← Chapters

မွမ်းမံပြင်ဆင်မှုကြောင့် ပေးဆောင်ရမယ့် ဧရာမ လျော်ကြေးငွေ

Vol. 36 Ch. 363

မွမ်းမံပြင်ဆင်မှုကြောင့် ပေးဆောင်ရမယ့် ဧရာမ လျော်ကြေးငွေ

Vol. 36 Ch. 363

အချိန်တစ်ခု ကြာသည်ထိတိုင်အောင် ကြည့်ရှုသူများ၏ မှန်းဆချက် အမျိုးမျိုးက စကားပြောခန်းထဲ ထွက်ပေါ်နေသည်။

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]မှာ သူ့မိန်းမနှင့် ဒဏ္ဍာရီလာ နွားနို့ပို့သမားအကြောင်းကို မြင်တော့ မည်သို့မျှ မတတ်နိုင်ဘဲ တစ်ကိုယ်လုံး တင်းမာသွားခဲ့ရသည်။

“ အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ခင်များ ဘာမှ စိတ်ပူနေစရာမလိုဘူး … ခင်များရဲ့ ဇနီး ကွာရှင်းဖို့ဆုံးဖြတ်လိုက်တာက ဘေးချင်းကပ်မှာရှိတဲ့ ဆိုင်ခန်းသူဌေးနဲ့ အများကြီး သက်ဆိုင်နေတယ်ဆိုတာမှန်တယ် …” ချန်ယွီ့က သက်လတ်ပိုင်း အမျိုးသားကို ခါးသက်စွာ ပြုံးလျက် ကြည့်လိုက်ရင်း “ ဒါပေမယ့် ခင်များ တွေးထင်နေသလို အဲ့သလို ဆက်ဆံရေးမျိုးကြောင့်တော့ မဟုတ်ဘူး ….”

“ ဒါဆို ဘယ်လိုမျိုးလဲ …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က စိတ်မရှည်နိုင်ဘဲ မေးမြန်းလိုက်၏။

“ ဆိုင်ခန်းကြောင့်ပဲ ….”

“ ဆိုင်ခန်းလား ….”

ယခုလေးတင် အနည်းငယ် တည်ငြိမ်စ ပြုသွားသည့် [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် တစ်ဖန်ပြန်ပြီး တုန်လှုပ်သွားခဲ့ရပြန်သည်။

“ ခင်များရဲ့ ဇနီးက ဆိုင်ခန်းကို ငှားမယ့်အကြောင်း စကားဟလာတော့ ဆိုင်ခန်းပိုင်ရှင်ကလည်း အတော်လေးကို ဝမ်းသာအားရ ဖြစ်သွားတယ် …”

“ သူ ပြောတာ လတ်တလော သူ့အိမ်မှာ အရေးပေါ် ကိစ္စဖြစ်နေလို့ ဗိုက်နာပြီး ငွေအရေးတကြီး လိုနေတယ်ပေါ့ …”

“ သူက ဆိုင်ခန်းကို ခင်များတို့ မိသားစုဆီ ဈေးကွက်ပေါက်ဈေးထက်တောင် လျှော့ပြီး ရောင်းပေးနိုင်တယ် ….”

“ ခင်များတို့လင်မယားနှစ်ယောက်က စီးပွားရေးကို နှစ်တွေအကြာကြီး အတူလက်တွဲလုပ်လာတော့ သူလည်း ခင်များလိုပဲ သတိကြီးတယ် ….”

“ ဘေးချင်းကပ် ဆိုင်ခန်းပိုင်ရှင်က သူ့ဆိုင်ခန်းကို ဈေးကွက်ပေါက်ဈေးထက် လျှော့ပြီး ရောင်းပေးမယ်ဆိုတော့ လူကို လာနောက်နေတယ်ပဲ ထင်တာ …”

“ ဆိုင်နေရာက မြို့ရဲ့ အချက်အချာမှာ တည်ရှိတယ် …. ဆက်သွယ်ရေးလမ်းကြောင်းလည်း အဆင်ပြေပြီး လူနေထူထပ်တယ် … သောက်သောက်လဲ စီးပွားရေးကောင်းတဲ့ နေရာတွေထဲက တစ်ခုပဲ …”

“ ဆိုင်ခန်းက ဘယ်လောက်ပဲ ဆိုးရွားစုတ်ပြတ်သပ်နေပါစေ ၊ ကြိုက်တဲ့သူဆီ ကြိုက်တဲ့ဈေးနဲ့ ခေါင်းခေါက်ပြီး ရောင်းလို့ရတဲ့ အနေအထားမှာ ရှိတယ် ….”

“ ဆိုင်ခန်းပိုင်ရှင်က တကယ်ပဲ ဈေးပေါပေါနဲ့ ရောင်းပေးချင်နေတာကို သတိထားမိတော့ ခင်များဇနီးလည်း အပြင်မှာ လိုက်ပြီး စုံစမ်းကြည့်လိုက်တယ် ….”

“ အဲ့မှာ အနီးနားတစ်ဝိုက်မှာရှိတဲ့ ဆိုင်ခန်းတွေက မကြာခင်မှာ တန်ဖိုးမဲ့တဲ့ ဆိုင်ခန်းတွေ ဖြစ်လာတော့မှာဆိုတာကို ကြားသိလိုက်ရတယ် …”

“ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းကပဲ အပေါ်ထပ်က တိုက်ခန်းတော်တော်များများရဲ့ နံရံတွေမှာ အက်ကြောင်းတွေ စပြီး ဖြစ်လာတယ် …”

“ အဆောက်အဦးထဲရဲ့ နေထိုင်သူတွေက သူတို့အဆောက်အဦးမှာ အရည်အသွေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ပြဿနာရှိနေတယ်ဆိုပြီး ကောလဟာလတွေ စဖြန့်လာကြတယ် …”

“ တိုက်ခန်းနံရံတွေမှာ အက်ကွဲကြောင်းတွေ ပေါ်လာတာက အသေးအမွှား ပြဿနာလေး မဟုတ်ဘူး….”

“ ဘေးချင်းကပ် ဆိုင်ခန်းပိုင်ရှင်ကလည်း တိုက်ခန်းပိုင်ရှင်တွေနဲ့ အတွေးတူတယ် …”

“ တစ်ပြိုင်နက်တည်းမှာ ခင်များရဲ့ ဇနီးကတော့ တစ်ခြား အတွေးတစ်ခုကို တွေးနေမိတယ် …”

“ ဧကန္တ တစ်ယောက်ယောက်က ဝန်ခံနံရံကို ဖြိုပစ်လိုက်လို့များလား …”

(ဝန်ခံနံရံ = ဝန်ဒဏ်ကို ခုခံထမ်းထားပေးသည့် နံရံ )

“ ဒါမှမဟုတ် နံရံရဲ့ ဖွဲ့စည်းပုံကို ပျက်စီးအောင် လုပ်လိုက်တာကြောင့် အဆောက်အဦးတစ်ခုလုံး ပြဿနာတွေ တက်ပြီး နံရံတွေ အက်ကွဲလာတာများလား …”

“ အင်း … ခင်များယောက်ဖ သူ့ Gym ကို မွမ်းမံပြင်ဆင်တုန်းကလည်း နံရံတစ်ချို့ကို ဖြိုချခဲ့သေးတယ် …”

“ အဲ့ဒီထဲ တစ်ခုက ဝန်ခံနံရံ ဖြစ်နေမှာကို ခင်များဇနီး တော်တော်လေး စိတ်ပူသွားတယ် …”

ဤသည်ကို ကြားတော့ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် အသက်ပြင်းပြင်း ရှူသွင်းမိသွားခဲ့၏။

ယောက်ဖဖြစ်သူက အမှန်တကယ် စီးပွားရေးလုပ်ချင်နေကြောင်း ယုံကြည်သွားသည့်နောက် … မွမ်းမံပြင်ဆင်ရေး လုပ်ငန်းများ စတင်သည်နှင့် သူလည်း Gym သို့ အသွားအလာ နည်းသွားပြီး ကိုယ့်စီးပွားရေး လုပ်ငန်းကိုပဲ အာရုံစိုက်နေခဲ့သည်။

“ ဒီမျိုးမစစ်ကတော့ ငါ့ကို တစ်ပတ်ရိုက်လိုက်ပြန်ပြီ …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် နှာခေါင်းထဲမှ မီးခိုးငွေ့ထွက်မတတ် ဒေါသထွက်နေမိတော့၏။

ဆောက်လုပ်ရေး လုပ်ငန်းများကို သူတစ်ခါမှ မလုပ်ဖူးပေမယ့် ဝန်ခံနံရံက ဘာကိုဆိုလိုလဲ သူမသိဘူးလို့တော့ မဆိုလိုပေ။

ဝန်ခံနံရံကို ဖြိုချလိုက်သည်နှင့် တစ်တိုက်လုံး ပြိုလဲကျသွားနိုင်သည့် အန္တရာယ်ရှိသည်။

အခြားသူများက ထိုသို့ မလုပ်ဝံ့လောက်သော်လည်း သူ့ယောက်ဖလို တစ်ဇောက်ကန်းသမားကတော့ ဘာမဆို လုပ်ဝံ့၏။

“ ခင်များရဲ့ ဇနီးလည်း ခင်များလို စဉ်းစားခဲ့တာပဲ …” ချန်ယွီ့ ဆက်ပြီးပြောသည်။ “ မကြာခင် အန္တရာယ် ရှိလာတော့မယ့် အဆောက်အဦးကြီးရဲ့ လက်သည်တရားခံက ခင်များတို့ မိသားစု ဖြစ်နေမှာကို သူ အတော်လေး စိုးရိမ်နေတယ် …”

“ ဘာပဲဆိုဆို Gym ကို မွမ်းမံပြင်ဆင်ပြီးချင်းပဲ တိုက်ခန်းနံရံတွေမှာ အက်ကြောင်းပေါ်လာတယ်ဆိုတာက …. အဲ့လောက်ထိ တိုက်ဆိုင်တာကြီးကတော့ သိပ်မဖြစ်နိုင်ဘူးလေ …”

“ သူ့မောင်က ဒီနှစ်တွေ တစ်လျှောက်လုံး သောက်ကျိုးနည်း ကိစ္စပေါင်းများစွာကို လုပ်ခဲ့ဖူးတယ် …”

“ ခင်များရဲ့ဇနီးကလည်း အမှန်အတိုင်း မသိရမှာကို စိုးရိမ်တော့ ခင်များရဲ့ ယောက်ဖကို တိုက်ရိုက် မမေးရဲခဲ့ဘူး ….”

“ ဆင်ခြေတစ်ခုရှာပြီး Gym ကို မွမ်းမံပြင်ဆင်ပေးသွားတဲ့ ဆောက်လုပ်ရေး အသင်းရဲ့ ဖုန်းနံပါတ်ကို သွယ်ဝိုက်ပြီး တောင်းတယ် …”

“ အစကတော့ ဆောက်လုပ်ရေး တာဝန်ခံကို လူကိုယ်တိုင် ဖုန်းဆက်ပြီး မေးမြန်းမလို့ပဲ …”

“ ဒါပေမယ့် မောင်လုပ်သူက ဖုန်းပျောက်သွားခဲ့မယ်လို့တော့ ဘယ်သူက ထင်ထားခဲ့မှာ … ဆောက်လုပ်ရေး အသင်းရဲ့ ဖုန်းနံပါတ်တွေ ၊ အဆက်အသွယ်တွေလည်း ပျောက်သွားတဲ့ဖုန်းထဲ ပါသွားပြီ … “

“ အဲ့ကိစ္စက ခင်များဇနီးရဲ့ သံသယတွေကို ပိုလို့တောင် တိုးသွားစေခဲ့သေးတယ် ….”

“ သူ့မောင်က အပြစ်ရှိသလို ခံစားနေရလို့ တိုက်ရိုက် ဝန်မခံရဲတာဆိုပြီး တွေးမိသွားတယ် …”

“ အဲ့နောက် … အဆောက်အဦးက အန္တရာယ်ရှိတဲ့ အဆောက်အဦး ဖြစ်သွားခဲ့ရင် တရားခံ ပေးရမယ့်‌ လျော်ကြေးငွေကို တတ်ကျွမ်းသူတွေနားသွားပြီး မေးမြန်းကြည့်တယ် …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က လက်နှစ်ချောင်း ထောင်ပြလိုက်၏။ “ လျော်ကြေးငွေနဲ့ ထိန်းသိမ်းပြုပြင်စရိတ်တွေ စုစုပေါင်းလိုက်ရင် ယွမ် သန်း ၂၀၀ လောက်ကုန်မယ် …”

“ နောက်ပြီး တာဝန်ရှိတဲ့ အဓိကလူတွေ ဖြစ်တဲ့ ခင်များလည်း ထောင်သွင်း အကျဉ်းကျခံရမယ် ….”

“ စွဲချက်က အများပြည်သူ လုံခြုံရေးအပေါ် ခြိမ်းခြောက်တဲ့ ပြစ်မှု …”

ဤအချိန်တွင်တော့ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် ဒေါသတောင် မထွက်နိုင်တော့ပေ။

သူ့ရင်ခုန်နှုန်းက ဒရမ်တီးသည့်နှယ် လျင်မြန်လာပြီး မျက်နှာကလည်း ဖြည်းဖြည်းချင်း ဖြူလျော်သွား၏။

ယွမ် သန်း ၂၀၀ လျော်ကြေးပေးပြီး ထောင်ထဲလည်း သွားရဦးမယ် …

သူ့ယောက်ဖကတော့ သူ့ကို မသေမချင်း လိုက်ပြီး ဒုက္ခပေးဖို့ ဆုံးဖြတ်ထားတဲ့ပုံပါလား …

ပြီးတော့ သူတစ်ယောက်တည်းတင် မဟုတ်ဘူး … တစ်မိသားစုလုံးပဲ …

သူ့သားက Gym ရဲ့ အရောင်းမန်နေဂျာ ၊ သူကျ သူဌေး ၊ ယောက်ဖက အထွေထွေမန်နေဂျာ။

သူတို့သုံးယောက်လုံး တစ်ဦးမျှ လွတ်မြောက်နိုင်မှာ မဟုတ်ချေ။

[ ဒီမိသားစုက သူတို့ကိုယ်ပိုင် အင်အားနဲ့ အဆောက်အဦးက လူတွေကို ပြန်လည်နေရာချထားခံရမယ့် အိပ်မက် အကောင်အထည် ဖော်ပေးလိုက်တာပဲကွ … လိုး … ငါရယ်သေပြီ ]

[ နံရံကို ဘာကြောင့် တစ်ခြားနာမည်မပေးဘဲ ‘ဝန်ခံနံရံ’ဆိုပြီး ပေးလဲဆိုတာ သူ့ယောက်ဖက နားမလည်ဘူးလား … ]

[ တကယ်လို့ ငါသာ အိမ်ထဲ အေးအေးဆေးဆေး ဟော့ပေါ့လေးစား ၊ သီချင်းညည်းနေတဲ့အချိန် ရုတ်တရက် နံရံတွေ အက်ကွဲလာမယ် … အဆောက်အဦးက အန္တရာယ်များလာပြီဆိုတာ သိလိုက်ရရင် တရားခံကို သတ်ပစ်ချင်လောက်အောင် စိတ်တိုမိမှာပဲ ]

[ ငါ့အိမ်က မွမ်းမံပြင်ဆင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တာ … ဘာမှ မသိဘဲ ဝန်ခံနံရံကို ဖြိုချပစ်ပေးဖို့ တောင်းဆိုကြတဲ့ ဖောက်သည်တွေ အများကြီးနဲ့ ကြုံဖူးတယ် … ပြီးတော့ သူတို့က ပြောသေးတာ … တစ်ခုခုဆို သူတို့ တာဝန်ယူပေးမယ်ဆိုပဲ … ]

[ ဒီညီကိုရဲ့ ယောက်ဖက ရက်စက်တယ်ဆိုပေမယ့် မွမ်းမံပြင်ဆင်ပေးတဲ့ ဆောက်လုပ်ရေးအသင်းက ပိုတောင် ရက်စက်သေးတယ် … သူတို့က အဲ့လို တောင်းဆိုမှုမျိုးကိုတောင် သဘောတူရဲတယ်ပေါ့ …]

[ ဘာမှ မသိနားမလည်တဲ့ ဆောက်လုပ်ရေးအသင်း နေမှာပေါ့ ]

[ ပုံမှန် ဦးနှောက်ရှိတဲ့ ဘယ်ဆောက်ရေး အသင်းမဆို ဝန်ခံနံရံကို မထိရဲပါဘူးကွာ … လုပ်ရင် အဲ့ကောင်တွေပါ ထောင်ထဲသွားရမှာ …. ]

[ အဲ့တိုက်က အိမ်နီးချင်းတွေ အခုချက်ချင်း ရှေ့နေငှားပြီး ကိုယ့်ပိုင်ဆိုင်မှုတွေကို ကာကွယ်သင့်တယ် … ]

[ ငါ့အထင်တော့ ဒီလိုက်စထွင်းကို ကြည့်ပြီးတာနဲ့ နေထိုင်သူ အများစုလည်း တရားစွဲဖို့ လုပ်နေကြလောက်ပြီ …. ]

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ ပြောကြားချက်အရ ယောက်ဖဖြစ်သူသည် တကယ်လည်း ထိုသို့သော သောက်ကျိုးနည်း လုပ်ရပ်မျိုးကို လုပ်ဝံ့သည့်လူ ဖြစ်၏။

ကနေဦး မတည်ငွေ ယွမ် ငါးသိန်းကိုပင် နှစ်ဝက်အတွင်း အပျောက်ဖျောက်ပစ်လိုက်သည်က တော်ရုံအရည်အချင်းနှင့်တော့ မရနိုင်ချေ။

နောက်ပြီး စီးပွားရေးလုပ်ဖို့ အတွက်ဆို လူမိုက်များထံကပင် ငွေတိုးချေးဝံ့၏။

အရက်မူးပြီး ကားမောင်း၍လည်း သူများကို ယွမ်သိန်းပေါင်းများစွာ လျော်လိုက်ရသေးသည်။

အနှီ ကိစ္စရပ်များနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ဆောက်လုပ်ရေးအသင်းကို ဝန်ခံနံရံ ဖြိုဖျက်ပေးဖို့ ဆောက်လုပ်ရေးအသင်းကို တောင်းဆိုဖို့က အလွယ်လေးဖြစ်၏။

“ ယွမ်သန်း ၂၀၀ … ငါ့ကိုယ်ငါ ထုတ်ရောင်းရင်တောင် အဲ့လောက် ငွေအများကြီး မရဘူး …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။

မကြာမီ အာဏာပိုင်များက သူ့အိမ်သို့ ရောက်လာလောက်၏။

ယခု လိုက်စထွင်းကို သန်းနှင့်ချီသည့် ကြည့်ရှုသူတို့ ကြည့်နေကြသဖြင့် အဆောက်အဦးတွင် နေထိုင်သူ တစ်ယောက်တစ်လေတော့ ရှိနေမည်မှာ မလွဲမသွေပင်။

ယခုဆို အနှီကိစ္စက ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၏။

ညသန်းခေါင်ယံ အချိန် ဖြစ်နေလျှင်ပင် နေထိုင်သူများက သူ့မိသားစုကို ကျိန်းသေပေါက် တရားစွဲကြလိမ့်မည်။

ယွမ် သန်း ၂၀၀ လျော်ကြေးပေးဖို့က သူ့အသက်ကို ထုတ်ပေးဖို့ တောင်းဆိုနေသည်နှင့် မခြားပေ။

သူ့လက်ထဲ ငွေသားပမာဏက ၁၀ သန်း ဝန်းကျင်ခန့်မျှသာ ရှိ၏။

ပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်ရောင်းလိုက်လျှင်ပင် အလွန်ဆုံး သန်း ၂၀၊ ၃၀ လောက်ပဲ ရနိုင်သည်။

သူ့ပိုက်ဆံတွေက လျော်ကြေးရဲ့ ငါးပုံတစ်ပုံ ပေးဖို့လောက်ကိုတောင် လုံလောက်ရဲ့လား …

မဟုတ်ဘူး … သူ့တစ်သက်လုံး ထောင်ထဲနေသွားရဖို့က ကျိန်းသေသွားပြီ …

“ မိန်းမရာ … မင်းဘာလို့ အဲ့လောက်တုံးအရတာလဲ …”

[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]က ငိုကြွေးချင်သော်လည်း မျက်ရည်များက ကျမလာချေ။

“ မိသားစုက မတတ်နိုင်ဘူးဆိုတာ သိလို့ သူတစ်ယောက်တည်း တာဝန်ယူဖို့ လုပ်ခဲ့တာ ဖြစ်ရမယ် …”

သူ့မိန်းမက ကွာရှင်းပြီးနောက်တွင် Gym တစ်ခုတည်း လိုချင်သည်ဟု ပြောခဲ့ဖူးသည်ကို အမှတ်ရနေသေးသည်။

သူမက အခြား ဘာမျှ မလိုချင်ပေ။

ယခုအချိန်ရောက်တော့မှပဲ သူမ၏ ရည်ရွယ်ချက် အစစ်အမှန်ကို နားလည်သဘောပေါက်သွားခဲ့တော့၏။

ယခုတလော သူမက အင်မတန် အေးတိအေးစက်နိုင်ပြီး အပြင်တွင် အသစ်တစ်ယောက်ယောက် ရှိဟန်ဆောင်နေသည်မှာ မထူးဆန်းတော့။

လက်စသတ်တော့ အရာအားလုံးက သူနှင့် ကွာရှင်းခွင့်ရဖို့အတွကိ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခဲ့တာပဲ ဖြစ်၏။

“ အမှန်ပဲ … ခင်များရဲ့ ဇနီးက လက်ပစ်ဗုံးကို သူ့ကိုယ်နဲ့ အုပ်မိုးပြီး တစ်ခြားလူတွေ အားလုံးကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတယ် ….”

ချန်ယွီ့ ခေါင်းညိတ်ပြီး [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီ]၏ ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်၏။

All Chapters