နစ်နာသူ သားကောင် ဖြစ်ရတာကိုပဲ ဝမ်းသာနေခြင်း
Vol. 36 Ch. 364
[ သူ့မှာ ယောက်ဖရှိတာ မဟုတ်ဘူး … အကြွေးတွေကို ဆွဲငင်တဲ့ သံလိုက်တုံးကြီး ရှိတာ ]
[ ဦးလေးကြီးက ဇနီးကောင်းတစ်ယောက်တော့ ရှိပါရဲ့ … ဒါပေမယ့် ဆွေမျိုးတွေကတော့ လူကောင်းသူကောင်းတွေ မဟုတ်ကြရှာဘူးပဲ ]
[ ငါသာ သူ့နေရာမှာ ဆိုလို့ကတော့ ထောင်ထဲ ဝင်ရမယ့်ဖြစ်ချင်းအတူတူ ၊ အဲ့ယောက်ဖကို အပြတ်ရှင်းပြီးပဲ ထောင်ထဲဝင်လိုက်မယ် ]
[ အိမ်ထောင်မပြုတာက ကိုယ့်နားတစ်ဝိုက်မှာ ရှိတဲ့ ပြဿနာတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ရှောင်ရှားနိုင်တယ် … ကျွန်တော့် အမေတွေလည်း အခု လိုက်စထွင်းကို ကြည့်နေရင် အိမ်ထောင်ပြုဖို့ ဖိအားမပေးကြပါနဲ့ ]
ကြည့်ရှုသူများက သက်ပြင်းချလိုက်ကြသည်။
ခင်ပွန်းသည်နှင့် မိသားစုကို ကာကွယ်ရန် အလို့ငှာ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]၏ ဇနီးသည် ကပ်ဘေးဒုက္ခကို သူမတစ်ဦးတည်း ပခုံးထမ်းဖို့ရာ ရွေးချယ်ခဲ့၏။
ပခုံးထမ်းမည့် နည်းလမ်းနှင့် ပတ်သက်၍ကတော့ …
လူတိုင်း စိတ်ကူးယဉ်မိသည့် အတိုင်းပင်။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]ကိုယ်စား သူမက Gym ၏ ပိုင်ရှင် ဖြစ်လာမည်။
ဆောက်လာရေးအသင်းကို ဝန်ခံနံရံ ဖြိုဖျက်ခိုင်းသည့် အကျိုးအဆက်အတွက် သူမကပဲ အပြည့်အဝ တာဝန်ယူမှာ ဖြစ်၏။
ချန်ယွီ့က သူ့ဇနီးသည် ယောက်ဖနှင့် သားဖြစ်သူကြောင့် ကွာရှင်းလိုသည်ဟု ပြောလာခဲ့သည်မှာ မဆန်းတော့ပေ။
အကယ်၍ သူမသာ အနှီ လက်ပစ်ဗုံးကြီးကို မကိုင်ထားဘူးဆိုပါက အမျိုးသားသုံးယောက်လုံး ထောင်ထဲဝင်သွားရမည်မှာ မလွဲမသွေပင်။
“ ရူးမိုက်လိုက်တာ မိန်းမရာ … မင်းဘာကြောင့် နှုတ်ပိတ်ပြီး နေနေတာလဲ … ဘာမဟုတ်တာလေးအတွက်နဲ့ ဘာကြောင့် ငါ့ကို စိတ်ပူအောင် လုပ်ရတာလဲကွာ …”
“ ငါ့မိန်းမ ထောင်ထဲ ဝင်ရမှာကို ငါလုံးဝ ခွင့်မပြုနိုင်ဘူး …”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]က ဝှစ်ခနဲ မတ်တပ်ထရပ်လိုက်သည်။
သူ့ယောက်ဖက သောက်ကျိုးနည်းမည့် အလုပ်တွေကို လုပ်တတ်သူ ဖြစ်သော်လည် သူကတော့ တာဝန်မယူတတ်သည့်လူ မဟုတ်ပေ။
အကယ်၍ သူသာ ဆောက်လုပ်ရေး အဖွဲ့သားများကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့မည်ဆိုပါက ယောက်ဖဖြစ်သူ ဝန်ခံနံရံကို တရားမဝင် ဖြိုဖျက်မည့် ကိစ္စအား ရပ်တန့် ဟန်းတားနိုင်လောက်ခဲ့မည်။
ထိုအကြောင်းတွေးတောရင်း [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]သည် သန်းနှင့်ချီသည့် ကြည့်ရှုသူများရှေ့တွင် ယောက်ျားသိက္ခာကို မငဲ့ကွက်တော့ဘဲ ငိုချင်းချလေတော့၏။
သူနှင့် သူ့ဇနီးသည်တို့က တစ်ယောက်ကိုယ်တစ်ယောက် ဖေးမရင်း အခက်ခဲဆုံး အချိန်များကိုပင် အတူ ကျော်လွှား ဖြတ်သန်းခဲ့ကြသည်။
သူ့ ဘဝလေးက ယခုအချိန်မှ ကောင်းမွန်စ ပြုလာသော်လည်း မိန်းမဖြစ်သူမှာ သူ့ကြောင့် ခက်ခဲသည့် ရွေးချယ်မှုများကို ပြုလုပ်နေရလေသည်။
ကြည့်ရှုသူများ ပြောတာမှန်၏။
အကယ်၍ သူ ထောင်ထဲ သွားရမည်ဆိုလျှင်ပင် သူ့ယောက်ဖကိုပါ သူနှင့်အတူ ဆွဲချသွားသင့်သည်။
“ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ လူနာ …” ချန်ယွီ့ သူ့အား နှစ်သိမ့်ပေးလိုက်ပြီး “ ကျုပ် ပြောတာ မပြီးသေးဘူး ….”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]မှာ ခေတ္တ အေးခဲသွားခဲ့ပြီး သူ့မျက်လုံးများက ဖုန်းစခရင်သို့ ငူငူငိုင်ငိုင်ကြီး စိုက်ကြည့်လိုက်၏။
“ ကျုပ် အခု ပြောပြနေတာတွေက ခင်များဇနီးသည်ရဲ့ အတွေးစိတ်ကူးတွေပဲ …”
“ နံရံမှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်ဆိုတာက မကြာခင်မှာ အဆောက်အဦး အန္တရာယ် ဖြစ်လာတော့မယ့် အရိပ်အယောင်ကို ပြောပြနေတာနဲ့ ညီတယ် …”
“ ဒါပေမယ့် အဲ့တာက ခင်များတို့ မိသားစု အမှားပါဆိုပြီး ကျုပ် ပြောခဲ့ဖူးလား ….”
“ ဟမ် .. နေဦး … ဒါဆို အဲ့လို မဟုတ်ဘူးပေါ့ ….”
“ ငါ့ယောက်ဖက အကျိုးအကြောင်း မဆင်ခြင်ဘဲ ဝန်ခံနံရံကို ဖြိုဖျက်လိုက်တာကြောင့် အပေါ်က တိုက်ခန်းနံရံတွေမှာ အက်ကွဲကြောင်းတွေ ပေါ်လာတာ မဟုတ်ဘူးပေါ့ …”
“ အဆောက်အဦး တစ်ခု အန္တရာယ်ရှိလာရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ် …” ချန်ယွီ့ ခေါင်းခါယမ်းပြီး ပြောလိုက်၏။ “ ဝန်ခံနံရံကို ဖျက်လိုက်တာက အဲ့ဒီထဲက တစ်ခုလေးပဲ …”
“ နောက်ပြီး… ခင်များရဲ့ ယောက်ဖက ဘယ်သူ့ကိုမှလည်း ဝန်ခံနံရံ မဖျက်ခိုင်းခဲ့ဘူး ….”
“ သူက သာမန်နံရံကိုပဲ ဖြိုချလိုက်တာ … အဆောက်အဦးရဲ့ ဖွဲ့စည်းပုံကို မပျက်စီးစေဘူး …”
ချက်ချင်းဆိုသလို လိုက်စထွင်းထဲရှိ သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ ကြက်သေသေကုန်ကြသည်။
ချန်ယွီ့၏ အကြောင်းစုံ ပြောပြမှုကြောင့် သူတို့မှာ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]၏ ယောက်ဖကို လူဆိုးဂျပိုးတစ်ယောက်နှယ် တွေးထင်နေခဲ့ကြသည်။
“ စောနလေးတင်ပဲ ကြည့်ရှုသူတစ်ချို့က ဆောက်လုပ်ရေး အသင်းအကြောင်း ပြောခဲ့ကြတယ် …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ စဉ်းစားကြည့်လေ …. ခင်များရဲ့ ယောက်ဖက ဘယ်လောက်ပဲ ရူးမိုက်စေဦတော့ … ဆောက်လုပ်ရေးအသင်းကပါ သူနဲ့အတူလိုက်ပြီး ရူးပေးမယ်ထင်လား ….”
“ ပုံမှန် ဆောက်လုပ်ရေးအဖွဲ့ဆိုရင် ဝန်ခံနံရံကို ဖျက်တာ … မဟုတ်လည်း ဝန်ခံတန်းကို ဖျက်တာက ကိုယ့်ကိုယ်ကို ထောင်ထဲပို့လိုက်တာနဲ့ အတူတူပဲ ဆိုတာ သိတယ် …”
“ ပုံမှန်ဦးနှောက်ပါတဲ့ ဘယ်ဆောက်လုပ်ရေး တာဝန်ခံမဆို အဲ့လို ရူးမိုက်တဲ့အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး … ပိုင်ရှင်က ပိုက်ဆံ ဘယ်လောက်ပေးပေးပေါ့ ….”
“ ငါ့ယောက်ဖ သူ့ဖုန်းပျောက်သွားတယ်ဆိုတာကရော အမှန်ပဲလား ….” [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]က မေးမြန်းလိုက်သည်။
“ အမှန်ပဲ …”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ အကြိမ်ကြိမ် ထိုးနှက်ခံရပြီးတဲ့နောက်မှာ ခင်များယောက်ဖကလည်း နောက်ဆုံး အသိတရားရလာပြီ ….”
“ ဘာပဲဆိုဆို သူ့အသက်ကလည်း လေးဆယ်နီးနေပြီ … တစ်ခုခုကို လေးလေးနက်နက် လုပ်သင့်တဲ့ အရွယ်ရောက်လာပြီပဲလေ ….”
“ သူ့ကိုယ်သူ ထောင်ထဲရောက်မယ့် အလုပ်မျိုးကို ဘာကိစ္စလုပ်ရမှာ ….”
“ နောက်ပြီး နံရံတွေ အက်ကွဲသွားရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ထပ်ရှိသေးတယ် …”
ချန်ယွီ့က [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]ကို သေချာ ဂရုတစိုက် ပြန်မြင်ယောင်ကြည့်ဖို့ ပြောလိုုက်၏။
ဇနီးသည်၏ သဘောထား သူ့အပေါ် အေးစက်လာသည့် အချိန်မှစ၍ ကွာရှင်းသဘောတူညီချက် စာချုပ်တွင် လက်မှတ်ထိုးပေးလာသည့် အခိုက်အတန့်ထိ ကြားကာလတွင် သုံးလေးလခန့် လစ်လပ်နေသည်။
အကယ်၍ gym ကို မွမ်းမံပြင်ဆင်လိုက်ခြင်းကြောင့်သာ ဖြစ်ပျက်လာခဲ့မည်ဆိုလျှင် အာဏာပိုင်များက အဘယ်ကြောင့် စစ်ဆေးမေးမြန်းဖို့ မရောက်လာရသနည်း။
သူတို့တွေက [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]တို့ မိသားစုကို ဘာကြောင့် အချိန်အကြာကြီး လျစ်လျူရှုထားတယ်လို့ ထင်လဲ …
“ ဒါဆို နံရံတွေက ဘာကြောင့် အက်ကွဲသွားရတာလဲတဲ့ ….”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]၏ အသိစိတ်က ရုတ်တရက်ဆိုသလို စတင် ကြည်လင်လာသည်။
သူ့မိသားစု၏ အမှားမဟုတ်သရွေ့ ကိစ္စမရှိပေ။
“ မီးရထားဆောက်လုပ်ရေး …”
ချန်ယွီ့၏ နောက်ဆုံး အဖြေကို ကြားတော့ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]သည် ချက်ချင်းဆိုသလို သူ့ဆိုင်အနီးနားတွင် မြေအောက်မီးရထား စီမံကိန်း ဆောက်လုပ်ရေးဆိုက်တစ်ခု ရှိသည်ကို အမှတ်ရသွားခဲ့သည်။
သူတို့ ဆိုင်ခန်းတွေ တန်ဖိုးကြီးမားရခြင်း အကြောင်းအရင်းက သွားရေးလာရေး အဆင်ပြေပြီး စီးပွားရေး အဆောက်အဦးတွေ ရှိတာအပြင် မကြာမီ မြေအောက်မီးရထား ဘူတာတစ်ခု ဖွင့်လှစ်တော့မှာကြောင့် ဖြစ်၏။
သို့ပေမယ့်လည်း မြေဈေးတွေ တက်လာရသည့် အကြောင်းအရင်းက နောက်ဆုံး၌ အဆိုပါ မြေဈေးကို ဖျက်စီးပစ်သည့် လက်သည်တရားခံ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါချေ။
ကြည့်ရှုသူများလည်း မယုံကြည်နိုင် ဖြစ်နေကြ၏။
မီးရထားဘူတာ တစ်ခု ဆောက်လုပ်လိုက်သည်နှင့် အနီးနားရှိ အိမ်ခြံမြေဈေးများ တက်လာသည်ကို သူတို့ မြင်တွေ့ဖူးကြသည်။
သို့ပေမယ့်လည်း မီးရထားဘူတာ ဆောက်လုပ်လိုက်၍ မြေဈေးတွေ ထိုးကျပြီး လူနေလို့ မရတော့သည့် အဖြစ်မျိုးသို့ ရောက်လာလိမ့်မည်လို့တော့ သူတို့တွေ တစ်ခါမှ မကြားဖူးကြချေ။
“ မကြားဖူးတာနဲ့ပဲ မဖြစ်တော့ဘူးလို့ မဆိုလိုဘူးလေ …” ချန်ယွီ့က စကားပြောခန်းထဲရှိ ကွန်းမန့်များကို ကြည့်ရင်း “ အဆောက်အဦးနဲ့ မဝေးတဲ့ နေရာက မြေအောက်မီးရထား ဆောက်လုပ်ရေးဆိုဒ်က အကြောင်းအရင်း အမျိုးမျိုးကြောင့် တိုက်ခန်း နံရံတွေကို အက်ကွဲလာစေတယ် …”
“ ဒီအတောအတွင်းမှာ သက်ဆိုင်ရာတွေက စစ်ဆေးကြည့်ပြီး အဆောက်အဦးက နည်းနည်းလေး ယိုင်နဲ့နေတဲ့ လက္ခဏာတွေကိုတောင် မြင်တွေ့ထားတယ် …”
“ ဘာကြောင့် အခုထိ အများသူငှာ သိရှိအောင် မထုတ်ပြန်ရသေးတာလဲ ဆိုတာကတော့ ….”
ချန်ယွီ့က အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။
ဉာဏ်ကောင်းသည့် ကြည့်ရှုသူများက ချက်ချင်း နားလည်သွားခဲ့ကြ၏။
လျော်ကြေးနဲ့ ပြန်ပြီး ပြုပြင်မယ့် အစီအစဉ်ကို တိတိကျကျ မသတ်မှတ်ရသေးခင် ဘယ်သူက ဘယ်လိုသွားပြီး ထုတ်ပြန်ရမှာ …
ဘာပဲဆိုဆို လက်သည်တရားခံကလည်း သာမန်လူမှ မဟုတ်ဘဲလေ …
ယင်းက မီးရထား ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်၏။
“ ဒီကိစ္စတစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ခင်များတို့ မိသားစုက တရားခံ မဟုတ်တဲ့အပြင် နစ်နာသူတွေထဲက တစ်ယောက်တောင် ဖြစ်နေသေးတယ် …” ချန်ယွီ့က ရွှတ်နောက်သလို လေသံမျိုးဖြင့် လေးနက်စွာ ပြောလိုက်သည်။
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]သည် မျက်လုံးထဲရှိ မျက်ရည်များအား ဖယ်သပ်လိုက်၏။
နစ်နာသူ ဖြစ်ရတာကို သူ ဘယ်တုန်းကမှ ယခုလောက် မပျော်ရွှင်မိဖူးခဲ့ချေ။
“ ငါ လျော်ကြေးပေးစရာ မလိုတော့ဘူး … ထောင်ထဲ သွားစရာလည်း မလိုတော့ဘူး ….”
“ ငါ့မိန်းမလည်း ငါနဲ့ မကွာရှင်းတော့ဘူးကွ ဟားဟားဟား ….”
“ ငါ ဒီနေ့ သောက်ရမ်းပျော်တာပဲ …”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]က အသက်နှစ်ဆယ်အရွယ် လူငယ်လေး တစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ ကခုန်နေလျက်ရှိသည်။
“ ခင်များရဲ့ ဇနီးကလည်း အခု ဒီလိုက်စထွင်းကို ကြည့်နေတယ် … “ ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ သူမကြာခင် ခင်များကို တောင်းပန်ဖို့ အိမ်ပြန်လာလိမ့်မယ် … ခင်များ ဒီကိစ္စ ထပ်စိုးရိမ်စရာ မလိုတော့ဘူး …”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ကျေးဇူးအများကြီး တင်ပါတယ် …”
“ မင်းက ငါ့ရောဂါကို ကုပေးရုံတင်မကဘူး … ငါ့ဘဝကိုပါ ကယ်တင်ပေးလိုက်တာပဲ …”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]သည် ပျော်ရွှင်လွန်း၍ ဝမ်းသာမျက်ရည်များ ကျဆင်းနေမိတော့သည်။
“ ဒေါက်တာချန် လှောင်ရယ်ချင်လည်း လှောင်ရယ်ပါတော့ … တကယ်လို့ ငါ့မိန်းမသာ တကယ်ပဲ ကွာရှင်းဖို့ ဆက်ပြောနေမယ်ဆိုရင် ငါ တကယ်ပဲ ဘယ်လို ဆက်ပြီး အသက်ရှင်ရတော့မှန်းတောင် မသိတော့ဘူး …”
“ အခက်ခဲဆုံး အချိန်တွေမှာ ငါ့ဘေးနား ရှိနေပေးခဲ့တဲ့လူက ငါ့မိန်းမပဲ … ငါ့ကို စိတ်ခွန်အားတွေပေးခဲ့တာလည်း ငါ့မိန်းမပဲ …”
“ သူကြောင့်သာ မဟုတ်ဘဲ ငါ့ကိုယ်ငါသာဆို ဒီနေ့လို အခြေအနေမျိုးတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး ….”
“ ငါ့ဘဝကြီးထဲ သူသာ မရှိရင် ငါ့မှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ ၊ အဓိပ္ပာယ် မရှိတော့ဘူး …”
“ ခင်များ ဖုန်းမချခင် ကျုပ် နည်းနည်းပါးပါး သတိပေးလိုက်မယ် …” ချန်ယွီ့ ညင်သာစွာ ပြုံးရင်း ပြောလိုက်၏။
“ ဟုတ် ဟုတ် ဒေါက်တာချန် … ကျေးဇူးပြုပြီး ပြောပါ …”
[ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]က စခရင်သို့ လေးစားရိုသေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
ယခုအချိန်၌ [ခေတ်ကာလပေါင်းများစွာကို ကြုံတွေ့ပြီးပြီ]အတွက်တော့ ချန်ယွီ့သည် နတ်ဘုရားတစ်ပါးနှယ် ဖြစ်လို့နေလေပြီ။