← Chapters

မင်းရဲ့ မိဘတွေနဲ့ ပြန်ပေါင်းစည်းနိုင်မယ့် အခွင့်အ‌ရေး

Vol. 36 Ch. 353

မင်းရဲ့ မိဘတွေနဲ့ ပြန်ပေါင်းစည်းနိုင်မယ့် အခွင့်အ‌ရေး

Vol. 36 Ch. 353

သရဲမ အားဟုန် သူ့ရှေ့တွင် ပေါ်လာတော့ ကျန်းတာမောက် တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားခဲ့သည်။

အားဟုန်က သူမ မသေခင် အင်္ကျီအဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့၏။

အလောင်းကို မဖျက်စီးမီ ကျန်းတာမောက်သည် အပြင်လူများက ရှာတွေ့သွားမှာကို စိုးရိမ်ပြီး အားဟုန်၏ အဝတ်အစားများအားလုံးကို မီးရှို့ပစ်ခဲ့သည်။

“ အားဟုန် … ငါ … ငါ မှားသွားပါတယ် … ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ ….”

“ ငါ မင်းကို သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး … အဲ့တုန်းက … အဲ့တုန်းက ဒီတိုင်း မင်းကို ပိုင်ဆိုင်ချင်ရုံ သပ်သပ်ပါ … ငါ … ငါ တကယ်ပဲ မင်းကို သတ်ဖို့ မရည်ရွယ်ပါဘူး ….”

“ ဒါတွေ အကုန်လုံးက ဆေးရောင်းသမားရဲ့ အမှားပဲ … အီသာက ဒီလောက်ထိ ပြင်းတဲ့ ဆေးလို့ ငါ့ကို သတိမပေးခဲ့ဘူး …”

“ တကယ်လို့ ငါသာ ကြိုသိခဲ့ရင် ငါ့ကို သေအောင်ရိုက်သတ်ရင်တောင် အဲ့လိုမျိုး မလုပ်ပါဘူးကွာ ….”

“ မင်း သေသွားတော့ ငါ တော်တော်ကြီး ဝမ်းနည်းနေခဲ့တာ … နေ့တိုင်းနေ့ မင်းကို သတိရနေခဲ့တာ ….”

“ အတိတ်တုန်းက မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာတွေကို ထောက်ထားပြီး ငါ့ကို ခွင့်လွှတ်ပေးပါကွာ …..”

“ ငါ မင်းကို ခမ်းခမ်းနားနားနဲ့ သင်္ဂြိုလ်ပေးပါ့မယ်လို့ ကတိပေးပါတယ် … အိမ်မှာလည်း စင်လုပ်ပြီး ဆီမီးအမွှေးတိုင် ၊ ပူဇော်သက္ကာတွေနဲ့ ပူဇော်ပေးပါ့မယ် …. ငွေစက္ကူတွေလည်း အများကြီး မီးရှို့ပေးပါ့မယ် ….”

ခြေထောက်လည်း မရွေ့နိုင်၊ မျက်လုံးလည်း မမှိတ်နိုင်၊ သူ့ကိုယ်သူ သေရတော့မှာကို သိနေသည့် ကျန်းတာမောက်သည် စကားတွေ ဗလုံးဗထွေးပြောပြီး အားဟုန်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတော့၏။

သူ တကယ်ပဲ သူမကို သတ်ဖို့ မရည်ရွယ်ခဲ့ကြောင်း ကျိန်ဆိုနေသည်။

အကုန်လုံးက ဆေးရောင်းသမား၏ အမှားဖြစ်၏။

သူ့ကို ရောင်းပေးစဉ်က လူတစ်ဦးကို သတိလစ်သွားစေရုံသာ ရှိသည်ဟု ပြောဆိုခဲ့သည်။

သို့သော် ထိုဆေးက လူသတ်နိုင်သည်ကိုတော့ မပြောခဲ့။

ကျန်းတာမောက်၏ မိသားစုတွင် သက်ကြီးရွယ်အိုများ၊ ကလေးများ ရှိပြီး သူသာ ဖမ်းခံလိုက်ရမည်ဆိုပါက တစ်မိသားစုလုံး ပြိုလဲသွားလိမ့်မည်။

သူ့မိသားစုကို ဆက်လက် ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက် သူ့အသိစိတ်နှင့် ဆန့်ကျင်ပြီး အားဟုန်၏ အလောင်းကို ဖျက်စီးပစ်ခဲ့၏။

အမှန်တော့ သူလည်း ထိုသို့ မဖျက်စီးချင်ပေ။

ယင်းတို့က အားဟုန်သတ်ခဲ့သည့် အလုပ်သမား လေးဦး၏ အကြံဉာဏ်သာ ဖြစ်၏။

“ ခစ်ခစ်ခစ်ခစ် …..”

လေထဲတွင် အားဟုန်က စူးစူးဝါးဝါး အသံဖြင့် အော်ဟစ် ရယ်မောလိုက်ပြီး သူမ၏ ပျက်ယွင်းနေသည့် မျက်နှာထက်မှ သွေးများ စီးကျလာသည်။

သွေးများ ကြမ်းပြင်ထက်သို့ တတောက်တောက် စီးကျနေသည့် အသံက ကျန်းတာမောက်၏ ရင်ဘက်ကြီးကို တူအကြီးကြီးဖြင့် ထုနှက်နေသည့်နှယ် ခံစားနေရတော့သည်။

နောက်တစ်စက္ကန့်၌ အားဟုန်၏ တစ်ကိုယ်လုံးတွင် သွေးရောင်မြူအလွှာက ဝန်းရံသွားပြီး လက်နှစ်ဖက်ရှိ လက်သည်းများကလည်း ရှည်လျားကြီးထွားလာသည်။

“ မကောင်းဆိုးဝါးကောင် … ငါ နင့်ဗိုက်ကို ဖောက်ပြီး နင့် နှလုံးကို ယူကြည့်ဦးမယ် …”

“ နင့်နှလုံးက အနီရောင်လား ၊ အမည်းရောင်လားဆိုတာ သိရတာပေါ့ ….”

သူမ စကားဆုံးသည်နှင့် အားဟုန်၏ ဆံပင်တို့က ရှည်လျားလာသည်။

ရှည်လျားသည့် ဆံနွယ်တို့က ကြာပွတ်တစ်ချောင်းနှယ် ကျန်းတာမောက်၏ လည်ပင်းသို့ ရစ်ပတ်သွားခဲ့၏။

“ ငါ့ … ကို လွှတ် ပေး ပါ … ငါ မှားမှန်း သိပါပြီ …. “

“ ငါဘာမဆို လုပ်ပေးပါ့မယ် …”

ကျန်းတာမောက် အသံကို ဖျစ်ညှစ်၍ ပြောလိုက်ပြီး သူ့တစ်ကိုယ်လုံးက အားဟုန်၏ ရှည်လျားသည့် ဆံပင်များဖြစ် ရစ်ပတ်ခြင်း ခံထားရကာ လေထဲတွင် တွဲလောင်းဖြစ်နေသည်။

အားဟုန် လက်ဆန့်တန်းလိုက်၏။ လက်ဆယ်ချောင်းထက်ရှိ လက်သည်းများက သင်တုန်းဓားနှယ် ထက်မြိနေသည်။

အားဟုန် ကျန်းတာမောက်၏ အသည်းနှလုံးကို ထိုးဖောက်ထုတ်ယူတော့မည့် အချိန်မှာပဲ အခန်းတံခါးမှာ ရုတ်ချည်း တွန်းပွင့်လာခဲ့၏။

ချက်ချင်းဆိုသလို အားဟုန်က ဦးခေါင်းကို ၁၈၀ ဒီဂရီလှည့်ပြီး ကြည့်လာသည်။

အငြှိုးကြီးသည့် မျက်ဝန်းများဖြင့် ဖိတ်ခေါ်မထားသည့် ဧည့်သည်များဘက်သို့ လှည့်ကြည့်လိုက်သည်။

“ လခွမ်း ….”

လီချန်ကျွင်း ပင့်သက်ရှိုက်မိသွားခဲ့၏။

ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းမျိုးစုံကို သူ မြင်တွေ့ဖူးသော်လည်း ခန္ဓာကိုယ် အရှေ့ဘက် မျက်နှာမူထားသည့် သရဲမတစ်ကောင် ခေါင်းနောက်လှည့်လာသည်ကိုတော့ သူ မမြင်တွေ့ဖူးသေးပေ။

ဤသည်က သောက်ရမ်း ကြောက်ဖို့ကောင်းလွန်းလှသည်။

“ ငါ လက်စားချေတာကို ဟန့်တားတဲ့လူ ဘယ်သူမဆို သေမယ် ….”

အားဟုန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူမ၏ လျှာကလည်း ချက်ချင်း ရှည်မျှောလာခဲ့သည်။

လေးညှို့မှ ပစ်ခွင်းလိုက်သည့် မြားတစ်ချောင်းနှယ် ယင်းလျှာ အရှည်ကြီးက ချန်ယွီ့၏ နဖူးတည့်တည့်ထိုး ပြေးဝင်လာသည်။

ချန်ယွီ့ ညာဘက်လက်ကို သာမန်လျှံကာ ဝှေ့ယမ်းလိုက်၏။

လေပေါ်ရောက်နေသည့် အားဟုန်နှင့် ကျန်းတာမောက်တို့ နှစ်ဦးလုံး ကြမ်းပြင်သို့ ပြုတ်ကျလာသည်။

ချန်ယွီ့ထံသို့ ပစ်ခွင်းလာသည့် ရှည်မြောမြော လျှာကြီးကလည်း အားဟုန်၏ ပါးစပ်ထဲသို့ စပရိန် တစ်ခုနှယ် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

“ အထင်မလွဲပါနဲ့ … ငါ ဒီရောက်လာတာက မင်းလက်စားချေတာကို ဟန့်တားဖို့ မဟုတ်ပါဘူး … ဒီတိုင်း မင်းနဲ့ စကားနည်းနည်း ပြောချင်ရုံပါ ….”

ချန်ယွီ့ မည်မျှ အင်အားကြီးသည်ကို မျက်မြင်ကြုံတွေ့ပြီး … သူမ၏ လက်စားချေမည့် အစီအစဉ်ကို ဟန့်တားဖို့လည်း ရည်ရွယ်ချက်မရှိကြောင်း ကြားသိလိုက်ရတော့ အားဟုန် မျက်ဝန်းထဲရှိ နီမြန်းသည့် သွေးရောင်တို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

မျက်နှာထက်ရှိ ရက်စက်ကြမ်းကြုတ်မှုတို့ကလည်း သိသိသာသာ လျော့ပါးသွားခဲ့လေသည်။

“ မာစတာ … ကျွန်တော့်ကို ကယ်ပေးပါဦး ….”

“ ဒီသောက်သရဲမကို မောင်းထုတ်ပစ်ပေးစမ်းပါ … သူ့ကို ခပ်ကြမ်းကြမ်း အပြစ်ပေးပစ်လိုက်စမ်းပါ ….”

“ ငါ့အသက်ကို ကယ်ပေးသရွေ့ ငါ့ပိုင်ဆိုင်တဲ့ ငွေတွေအကုန်လုံး မင်းကို ပေးလို့ရတယ် …”

“ ငါ့ကို ထောင်ဘယ်နှနှစ်ပဲ ချချ ကိစ္စမရှိဘူး … ငါ အခုချက်ချင်း ထောင်ထဲ ဝင်ပေးလို့လည်း ရတယ် ….”

ချန်ယွီ့၏ ဝိဉာဏ်စွမ်းအားအောက်တွင် အားဟုန်၏ သရဲစွမ်းအင်က ထက်ဝက်ခန့်မျှ လျော့ကျသွားခဲ့ပြီး ကျန်းတာမောက်မှာ ယာယီလွတ်လပ်ခွင့် ရရှိသွားခဲ့လေသည်။

အောက်စီဂျင်ကို အမောတကောရှူရှိုက်ရင်း ကြမ်းပြင်သို့ ဒူးထောက်ကာ ချန်ယွီ့ထံသို့ တောင်းပန်ခယနေတော့၏။

အကြောင်းအရင်းတစ်ချို့ကြောင့် ကျန်းတာမောက်၏ ခြေထောက်များက ပြန်လည် ရွေ့လျားနိုင်သွားခဲ့လေသည်။

ဖန့်ကွမ်းနှင့် လီချန်ကျွင်းတို့ကတော့ ကျန်းတာမောက်ကို မသတီစွာ ကြည့်လိုက်ကြသည်။

ချန်ယွီ့က ကျန်းတာမောက်၏ အပြုအမူများကို လျစ်လျူရှုထားပြီး အားဟုန်ထံသို့ ပြောလိုက်၏။ “ မင်း သူ့ကို လက်စားချေပြီးတာနဲ့ အရင်က မင်းကို အနိုင်ကျင့်ခဲ့တဲ့လူတွေကိုလည်း အလွှတ်ပေးဖို့ အစီအစဉ် မရှိဘူးမလား ….”

ဤစကာကြားတော့ လီချန်ကျွင်း၏ နှလုံးခုန်နှုန်းတို့ မြန်ဆန်သွားခဲ့သည်။

သူတို့ တွေးထင်ထားသည်မှာ ချန်ယွီ့က အားဟုန် လက်စားချေပြီးသည်အထိ‌ စောင့်ပြီး အားဟုန်၏ ဝိဉာဏ်ကို မြေအောက်လောကသို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည် ဟူ၍ပင်။

အသက်ရှင်စဉ်က ရိုးကုပ်နာခံခဲ့သည့် အားဟုန်မှာ သေလွန်ပြီးနောက်မှတော့ သူမ၏ အကျင့်စရိုက်က သွေးရူးသွေးတမ်း ဆန်သွားခဲ့၏။

စစချင်းတုန်းကတော့ ကျန်းတာမောက်နှင့် အပေါင်းအပါများကို လက်စားချေရုံမျှလောက် ဆိုသော်လည်း နောက်ပိုင်းတွင် အတိတ်က သူမအပေါ် အနိုင်ကျင့်ခဲ့သူများကိုလည်း လက်စားချေချင်လာသည်။

ဤသည်ကို ကြားတော့ ကျန်းတာမောက်၏ မျက်လုံးတို့ ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး အော်ဟစ်လိုက်၏။ “ အားဟုန် မကောင်းဆိုးဝါး ဖြစ်သွားပြီ … မာစတာ … မင်း သူ့ကို စိတ်တိုင်းကျ လုပ်ခွင့် ပြုလိုက်လို့ မဖြစ်ဘူးနော် ….”

“ အားဟုန်ကို ဒီနေ့ ခွင့်လွှတ်ပေးလိုက်ရင် နောင်ကျ လူတွေ အများကြီးကို ဆက်သတ်လာလိမ့်မယ် ….”

“ မင်းရဲ့ တာဝန်က နတ်ဆိုးတွေကို နှိမ်နင်းပြီး တရားမျှတမှုကို ထိန်းသိမ်းဖို့ မဟုတ်ဘူးလား …..”

“ ငါက ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ် … အဲ့အတွက် ဥပဒေရဲ့ အပြစ်ပေးမှုကို လက်ခံဖို့ အဆင်သင့်ပဲ …”

“ မင်း သူ့ကို သတ်ခွင့်ပြုလိုက်ရင် မင်းလည်း သူနဲ့အတူ ကြံရာပါ ဖြစ်လာမှာပဲ ….”

သူ သေရတော့မည်ကို သိနေသဖြင့် ကျန်းတာမောက်သည် ချန်ယွီ့ကို ကိုယ်ကျင့်တရားနှင့် ဖိအားပေး အကြပ်ကိုင်လာတော့သည်။

ဥပဒေက မည်သို့ ဆုံးဖြတ်စေကာမူ သူ အပြစ်ကို ခံယူဖို့ ဆန္ဒရှိသည်။

သို့သော်လည်းပဲ … အကယ်၍ ချန်ယွီ့ကသာ သရဲမကို သူမ၏ စွမ်းအားများဖြင့် ထင်ရာစိုင်းခွင့် ပြုလိုက်မည်ဆိုပါက ချန်ယွီ့သည်လည်း ကြံရာပါ တစ်ဦး ဖြစ်လာပြီး ရာဇဝတ်သား တစ်ဦး ဖြစ်လာပေလိမ့်မည်။

“ ဟားဟားဟား …..”

ချန်ယွီ့ အေးစက်စက် ရယ်မောလိုက်ပြီး “ လူကြီးမင်းကျန်း …. ခင်များတော့ အမှတ်မှားနေပြီ ထင်ပါရဲ့ …”

“ ကျုပ်က ခင်များပြောတာတွေ တစ်ခုမှ မဟုတ်ဘူး … ဒီတိုင်း စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးပဲ ….”

“ ပြီးတော့ … လောကကြီးထဲ တစ္ဆေသရဲတွေဆိုတာလည်း မရှိပါဘူး ….”

“ ခင်များ မြင်နေရတဲ့ သရဲဆိုတာ ခင်များရဲ့ အပြစ်ရှိစိတ်က ဖန်တီးနေတဲ့ ထင်ယောင်ထင်မှား ပုံရိပ်သပ်သပ်ပဲ ….”

ကျန်းတာမောက် တစ်ခုခု ထပ်ပြောချင်သော်လည်း လည်ချောင်းဝမှာတင် အသံပျောက်သွားပြီး မည်သည့်စကားမျှ ပါးစပ်ထဲက ထွက်ကျမလာတော့ချေ။

“ နင်က ပရောဂဆရာ မဟုတ်ဘူးပေါ့ …”

အားဟုန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

စောနက ချန်ယွီ့ သာမန်လျှံကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အားဟုန်မှာ ပြင်းထန်လှသည့် အင်အားတစ်ရပ်၏ တိုက်ခိုက်မှုကို ခံစားလိုက်ရ၏။

ယင်းက သူမမှာ ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးထဲ လှေငယ်လေးတစ်စင်းဖြစ်ပြီး ချန်ယွီ့ကတော့ ယိမ်းထိုးနေသည့် ဧရာမ လှိုင်းလုံးကြီးများ ဖြစ်နေသကဲ့သို့ပင်။

အကယ်၍ လှိုင်းပုတ်လာပါက အားဟုန်မှာ အစအနလေးပင် ကျန်ရစ်လိမ့်မှာ မဟုတ်ပေ။

“ ငါ စောစောတုန်းက ပြောခဲ့သလိုပဲ ….” ချန်ယွီ့ ခေါင်းခါယမ်းရင်း “ ငါက ဒီတိုင်း စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်ပဲ … ငါ ဒီလာတာ မင်းကို ဆေးကုပေးဖို့ …”

“ ငါ့ကို ဆေးကုဖို့လား ….”

အားဟုန်မှာ လုံးဝ မှင်သက်သွားခဲ့တော့သည်။

ချန်ယွီ့ ပြောနေသည်များကို သူမ လိုက်လို့မမီတော့ချေ။

သူမကို အမှုန့်ကြိတ်နိုင်သည့် ခွန်အားများကို ပိုင်ဆိုင်ထားသည့် ချန်ယွီ့က သာမန်လူမဟုတ်သည်မှာတော့ ကျိန်းသေသည်။

ယခု … သူက သူမကို ဆေးကုပေးမည်ဟု ပြောလာနေတော့၏။

အားဟုန်ဆိုတာ သရဲဖြစ်လာနေပြီးတဲ့သူလေ … ဘယ်နားက ဘယ်လို ဆေးကုပေးမှာလဲ …

“ တကယ်လို့ ‘ ဆေးကုပေးတယ်’ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်ရင် …” ချန်ယွီ့ ထူးမခြားနားသည့် အမူအရာဖြင့် “ နားလည်လွယ်တာနဲ့ ပြောင်းပြောပေးမယ် …”

“ ငါ မင်းနဲ့ အပေးအယူ တစ်ခု လုပ်ချင်တယ် …”

“ ဘာ အပေးအယူလဲ …”

အားဟုန် လွှတ်ခနဲ မေးမြန်းမိသွား၏။

“ အဲ့ဒီ .... မင်းကို အတိတ်မှာ အနိုင်ကျင့်ခဲ့တဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့မှ … တစ်ယောက်ယောက်က သူတို့ကို ကိုင်တွယ် အရေးယူလိမ့်မယ် …”

“ မင်းရဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးပြီးတာနဲ့ မင်းကို လူဝင်စားနိုင်အောင် လုပ်ပေးမယ် ….”

“ ပြီးတာနဲ့ မင်းမိဘတွေနဲ့ အတူပေါင်းစည်းနိုင်ဖို့အတွက် ၂၃ နှစ် အချိန်ပေးမယ် …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ထပ်ပေါင်း ပြောလိုက်၏။ “ မင်း အသက်ရှင်နေတုန်းက နာကျင်ဖွယ်ရာ ကောင်းလွန်းလှတဲ့ အတွေ့အကြုံတွေကြောင့် မင်း မိဘတွေနဲ့ပတ်သက်ပြီး အဖိုးတန်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ဆုံးခဲ့ရတယ် …”

“ အခုဆို မင်း အကုန်လုံး ပြန်မှတ်မိနေပြီမလား ….”

အားဟုန် မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပဲ ဖန့်ကွမ်းသည် ချန်ယွီ့ကို မွန်းစတားတစ်ကောင်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်ရှုလာခဲ့တော့၏။

All Chapters