← Chapters

ရှေးခေတ်မှာဆို အကြိမ်တစ်သောင်းလောက် ခုတ်ထစ်ခံရပြီးပြီ

Vol. 36 Ch. 352

ရှေးခေတ်မှာဆို အကြိမ်တစ်သောင်းလောက် ခုတ်ထစ်ခံရပြီးပြီ

Vol. 36 Ch. 352

“ အဲ့နောက်ပိုင်း သူ ဘယ်လို ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ….”

ဖန့်ကွမ်းက မည်သို့မျှ မနေနိုင်ဘဲ မေးမြန်းလာသည်။

“ တစ်နှစ်ပတ်လုံး ရိုက်နှက်ခံရ၊ နှိပ်စက်ခံရတော့ အားဟုန်က စိတ်ဒဏ်ရာ ကြီးကြီးမားမားရပြီး ဦးနှောက်က မကောင်းတဲ့ မှတ်ဉာဏ်တွေကို အလိုအလျောက် မေ့ပစ်ဖို့ ရွေးချယ်ခဲ့တယ် ….”

“ သူ့မိဘအရင်းတွေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အပါအဝင် အရာအားလုံးကိုပဲ ….”

“ ရွာထဲက ထွက်လာပြီးတဲ့နောက်မှာ ဘယ်ကိုသွားပြီး ဘာကို လုပ်ရမှန်း အားဟုန်မသိဘူး ….” ချန်ယွီ့ သက်ပြင်းချလိုက်သည်။ “ ဒါပေမယ့် သူ သိတာ တစ်ခုတော့ ရှိတယ် …”

“ သူ အဲ့နေရာနဲ့ ဝေးနိုင်သမျှဝေးဝေး ထွက်သွားဖို့ လိုတယ် …”

အမှိုက်ပုံးများထဲမှ အစားအစာများကို လိုက်ကောက်ရင်း အားဟုန်သည် မိုင်ရာချီ လမ်းလျှောက်ကာ ပုဂ္ဂလိက မိုင်းတွင်းတစ်တွင်းသို့ ရောက်လာခဲ့၏။

အမျိုးသမီး ထမင်းချက်များ ငှားရမ်းနေသည့် သတင်းကို ကြားတော့ အားဟုန် ထိုနေရာတွင် အလုပ်သွားလျှောက်ကာ မိုင်းသားများအတွက် ချက်ပြုတ်ပေးခဲ့သည်။

အူတူတူ၊ အတတ အားဟုန်ကို မိုင်းတွင်းပိုင်ရှင်ကလည်း လှည့်ဖျားပြီး တစ်လလျှင် ယွမ် ၂၀၀ ခန့်သာပေး၏။

ထို ယွမ် ၂၀၀ သည်လည်း လကုန်ပြီး အတော်လေး နောက်ကျမှ ရောက်လာတတ်လေသည်။

တစ်နေ့ … အရက်မူးရူးနေသည့် မိုင်းသားများက အားဟုန်ကို မိုင်းတွင်းထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ကြ၏။

သက်ပြင်းချလျက် ချန်ယွီ့ စကားကို ဆက်ပြောသည်။ “ ကလေးသတို့သမီး အဖြစ်နဲ့ နှစ်တွေ အကြာကြီး နေခဲ့ရတော့ အားဟုန်ရဲ့ အကျင့်စရိုက်က ခံရလည်း နှုတ်ပိတ်ငြိမ်ခံနေတတ်တဲ့ အကျင့်စရိုက်မျိုး ဖြစ်လာတယ် …”

“ လူအများကြီးရဲ့ ဝိုင်းပြီး အဓမ္မကျင့်ခံရတာကိုတောင်မှ အားဟုန်က ရဲခေါ်ဖို့ စိတ်မကူးခဲ့ဘူး …. အဲ့ဒီအစား သူ့ကို အိပ်မက်ဆိုးတွေ နောက်တစ်ကြိမ် ထပ်ပေးတဲ့ အဲ့ဒီနေရာကနေပဲ ထွက်သွားချင်ခဲ့တယ် …”

“ သူ စုဆောင်းထားတဲ့ ယွမ်ရာဂဏန်းလောက်ကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အားဟုန် မြို့ကြီးတစ်မြို့ဆီ ရောက်လာခဲ့တယ် … အလုပ်တစ်ခုလည်း အလျင်အမြန်ပဲ ရှာတွေ့သွားခဲ့တယ် …”

“ ဒုတိယ အလုပ်အကိုင်က စားသောက်ဆိုင်ကြီးတစ်ခုမှာ စားပွဲထိုး လုပ်ရတာ ….”

“ ပထမ နှစ်လမှာ အားဟုန်ရဲ့ အခြေအနေက တော်တော်လေး အဆင်ပြေတယ် … အနည်းဆုံးတော့ လစာ နောက်ကျတာမျိုး မရှိတော့ဘူး ….”

“ တတိယလလည်းရောက်ရော နောက်ထပ် အိပ်မက်ဆိုးကြီး တစ်ခုက အားဟုန်ဆီကို ရောက်လို့လာပြန်တယ် ….”

“ စားသောက်ဆိုင် ပိုင်ရှင်ရဲ့ သားက အားဟုန်ရဲ့ အလှကို မက်မောပြီး တစ်ညမှာ အားဟုန်ကို သူ့ရုံးခန်းထဲ ခေါ်တယ် …”

“ ရုံးခန်းထဲ အတင်းအကြပ် ခေါ်ပြီး အားဟုန်ကို နောက်တစ်ခေါက် ထပ်ပြီး အနိုင်ကျင့်တယ် …”

“ အဲ့ကိစ္စ ဖြစ်ပျက်ပြီးနောက်ပိုင်း သူဌေးရဲ့သား နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေချိန်မှာ အားဟုန်က ရုံးခန်းထဲမှာ သိမ်းထားတဲ့ သူ့ရဲ့ အိုင်ဒီကတ်ကို ယူပြီး အဲ့နေရာကနေ ထွက်ပြေးလာခဲ့တယ် ….”

“ ကျန်တဲ့နောက်ဆက်တွဲ နှစ်တွေမှာလည်း အားဟုန် အခက်အခဲ အမျိုးမျိုးနဲ့‌ တွေ့ကြုံခံစားခဲ့ရတယ် ….”

“ MLM အဖွဲ့အစည်းရဲ့ လှည့်ကွက်ထဲကိုတောင် တစ်ကြိမ် ကျရောက်ခဲ့ဖူးတယ် …. "

“ နောက်ပိုင်း အားဟုန်က သူ့ထက် အသက်ခြောက်နှစ်ကျော် ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံတယ် …”

“ စစချင်းတော့ အမျိုးသားက အားဟုန်ကို သူ့တတ်နိုင်သလောက် အကောင်းဆုံး ဆက်ဆံပေးပြီး သူမကို မြတ်နိုးပေးတယ် ….”

“ အားဟုန်လည်း နောက်ဆုံးတော့ သူ့ဘဝမှာ ပျော်ရွှင်စရာတွေနဲ့ ကြုံရပြီလို့ တွေးမိပြီး ဝမ်းသာတာပေါ့ ….”

“ သိပ်မကြာခင်မှာပဲ အဲ့ဒီအမျိုးသားက ပျောက်ကွယ်သွားခဲ့တယ် …”

“ အားဟုန် နှစ်တွေအကြာကြီး စုဆောင်းထားတဲ့ ငွေတွေလည်း သူနဲ့အတူ ပျောက်သွားခဲ့တယ် …”

“ စိတ်ခံစားချက်တွေနဲ့ ပိုက်ဆံတွေကို တစ်ပြားမကျန်အောင် လှည့်စားခံလိုက်ရတဲ့ အားဟုန်က နောက်တစ်ကြိမ် ထပ်ပြီး ခြေဦးတည့်ရာ ထွက်သွားဖို့ ရွေးချယ်ခဲ့ပြန်တယ် ….”

“ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်မှာပဲ အားဟုန် ဟန်ကျိုးမြို့ကို ရောက်လာခဲ့ပြီး ဖီးနစ် နိုက်ကလပ်မှာ ဝိတ်တာတစ်ယောက်အနေနဲ့ ဝင်လုပ်ခဲ့တယ် ….”

“ အမျိုးသားတွေရဲ့ မရေမတွက်နိုင်အောင် အနိုင်ကျင့်နှိပ်စက်တဲ့ ဒဏ်တွေကို ခံစားခဲ့ပြီးတဲ့နောက်မှာ အားဟုန်က လူလူချင်း ‘ရင်းနှီးမှု’ ဆိုတဲ့ အရာကိုတောင် မယုံကြည်တော့ဘူး … ယောက်ျားတွေက သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ အတွေးဆိုရင်တော့ ပြောတောင် မနေနဲ့တော့ …..”

“ အဲ့ဒါကြောင့် … ကျန်းတာမောက် သူ့ကို ဘယ်လောက်ပဲ မြှူဆွယ်ဖျားယောင်ပါစေ၊ အားဟုန် ငြင်းဆန်ခဲ့တာပဲ …”

“ အတုအယောင်ဆန်တဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာ အလုပ်လုပ်တယ်ဆိုပေမယ့် အားဟုန်က တစ်ခြား အပိုဝန်ဆောင်မှုပေးတဲ့ ဘယ်လိုအလုပ်မျိုးမှ မလုပ်ဘူး …”

“ တစ်ခါကဆို အားဟုန်က ကတ်စတန်မာတစ်ယောက်နဲ့ အရက်အတူသောက်ပေးဖို့ ငြင်းတဲ့ ကောင်မလေးတစ်ယောက်ကိုတောင် ကူညီပေးခဲ့ပြီး အဲ့ဒီ မူးပြီး လက်သရမ်းနေတဲ့ ကတ်စတန်မာကိုတောင် မောင်းထုတ်ပေးခဲ့သေးတယ် …”

ချန်ယွီ့၏ အကြောင်းစုံ ပြောပြမှုအောက်တွင် လူတိုင်း၏ မျက်နှာထက်၌ သနားကြင်နာမှု၊ ကိုယ်ချင်းစာမှုတို့ဖြင့် ပြည့်နှက်လာခဲ့တော့၏။

ယခုအချိန်၌ လီချန်ကျွင်းသည် ချန်ယွီ့၏ ဆိုလိုရင်းကို နားလည်သွားခဲ့လေပြီ။

အားဟုန်မှာ အသက်ရှင်နေစဉ်က ဤမျှ ဒုက္ခအများအပြားကို ခံစားခဲ့ရသည်။ ခါးသီးလွန်း၍ စကားလုံးတစ်ချို့နှင့်ပင် ဖော်ပြ၍မရနိုင်။

သူမကို ခံစားချက်ကောင်းမွန်စေမည့် တစ်ခုတည်းသော အရာကတော့ သေပြီးသည့်နောက် တန်ပြန်လက်စားချေမှုသာ ဖြစ်ရင် ဖြစ်လိမ့်မည်။

“ အား ကပ္ပတိန် .. ကျွန်တော် ဗိုက်နာလာလို့ ဆေးရုံသွားဦးမယ် … “

ထိုအချိန်၌ အသင်းဝင်တစ်ယောက်က သူ့ဝမ်းဗိုက်ကို ရုတ်ချည်း ဖိနှိပ်ရင်း လီချန်ကျွင်းကို နာကျင်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် အသင်းဝင်တစ်ဦးက အင်မတန် ချဲ့ကားသည့် မျက်နှာအမူရာဖြင့် အော်ဟစ်လိုက်၏။ “ အား … ငါရောပဲ … ဗိုက်နာလိုက်တာ ….”

“ ငါတို့ ဒီည စားခဲ့တဲ့ အစားအသောက်ထဲမှာ တစ်ခုခုတော့ မှားနေပြီ … မင်းတို့ကောင်တွေလည်း ငါနဲ့အတူ ညစာစားခဲ့တာပဲ ဆေးရုံအတူသွားကြစို့ ….”

ဤစကားကြားတော့ နောက်ထပ်များပြားလှသည့် အသင်းဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် နာကျင်နေသည့် အမူအရာများကို ပြသလာခဲ့ကြသည်။

ကနေဦးတုန်းက စိတ်ခံစားချက် ဆိုးရွားနေသည့် လီချန်ကျွင်းမှာ သူ့အသင်းဝင်များ၏ ချဲ့ကားလှသည့် သရုပ်ဆောင်မှုများကို မြင်တော့ မည်သို့မျှ မနေနိုင်ဘဲ ရယ်မောမိသွားခဲ့သည်။

သူတို့၏ အတွေးသေးသေးလေးများကို မည်သူက မရိပ်မိဘဲ နေလိမ့်မည်နည်း။

“ မင်းတို့ကို ပေါက်ကရစားသောက်ဆိုင်တွေမှာ အစားကို လျှောက်မစားပါနဲ့လို့ အတန်တန် သတိပေးထားရဲ့သားနဲ့ အခုတော့ တာဝန်ချိန်ကြီး ဝမ်းလျှောပြီမလား …”

“ မြန်မြန် ဆေးရုံသွားကြ … မနက်ဖြန် အလုပ်လုပ်ရမှာ ….”

“ ကျန်တဲ့ မင်းတို့ကောင်တွေလည်း သူတို့နဲ့ ဆေးရုံလိုက်သွားကြ … တစ်ခုခုဆို ဆေးရုံမှာနေပြီး သူတို့ကို ကြည့်ပေးလို့ရတာပေါ့ …”

လီချန်ကျွင်းက စကားမပြောဘဲ နှုတ်ဆိတ်နေသည့် အသင်းဝင်များကို ကြည့်ပြီး ပြောလိုက်သည်။

ချက်ချင်းဆိုသလို အသင်းဝင်တစ်ချို့မှာ ဦးနှောက်ထဲ မီးလင်းသွားခဲ့ကြလေသည်။

ချန်ယွီ့နှင့် ကျန်းတာမောက်တို့၏ စကားဝိုင်း အသွားအလာမှတစ်ဆင့် သူ့စကားလုံးများနောက်ကွယ်တွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တစ်ချို့ကို ဖမ်းဆုပ်မိဖို့က မခဲယဉ်းပေ။

ညသန်းခေါင်ကျော်ပြီးနောက်တွင် သရဲမ ဖြစ်သွားခဲ့သည့် အားဟုန်က သူ့အသက်ကို ယူငင်ရန်အလို့ငှာ ရောက်လာပေလိမ့်မည်။

အကယ်၍ သူတို့သာ ဤနေရာတွင် ဆက်ရှိနေမည်ဆိုပါက ကျန်းတာမောက် ကယ်တင်ပေးဖို့ အကူအညီတောင်းသည်နှင့် ….

သူတို့တွေ ကယ်တင်ရမည်လော၊ သို့မဟုတ် ပစ်ထားရမည်လောဆိုတာကို ဒွိဟဖြစ်နေရလိမ့်မည်။

အကယ်၍ မကယ်တင်ဘူးဆိုပါကလည်း ဝတ်ထားသည့် ယူနီဖောင်းအပေါ် သစ္စာဖောက်ရာ ကျလိမ့်မည် ဖြစ်ပြီး အကယ်၍ ကယ်တင်ပေးပြန်လျှင်လည်း သူတို့၏ ကိုယ်ကျင့်တရား အသိစိတ်ကို ဆန့်ကျင်ရာ ကျလိမ့်မည်။

အားဟုန်မှာ အသက် ငါးနှစ် အရွယ်ကတည်းကစပြီး လောကငရဲကို ခံစားခဲ့ရ၏။ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံ၊ နှိပ်စက်ခံ၊ သစ္စာဖောက်ခံခဲ့ရသည်။

သူတို့တွေ လောကကြီးထဲ မရေမတွက်နိုင်သည့် ပျော်ရွှင်ဖွယ်ရာများနှင့် စိတ်မကောင်းဝမ်းနည်းဖွယ်ရာများကို မြင်တွေ့ဖူးပါသော်လည်း လူတစ်ယောက်က ဤမျှ ခါးသီးလှသည့် အခက်အခဲများကို တွေ့ကြုံခံစားခဲ့ရကြောင်း ကြားသိခဲ့ရသည်ကတော့ ပထမဆုံးအကြိမ်ပင်။

တစ်ဖက်က သူတို့၏ တာဝန်

တစ်ဖက်က သူတို့၏ ကိုယ်ပိုင် အသိစိတ် …

ရွေးချယ်ဖို့ ခက်ခဲလှ၏။ ထို့ကြောင့် မမြင်လျှင် မသိတော့ဘူးဆိုသည့် စကားအတိုင်း ဖြစ်ပျက်နေသည်များကို နောက်ကျောပေးထားလိုက်လျှင် သူတို့နှင့် ဘာဆိုင်တော့မည်နည်း။

ခေတ္တကြာပြီးသည့်နောက် ချန်ယွီ့တို့ သုံးယောက်ကလွဲပြီး ကျန်သည့် အသင်းသားများအားလုံးက ဆေးရုံသို့ ထွက်ခွာသွားခဲ့ကြသည်။

လီချန်ကျွင်းက ဘိလပ်မြေစက်ရုံကို ခံစားချက်တို့ ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။

“ ထူးဆန်းတယ် … အချိန်ဒီလောက်ကြာနေပြီကို ကျန်းတာမောက်က ဘာလို့ ထွက်မပြေးသေးတာ …”

လီချန်ကျွင်း၏ ရေရွတ်သံကို ကြားတော့ ချန်ယွီ့ နှာခေါင်းရှုံ့လိုက်၏။

“ အားဟုန်မရောက်လာမချင်း ကျန်းတာမောက် ဘယ်မှသွားလို့မရဘူး …”

“ ဒေါက်တာချန် … မင်း …..”

ဖန့်ကွမ်းက ချန်ယွီ့၏ ဆိုလိုရင်းကို ချက်ချင်းလက်ငင်း နားလည်သဘောပေါက်သွားခဲ့တော့သည်။ ထို့နောက် သူ့လက်ချောင်းကို ဆန့်တန်းပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်၏။

ချန်ယွီ့ ခပ်သာသာ ပြုံးလိုက်လေသည်။

နောက်တစ်နာရီဆို အားဟုန် ရောက်လာတော့မည်။

လူသတ်ပြီး အလောင်းကို ဖျက်စီးသည်က သည်းခံ၍ မရနိုင်သည့် ရာဇဝတ်မှုကြီး တစ်ခု ဖြစ်၏။

အကယ်၍ ဤသည်သာ ရှေးခေတ်အချိန်တုန်းကသာ ဖြစ်ခဲ့မည်ဆိုပါက ချန်ယွီ့သည် ကျန်းတာမောက်ကို အစိုးရလက်ထဲသို့ မလွဲမသွေ လွှဲအပ်မိမှာ အမှန်ပင်။

အပိုင်းတစ်ထောင် ခုတ်ထစ်ခံရခြင်း ဆိုသည်က စကားပုံ သပ်သပ်မဟုတ်ပေ။

ပြစ်ဒဏ်ပေးမှုပုံစံ တစ်မျိုးကိုလည်း ရည်ညွှန်း၏။

ရှေးခေတ်တွင် လူတစ်ဦးက နိုင်ငံတော် သစ္စာဖောက်မှု၊ လူသတ်မှု၊ အလောင်းဖောက်ဖျက်မှု စသည့် ဤသုံးခုထဲက တစ်ခုခုကို ကျူးလွန်ထားမိပြီဆိုလျှင် ဤသို့သော ပြစ်ဒဏ်မျိုးဖြင့် ဒဏ်ခတ်ခြင်း ခံရ၏။

နာရီလက်တံက တချပ်ချပ်နှင့် ရွေ့လျားနေပြီး ညသန်းခေါင်ရောက်ဖို့ ငါးမိနစ်သာလျှင် ကျန်တော့သည်။

“ အထဲဝင်ဖို့ အချိန်ကျပြီ …” ချန်ယွီ့ ဖုန်းထုတ်၍ အချိန်ကို တစ်ချက် စစ်ဆေးပြီး ပြောလိုက်သည်။

အခြားတစ်ဖက်ခြမ်းတွင်တော့ …

ဘိလပ်မြေစက်ရုံ ခြံဝန်းထဲရှိ အခန်းတစ်ခုထဲတွင်၊ ခရီးဆောင်အိတ်ကို သယ်ဆောင်ထားသည့် ကျန်းတာမောက်မှာ သူ့ ခြေထောက်နှစ်ချောင်းလုံး ခဲဆွဲသည့်နှယ် လေးလံနေသည်ကို ခံစားနေရသည်။

သူ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ခြေထောက်နှစ်ဖက်လုံးကို ရွေ့လျားဖို့ငှာ မစွမ်းသာချေ။

ဤသို့သော အခြေအနေက နာရီအတော်ကြာသည်အထိ ဆက်လက် ဖြစ်တည်နေလျက် ရှိ၏။

သူ အခန်းထဲသို့ ပြန်ရောက်ပြီး ပစ္စည်းများ သိမ်းဆည်းကာ ထွက်သွားတော့မည့် အချိန်၌ သူ့ခြေထောက်များ လုံးဝ ရွေ့လျားမရတော့သည်ကို ချက်ချင်းပဲ ခံစားမိလိုက်သည်။

ဝှစ် …

ပြင်းထန်သည့် လေတစ်ဝှေ့က တိုက်ခတ်လာခဲ့ပြီး မှန်ပြတင်းပေါက်များအားလုံး ရုတ်ချည်း ပွင့်ထွက်သွားခဲ့သည်။

အခန်းထဲရှိ အပူချိန်သည်လည်း အေးခဲမှတ်ရောက်သည်အထိကို ထိုးကျသွားခဲ့လေသည်။

တိုးညှင်းစွာ စကားဆိုနေသည့် အမျိုးသမီး တစ်ဦး၏ အသံက ကျန်းတာမောက်၏ နားထဲသို့ ရောက်ရှိလာသည်။

“ ကျန်းတာမောက် … ဒီအောက်မှာ အရမ်းအေးတာပဲ ….”

“ ရှင်ကျွန်မကို ချစ်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား … ကျန်းတာမောက် … လာပြီး ကျွန်မကို အဖော်လုပ်ပေးမယ်မလားဟင် ….”

ကြက်သီးထဖွယ်ရာကောင်းသည့် အမျိုးသမီး၏ အသံက ကျန်းတာမောက်၏ အသံကို ဆက်တိုက် ခေါ်ဆိုနေသည်။

ကျန်းတာမောက်၏ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး စိုစွတ်သွားပြီး ပူနွေးသည့် သေးစီးကြောင်းများက ဘောင်းဘီအောက်ခြေသို့ စီးကျလာခဲ့၏။

အားဟုန် သူ့အသက်ကို ယူငင်ဖို့ ဤနေရာသို့ ရောက်လာခဲ့လေပြီ။

ကျန်းတာမောက် မျက်လုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် စုံမှိတ်ထားချင်ခဲ့၏။

သို့သော် .. သူ့ခြေထောက်များ မရွေ့လျားနိုင်ရုံမျှမက ၊ မျက်လုံးပါ မှတ်မရတော့သည်ကို သတိပြုမိသွားခဲ့သည်။

ပြေပြစ်သည့် ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာဖျက်စီးခံထားရသည့် အမျိုးသမီးတစ်ဦးက လေထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

သူမက ကျန်းတာမောက်နှင့် တစ်မီတာ အကွာလောက်တွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။

All Chapters