← Chapters

အခန်း ၉၇၀

Vol. 70 Ch. 970

အခန်း ၉၇၀

Vol. 70 Ch. 970

အခန်း (၉၇၀) နေဖမ်းမြှား

​ဟိန်းသံနှင့်အတူ အနက်ရောင်နဂါးကြီးသည် ၎င်း၏ ဧရာမလက်သည်းများဖြင့် အားပြင်းစွာ ထိုးနှက်လိုက်သည်။ နဂါး၏ တည်ရှိမှုသက်သက်ဖြင့်ပင် လေထုမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါး ရှိနေသည်။ နဂါး၏ လက်သည်းများတွင် ဝန်းရံနေသော အနက်ရောင်ရေပြင်မှာ မှိုင်းညို့နေသည့် စာလုံးပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲသွားသည်။

​ထိုစာလုံးများက အဆုံးမရှိသော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။ အကယ်၍သာ လူတစ်ဦးဦးကို ထိမှန်သွားပါက ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း အေးခဲသွားပြီး နောက်ဆုံးတွင် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

​ပြီးပြည့်စုံသောအဆင့်သို့ရောက်နေသည့် မဟူရာမြစ်၏နဂါးအလံတော် ပညာရပ်၏ ခွန်အားက အထင်သေးစရာ မဟုတ်ပေ။

​ချင်ရီ၏ လှပသော မျက်နှာပေါ်တွင် အလေးအနက်ထားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဟွမ်းလုံရှီးရေကန်တွင် တိုက်ခိုက်ခဲ့စဉ်က ဤအတတ်ပညာမှာ ယခုလောက်အထိ အစွမ်းမထက်သေးပေ။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း လီလော့၏ တိုးတက်မှုများက ကြောက်ခမန်းလိိလိပင်။

လီချင်းဖုန်းကို အနိုင်ယူပြီး လီလော့တယောက် နဂါးခေါင်းဆောင်ဖြစ်လာခြင်းမှာ မထူးဆန်းတော့ပေ။ သို့သော် ဤကာလအတွင်း တိုးတက်လာသူမှာ လီလော့တစ်ဦးတည်း မဟုတ်ပေ။

​ကောင်းကင်ဧကရာဇ်ချင်မျိုးဆက်၏ အထူးချွန်ဆုံး လူငယ်တစ်ဦးဖြစ်သည်နှင့်အညီ ချင်ရီ၏ အရည်အချင်းများက မည်သူ့ထက်မျှ မနိမ့်ကျပေ။

​သူမ ခြေလှမ်းကို ပေါ့ပါးစွာ လှမ်းလိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာကာ အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ကျောက်စိမ်းသဖွယ် လက်ချောင်းများဖြင့် လက်ကွက်များကို ပုံဖော်လိုက်ရာ အဆင့် ၉ ရေဓာတ် ပဲ့တင်ထပ်သံဖြင့် သန့်စင်ထားသော အပြာနုရောင် ရေစီးကြောင်း ထွက်ပေါ်လာသည်။

​" ရေစီးကြောင်း တစ်သောင်း သတ်ဖြတ်ခြင်းပညာရပ်…”

​ချင်ရီ လေထဲသို့ လက်ညှိုးဖြင့် ညွှန်ပြလိုက်တော့ ထိုရေစီးကြောင်းအားလုံး ချက်ချင်း ပေါင်းစပ်သွားပြီး အရှိန်အဟုန်ဖြင့် လည်ပတ်ကာ အနက်ရောင်နှင့် အပြာရောင် ရောစပ်နေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

​အပြင်ပန်းတွင် နူးညံ့ပြီး ဘေးကင်းသည်ဟု ထင်ရသော်လည်း ၎င်းတွင် တောင်ကြီးတခုလုံးကိုပင် ဖောက်ထွင်းနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ထိုးဖောက်စွမ်းအား ရှိနေသည်။

​မြေပြင်ပေါ်တွင် ဖြတ်သန်းသွားသည့်အခါတိုင်း အလွန်ချောမွေ့ပြီး အောက်ခြေမမြင်နိုင်သော အက်ကြောင်းများ ကျန်ရစ်ခဲ့သည်။ ဤသည်မှာ ချင်ရီ အကျွမ်းကျင်ဆုံးသော အတတ်ပညာဖြစ်ပြီး သူမသည်လည်း ၎င်းကို အထွတ်အထိပ် အဆင့်ထိ ရောက်အောင် လေ့ကျင့်ထားပြီး ဖြစ်သည်။

​ချင်ရီ သူမ၏ မြို့စားပညာရပ် ကို အသုံးပြုလိုက်သည့်အခါ သူမ၏နောက်တွင် မှိုင်းညို့နေသော ရုပ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ သူမ၏ အဆင့် ၉ ရေပဲ့တင်ထပ်သံ၏ ထူးခြားသောစွမ်းရည်ဖြစ်သည့် ရေဝိညာဉ် ကိုယ်ပွားပင်ဖြစ်သည်။

​ဝိညာဉ်ကိုယ်ပွားတစ်ပါး၏ တည်ရှိမှုသည် မိမိ၏ ပဲ့တင်ထပ်သံ ပညာရပ်များကို ပိုမိုအားကောင်းလာစေပြီး ကိုယ်ခန္ဓာကိုလည်း လောကီသဘာဝစွမ်းအင်များနှင့် ပိုမိုနီးကပ်စွာ ပေါင်းစပ်မိစေသည်။

​ထိုရေဝိညာဉ်ကိုယ်ပွား ပေါ်လာခြင်းကြောင့် အနက်ရောင်နှင့် အပြာရောင် ရောစပ်နေသော ရေစီးကြောင်းများ ပိုမိုသွက်လက်ပြီး ပိုမိုထိရောက်လာသည်။ ရေဓာတ်နှင့် သက်ဆိုင်သည့် လောကီသဘာဝစွမ်းအင်များလည်း တရဟောစီးဆင်းလာပြီး ထိုပညာရပ်ကို ပိုမိုကြီးမားသော ခွန်အားများဖြင့် ဖြည့်ဆည်းပေးလိုက်သည်။

​လက်တစ်ချက် လှုပ်ရှားရုံဖြင့် ထိုရေစီးကြောင်းများက ပေါက်ကွဲထွက်လာသည့်အလား ရှေ့သို့ ပြေးထွက်သွားပြီး နဂါးနက်ကြီး၏ ဧရာမလက်သည်းများနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

​ဝုန်းးးးး

​မမျှော်လင့်ထားဘဲ ထိုပညာရပ်နှစ်ခု တိုက်မိသည့်အခါ ကမ္ဘာမြေကို တုန်ခါသွားစေမည့် ပေါက်ကွဲသံမျိုး မထွက်ပေါ်လာပေ။ ယင်းအစား တိုက်ခိုက်မှုတိုင်းတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက တစ်ခုနှင့်တစ်ခု အပြန်အလှန် ပျက်သုန်းစေခဲ့သည်။

​စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ၎င်းတို့ပတ်လည်ရှိ ကျောက်ခြင်္သေ့များနှင့် အဆောက်အအုံများမှာပင် အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားသည်။

​မြို့စားပညာရပ် နှစ်ခု ထိပ်တိုက်ရင်ဆိုင်နေချိန်တွင် ချင်ရီ နောက်သို့ ဆုတ်ခွာသွားသည်။ ထိုအခိုက်အတန့်တွင် သူမကို ပစ်မှတ်ထားနေသည့် လျင်မြန်ပြီး ရက်စက်သော စွမ်းအင်တစ်ခုကို သူမ ခံစားလိုက်ရသည်။

​သူမ မော့ကြည့်လိုက်တော့ လီလော့က စွမ်းအင်တောင်ပံများကို အသုံးပြုကာ လေထဲတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ရှေးဟောင်းဆန်သော အငွေ့အသက်များ လွှမ်းခြုံထားသည့် နဂါးပုံသဏ္ဌာန် လေးတလက်ကို ကိုင်ဆောင်ထားသည်။

​လီလော့ လေးကြိုး ဆွဲတင်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ လောကီသဘာဝစွမ်းအင်များ နိုးထလာပြီး လေးညှို့ပေါ်သို့ အဆုံးမရှိ စုစည်းရောက်ရှိလာသည်။

​ထိုအခါ ချင်ရီ၏ ရင်ထဲတွင် အလွန်ကြီးမားသော အန္တရာယ်ရှိကြောင်း ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

​”ခရမ်းရောင် အမှတ်အသား သုံးခုပါတဲ့လက်နက်တစ်ခုလား…"

​ချင်ရီသည် လေး၏ ကိုယ်ထည်ပေါ်ရှိ ခရမ်းရောင်အမှတ်အသား သုံးခုကို မြင်လိုက်ရသည့်အခါ သူမ၏ ဦးရေပြားပင် ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ ၎င်းသည် တန်ဖိုးရှိသော ခရမ်းရောင်လက်နက်တစ်ခုတင်မကဘဲ သတ်ဖြတ်ခြင်းအတွက် သီးသန့်ပြုလုပ်ထားသော လက်နက်တစ်ခု ဖြစ်သည်။ လီလော့သည် ယခုတစ်ကြိမ်တွင်မူ အသေအချာဆုံး တိုက်ခိုက်မှုများကို အကုန်ထုတ်သုံးနေပြီဖြစ်သည်။

​သူမ အံ့အားသင့်မှုမှသတိပြန်မဝင်ခင်မှာပင် လီလော့၏ နဖူးပေါ်ရှိ နဂါးတံဆိပ် တောက်ပလာသည်။ နဂါးအကြေးခွံ ကိုးခုစလုံး လင်းလက်သွားပြီးနောက် လီလော့က အကြေးခွံကိုးခု သန့်စင်သော နဂါးကိုယ်ထည်.. နဂါးကိုးကောင်၏ ခွန်အားဟု ကြွေးကြော်လိုက်လေသည်။

ထိုအခါ ​လီလော့၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သွေးများ ဆူပွက်ကာ အသက်ဝင်နေသကဲ့သို့ ဟိန်းသံများ ထွက်ပေါ်လာသည်။ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်လမ်းကြောင်းများအားလုံး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပေါက်ကွဲထွက်နေသည့် ရူးသွပ်နေသော နဂါးများအဖြစ် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်က ခံနိုင်ရည်ထက် ကျော်လွန်သော ခွန်အားကို ထုတ်လွှတ်လိုက်သည့်အတွက် မွှေးညှင်းပေါက်တိုင်းမှ သွေးများ စီးကျလာသည်။

​ရွှတ်……

​လီလော့၏ အားဖြည့်ထားသော ခွန်အားကြောင့် ကောင်းကင်နဂါး နေဖမ်းလေးကြိုးကို နောက်ဆုံးတွင် ဆွဲနိုင်ခဲ့သည်။ထိုအခါ လောကီသဘာဝစွမ်းအင်များ မုန်တိုင်းတစ်ခုကဲ့သို့ စုစည်းလာပြီး အလင်းရောင်ဖြင့် ပြုလုပ်ထားသော မြှားတစ်စင်းအဖြစ် ပုံပေါ်လာသည်။ ၎င်း၏ တောက်ပမှုက အလွန်ပင် ပြင်းထန်ပြီး မြှားထိပ်တွင် နဂါးတစ်ကောင် ဝဲပျံနေသကဲ့သို့ ရှိသည်။

​လေးကြိုးကို ကိုင်ထားသည့် လက်ချောင်းများ၏ အရေပြားများ ကွဲအက်လာကာ မြေပြင်ပေါ်သို့ သွေးများ စီးကျလာသည်။ ဤလေးကို အသုံးပြုရန်အတွက် စိတ်ကူးမယဉ်နိုင်လောက်သော ခွန်အားလိုအပ်ပြီး လီလော့၏ ခန္ဓာကိုယ်ဖြင့်ပင် မနည်းထိန်းထားရသည်။ လီကျင်းဇယ်က အကြေးခွံကိုးခု သန့်စင်သောနဂါးခန္ဓာကို ရရှိပြီးမှသာ ဤလေးကို ပေးမည်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို လီလော့ ယခုအခါ နားလည်လိုက်သည်။ နဂါးကိုးကောင်၏ ခွန်အား မရှိဘဲ ဤလေးကို ဆွဲနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

​လက်ချောင်းများမှ ပူစပ်ပူလောင် ဖြစ်နေသော ဝေဒနာကို လျစ်လျူရှုကာ ချင်ရီ၏ လှပသော ကိုယ်ခန္ဓာကို အေးစက်စွာ ကြည့်လိုက်သည်။ သူမ၏ တိုင်းပြည်တစ်ခုလုံးကိုပင် မှောက်လှန်နိုင်လောက်အောင် လှပသည့် အလှတရားက သနားကြင်နာတတ်သူတိုင်းကို တုံ့ဆိုင်းသွားစေနိုင်သော်လည်း လီလော့ကတော့ ထိုအထဲတွင် မပါဝင်ပေ။

​ထို့ကြောင့် အလင်းနဂါးမြှား ပုံပေါ်လာသည့်အခါ မဆိုင်းမတွပင် ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် လေထုကို ဖောက်ထွက်သွားသည့် အသံပြင်းတစ်ခုနှင့်အတူ ကြီးကျယ်ခမ်းနားသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် အလင်းတန်းတစ်ခု ပစ်ထွက်သွားသည်။

​မြှားကို ဝန်းရံထားသော နဂါးပုံရိပ်က သက်ရှိနဂါးတကောင်အလား ဟိန်းဟောက်နေသည်။ မြှားတံ၏ တောက်ပမှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်ပြီး နေမင်းကြီးကိုပင် ဝါးမြိုနိုင်လောက်သည့် စွမ်းအားမျိုး ရှိနေသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ လေထုကိုပင် စုပ်ယူသွားသည်။ ဤသည်မှာ နေဖမ်းမြှားဟု အမည်တွင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

​မြှားတစ်စင်း၏ စွမ်းအားသည် လီလော့၏ မဟူရာမြစ်၏နဂါးအလံတော်ပညာရပ်ထက်ပင် ပိုမို ရက်စက်ပြင်းထန်ပြီး ဖောက်ထွင်းနိုင်စွမ်း ရှိသည်။

​နဂါးပုံသဏ္ဌာန် မြှားက ချင်ရီ၏ မျက်လုံးထဲတွင် လျင်မြန်စွာ ကြီးမားလာသည်။ ၎င်း၏ အလွန်အမင်း မြန်ဆန်သော အရှိန်ကြောင့် မည်သည့် ရှောင်တိမ်းသည့် နည်းလမ်းဖြင့်မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအခါ ချင်ရီ၏ လှပသော မျက်နှာလေး တည်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်ဝန်းထဲတွင် လေးစားမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်နှင့်ပင် ဤမျှစွမ်းအားရှိသော မြှားကို ပစ်လွှတ်နိုင်ခြင်းမှာ လီလော့၏ ထူးချွန်မှုကို သက်သေပြနေသည်။

ကောင်းကင်​ပုလဲသုံးလုံးအဆင့်ရှိသော လေလွင့်ကျင့်ကြံသူတစ်ဦးပင်လျှင် ဤတိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။ သို့သော် သူမက လေလွင့် းကျင့်ကြံသူ မဟုတ်ပေ။ သူမသည် ကောင်းကင်ဧကရာဇ်ချင်းမျိုးဆက်၏ အထူးချွန်ဆုံး လူငယ်မျိုးဆက် ဖြစ်သည်။

သူမ၏ ချယ်ရီရောင် နှုတ်ခမ်းဖူးလေးကို အနည်းငယ် ဟလိုက်ရာ အလင်းရောင်များဖြင့် ပြုလုပ်ထားသော အပြာရောင် ပုလဲတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းအတွင်းတွင် ဒေါသတကြီး ရိုက်ခတ်နေသော သမုဒ္ဒရာတစ်ခုလုံးကို သိမ်းသွင်းထားသကဲ့သို့ ရှိသည်။

​ထိုပုလဲ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ရေဓာတ်နှင့် သက်ဆိုင်သည့် လောကီသဘာဝစွမ်းအင်များ နိုးထလာပြီး ပုလဲဆီသို့ စုစည်းသွားသည်။ ၎င်းမှာ ခရမ်းရောင်အမှတ်အသား နှစ်ခုပါသည့် အဆုံးမဲ့ကောင်းကင်သမုဒ္ဒရာပုလဲပင် ဖြစ်သည်။

​အပြင်ပန်းတွင် အန္တရာယ်ကင်းသယောင် ရှိသော်လည်း ၎င်းအတွင်းတွင် တောင်များကိုပင် ကြိတ်ချေနိုင်သည့် အလေးချိန် ရှိသည်။

ချင်ရီ လက်လှုပ်လိုက်သည်နှင့် ထိုပုလဲက အပြာရောင်အလင်းတန်းအဖြစ် ပစ်ထွက်သွားပြီး၎င်းပျံသန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုပင် ထိုအရှိန်ကို မခံနိုင်ဘဲ တွန့်ကောက်သွားသည်။

ထို့နောက်တွင် ထိုပုလဲလုံးက လေထုကို ဖောက်ထွက်လာသည့် မြှားနှင့် တိုက်ရိုက် တိုက်မိသွားလေတော့သည်။

​ဝုန်းးးးးးးး

ထိုအခါ ​ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများမှာ ဆူနာမီလှိုင်းလုံးများကဲ့သို့ တစ်ဝိုက်လုံးသို့ ပြန့်နှံ့သွားပြီး စွမ်းအင်များ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေထုပင် အပိုင်းပိုင်း စုတ်ပြဲသွားသည်။

​လီလော့နှင့် ချင်ရီတို့က ထိုတိုက်ခိုက်မှု၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ပထမဆုံး ခံစားလိုက်ရသူများဖြစ်သည်။နှစ်ဉီးစလုံး ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုပြင်းထန်သော ခွန်အားကြောင့် တုန်ခါသွားကြပြီး ကိုယ်တွင်းရှိ သွေးနှင့် စွမ်းအင်များပင် ဆူပွက်ကာ ရှုပ်ထွေးသွားသည်။

​ထိုကြီးမားသော ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ သက်ရောက်မှုများက အချိန်အနည်းငယ် ကြာမြင့်သည်အထိ တည်ရှိနေခဲ့ပြီး နောက်ဆုံးတွင် အဆုံးမဲ့ကောင်းကင်သမုဒ္ဒရာပုလဲပေါ်ရှိ အပြာရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။

လီလော့၏အလင်းမြှားက ပုလဲကို ဖောက်ထွက်သွားပြီး ပုလဲနှင့် ထိမိချိန်တွင် ကျယ်လောင်သော အသံမြည်ဟီးသွားသည်။ တစ်ချိန်တည်းမှာပင် ပုလဲအတွင်းရှိ သမုဒ္ဒရာရေပြင်ပင် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ထိုသက်ရောက်မှုကြောင့် နဂါးပုံရိပ်လည်း တစ်ပိုင်းတစ်စ ပျက်စီးသွားသည်။

​နောက်သို့လွင့်စင်သွားသော ပုလဲလုံးကို ချင်ရီက လက်သွယ်သွယ်လေးဖြင့် ဖမ်းဆုပ်လိုက်သည်။ ပုလဲမျက်နှာပြင်တွင် ပါးလွှာသော အက်ကြောင်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ လှပသော မျက်ဝန်းများတွင် ဝမ်းနည်းရိပ်သန်းသွားသည်။

​ထို့နောက် သူမဆီသို့ အရှိန်မလျော့ဘဲ ဆက်လက်ဦးတည်လာသော မြှားကို ကြည့်လိုက်သည်။ မြှားကို ဝန်းရံထားသော အလင်းတန်းများ အနည်းငယ် မှေးမှိန်သွားသော်လည်း အရှိန် မလျော့ကျပေ။ သူမသ လက်ကို ဆန့်ထုတ်လိုက်တော့ စိမ်းပြာရောင် အလင်းတန်းများ စီးဆင်းလာပြီး သူမလက်တခုလုံး ကျောက်စိမ်းကဲ့သို့ ဖြစ်သွားပြန်သည်။

​"မြို့စားပညာရပ်.. ..ကြယ်ခူးသည်ြ စိမ်းပြာရောင်ကျောက်စိမ်းလက်"

သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို လှုပ်လိုက်ပြီး မြှားကို တိုက်ရိုက် ခုခံလိုက်သည်။ စွမ်းအားနှစ်ခု တိုက်မိသည်နှင့် လေထုမှာ ချက်ချင်းပင် ပေါက်ကွဲသွားသည်။ ချင်ရီ၏ နုနယ်သော ကိုယ်ခန္ဓာလေး တုန်ယင်သွားပြီး သူမ၏ လက်ချောင်းများမှ သွေးများ စီးကျလာသည်။ စိမ်းပြာရောင် အလင်းတန်းများနှင့်ထိုသွေးများ ပေါင်းစပ်သွားပြီး သူမလက်က ပို၍ပင် ကျောက်စိမ်းရောင် တောက်ပလာသည်။

​သို့သော် နေဖမ်းမြှားက စွမ်းအင်များ ကုန်ဆုံးသွားပြီးနောက် အလင်းမှုန်များအဖြစ် ပေါက်ကွဲပျက်စီးသွားကာ လေထဲတွင် ပျောက်ကွယ်သွားသည်။ သို့သော် စွမ်းအင်လှိုင်းများကတော့ ခန်းမဆောင်တစ်ခုလုံးသို့ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ၎င်းတို့ ရပ်တည်နေသည့် မြေပြင်ပင် လုံးဝ ပျက်စီးသွားသည်။

​လီလော့နှင့် ချင်ရီတို့ တိတ်ဆိတ်စွာဖြင့် တစ်ဦးကိုတစ်ဦး ရင်ဆိုင်နေကြသည်။ ယခင်က တိုက်ခိုက်မှုများအရ နှစ်ဦးစလုံး အလျှော့ပေးမည့်သူများ မဟုတ်ကြောင်း သိသာနေသည်။ ဤသို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှသာ ပြိုင်ဘက်၏ လှည့်ကွက်များကို ပိုမို နားလည်နိုင်မည်ဖြစ်သည်။

​ချင်ရီက စတင်၍ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"နဂါးခေါင်းဆောင် လီလော့..ရှင်က တကယ့်ကို ထူးချွန်သူတစ်ဦးပါပဲ… နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်နဲ့တင် ကျွန်မကို ဒီလောက်အထိ အကျပ်ကိုင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး…"

​"ခင်ဗျားလည်း ထူးချွန်သူပါပဲ… ကျွန်တော့်ရဲ့ လေးတောင် ခင်ဗျားကို လှုပ်ရှားနိုင်အောင် မလုပ်နိုင်ခဲ့ဘူး" ဟု လီလော့က အနည်းငယ် ပြုံး၍ ပြောလိုက်သည်။

​ "ဒါပေမယ့် ရှင်က နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာပဲ ရှိပါသေးတယ်…ရှင့်မှာ ပဲ့တင်ထပ်သံ သုံးခုရှိပြီး သာမန် ကောင်းကင်ပုလဲအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်လောက်တဲ့ စွမ်းအင်တွေ ရှိပေမဲ့၊ ဒီလို တိုက်ပွဲမျိုးမှာ ကြာကြာ ဆက်တိုက်နိုင်ဖို့ ခက်ခဲလိမ့်မယ်…"

​လီလော့၏ အမူအရာ မပြောင်းလဲပေ။ ချင်ရီ၏ စကားက အလုံးစုံ မှားယွင်းနေခြင်း မဟုတ်သော်လည်း တစ်စုံတစ်ခုကိို အထင်မှားနေသည်။ သူ့ရဲ့ ပဲ့တင်ထပ်သံသုံးခုက သူမ ထင်သလောက် မရိုးရှင်းပေ။ပဲ့တင်ထပ်သံစွမ်းအားနှင့် ပတ်သက်လာလျှင် သူ့ရဲ့ ပဲ့တင်ထပ်သံသုံးခုက အများသူငှာ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။

​လီလော့ အတွေးလွန်နေစဉ်မှာပင် ချင်ရီက ရုတ်တရက် စကားစလာသည်။

​" နင့်ရဲ့ ပဲ့တင်ထပ်သံသုံးခုအကြောင်း လူသိများတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ပဲ ရှိနိုင်တယ်…”

​သူမက ထိုသို့ဆ်ိုရင်း လီလော့ကို အလွန်ထက်မြက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် အံ့အားသင့်ရိပ်တစ်ခု ထင်ဟပ်နေသည်ကို ထင်ထင်ရှားရှား မြင်နိုင်သည်။

​"နင့်မှာ ပဲ့တင်ထပ်သံ သုံးခုတင်ရှိတာမဟုတ်ဘူး… ဖြစ်နိုင်တာက... ပဲ့တင်ထပ်သံသုံးခုစလုံးမှာ အဓိကပဲ့တင်ထပ်သံနဲ့ အရံ ပဲ့တင်ထပ်သံဆိုပြီး ခွဲခြားထားတာများလား.."

​

All Chapters