← Chapters

မြေအောက်လောကနှင့် ဆက်သွယ်ခြင်း ၊ ဤဘဝ၏ ကံကြမ္မာနှင့် ချိတ်ဆက်ခြင်း

Vol. 36 Ch. 354

မြေအောက်လောကနှင့် ဆက်သွယ်ခြင်း ၊ ဤဘဝ၏ ကံကြမ္မာနှင့် ချိတ်ဆက်ခြင်း

Vol. 36 Ch. 354

လူတို့ဆိုရိုးရှိသည့်အတိုင်း လူတစ်ဦး၏ သေဆုံးမှုက အသက်ဝိဉာဏ်မီးအိမ် ချုပ်ငြိမ်းသွားခြင်းပင်။

သေဆုံးမှုနှင့်အတူ လောကထဲရှိ အရာအားလုံး ကွယ်ပျောက်သွားရမည်။

ကိုယ်က ငရဲကို သွားပြီး မုန့်ပိုစွပ်ပြုတ်ကို သောက်ရင်း မွေးဖွားခြင်း စက်ဝန်းထဲသို့ ပြန်လည်ဝင်ရောက်ရမည်။

အကယ်၍ ပြန်လည်မွေးဖွားလာမည်ဆိုပါက မိမိမှာ အခြားလူတစ်ဦး ဖြစ်သွားခဲ့မှာဖြစ်၏။

ယခင် ဘဝက မိဘများနှင့် ဆုံစည်းဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

ချန်ယွီ့ အဖြူရောင် မုသားများ ပြောဆိုနေခြင်း ဖြစ်မည်ဟု ဖန့်ကွမ်း ယုံကြည်သွားခဲ့၏။

အားဟုန်ကို အစွဲချွတ်ချင်ပြီး နောက်ထပ် လူတွေ အများကြီး သတ်မှာကို ကာကွယ်လိုသောကြောင့် ဖြစ်လိမ့်မည်။

အကယ်၍ သူမသာ တောက်လျှောက်သတ်ဖြတ်နေမည်ဆိုပါက အားဟုန်သည် နတ်ဆိုးဝိဉာဏ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

ထိုအခါ ပရောဂဆရာများ၏ အမဲလိုက်ခြင်းကို ခံရနိုင်လေသည်။

ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက လူဝင်စားဖို့ မပြောနှင့် သူမ၏ ဝိဉာဏ် ဖျက်စီးမခံရလျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။

“ နင် လိမ်နေတာ …”

အားဟုန် ခေတ္တမျှ ကြက်သေသေသွားသော်လည်း ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ ငါ့မိဘတွေနား ရောက်အောင် ပို့ပေးဖို့ဆို မဖြစ်နိုင်ဘူး … နင် ညာနေတာ …”

လူတစ်ဦးက သရဲအဖြစ်သို့ ကူးပြောင်းသွားတာနဲ့ပဲ သူတို့တွင် ဉာဏ်ရည်မရှိတော့ဟု မဆိုလိုပေ။

အားဟုန် အသက်ရှင်စဉ်က ရည်ရွယ်ချက်ရှိရှိ မေ့ပျောက်ထားခဲ့သည့် မှတ်ဉာဏ်များအားလုံး ယခုအခါ ပြန်လည် ရရှိသွားခဲ့ပြီ ဖြစ်၏။

သူမ၏ မွေးရင်းမိဘများကို မှတ်မိရုံမျှမက လက်စားချေမှုလည်း ပြုလုပ်ချင်သည်။

မည်သို့ပင်ဆိုစေကာမူ သူမက သေဆုံးပြီးသည့်လူ တစ်ယောက် ဖြစ်သည်။ မည်သည့်ဆုံးရှုံးစရာတို့မျှ မရှိချေ။

အတိုင်းမဲ့ ကြီးမားလွန်းသည့် စွမ်းအားများဖြင့် သူမကို ယခင်က အနိုင်ကျင့်ခဲ့သည့်လူတိုင်း ပြန်ပေးဆပ်စေရမည်။

သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ။

ဖန့်ကွမ်း၏ မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာကို မြင်တော့ အားဟုန်သည် ချန်ယွီ့ သူမကို လိမ်ညာနေကြောင်း ပိုလို့ပင် သေချာသွားခဲ့တော့သည်။

အကယ်၍ သူ့တွင်သာ အမှန်တကယ် ထိုသို့ လုပ်နိုင်သည့် အစွမ်းအစ ရှိမည်ဆိုပါက သူ့ဘေးရှိ အဖော်က အဘယ်ကြောင့် မယုံကြည်နိုင်သည့် အမူအရာမျိုးဖြင့် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေလိမ့်မည်နည်း။

“ မင်းကို ကိုင်တွယ်ဖို့ဆိုတာ ငါ့အတွက် လက်ဖဝါးလေး မှောက်လှန်သလောက်ကို လွယ်တယ် …” ချန်ယွီ့ ခါးသက်စွာ ပြုံးလိုက်ရင်း “ မင်းကို အားသုံးပြီးတော့တောင် အောက်ကို ပြန်ပို့လို့ရတယ် … မင်းငါ့အပေါ် ယုံကြည်လာအောင် လှည့်စားဖို့တောင် မလိုဘူး ….”

“ မင်းရဲ့ ဘဝက သိပ်ကို ခါးသီးလွန်းခဲ့တယ် … ငါ ဒီလိုတွေ လုပ်နေတာကလည်း မင်းကို ကူညီချင်လို့ပဲ …”

“ တကယ်လို့ မင်း အဲ့လူတွေ အကုန်လုံးကို သတ်လိုက်မယ်ဆိုရင် … ငါ့အရည်အချင်းတွေ အားလုံးကို အစွမ်းကုန် အသုံးချမယ်ဆိုရင်တောင် မင်းမိဘတွေနဲ့ တွေ့ပေးဖို့ မဖြစ်နိုင်တော့ဘူး ….”

“ တော်သင့်သလောက် လုပ်ပြီးရင် တော်ပြီပေါ့ …”

“ မင်း အပေါ် ရက်စက်ခဲ့တဲ့လူတိုင်း သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံစားစေရမယ်လို့ ငါ့ဘက်က ကတိပေးတယ် ….”

“ မင်းနဲ့ မင်းရဲ့ မွေးရင်းမိဘတွေကိုလည်း နောက်ထပ် ၂၃ နှစ်ကြာ ဆုံစည်းနိုင်ဖို့ ငါ့ဘက်က စီစဉ်ပေးမယ် …”

အားဟုန်၏ မျက်နှာအမူအရာမှာ မရေမရာ ဖြစ်သွားခဲ့၏။ ချန်ယွီ့ကို ယုံကြည်ရမှန်းမသိ၊ မသေချာနိုင်ဘဲ ဖြစ်နေသည်။

သို့သော် သူမကို ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အမှုန့်ကြိတ်နိုင်စွမ်းရှိသည့် ချန်ယွီ့က အဘယ်ကြောင့် လေကုန်ခံပြီး လိမ်ညာရမည်နည်း။

သို့ပေမယ့်လည်း လူသားနှင့် တစ္ဆေတို့က လမ်းချင်းမတူကြပေ။

ချန်ယွီ့က မည်သည့်နည်းလမ်းကို အသုံးပြုပြီး သူမ၏ မိဘများနှင့် ဆုံစည်းခွင့် ဖန်တီးပေးမည်နည်း။

“ အရင်ဆုံး စဉ်းစားကြည့်လိုက် … ငါတို့ ဘိလပ်မြေစက်ရုံ ဝင်ပေါက်ဝမှာ ရှိနေမယ် ….”

“ နာရီဝက်ဆို လုံလောက်တယ်မလား ….”

ဤစကားများ ပြောဆိုပြီးနောက် ချန်ယွီ့က ဖန့်ကွမ်းနှင့် လီချန်ကျွင်းကို သူ့နောက်သို့ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။

“ ဒေါက်တာချန် … အားဟုန် ထွက်တော့ မပြေးသွားလောက်ပါဘူးမလား …” ဘိလပ်မြေ စက်ရုံထဲက ထွက်လာခဲ့ပြီးနောက် လီချန်ကျွင်းက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

“ သူ ပြေးမှာ မဟုတ်ဘူး ….”

ယခုအချိန်၌ ကျန်းတာမောက်မှာ အားဟုန်၏ လက်စားချေမှုဒဏ်ကို ခံစားနေရ၏။

ကျန်းတာမောက် အပိုင်းပိုင်း အစစ ဖြစ်သွားသည်နှင့် အားဟုန်ရင်ထဲရှိ အာဃာတတရားတို့ကလည်း တစ်ဝက်ခန့်မျှ လျော့ကျသွားလိမ့်မည်။

ထိုအခါ သူ့စကားလုံးများကို ပြန်ပြီး သုံးသပ်စဉ်းစားဆင်ခြင်ပေမည်။

အားဟုန် ဉာဏ်ရှိသည့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိမ့်မည်ဟု ချန်ယွီ့ တပ်အပ်ကျ ယုံကြည်သည်။

ထိုသို့ မဟုတ်ပါဘဲ အားဟုန် အမှန်တကယ်ပဲ ထွက်ပြေးသွားမည်ဆိုပါကလည်း ချန်ယွီ့တွင် သူမကို ပြန်ပြီး ဆင့်ခေါ်နိုင်သည့် နည်းလမ်းတို့ ရှိ၏။

****

ဘိလပ်မြေစက်ရုံထဲရှိ အခန်းငယ်လေးထဲတွင် …

ကျန်းတာမောက်က အော်ဟစ်ငိုယိုရင်း အားဟုန်ထံမှ ခွင့်လွှတ်မှုကို တောင်းခံနေလျက် ရှိ၏။

အားဟုန် သူ့အား လွှတ်ပေးဖို့ ဆန္ဒမရှိသည်ကို သဘောပေါက်တော့ ကျန်းတာမောက်က အသံကုန်ဟစ်၍ အော်ဟစ် အကူအညီတောင်းနေသည်။

အားဟုန်၏ လက်တံတို့က ရှည်လျားကြီးထွားလာခဲ့ပြီး ကျန်းတာမောက်၏ လက်မောင်းကို မြဲမြံစွာ ဆုပ်ကိုင်လိုက်၏။

ဝက်ပေါ်သကဲ့သို့ အော်ဟစ်သံကြီးနှင့်အတူ သူ့လက်မောင်းနှစ်ဖက်လုံး အရင်းပိုင်းမှနေ၍ အားဟုန်၏ ဆွဲဖြုတ်ခြင်းကို ခံလိုက်ရ၏။

သွေးများက ရေပန်းတစ်ခုနှယ် ပန်းထွက်လာခဲ့ပြီး ကြမ်းပြင်နှင့် နံရံများသို့ စိတ္တဇပန်းချီကား လက်ရာတစ်ခုနှယ် ဖြန်းပက်သွားခဲ့သည်။

လက်မောင်းနှစ်ဖက် မရှိတော့သည့် ကျန်းတာမောက်မှာ နာကျင်စွာ အော်မြည်နေလျက် ရှိပြီး သူ့ခန္ဓာကိုယ်ကလည်း ကြမ်းပြင်ပေါ်၌ ဘယ်ညာတွန့်လိမ်နေသည်။

အားဟုန်ကတော့ သနားငဲ့ညှာမည့် အမူအရာကို ပြသခြင်းမရှိ။ အတိုင်းအဆမဲ့သည့် အမုန်းတရားတို့သာ သူမစိတ်ထဲ ကြီးစိုးနေလျက် ရှိ၏။

နောက်တစ်ကြိမ် သွေးများဖြန်းပက်သွားခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ကျန်းတာမောက်၏ ခြေထောက်များက ပေါင်ရင်းမှနေ၍ ဆွဲဖြုတ်ခံလိုက်ရသည်။

သူ့ခြေလက်အင်္ဂါအစိတ်အပိုင်းများက ခန္ဓာကိုယ်နှင့် တစ်ကွဲတစ်ပြားစီ ဖြစ်ပေါ်နေပြီး ကျန်းတာမောက်၏ အော်ဟစ်သံတို့ကလည်း နားကွဲမတတ် ကျယ်လောင်လာသည်။

အားဟုန်မှာ ကျန်းတာမောက်၏ မျက်နှာတည့်တည့် လေပေါ်တွင် ပျံဝဲနေလျက် ရှိပြီး ညာဘက်လက်ကို ဆန့်တန်း၍ ထက်ရှသည့် လက်သည်းများဖြင့် ကျန်းတာမောက်၏ နှလုံးရှိရာသို့ ထိုးစိုက်လိုက်၏။

တဒုတ်ဒုတ် ခုန်နေသည့် နှလုံးတစ်ခုက အားဟုန်၏ လက်ထဲသို့ အစိမ်းလတ်လတ် ပြန်ပါလာသည်။

ဒါဇင်မီတာအကွာအဝေးတွင် ရှိနေသည့် ချန်ယွီ့နှင့် အခြားသူများမှာ ကျန်းတာမောက်၏ နားကွဲမတတ် အော်ဟစ်အကူအညီတောင်းသံများကို အတိုင်းသား ကြားနေရ၏။

အော်ဟစ်သံတို့က နားစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေသော်လည်း ဖန့်ကွမ်းကတော့ အတော်လေး ကျေနပ်နေသည်။

“ ကောင်းတယ် …” ဖန့်ကွမ်း၏ ဘယ်ဘက်နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးတက်သွးခဲ့ပြီး “ အဲ့လို နှလုံးသားမဲ့တဲ့ကောင်တွေကို အဲ့လို အပိုင်းပိုင်းဆွဲဖြဲပြီး နှလုံးသားကို အဲ့လို တူးထုတ်ပစ်သင့်တာ …”

“ အဟွတ် အဟွတ် ဖန့်ကွမ်း … မင်း စကားကို ကြည့်ကြပ်ပြီး ပြောစမ်း … မင်းက အခု ငါတို့ အသင်းဝင်ဖြစ်နေပြီ … ကိုယ် ဘယ်သူဘယ်ဝါဆိုတာကိုလည်း သတိရဦး ….” လီချန်ကျွင်းက ချောင်းနှစ်ချက်ဟန့်ပြီး သတိပေးလိုက်သည်။

“ ခေါင်းဆောင် … ကျွန်တော် ပြောတာ ဘာများ မှားနေလို့လဲ ….”

“ ကျန်းတာမောက်က သေသင့်တဲ့ကောင် မဟုတ်လို့လား ….”

“ ဒီလိုကောင်မျိုးက ဒါမျိုးနဲ့ပဲ တန်တယ် …” ဖန့်ကွမ်းက အမှုမထားဘဲ ဆက်ပြောနေခဲ့၏။

“ မင်းကတော့လေ ….. “

လီချန်ကျွင်းက ဖန့်ကွမ်း၏ ပခုံးကို ပုတ်ပေးလိုက်၏။

ဒါပေါ့ … ကျန်းတာမောက်က သေသင့်တဲ့ကောင်ဆိုတာ သူလည်း သိတာပေါ့ …

ဒါပေမယ့် ယင်းက သူကျယ်လောင်စွာ ထုတ်ပြောသင့်သည့် အရာတော့ မဟုတ်ပေ။

“ မင်း သေချာ စဉ်းစားပြီးသွားပြီလား …”

မိနစ်အနည်းငယ်ကြာပြီးသည့်နောက် အားဟုန်က သူတို့သုံးယောက်ရှေ့တွင် ထွက်ပေါ်လာသည်။

“ စဉ်းစားပြီးပြီ … ဒီတစ်ခါတော့ ရှင့်ကို ယုံလိုက်မယ် …”

“ ကျွန်မကို ဖြေရှင်းဖို့ဆိုတာ ရှင့်အတွက် အလွယ်လေးပါ … ဒီတော့ ရှင့်အတွက် လိမ်စရာ အကြောင်းလည်း ရှိမှာမဟုတ်လောက်ပါဘူး ….”

“ ကျွန်မရဲ့ မိဘတွေနဲ့ ပြန်ပြီး ဆုံစည်းနိုင်အောင် ဘယ်လိုလုပ်ပေးမလဲဆိုတာ ကျွန်မ သိခွင့်ရှိမလား …” အားဟုန် တည်ငြိမ်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ အချိန်ကျရင် မင်းသိပါလိမ့်မယ် …”

အပြုံးတစ်ပွင့်က ချန်ယွီ့ မျက်နှာထက်တွင် တစ်ဖန်ထပ်ပြီး ပေါ်လာပြန်သည်။ ထို့နောက် သူ အားဟုန်ကို ကျော်ပြီး မလှမ်းမကမ်း တစ်နေရာရှိ အိမ်ထဲသို့ လှမ်းကြည့်လိုက်၏။

ညာဘက်လက်ကို မြှောက်ပြီး ရှေ့သို့ ညွှန်လိုက်သည်။

ဘုန်း …

အိမ်မှာ ချက်ချင်းဆိုသလို မီးစွဲ လောင်ကျွမ်းသွားခဲ့သည်။

“ ဒေါက်တာချန် … မင်းဘာတွေ လုပ်နေတာလဲ …” လီချန်ကျွင်းမှာ ချန်ယွီ့လက်ညှိုးညွှန်လိုက်ရာ အိမ်မီးလောင်သွားသည်ကို မြင်တော့ မျက်လုံးအပြူးသားနှင့် ရှော့ခ်ရစွာ မေးခွန်းထုတ်လိုက်သည်။

ချန်ယွီ့ လက်ညှိုးထိုးလိုက်သည်နှင့် အိမ်က မီးစွဲလောင်သွားသည်ဆိုတော့ ချန်ယွီ့ လက်ချက်ဖြစ်မည်မှာ မလွဲမသွေပင်။

“ မီးသတ်ကား ခေါ်လိုက် …” ချန်ယွီ့ ပြောလိုက်ပြီး “ ကျန်းတာမောက်ကလွဲရင် ဒီအိမ်ကြီးလည်း လောကကြီးထဲ ဆက်ရှိနေဖို့ မလိုတော့ဘူး ….”

“ စိတ်ချ … မီးက တစ်ခြားနေရာတွေကို မပျံ့စေရဘူး …”

အားဟုန်က ဤနေရာတွင် သတ်ဖြတ်ခံခဲ့ရသည်။

နောက်ပြီး ဘိလပ်မြေစက်ရုံထဲရှိ ကင်မရာများအားလုံးက အိမ်အတွင်းရှိ ကွန်ပျူတာနှင့် ချိတ်ဆက်နေသည်။

တစ်ချိန်တည်းတွင် အိမ်ထဲ၌ သူတို့၏ ခြေရာအများအပြား ကျန်ရစ်နေလျက်ရှိသည်။

အိမ်ကို ပြာချလိုက်ခြင်းက ပြဿနာ အများအပြားကို ဖြေရှင်းပြီးသား ဖြစ်စေသည်။

“ မင်း အရင် ထွက်သွားနှင့် … မင်းမိဘတွေနဲ့ ပြန်ဆုံစည်းဖို့ကိုတော့ ငါ နောက်မှ စီစဉ်ပေးမယ် …”

ချန်ယွီ့၏ ခန္ဓာကိုယ်ထဲမှာ ရွှေရောင်အလင်းတန်း တစ်ခုက ထွက်ပေါ်လာခဲ့ပြီး ယင်းရွှေရောင် အလင်းတန်းက မကြာမီမှာပဲ အားဟုန်၏ ဝိဉာဏ်ကို လွှမ်းခြုံသွားခဲ့သည်။

အားဟုန်၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့ပြီး လူတိုင်း၏ မျက်စိရှေ့မှောက်မှာပဲ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့တော့၏။

“ သူ‌ ငရဲရောက်သွားပြီလား ….” လီချန်ကျွင်းက မလှမ်းမကမ်းတွင် လောင်ကျွမ်းနေသည့် အိမ်ကို ကြည့်ရင်း မေးလိုက်သည်။

“ ရောက်သင့်ရောက်ထိုက်တဲ့ နေရာကို ရောက်သွားတာပါ …”

“ ကပ္ပတိန်လီ …” ချန်ယွီ့ ဘေးသို့လှည့်ပြီး “ မနက်ဖြန်ကျရင် ကျုပ်ရဲ့ ဆေးခန်းကို လာခဲ့ပေးဖို့ ဒုက္ခပေးရတော့မယ် … အခုတော့ ကျုပ် ပြန်ပြီး နားတော့မယ် …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ရှေ့သို့ ထွက်ခွာသွားခဲ့၏။

“ ငါဖန့်ကွမ်းနဲ့ လိုက်ပို့ခိုင်းလိုက်မယ် …” လီချန်ကျွင်းက အလျင်စလို ပြောလာသည်။

“ မလိုဘူး … ကျုပ်တစ်ယောက်တည်းပဲ ပြန်ချင်တယ် …”

ခေတ္တကြာပြီးနောက် ချန်ယွီ့က လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ချန်ယွီ့၏ လက်ရှိ ကျင့်ကြံမှု အဆင့်အရ အခြေခံ နေရာကူးပြောင်းမှုလောက်ကတော့ ပြုလုပ်နိုင်နေလေပြီ။

ချင်းရှန်းမြို့မှ မြစ်လမ်းသို့။

အသက်ရှူချိန် အနည်းငယ်လောက်သာ အချိန်ပေးရသည်။

ဆေးခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ချန်ယွီ့က စတိုခန်းထဲမှ အဝါရောင် စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။

သူ့လက်ချောင်းများက လေထဲတွင် ဝှေ့ဝဲနေပြီး တစ်စုံတစ်ရာကို စတင်ရေးသားနေသည်။

ဆုတောင်းစာက ကောင်းကင်ဘုံ၊ လူသားဘုံ၊ ငရဲဘုံကို ဆက်သွယ်ပေးသည့် တံတားတစ်စင်းဖြစ်သည်။

ဤသည်က တစ်ဆင့် ချန်ယွီ့သည် အားဟုန်ကို ပေးထားသည့် ကတိပေး ဖြည့်ဆည်းပေးမည်။ အားဟုန်ကို အထူးနည်းလမ်းဖြင့် လူဝင်စားစေပြီး သူ့မိဘများနှင့် ၂၃ နှစ်ကြာ ဆုံစည်းစေမည်။

သေးငယ်သည့် စက္ကူအပိုင်းအစလေး တစ်ခုက ချန်ယွီ့၏ ဝိဉာဏ်ချီ တော်တော်များများကို စုပ်ယူသွားခဲ့သည်။

အကယ်၍ ချန်ယွီ့၏ နယ်ပယ်သာ ရွှေအူတိုင် အဆင့်သို့ နီးကပ်နေခြင်း မရှိခဲ့ပါက အားဟုန်ကို ထိုသို့ ပြုလုပ်ပေးမည်ဟု ကြွားဝါဝံ့မှာ မဟုတ်ချေ။

ယခုတော့ … အားဟုန်လည်း သူမ မိဘများ ရှိရာထံ ပြန်လည်သွားရောက်နိုင်လေပြီ။

များမကြာမီ အဝါရောင် စက္ကူက ချန်ယွီ့လက်ထဲမှာပဲ သူ့အလိုလို မီးလောင်ကျွမ်းသွားခဲ့၏။

All Chapters