တကယ်လို့ သူတို့နှစ်ယောက် အတူနေချင်တယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ရှိဖို့လိုတယ်
Vol. 36 Ch. 359
ကြည့်ရှုသူများ၏ အတင်းတုပ်လိုစိတ်က လုံးဝ လျော့ကျသွားခြင်း မရှိပေ။
အားလုံးက အမျိုးသမီးနှစ်ဦး ကလေးကို အသုံးချပြီး ပိုက်ဆံအများကြီး ဘယ်လိုရှာကြမလဲဆိုသည့် နည်းလမ်းကို ဝေဖန် သုံးသပ်နေကြတော့၏။
မှန်းဆချက် အမျိုးမျိုးက စခရင်ပေါ်သို့ ရောက်လာခဲ့ပြီး [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို မျက်နှာတစ်ပြင်လုံး စိမ်းပုပ်သွားစေလေသည်။
[ သားရီး … မင်းအခု မင်းမိန်းမကောင်မလေးနဲ့ ညှိလိုက်ရင် ဟီးဟီး … အတွေးမမှားနဲ့ ]
[ ကလေးလိုချင်တယ်ဆိုလည်း ဒီတိုင်း တစ်ယောက်လောက် မွေးစားလိုက်လို့ရနေတာပဲကို သူတို့လုပ်ပုံက အရမ်း တစ်ကိုယ်ကောင်းဆန်တာပဲ ]
[ သူတို့က ယောက်ျားတစ်ယောက်ကို သေမင်းခံတွင်းဝရောက်အောင် ပို့ချင်နေကြတာ ]
[ မျိုးဆက်လေးရဖို့ကို မိသားစုကပါ ကူပြီး လိမ်လည်ပေးကြတာလားဟ … ]
[ ဒီညီကိုက အရမ်း သနားဖို့ကောင်းတာပဲ … ငါ ငါးမိနစ်ပဲ ရယ်မယ် ]
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]သည် ဦးထုပ်စိမ်း ဆောင်းခံရလိမ့်မည်ဟု သူ့တစ်သက်လုံး ဘယ်တုန်းကမျှ မတွေးမိခဲ့ချေ။
နောက်ပြီး သူ့ကို လာဆောင်းပေးသွားသည့်လူကလည်း ယောက်ျားတစ်ယောက်ပင် ဟုတ်မနေချေ။
“ လောကကြီးထဲ ဒီလောက် ရယ်ချင်စရာကောင်းတဲ့ ကိစ္စမျိုးက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ …”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]မှာ ကျင်းတစ်ကျင်းတူး၍ပင် ဝင်ပုန်းချင်စိတ် ပေါက်နေမိတော့၏။
သူ ချန်ယွီ့ထံ ရောက်လာပြီး အကူအညီတောင်းရခြင်းက သူ့ဇနီးကို စိတ်ကျန်းမာရေးပြဿနာ စစ်ဆေးဖို့ နားချလို၍ပင်။
သူ့မိန်းမနှင့် ယောက္ခမက ချစ်သူတွေ ဖြစ်နေကြလိမ့်မည်လို့တော့ အိပ်မက်ထဲပင် ထည့်မမက်ဖူးချေ။
“ တကယ်လက်တွေ့ဘဝဆိုတာ အမြဲတမ်း ပုံပြင် ဇာတ်လမ်းတွေထက် ပိုပြီး မျက်လှည့်ဆန်တယ် ….”
ချန်ယွီ့ ခံစားချက်တို့ ရှုပ်ထွေးနေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။
၎င်းနောက် ချက်ချင်း [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ မျက်နှာကို ကြည့်၍ “ မင်းရဲ့ ဇနီးက ဘာကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေရလဲဆိုတာ မင်း တော်တော် သိချင်နေတယ်မလား ….”
“ ပြီးတော့ … သူ့ထက် အသက်အများကြီး ပိုကြီးတဲ့ မိန်းမတစ်ယောက်နဲ့လေ ….”
“ သူ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာ ငါ တကယ်ပဲ နားကို မလည်နိုင်တာ …” [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က နာကျင်နေသည့် အမူအရာဖြင့် စကားဆိုလိုက်၏။
“ တကယ်လို့ သူက အမျိုးသမီးတွေကို နှစ်သက်တယ်ဆိုလည်း ဘာကြောင့် ငါ့ကို လက်ထပ်နေသေးလဲ …”
“ ကလေးတစ်ယောက် မွေးစားတယ်ဆိုတာက သူတို့နဲ့ သွေးသားဆက်နွယ်မှု ရှိမနေဘူး ….” ချန်ယွီ့ တည်ငြိမ်စွာ ခွန်းတုံ့ပြန်လိုက်ပြီး “ မင်းရဲ့ ဇနီးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မင်းရဲ့ ယောက္ခမပဲ ဖြစ်ဖြစ် ၊ မွေးစားထားတဲ့ အဲ့ဒီ ကလေးအပေါ် သံယောဇဉ်တွယ်တာမျိုး ရှိချင်မှရှိမှာ …”
“ ဒါပေမယ့် မင်းရဲ့ဇနီးက သူ့ဝမ်းနဲ့သူ လွယ်ပြီး မွေးမယ်ဆိုရင်တော့ မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြီ …. အဲ့ဒီကလေးမှာ မင်းမိန်းမရဲ့ သွေးတွေ စီးဆင်းနေတယ် … ”
“ မင်းရဲ့ဇနီး အမျိုးသမီးတွေအပေါ် နှစ်သက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ….”
“ ဒီတိုင်း သဘာဝအတိုင်း ဖြစ်လာတာလို့ပဲ ငါပြောလို့ရမယ် …”
ကြည့်ရှုသူများနှင့် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]မှာ ချန်ယွီ့စကားနောက်ကွယ်ရှိ အဓိပ္ပာယ်ကို အပြည့်အဝ မချေဖျက်နိုင်သေးခင်မှာပဲ ချန်ယွီ့က နောက်ထပ် ဗုံးအကြီးကြီး တစ်ခုကို ပစ်လွှတ်လိုက်ပြန်သည်။
“ တကယ်တော့ မင်းပြောတဲ့ ယောက္ခမမှာ ယောက်ျားရှိတယ် ….”
လခွမ်း …
ကြည့်ရှုသူများအားလုံး ဒိုပါမင်းတွေ ဆောင့်တက်ကုန်ကြသည်။
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ရဲ့ ယောက္ခမက ဒီလောက် လှည့်ကွက်တွေ အများကြီး စဉ်းစားနိုင်တာ မဆန်းတော့ပါဘူး …
လက်စသတ်တော့ ဝါရင့်သမ္ဘာရင့် ဖြစ်နေတာကိုး …
“ မင်းနဲ့ မင်းရဲ့ဇနီးတို့ အိမ်ထောင်ကျပြီးတဲ့အချိန် …” ချန်ယွီ့ စကားကို ဆက်ပြော၏။ “ မင်းရဲ့ ယောက္ခမက အိမ်မှာ နေတယ်ဆိုပေမယ့် လတိုင်း လတစ်ဝက်နီးပါးလောက်က အိမ်ကနေ ပျောက်နေတတ်တယ်မလား …”
“ သူကတော့ မာကျောက်ကစားရတာ နှစ်သက်တာကြောင့်လို့ ပြောတယ် … တစ်ခါတစ်လေ ညဉ့်နက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာပဲ ညအိပ်လိုက်တာ …”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ခေါင်းညိတ်လိုက်၏။
“ မဟုတ်မှလွဲရော ဒေါက်တာချန် … သူက အိမ်မှာ မရှိတဲ့အချိန် သူ့ယောက်ျားနဲ့ သွားနေနေတာများလား …”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]သည် သူ့ကိုယ်သူ အရူးတစ်ယောက်နှယ် ခံစားနေရ၏။
သူတို့တွေ ဤမျှ အချိန်အတော်ကြာသည်ထိ အတူနေလာပြီးသည့်တိုင် သူ့မိန်းမနှင့် ယောက္ခမ၏ ပုံမှန်မဟုတ်သည့် ဆက်ဆံရေးကို သတိမူမိခြင်း မရှိခဲ့ပေ။
ယောက္ခမဖြစ်သူ မကြာခဏ ပျောက်နေတတ်သည်ကိုလည်း လျစ်လျူရှုထားမိခဲ့လေသည်။
“ အမှန်ပဲ .. သူ့မှာ သူ့ယောက်ျားနဲ့ ကိုယ်ပိုင် မိသားစုလေးတစ်ခု ရှိတယ် ….”
“ သူ မင်းတို့အိမ်မှာနေတယ်ဆိုတာ တစ်စိတ်တစ်ပိုင်းက မင်းရဲ့ဇနီးကို စိတ်ပူလို့ … သူ တစ်ခြားတစ်ယောက်နဲ့ ချစ်ကြိုက်သွားမှာကို စိတ်ပူနေတာ ….”
“ နောက်ပြီး မင်းရဲ့ဇနီးနဲ့ အချိန်အကြာကြီး မခွဲနိုင်တာလည်း ပါတာပေါ့ ….”
“ ကံကောင်းတာက ဒီလိုဘဝမျိုးက အကြာကြီး ခံတော့မှာ မဟုတ်ဘူး …”
“ တကယ်လို့ မင်းအခုချိန် ဘာလုပ်သင့်လဲ မေးရင် ငါအကြံပေးချင်တာကတော့ ဘာမှမလုပ်နဲ့ …” ချန်ယွီ့ စကားကို ယာယီ ရပ်နားပြီးနောက် “ မကြာခင်မှာပဲ မင်း ဒီလိမ်လည်ခံနေရတဲ့ ဘဝကြီးထဲက လွတ်မြောက်သွားလိမ့်မယ် …”
“ ငါနားမလည်ဘူး ဒေါက်တာချန် …” [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ဇဝေဇဝါ ဖြစ်စွာ မေးမြန်းလိုက်သည်။
“ အပြင်မှာ ဈေးဝယ်ထွက်နေတဲ့ အဲ့နှစ်ယောက် မကြာခင် ဒီကိစ္စတွေကို သိသွားကြလိမ့်မယ် …” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ ပြီးတာနဲ့ … ပြဿနာက အလျင်အမြန်ပဲ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ် ….”
ချန်ယွီ့၏ အဖြေကို ကြားပြီးသည့်တိုင် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ] ဇဝေဇဝါ ဖြစ်နေဆဲပင်။
ကြည့်ရှုသူများကတော့ ချန်ယွီ့ ဆိုလိုချင်သည့်အဓိပ္ပာယ်ကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ကြ၏။
ချန်ယွီ့က သန်းနှင့်ချီသည့် ကြည့်ရှုသူများရှေ့တွင် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ] လိမ်လည်လက်ထပ်ခံရသည့် အဖြစ်အပျက်ကို ထုတ်ဖော် အတည်ပြု ပြောကြားပေးခဲ့သည်။
ထိုမိန်းမနှစ်ဦးကလည်း ဂူအောင်းလူသားများ မဟုတ်သရွေ့ လိုင်းပေါ်တက်လာသည်နှင့် ယင်းဖြစ်ရပ်က အင်တာနက်ပေါ်တွင် ပေါက်ကွဲထွက်နေသည်ကို မြင်တွေ့သွားကြလိမ့်မည်။
မျက်နှာဆည်ဖို့ရန်အတွက် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပြန်ရောက်လာကြမည်မှာ ကျိန်းသေပေါက်ပင်။
ဤကိစ္စ ပြန့်ကားသွားခြင်းကို ကာကွယ်ရန်အတွက် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]၏ ပါးစပ်ကို ပိတ်ထားခိုင်းဖို့ ကြိုးစားလာကြလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူမက ယွမ်သန်းချီသည့် အိမ်တစ်လုံးကို ပိုင်ထားပြီး ယွမ်တစ်သန်းကျော် တန်ကြေးရှိသည့် ကားအကောင်းစားကို မောင်းနိုင်သည့်လူပင်။
ချမ်းသာနေမည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။
အနှီကိစ္စ အပြည့်အဝ ဖော်ထုတ်ခံလိုက်ရသည်နှင့် သူမတို့နှစ်ဦးလုံး လမ်းဘေးမြောင်းများတွင် ကျက်စားရသည့် ကြွက်များဘဝသို့ ရောက်ရှိသွားကြလိမ့်မည်။
လိင်တူချင်း နှစ်သက်သည်က ရှက်စရာ မဟုတ်သော်လည်း အိမ်ထောင်ရေး လိမ်လည်မှုကတော့ ရှက်စရာပင်။
မျိုးစေ့ငှားယမ်းလိုသည်အတွက် သူတို့က [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို လှည့်စားခဲ့ကြသည်။
ယင်းတစ်ချက်တည်းကပင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ဖျက်စီးပစ်ဖို့က အလွယ်လေးပင်။
ကြည့်ရှုသူများ ပေးလာသည့် သုံးသပ်ချက်များကို ဖတ်ရှုရင်း …
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က သက်ပြင်းချလိုက်၏။
သူ့ကိုယ်သူ အချစ်စစ်နဲ့ ကြုံတွေ့ခဲ့ရပြီဟု ထင်မှတ်နေခဲ့သော်လည်း ယင်းက အကြီးစား လိမ်လည်မှုကြီး တစ်ခု ဖြစ်နေခဲ့သည်။
[ ငါသာဆိုလို့ကတော့ လျော်ကြေးရခဲ့ရင်တောင် သေချာပေါက် ဒေါသထွက်နေဦးမှာပဲ ]
[ ငါလည်း အတူတူပဲ ]
[ ဒီလောက်ထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုတွေ ခံစားရပြီးမှတော့ ဘယ်သူမဆို အသာတကြည် မကျေအေးပေးနိုင်မှာကတော့ ကျိန်းသေတယ် ]
[ ဒေါက်တာချန် … ဒါက တစ်ခုတည်းသော အဆုံးသတ်လား ]
ကြည့်ရှုသူများမှာ ခံပြင်းဒေါသ ဖြစ်နေမိကြ၏။
အတင်းအဖျင်းကိစ္စရပ်များ မပြန့်ပွားစေရေးအတွက် အမျိုးသမီး နှစ်ယောက်က [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]ကို ပိုက်ဆံအများအပြား ပေးမည်မှာ ကျိန်းသေသည်။
သို့ပေမယ့်လည်း သူတို့ ပိုက်ဆံတွေ ဘယ်လောက်ပဲပေးပေး၊ လူတစ်ဦး၏ စိတ်ခံစားချက်များကိုတော့ လျော်ပေးနိုင်မှာ မဟုတ်ချေ။
“ သူတို့ တန်ရာတန်ကြေး မပေးရဘူးလို့ ဘယ်သူကပြောလဲ …” ချန်ယွီ့က ခံပြင်းဒေါသဖြစ်နေသည့် ကြည့်ရှုသူများကို ကြည့်ရင်း ညင်သာစွာပြုံးပြီး မေးလိုက်သည်။
ချက်ချင်းဆိုသလို သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ စိတ်လှုပ်ရှားတက်ကြွလာကြတော့၏။
ဒါဆို နောက်ထပ်ရှိသေးတယ်ပေါ့ …
“ ငါ အရင်က ပြောခဲ့တဲ့ စကားကို လူတိုင်းမှတ်မိကြမှာပါ …” ချန်ယွီ့ ညင်သာစွာ ပြုံးရင်း “ သူတို့ ကလေးလိုချင်တာက ဒီတိုင်း လိုချင်တာကြောင့်သပ်သပ် မဟုတ်ဘူး ….”
“ ဒီကလေးက သူတို့ဆီကို အတိုင်းအဆမဲ့တဲ့ စည်းစိမ်းဥစ္စာတွေ ယူဆောင်လာပေးနိုင်တယ် ….”
ဤစကားပြောလိုက်သည်နှင့် ကြည့်ရှုသူများမှာ ချက်ချင်းဆိုသလို အမှတ်ရသွားခဲ့ကြသည်။
“ လူတိုင်း နားလည်လွယ်အောင် ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒီလူနာရဲ့ ဇနီးသည်ရဲ့ ချစ်သူကို ယောက္ခမဆိုပြီးပဲ သုံးနှုန်းမယ်နော် …”
ကြည့်ရှုသူများမှာ ပွဲကျသွားခဲ့ကြ၏။
ချန်ယွီ့က လိုက်စထွင်း၏ သက်ဝင်လှုပ်ရှားမှုကို ထိန်းသိမ်းရာ၌ အတော်လေး အရည်အချင်းရှိလှ၏။
“ ဒီလူနာရဲ့ ယောက္ခမက တကယ်တော့ အသက် လေးဆယ့်ငါးနှစ် ရှိနေပြီ …”
“ စစချင်းတုန်းက အမျိုးသားတွေကိုပဲ ကြိုက်တာ … ဒါပေမယ့် အချိန်ကြာလာတာနဲ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုက ဖြည်းဖြည်းချင်း ပြောင်းလဲလာတယ် …”
“ ဒီလူနာက သူ့ဇနီးကို သူ့ရဲ့ တစ်သက်တာ အချစ်လို့ သတ်မှတ်သလို ယောက္ခမကလည်း ထိုနည်းလည်းကောင်းပဲ ….”
“ တကယ်လို့ သူတို့နှစ်ယောက် အတူနေချင်တယ်ဆိုရင် ပိုက်ဆံ လုံလုံလောက်လောက် ရှိဖို့လိုတယ် ….”
“ ဒါပေမယ့် ငွေဝင်လမ်းကြောင်းက သူ့ယောက်ျားပဲ ….”
“ ယောက်ျားလုပ်သူက ကျန်းမာရေးအခြေအနေကြောင့် ကလေးမရနိုင်ဘူး …”
“ နှစ်ယောက်က အိမ်ထောင်သက် နှစ် ၂၀ ကျော်ပြီဆိုပေမယ့် ဘယ်တုန်းကမှ ကလေးမရခဲ့ဘူး …”
“ အခုဆို ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေက ပိုပိုပြီး ဆိုးရွားလာနေပြီ … တကယ်လို့ တစ်နေ့ သူ သေသွားခဲ့ရင် သူ့(မ)မှာ ကလေးလည်း မရှိတော့ ဒါဇင်ချီတဲ့ ဆွေမျိုးသားချင်းတွေက ဝိုင်းအုံပြီး စည်းစိမ်ဥစ္စာတွေကို လုယက်သွားမှာ စိုးရိမ်တယ် …”
“ ကလေးတစ်ယောက်ကို ဒိုင်းကာလုပ်ပြီးတော့မှပဲ ဝံပုလွေလို အမျိုးတွေရန်ကနေ ကာကွယ်နိုင်လိမ့်မယ် …”
“ ကံဆိုးချင်တော့လည်း … “ ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ရင်း “ ကလေး မမွေးဖွားနိုင်ခင်မှာပဲ သူ့ယောက်ျားက ဆုံးသွားလိမ့်မယ် …”
“ ဒီလိုနဲ့ လူနာရဲ့ ဇနီးသည် ဝမ်းထဲမှာ ရှိတဲ့ ကလေးရဲ့ တန်ဖိုးက အများကြီး လျော့ကျသွားလိမ့်မယ် …”
“ ခင်ပွန်းသည် ရုတ်တရက် ဆုံးသွားတော့ ဒီလူနာရဲ့ ယောက္ခမက ခင်ပွန်းဖြစ်သူ ချန်ရစ်သွားတဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်နိုင်ဖို့ တစ်ခြားနည်းလမ်း ရှာရတော့တယ် …”
“ အဲ့လို အခြေအနေမျိုးမှာ သူ့ရဲ့ ထူးခြားတဲ့ လိင်တိမ်းညွှတ်မှုကို ဖော်ထုတ်ရဲမှာ မဟုတ်ဘူး …”
“ ဒီတော့ ဒီလူနာကို လျော်ကြေးငွေ အများကြီး ထုတ်ပေးရမယ် … ပြီးရင်တော့ ခင်ပွန်းသည်ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ တရားရုံးမှာ အချိန်အကြာကြီး ဖိုက်ရလိမ့်မယ် …”