသည်။
မြင်ကွင်းကို စကားလုံးလေး အနည်းငယ်ဖြင့် ဖော်ပြဖို့က အင်မတန် ခဲယဉ်းလှ၏။
ယေဘုယျ ပြောရလျှင် …. တောင်ပေါ်ဒေသကျေးရွာများက ချမ်းသာလေလေ၊ လူကုန်ကူးသည့် အမှုများက နည်းပါးလေလေ ဖြစ်၏။
အကယ်၍ ရှိခဲ့လျှင်လည်း လွယ်လင့်တကူ ဖော်ထုတ်၍ရသည်။
ချမ်းသာသည့် ရွာငယ်လေးများက ပြင်ပကမ္ဘာနှင့် နီးကပ်စွာ ထိတွေ့ဆက်နွယ်နေကြပြီး ဖမ်းဆီးရောင်းစားခံလိုက်ရသည့် လူများကလည်း မရေမတွက်နိုင်သည့် နည်းလမ်းများဖြင့် အပြင်ကမ္ဘာသို့ ဆက်သွယ်ကာ အကူအညီ တောင်းနိုင်ခဲ့ကြသည်။
ခက်ခဲသည့် အပိုင်းက နွမ်းပါးပြီး ဝေးလံခေါင်သီသည့် အရပ်ဒေသများဖြစ်၏။ ဆက်သွယ်ရေးလမ်းကြောင်းများ အားလုံးလည်း ပိတ်ဆို့ခြင်း ခံထားရသည်။
ထိုကဲ့သို့သော နေရာမျိုးတွင် မိုဘိုင်းဖုန်းတစ်လုံး မပြောနှင့်။ ကောင်းမွန်စွာ သွားလာနိုင်သည့် လမ်းတစ်လမ်းရှိဖို့ပင် မရေရာချေ။
အပြင်ကမ္ဘာနှင့် ချိတ်ဆက်ဖို့ မဖြစ်နိုင်သဖြင့် လွတ်မြောက်ဖို့ရာ မျှော်လင့်ချက်က ကောင်းကင်ဘုံတက်ရသည်ထက်ပင် ပို၍ ခဲယဉ်းကြမ်းတမ်းလှသည်။
တစ်ခါတစ်ရံ နွမ်းပါးသည့် ရွာလေးများက လူအုပ်စုဖွဲ့ပြီး လူကုန်ကူးဂိုဏ်းများ ဖွဲ့စည်းထားသည်မျိုးလည်း ဖြစ်နေတတ်သည်။
အကယ်၍ မိသားစုတစ်ခုက ချွေးမတစ်ဦးကို ဝယ်ယူခဲ့လျှင် ထိုကိစ္စကို တစ်ရွာလုံးက ရေငုံနှုတ်ပိတ်နေပြီး ဖုံးကွယ်ပေးတတ်ကြ၏။
၎င်းတို့က လျှို့ဝှက်ချက်ကို ကာကွယ်ပေးရုံမျှမက အကယ်၍ မိသားစုတစ်ခုခုက ဝယ်ထားသည့် ‘ချွေးမ’ ဖြစ်သူ ထွက်ပြေးဖို့ ကြိုးစားလျှင်လည်း ယောက်ျားမိန်းမ၊ လူကြီးလူငယ် မရွေး၊ အကုန်လုံးက ထိုသူကို လိုက်လံကူညီ ဖမ်းဆီးပေးကြသည်။
ထိုသို့ ပြုလုပ်ကြသည့် အကြောင်းအရင်းက လီချန်ကျွင်းနှင့် အဖွဲ့သားများကို နှာခေါင်းပေါက်ထဲမှ မီးခိုးငွေ့များ ထွက်လာလုမတတ် ဒေါသဖြစ်စေခဲ့လေသည်။
အကယ်၍ ကိုယ်က ရွာသားတစ်ယောက် ‘ဝယ်လာသည့်ဇနီး’ကို ဖမ်းဖို့ မကူညီပေးဘူးဆိုလျှင် ၊ အကယ်၍ သင့် ‘ဇနီး’ မနက်ဖြန် ထွက်ပြေးသွားမည်ဆိုပါကလည်း မည်သူကမျှ ကူပြီး ဖမ်းဆီးပေးမှာ မဟုတ်ချေ။
ထိုသို့ ရောင်းစားခံလိုက်ရသည့် သားကောင်များက အပြင်ကမ္ဘာနှင့် ဆက်သွယ်ချိတ်ဆက်ဖို့ သူတို့အတတ်နိုင်ဆုံး ကြိုးပမ်းလျှင်ပင် ရဲတပ်ဖွဲ့များဘက်မှ ကယ်တင်ပေးနိုင်ဖို့က အတော်လေး မလွယ်ကူလှပေ။
ပထမတစ်ချက်အနေဖြင့် တစ်ရွာလုံးက သွေးစည်းညီညွှတ်နေသည်။
သတင်းလက်ခံရရှိသည်နှင့်က သူတို့က ဝယ်ထားသည့်လူကို အခြားတည်နေရာတစ်ခုသို့ ရွေ့ပြောင်းလိုက်မှာ ဖြစ်၏။
တောင်တန်းဒေသများရှိ လှိုဏ်ဂူများ၊ မဟုတ်လည်း တောအုပ်တစ်နေရာရာတွင် ဖွက်ထားသည်မျိုးလည်း ဖြစ်နိုင်သည်။
ခြုံငုံသုံးသပ်ရလျှင် အာဏာပိုင်များဘက်က နက်နက်ရှိုင်းရှိုင်း မတူးဆွဘဲ ရောင်းစားခံလိုက်ရသူကို ပြန်လည် ကယ်ဆယ်ဖို့က အင်မတန် ခက်ခဲလှသည်။
အကယ်၍ လူတွေ သိပ်များလွန်းနေလျှင်လည်း ရွာသားများကို သတိပေးသလို ဖြစ်သွားလိမ့်မှာဖြစ်ပြီး နည်းလွန်းနေလျှင်လည်း ရောင်းစားခံလိုက်ရသူကို ရှာတွေ့နိုင်မှာ မဟုတ်ချေ။
တစ်ခါက လီချန်ကျွင်းသည် အရပ်သား အငြင်းပွားမှု ပြဿနာ ဖြေရှင်းပေးရေး အဖွဲ့သားများနှင့် သတင်းရ၍ ညသန်းခေါင်းယံအချိန်တွင် ရွာထဲသို့ ဝင်စီးခဲ့၏။
အချိန်ကာလအားဖြင့် ဆယ်နှစ်ကျော်ပြီး ဖြစ်သော်လည်း ထိုမြင်ကွင်းကို လီချန်ကျွင်း ယနေ့တိုင် ကွက်ကွက်ကွင်းကွင်း အမှတ်ရနေဆဲပင်။
ရောင်းစားခံလိုက်ရသည့် အမျိုးသမီးက ခင်ပွန်းဖြစ်သူ ဆိုသူထံမှ အနိုင်ကျင့်နှိပ်စက်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရသည်။
အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ယူနီဖောင်းဝတ်ထားသည့် လီချန်ကျွင်းနှင့် အခြားတပ်ဖွဲ့ဝင်များကို အကူအညီမဲ့သည့် မျက်ဝန်းများဖြင့် ကြည့်ရှုနေရှာသည်။
အချိန်အတော်ကြာမြင့်အောင် နှိပ်စက်ညှင်းပန်းခံထားရပြီး များပြားလှသည့် ရောဂါဝေဒနာများကိုလည်း ခံစားခဲ့ရသည်။
ခန္ဓာကိုယ်က ဒုက္ခိတနှင့် မခြား။ အိပ်ရာပေါ်မှာပဲ စားရ၊ အိပ်ရာပေါ်မှာပဲ သောက်ရ၊ အိပ်ရာပေါ်မှာပဲ စွန့်ရတော့၏။
သူမကို ကုတင်ပေါ်မှ ပွေ့ချီပြီး ကျောကုန်းထက်သို့ ကုန်းပေးခဲ့သူက လီချန်ကျွင်းပင်။
သူတို့တွေ ရောင်းစားခံထားရသည့် အမျိုးသမီးကို ကယ်တင်ပြီး မကြာခင်မှာပဲ ရွာအဝင်ဝ၌ ဝန်းရံခံလိုက်ရ၏။
ရာချီသည့် ရွာသားများက လယ်ယာသုံးကိရိယာ အမျိုးမျိုးဖြင့် သူတို့ကို ရန်သူများသဖွယ် ဝိုင်းရံထားကြသည်။
အနှီ ရွာသားများကို ဥပဒေ အကြောင်း တရားသွားဟောနေ၍မရပေ။ သူတို့က နားလည်း မလည်သလို နားထောင်ကြမှာလည်း မဟုတ်ပေ။
“ အားဟုန်ရဲ့ အခြေအနေကလည်း အဲ့တုန်းက ခင်များ ကြုံတွေ့ခဲ့တဲ့ အခြေအနေနဲ့ တော်တော်လေး ဆင်တယ် ပြောရမယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ တစ်ခုတည်းသော ကွာခြားချက်က သူမက ဒုက္ခိတ မဖြစ်ခဲ့တာပဲ …”
“ ခွေးတိရစ္ဆာန်တွေ …”
လီချန်ကျွင်းမှာ မျက်လုံးကြီး နီရဲလာသည်အထိ ဒေါသထွက်နေတော့သည်။
အသင်းဝင်များလည်း မချိတင်ကဲ ခံစားနေကြရ၏။
အားဟုန်၏ ဘဝက အင်မတန် ခါးသီးခဲ့သည်ဟု ချန်ယွီ့ ပြောခဲ့တာ မဆန်းတော့ချေ။
ဤသို့ တွေ့ကြုံရပြီးနောက်တွင် တစ်သက်လုံး နာကျင်ဖွယ်ရာ ကောင်းသည့် သေရာပါ မှတ်ဉာဏ်များနှင့်အတူ ရှင်သန်သွားရတော့မှာ ဖြစ်၏။
ရုတ်တရက်ဆိုသလို ဖန့်ကွမ်း၏ တစ်ကိုယ်လုံး မငြိမ်မသက် ဖြစ်လာပြီး ရက်ရက်စက်စက် သတ်ဖြတ်လိုစိတ်က ကြီးစိုးလာခဲ့၏။
လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင် ဒေါတကြောင့် တဆတ်ဆတ် တုန်ခါနေသည်။
သူ့ကိုယ်ထဲ ဝင်ပူးထားသည့် တစ္ဆေက သူ့အပေါ် သက်ရောက်မှုများ ဖြစ်နေစေသည်မှာ သိသာလှသည်။
အားဟုန်၏ ဆိုးရွားလှသည့် ဘဝအတွေ့အကြုံကို ကြားသိလိုက်ရတော့ ဝင်ပူးလာသည့် သရဲပင် သူ၏ သတ်ဖြတ်လိုစိတ်အား မထိန်းချုပ်နိုင်တော့ပေ။
“ အကြောင်းအရာ ပြောင်းလဲပေမယ့် သဘောတရားကတော့ မပြောင်းလဲပဲ ရှိတယ် … တည်ငြိမ်စမ်း ..”
ဖန့်ကွမ်း အသံနိမ့်ပြီး ရေရွတ်လိုက်တော့ စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်တို့ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
လူတိုင်း၏ မျက်နှာထက်ရှိ ဒေါသနှင့် စာနာသနားသည့် အမူအရာများကို ကြည့်ရင်း ချန်ယွီ့ မျက်လုံးမှိတ်လျက် အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်၏။
“ အားဟုန် အသက် ၂၂ နှစ်ရောက်တော့ ရုတ်တရက် မိုးသည်းထန်ပြီး ရွာထဲမှာ ပြင်းထန်တဲ့ တောင်ပြိုမှုတွေ ဖြစ်ပေါ်လာတယ် ….”
“ ရွာသားတွေက ဘေးလွတ်ရာ ကုန်းမြေမြင့်ဘက် ထွက်ပြေးကြပေမယ့် အားဟုန်ကတော့ အသက်ရင်းပြီး ရွာထဲက ထွက်ပြေးသွားခဲ့တယ် …”
“ အဲ့ဒီနေရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် သူမရဲ့ ခါးသီးတဲ့ ဘဝဇာတ်လမ်းကတော့ အဆုံးမသတ်နိုင်သေးဘူး …….”