ဧကန္တ … နွားနို့ပို့တဲ့ အိမ်နီးချင်းကြောင့်များလား
Vol. 36 Ch. 362
သူ သတင်းသိရတော့ လူမိုက်များက သူ့ယောက္ခမအိမ်တံခါးကို ပိတ်ဆို့ထားပြီး ဖြစ်နေသည်။
အကယ်၍ ငွေပြန်မပေးဘူးဆိုလျှင် သူတို့တွေက ယောက်ဖလုပ်သူ၏ ခြေထောက်ကို ရိုက်ချိုးပစ်မည်ဟု ခြိမ်းခြောက်ကြ၏။
“ ငါ့သားက ငါ့သားအရင်းဖြစ်တယ်ဆိုတာကို ကူပြီး သက်သေပြပေးတာကို အောက်မေ့ရင်း သူ့အကြွေးတွေကို ကူဆပ်ပေးလိုက်တယ် …”
ကြည့်ရှုသူများမှာ ဆွံ့အသွားကြတော့၏။
အလှည့်အပြောင်းက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းလှသည်။
ယောက်ဖကောင်းပဲဟု သူတို့တွေးထင်နေသူမှာ တကယ်တော့ ကပ်ပါးကောင် ဖြစ်နေသည်။
ယွမ်ငါးသိန်းကို နှစ်ဝက်အတွင်း အကုန်ဖြုန်းတီးပစ်ရုံမျှမက သင်ခန်းစာမရသေးဘဲ လူမိုက်များထံကပင် ငွေချေးယူခဲ့သေးသည်။
သူ့ယောက်ဖနှင့် အစ်မလုပ်သူက သူ့ပြဿနာများကို လျစ်လျူရှုထားလိမ့်မှာ မဟုတ်ကြောင်း ရိပ်မိနေဟန်ပင်။
ကြည့်ရှုသူများကတော့ အနှီ ‘ယောက်ဖကောင်း’လေးက ရှေ့ဆက်ပြီး [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]အပေါ် လှည့်ကွက်များ အသုံးပြုနေဦးမှာဆိုတာကို နားလည်နေကြ၏။
ထင်မှတ်ထားသည့်အတိုင်း သူ ပြုလုပ်ခဲ့လေသည်။
“ လူမိုက်တွေ ပိုက်ဆံယူသွားပြီးတော့ ……” [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က သက်ပြင်းချလျက် စကားကို ဆက်သည်။ “ လူမိုက်တွေက သူ့ခြေထောက်ကို ရိုက်မချိုးခဲ့ဘူးဆိုပေမယ့် သူ့အခြေအနေလည်း အကောင်းသားတော့ မဟုတ်လှပါဘူး …”
“ ငါ့မိန်းမက ပညာပေးရင်း လက်လွန်သွားပြီး လက်ကျိုးသွားခဲ့တယ် … ဆေးရုံ သုံးလလောက် တက်လိုက်ရတယ် …
“ အဲ့ကိစ္စဖြစ်ပြီး ပထမနှစ်ဝက်ပိုင်းလောက်မှာ အထက်တန်းကျောင်းတုန်းက အတန်းဖော် သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲရှိလို့ မျက်နှာမငယ်ချင်ဘူးဆိုပြီး ငါ့နားက ကားလာငှားတယ် ….”
“ ငါလည်း အများကြီး တွေးမနေဘဲ ဝယ်ထားတဲ့ ကားအသစ်ကို ငှားပေးလိုက်တယ် …”
“ အဲ့နောက် … နောက်ထပ် ယွမ်လေးသိန်း ဆုံးရှုံးလိုက်ရတယ် ….”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် ပြောရင်းပြောရင်း ပင်ပန်းလာခဲ့၏။
ဤယောက်ဖအပေါ် သူ သုံးထားသည့် ပိုက်ဆံက နှစ်သန်းနီးပါးလောက်ရှိနေပြီ။ ဒါတောင် သူလတိုင်း ပေးနေသည့် မုန့်ဖိုးများကို ထည့်မတွက်ရသေးပေ။
[ ငါ သိတယ် … ယောက်ဖက သူ့ကားကို ရောင်းစားလိုက်တာမလား … ]
[ ဦးလေးရာ … ခင်များ တော်တော် အမှတ်သည်းခြေ မရှိပါလားဗျ …. နှစ်ခါခံရပြီးတာတောင် သင်ခန်းစာ မရသေးဘူးလား ]
[ ငါသာ အဲ့လို ယောက်ဖမျိုးနဲ့ ကြုံရလို့ကတော့ ရှိသမျှ အကုန်ကုန်မှာပဲ … သန်းဆယ်ဂဏန်းမပြောနဲ့ … ရာဂဏန်းရှိတောင် အကုန်ကုန်မှာ ]
[ စာချုပ်စာတမ်း မရှိဘဲ ကားကို ဘယ်လိုသွားရောင်းမှာ ]
ထိုအချိန်၌ ကြည့်ရှုသူများမှာ ဘာပြောလို့ ပြောရမှန်းပင် မသိကြတော့ပေ။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က ရိုးသားသည့် လူတစ်ဦးတော့ မဟုတ်ပေ။
သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာသည့် လူတစ်ယောက်က ဩချရလောက်အောင် ရိုးသားနေသည်မှာတော့ မဖြစ်နိုင်ပေ။
သို့သော် သူ့ကို ကောက်ကျစ်ဉာဏ်များသူဟု ပြောရအောင်ကလည်း ….
ယောက်ဖဖြစ်သူ၏ ထပ်ခါတလဲလဲ လှည့်စားခြင်းကို ခံရသည်ကပင် အတော်လေး ဆွံအဖို့ ကောင်းနေပြီ ဖြစ်၏။
“ သူ ငါ့ကားကို ရောင်းစားလိုက်တာ မဟုတ်ဘူး …” ခါးသက်စွာ ပြုံးရင်း “ အတန်းဖော်တွေနဲ့ မိတ်ဆုံစားပွဲကနေ ပြန်လာတော့ အရက်မူးပြီး ကားမောင်းရင်း လမ်းသွားလမ်းလာနှစ်ယောက်ကို ဝင်တိုက်မိခဲ့တာ …”
“ ယွမ် လေးသိန်းက သူတို့ရဲ့ ဆေးဖိုးရော ၊ နှုတ်ပိတ်ခရောပဲ ….”
ထိုကိစ္စ ဖြစ်ပျက်ပြီးနောက် သူ သုံးရက်တိတိ ၊ အိပ်မပျော်နိုင်ပေ။
သူ့စီးပွားရေး လုပ်ငန်း အတွက်ဆိုပြီး ဝယ်ထားသည့် အသစ်ဂျတ်ချွတ် ကားအကောင်းစားလေး။
နှစ်ခါပြည့်အောင်ပင် မမောင်းရသေးခင် သူ့ယောက်ဖ ကောင်းမှုဖြင့် တိုက်မောင်းပြေးသည့် ကားဘဝသို့ ရောက်ရှိသွားရသည်။
အဆုံးတွင် သူ့နှင့် ဘာမျှမဆိုင်သည့် မတော်တဆမှုအတွက် ယွမ်လေးသိန်းကလည်း ပေးလိုက်ရသေး၏။
သူ့တွင် ရွေးချယ်စရာမရှိချေ။
အကယ်၍ သူသာ မလျော်ပေးဘူးဆိုပါက နစ်နာသူများက ကိစ္စကို လူသိရှင်ကြားဖြစ်အောင် ပြုလုပ်ကြလိမ့်မည်။
သူ့ယောက်ဖက အရက်မူးနေစဉ် ကားမောင်းခဲ့တာ ဖြစ်၏။ ဤကိစ္စသာ လူသိရှိရှင်ကြား ဖြစ်သွားသည်နှင့် လျော်ကြေးပေးရုံ သပ်သပ်မျှသာ မဟုတ်တော့ဘဲ ယောက်ဖလုပ်သူလည်း ထောင်နန်းစံသွားရလိမ့်မည်။
ချန်ယွီ့၏ ကြည့်ရှုသူများမှာ သူတို့ လိုက်စထွင်းများစွာ ကြည့်လာသည့် သက်တမ်းတစ်လျှောက် ဤမျှ ဂြိုဟ်ဆိုးဆန်လှသည့် ယောက်ဖမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
အစ်မယောက်ျား၏ ငွေများကို ထိုမျှအထိ သွေးစုပ်နေခြင်း။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ ငွေဝင်နှုန်းသည်ပင် ယောက်ဖဖြစ်သူ ဖြုန်းသည့်နှုန်းလောက် မြန်ဆန်လိမ့်မည် မထင်ပေ။
ထိုအချိန်၌ ကြည့်ရှုသူ တော်တော်များများမှာ မိန်းမလုပ်သူ၏ ကွာရှင်းမည့် သဘောထားက တော်တော်လေး ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ခုဟု ခံစားမိလာကြ၏။
အကယ်၍ သူမသာ မကွာရှင်းဘူးဆိုပါက ခင်ပွန်းဖြစ်သူတွင် ပိုက်ဆံ ဘယ်လောက်ပြရှိရှိ၊ မောင်ဖြစ်သူအတွက် သုံးလို့ လောက်မှာပင် မဟုတ်ချေ။
“ ခင်များ သိပ်မကြာခင်တုန်းက ယောက်ဖဖြစ်သူကို ထပ်ပြီး ရင်းနှီးမြုပ်နှံခဲ့သေးတယ်မလား …” ချန်ယွီ့ မေးလိုက်သည်။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က ဆက်တိုက် ခေါင်းညိတ်လိုက်၏
“ ဒီနှစ်ကုန်ပိုင်းမှာ ငါ့ယောက်ဖက ငါ့အိမ်လာပြီး မိန်းမနဲ့ ငါ့ကို ဒူးထောက်တောင်းပန်တယ် ….”
“ အဲ့နောက် ငါ့နာမည်နဲ့ရှိတဲ့ ဆိုင်ခန်းတစ်ခုကို ငှားပေးဖို့ ပြောတယ် …”
“ ဒါ သူ နောက်ဆုံးအကြိမ် စီးပွားရေး လုပ်တာပဲ … တကယ်လို့မှ ထပ်ပြီး ကျရှုံးနေဦးမယ်ဆိုရင် သူ စီးပွားရေး ထပ်လုပ်မယ်ဆိုတဲ့အကြောင်း နောက်ဘယ်တော့မှ ထပ်မဟတော့ဘူး …”
“ သူက အလုပ်ကိုလည်း နေ့တိုင်း သေချာလုပ်မယ် … ငါ ပြောတာ မှန်သမျှကိုလည်း နာခံမယ်လို့ ကတိပေးတယ် …”
“ သူ ဘယ်လောက်တောင် စိတ်ပိုင်းဖြတ်ထားလဲဆိုတာကို သက်သေပြဖို့အတွက် သူ့လက်ချောင်းကိုတောင် ဖြတ်ဖို့ လုပ်ခဲ့သေးတယ် ….”
“ ငါ အဲ့တုန်းက တော်တော် ကြောက်သွားခဲ့တာ …” ကြောက်စိတ်မပြယ်သေးသည့် အမူအရာနှင့် ပြောဆိုလိုက်၏။
“ အဲ့ကောင်စုတ်လေးက အတည်ကြီးတွေ လုပ်နေတာ …”
“ ငါ့မိန်းမနဲ့ ငါလည်း သူ ဒီလိုမျိုး လုပ်လာမယ်လို့ ထင်မထားခဲ့ဘူး ….”
“ သူ မီးဖိုချောင်ထဲ ပြေးသွားပြီး သစ်သီးလှီးဓားကို ဆွဲယူလိုက်တယ် … သူ့ လက်သန်း ဖြတ်ပြမယ်တဲ့ ….”
“ ဓားမကျခင် ငါ့မှာ သူ့ကို အရေးတကြီး ပြေးဆွဲထားလိုက်ရသေးတယ် …”
“ တကယ်လို့ ငါသာ ဆွဲမထားခဲ့ဘူးဆိုရင် သူ့လက်သန်းကို ဖြတ်ပစ်မှာ သေချာတယ် …”
ယောက်ဖဖြစ်သူ၏ ထောင်ချောက်ထဲသို့ တစ်ဖန်ကျရောက်မှာကို စိတ်ပူသည့်အတွက် [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် ချက်ချင်း သဘောမတူခဲ့ပေ။
သူ စဉ်းစားဦးမည်ဟုသာ ပြောလိုက်၏။
မိန်းမလုပ်သူကလည်း ဘာမျှ ဝင်မပြောချေ။ သို့ပေမယ့်လည်း သူ့မောင်ကို အခွင့်အရေး တစ်ခု ပေးချင်နေမှန်းတော့ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ] ရိပ်ဖမ်းမိ၏။
နောက်တစ်ကြိမ်ထပ်ပြီး အလိမ်ခံရမှာကို စိုးရိမ်သည့်အတွက် သူလည်း သူ့ယောက်ဖကို သူ့အမည်ပေါက်ရှိသည့် ဆိုင်ခန်းတစ်ခု ငှားပေးလိုက်သည်။
“ ခင်များ ဒီတစ်ကြိမ်တော့ သင်ခန်းစာ ရသွားခဲ့ပြီ … ဆိုင်ခန်းကို ငှားပေးလိုက်တယ်ဆိုပေမယ့် လုံးဝကြီးတော့ လွှတ်မထားခဲ့ဘူး ….”
“ သူ ခင်များရဲ့ စာချုပ်ကို ယူပြီး ဆိုင်ခန်းကို ရောင်းစားပစ်လိုက်မှာ စိုးရိမ်တယ် …” ချန်ယွီ့ ထပ်ပေါင်းပြောလိုက်၏။ “ ဒါကြောင့် … လုပ်ငန်းတစ်ရပ်လုံးကို ခင်များ ကြီးကြပ်ညွှန်ကြားခဲ့တယ် …”
“ သူ တကယ်ပဲ စီးပွားရေး လုပ်ချင်နေတာကို မြင်တော့မှ ခင်များလည်း သူ့အပေါ် စောင့်ကြည့်နေတဲ့ မျက်လုံးတွေကို ပြန်ရုတ်သိမ်းလိုက်တော့တယ် ….”
ချန်ယွီ့က သူကိုင်တိုင် ပတ်သက်ပါဝင်ဖူးသည့်နှယ် အကြောင်းစုံ ပြောပြနေသည်ကို နားထောင်ပြီးနောက် [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က ချန်ယွီ့၏ စကားများကို ဟုတ်မှန်ကြောင်း အတည်ပြုပေးလိုက်သည်။
အမှန်ပင်။
ဆိုင်ခန်းငှားပေးပြီးနောက် [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် သူ့စီးပွားရေးကို မိန်းမလက်ထဲ လွှဲထားလိုက်သည်။
သူ တစ်ခြား ဘာမျှမလုပ်ဘဲ ယောက်ဖလုပ်သူကိုသာ နေ့တိုင်းနေ့ စောင့်ကြည့်နေခဲ့၏။
သူ့ယောက်ဖက သူ ငှားပေးထားသည့် ဆိုင်ခန်းကို Gym တစ်ခုအဖြစ် အသုံးချချင်နေခြင်းပင်။
တိုးတက်ကြီးပွားအောင် လုပ်မည့် အစီအစဉ်ကလည်း ကောင်းမွန်ပြီး သူကိုယ်တိုင်လည်း မည်သည့်ပြဿနာမျှ ရှာမတွေ့ခဲ့ချေ။
ဆိုင်ခန်းက နေရာကောင်းတွင် တည်ရှိ၏။ ဆိုင်ခန်းအထက်တွင် white-collor လူငယ် အလုပ်သမားများ နေသည့် တိုက်ခန်းတို့ဖြင့် ပြည့်နှက်နေသည်။
အဆင်ပြေသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရှိသည်။ ရှော့ပင်းမောလ်ကြီးနှစ်ခုလည်း အနီးနားတွင် ရှိသည်။
ပစ်မှတ်အုပ်စုက ၂၄ နာရီ စီးပွားရေး စနစ်ကြားတွင် အချိန်မအားလပ်နိုင်သည့် လူငယ်လူရွယ်များကို ဖြစ်၏။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ သားဖြစ်သူလည်း ယောက်ဖဖြစ်သူ၏ မဲဆွယ်ခြင်းကို ခံလိုက်ရသည်။
သူ့သားက ခန့်ညားချောမောပြီး ကိုယ်လုံးလည်းတောင့်၏။
ဆိုတော့ သူက PT နှင့် Membership Sales Manager အဖြစ် တာဝန်ယူသည်။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် နောက်ဆုံးတော့ သူ့ယောက်ဖက သူ့နာမည်တစ်လုံးကို အောင်အောင်မြင်မြင် သက်သေထူနိုင်မည်ဟု တွေးတောရင်း ပီတိဖြာသွားခဲ့ရသည်။
သူ ဘဏ်ကနေ ငွေချေးဖို့ အကြံမပေးဘဲ သူကိုယ်တိုင်ပဲ ငွေနှစ်သန်း ရင်းနှီးမြုပ်နှံပေးလိုက်၏။
ထောက်ပံ့သည်က ထောက်ပံ့သည်ပင်။ သို့သော် သတိထားသင့်တာကတော့ ထားရမည်။
ထပ်ပြီး လှည့်စားခံရမည်ကို သူ တော်တော်လေး ကြောက်၏။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က သူဌေးဖြစ်လာခဲ့ပြီး သူ့ယောက်ဖကတော့ Gym ၏ အထွေထွေ မန်နေဂျာ ဖြစ်လာခဲ့သည်။
မကြာမီ Gym ကို စတင်၍ တရားဝင် လည်ပတ်၏။
“ Gym ကို နှစ်သစ်ကူးအတွင်းမှာ ဖွင့်ခဲ့တာ …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များ စိုးရိမ်နေသလို ခင်များရဲ့ ဇနီးလည်း အလားတူ စိုးရိမ်နေတယ် ….”
“ ရင်းနှီးမြုပ်နှံထားတဲ့ ငွေတွေကို သူ့မောင်က နောက်တစ်ကြိမ် အချည်းနှီး ဖြစ်သွားစေမှာကို စိုးရွံ့နေခ့တယ် … အဲ့တာကြောင့် သုံးလေးငါးရက်တစ်ခါ အကောင့်တွေကို ပုံမှန်စစ်တယ် …”
“ နဂါးလှေပွဲတော်ဝန်းကျင်လောက်မှာ ခင်များရဲ့ ဇနီးက ထုံးစံအတိုင်း အကောင့်တွေ သွားစစ်တယ် ….”
“ ခင်များရဲ့ ယောက်ဖပြောတာ Gym ရဲ့ စီးပွားရေးက လတ်တလော အခြေအနေ တော်တော်ကောင်းတယ် .. ပြီးတော့ သူက အဲ့ဒီ အခွင့်အရေးကို အသုံးချပြီး နေရာအကျယ်အဝန်းကို ထပ်ချဲ့ချင်တယ် …”
“ ခင်များရဲ့မိသားစုကနေ ပိုက်ဆံနည်းနည်းချေးပြီး ဘေးချင်းကပ် ဆိုင်ခန်းကို ငှားချင်တယ် … နံရံတွေ နည်းနည်းပါးပါးဖြိုမယ် .. ပြီးရင် နေရာဧရိယာကျယ်ဝန်းတဲ့ Gym ကြီးအသွင်ပြောင်းပစ်မယ် …”
“ ခင်များရဲ့ ဇနီးကလည်း ဒီအတောအတွင်း ရထားတဲ့ အမြတ်ငွေတွေက တကယ်လည်း မဆိုးတာကို ခံစားမိတယ် …”
“ လတိုင်း အရောင်းစာရင်းက စာအုပ်ထဲမှာ တိုးလာနေတယ် …”
“ ဒီအခွင့်အရေးကို အသုံးချပြီး စီးပွားရေး ချဲ့ထွင်တာက မမှားတဲ့ လုပ်ရပ်ပဲ …”
“ ဒါနဲ့ ခင်များရဲ့ ဇနီးက ဘေးခန်းဆိုင်က ဆိုင်ရှင်နဲ့သွားပြီး ငှားယမ်းပြီးနောက်မှာ ဆိုင်ခန်းနှစ်ခုကို အတူ ပူးပေါင်းလိုက်လို့ အဆင်ပြေမလားဘူးဆိုပြီး သွားတိုင်ပင်တယ် …”
“ ဒါပေမယ့်လည်း … ဒီကိစ္စကပဲ ခင်များရဲ့ ဇနီးကို အမြန်ဆုံး ကွာရှင်းဖို့ အကြောင်းအရင်း ဖြစ်လာစေခဲ့တာပဲ …”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။
သူ့မိန်းမက ဘေးခန်းက ဆိုင်ရှင်နဲ့ ဆိုင်ခန်းငှားဖို့ သွားပြီး ဆွေးနွေးတာကို ဘယ်လိုလုပ်ပြီး ကွာရှင်းဖို့အထိ ဖြစ်သွားခဲ့ရတာလဲ …
ပြီးတော့ မြန်လေ၊ ကောင်းလေ။
ဧကန္တ … ဒဏ္ဍာရီလာ ဘေးအိမ်က နွားနို့ပို့သမားနဲ့ တွေ့သွားလို့များလား …