အခန်း ၉၇၁
Vol. 70 Ch. 971
အခန်း (၉၇၁) ထူးဆန်းသော ကျင့်ကြံသူများ
"ရှင့်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားမှာ ပဲ့တင်ထပ်သံသုံးမျိုးတင် မဟုတ်ဘူး… ဖြစ်နိုင်တာက... အဓိက ပဲ့တင်ထပ်သံ နဲ့ အရံ ပဲ့တင်ထပ်သံ ဆိုပြီး ခွဲခြားထားတာများလား.."
ချင်ရီ၏ မေးခွန်းဆုံးသွားသည့်အခါ လီလော့ မျက်ခုံးပင့်လိုက်မိသည်။ တိုက်ပွဲခဏလေးအတွင်းမှာပင် သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည့် ပထမဆုံး ပြိုင်ဘက်မှာ သူမပင် ဖြစ်သည်။
တကယ်တမ်းတွင် သူသည် ဤအချက်ကို ဖုံးကွယ်ထားခြင်း မဟုတ်သော်လည်း လူအများစုက ထိုသို့ တွေးမိကြမည် မဟုတ်ပေ။ အဆင့် ၉ ပဲ့တင်ထပ်သံရှိသူများကဲ့သို့ပင် ပဲ့တင်ထပ်သံသုံးမျိုး ပိုင်ဆိုင်သူ အလွန်ရှားပါးသည်။ ထို့ကြောင့် ပဲ့တင်ထပ်သံသုံးမျိုးအပြင် အဓိကနှင့် အရံအဖြစ် ထပ်မံခွဲခြားထားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားမည် မဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းမှာ စုစုပေါင်း ပဲ့တင်ထပ်သံ ခြောက်မျိုးရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။
အရံပဲ့တင်ထပ်သံများသည် အဓိက ပဲ့တင်ထပ်သံများထက် အားနည်းသော်လည်း အခြေခံ ဂုဏ်သတ္တိများနှင့် အားသာချက်များကို ပိုင်ဆိုင်ထားဆဲပင်။အချို့သော အခြေအနေများတွင် ဤကွဲပြားခြားနားသော ပဲ့တင်ထပ်သံစွမ်းအားများကပင် သူ ရင်ဆိုင်ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် အဓိကသော့ချက် ဖြစ်ခဲ့ဖူးသည်။
လီလော့အနေနှင့် ယခင်တိုက်ပွဲများတွင် အရံပဲ့တင်ထပ်သံများကို တမင်သက်သက် ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ အကြောင်းမှာ မြို့စားပညာရပ်များစွာအတွက် အရံ ပဲ့တင်ထပ်သံများ လိုအပ်သောကြောင့် ဖြစ်သည်။
လူအများစုကမူ သူသည် ထိုပညာရပ်များကို သုံးနိုင်ရန်အတွက် လက်နက်များ သို့မဟုတ် အဖိုးတန်ပစ္စည်းများကို အသုံးပြုထားခြင်း ဖြစ်မည်ဟုသာ ထင်မြင်ခဲ့ကြသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အဓိကနှင့် အရံပဲ့တင်ထပ်သံနှစ်မျိုးစလုံး ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
ထို့ကြောင့် ချင်ရီ ချက်ချင်းဆိုသလိုပင် မှန်ကန်စွာ ခန့်မှန်းလိုက်သည့်အခါ လီလော့ သက်ပြင်းချမိလိုက်သည်။ သူမ၏ အာရုံခံနိုင်စွမ်းနှင့် ပင်ကိုယ်ဥာဏ်က သာမန်လူများနှင့် လုံးဝမတူညီဘဲ အဆင့်တစ်ခု မြင့်မားနေသည်။
ထို့အပြင် သူ အလွန်အမင်း စိတ်ညစ်နေစရာလည်း မလိုတော့ပေ။ အဆုံးစွန်တွင် အဓိကနှင့် အရံ ပဲ့တင်ထပ်သံများအကြောင်း လျှို့ဝှက်ချက်မှာ မည်သို့ပင်ဖြစ်စေ ဖော်ထုတ်ခံရမည့် ကိစ္စပင် ဖြစ်သည်။
"ကျွန်မ မှန်သွားပြီထင်တယ်…”
ချင်ရီက လီလော့၏ ခဏတာ တိတ်ဆိတ်သွားမှုမှတစ်ဆင့် အမှန်တရားကို ရိပ်မိသွားသဖြင့် သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများတွင် အံ့အားသင့်ရိပ်များ ပြည့်နှက်နေသည်။
" ရှင့်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေ ဒီလောက်ထိ ပြင်းထန်နေတာ ဒါကြောင့်ကိုး… ကျွန်မ သိချင်တာက ရှင့်မှာ အရံပဲ့တင်ထပ်သံတစ်ခုပဲ ရှိတာလား၊ ဒါမှမဟုတ် ပဲ့တင်ထပ်သံသုံးမျိုးလုံးအတွက် အရံတွေ ရှိနေတာလား…"
"နတ်သမီးချင်ရီက ဒီလောက်တောင် ထက်မြက်နေတာပဲ.. နောက်ထပ် ခန့်မှန်းကြည့်ချင်သေးသလား.."
ချင်ရီလည်း ရယ်မောလိုက်ပြီး…
"ကျွန်မ အရမ်းများများ ခန့်မှန်းမိရင် နဂါးခေါင်းဆောင် လီလော့က ကျွန်မကို တိတ်ဆိတ်သွားအောင် လုပ်မှာ စိုးလို့ပါ"
"ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ"
သို့သော်လည်း လီလော့က လက်ကောက်ဝတ်တွင် ပတ်ထားသော အနီရောင် လက်ကောက်ကို တစ်ချက်ကြည့်လိုက်စဉ် မျက်လုံးများ တောက်ပသွားသည်။ အကယ်၍သာ သုံးမြီးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို ယခုချက်ချင်း ငှားယူသုံးစွဲလိုက်ပါက သူမကို ခြိမ်းခြောက်နိုင်ပါ့မလား။ ချင်ရီက သာမန်ပြိုင်ဘက် မဟုတ်ကြောင်း သူကောင်းကောင်း သိသည်။ သူမသည် ယခုထိ သူရင်ဆိုင်ခဲ့ရသမျှတွင် အနက်ရှိုင်းဆုံးနှင့် အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်သည်။ သူမ၏ ထူးခြားသော နောက်ခံဇာစ်မြစ်အရ အန္တရာယ်ရှိချိန်တွင် မိမိကိုယ်ကို ကယ်တင်နိုင်မည့် လျှို့ဝှက်လှည့်ကွက်များ သူမတွင် ရှိနေမည်မှာ သေချာသည်။
ထို့ကြောင့် သူမကို တစ်ချက်တည်းနှင့် အဆုံးသတ်နိုင်မည်ဟု လီလော့ လုံးဝ ယုံကြည်မှု မရှိပေ။
"ဘာလို့ တိုက်ခိုက်တာ ရပ်လိုက်တာလဲ..နတ်သမီးချင်ရီ… " ဟု လီလော့က ပြုံး၍ မေးလိုက်သည်။
ချင်ရီက အနည်းငယ် သက်ပြင်းချလိုက်ပြီး …
"အမှန်ဆိုရင် လီလင်ကျင်း မရောက်လာခင်မှာ ရှင့်ကို အရင်ရှင်းထုတ်ဖို့ စီစဉ်ထားတာ…. အချိန်သိပ်ပေးရမယ် မထင်ထားဘူး.. ဒါပေမဲ့ ကျွန်မ ရှင့်ကို အထင်သေးမိသွားတယ်" ဟု ပြန်ဖြေသည်။
"ခင်ဗျားမှာလည်း ထုတ်မပြရသေးတဲ့ လျှို့ဝှက်လှည့်ကွက်တွေ ရှိနေသေးတယ်ဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်…"
ချင်ရီ ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူမ၏ စင်ကြယ်သော အသားအရေက သန့်ရှင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ ရှိနေသူတိုင်းကို အလွယ်တကူပင် မိန်းမောသွားစေသည်။
" ရှင့်မှာလဲ လျှို့ဝှက်ထားတဲ့အရာတွေရှိတာပဲလေ… ရှင့်ရဲ့ ဖခင်ဖြစ်သူရဲ့ စွမ်းအင်အရိပ်ကို အနိုင်ယူဖို့ သုံးခဲ့တဲ့ မြို့စားပညာရပ်က တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတယ်လို့ ကြားမိပါတယ်…”
ချင်ရီ ဒီလောက်အထိတောင် သိနေရအောင် သူမရဲ့ ဘယ်လို အမာခံပရိသတ်ကများ သတင်းပေးလိုက်တာလဲ…
မည်သို့ပင်ဖြစ်စေ ချင်ရီက လိမ္မာပါးနပ်ပြီး အကဲခတ် မြန်ဆန်လွန်းသည်။ သူမသည် ယခုအချိန်အထိ သူ့ရဲ့စွမ်းအားကို စမ်းသပ်ရုံသာ ပြုလုပ်နေခြင်း ဖြစ်သည်။ အကယ်၍သာ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မည့် နည်းလမ်းရှိခဲ့ပါက အစစ်အမှန်တိုက်ပွဲဖြစ်နှင့်ပြီးလောက်ပြီ။
သို့သော် လီလော့က မမျှော်လင့်ထားသော ခွန်အားများဖြင့် သူမကို အံ့အားသင့်စေခဲ့သည့်အတွက် သူမသည် အစွမ်းကုန် တိုက်ခိုက်တော့မည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။
ဤသည်မှာ အလွန် ရှုပ်ထွေးသည့် အခြေအနေ ဖြစ်သည်။ အကယ်၍ လီလော့ကို ဤနေရာတွင် တိုက်ခိုက်ပြီး နှစ်ဦးစလုံး အခြေအနေဆိုးသွားပါက လုံးဝ မလိုလားအပ်သည့် ရလဒ်သာ ထွက်ပေါ်လာမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း လီလော့၏ မျက်ဝန်းများက ဤအချက်ကို သဘောပေါက်သွားသည့်အတွက် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ချင်ရီနှင့် အသက်လုတိုက်ပွဲ ဖြစ်ပွားခြင်းကို မလိုလားပေ။ အဘယ်ကြောင့်ဆိုသော် သူမက ကျောက်ရှန်ကျန်းထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်ဖြစ်ကြောင်း ခံစားမိသောကြောင့်ပင်။
ယခုအခါ တကိုယ်တော်ကျင့်ကြံသူများ အားလုံး ရွှေရောင်ခန်းမဆောင်ကြီးထဲသို့ ရောက်ရှိလာပြီဖြစ်ရာ သူ့ရဲ့အဓိက ဦးစားပေးက ရနိုင်သမျှသော ပစ္စည်းများကို အမြန်ဆုံး စုဆောင်းရန် ဖြစ်သည်။
လီလော့က ချင်ရီနှင့် ထပ်မံညှိနှိုင်းရန် စကားသံကို လျှော့ချလိုက်စဉ်မှာပင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ချင်ရီ၏ နောက်ဘက်ကို ကြည့်လိုက်သည်။
ထိုအရပ်မှ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ချင်ရီလည်း ထိုလှုပ်ရှားမှုကို ခံစားမိသဖြင့် မျက်ခုံးပင့်လိုက်မိသည်။
ထိုစွမ်းအင်လှိုင်း အလွန်လျင်မြန်စွာ ရောက်ရှိလာသည်မှာ တစ်စုံတစ်ယောက်က ၎င်းတို့ဆီသို့ အမြန်ဆုံးနှုန်းဖြင့် တိုးဝင်လာနေသကဲ့သို့ပင်။
ခဏအကြာတွင် လီလော့နှင့် ချင်ရီတို့က အလွန်အမင်း ဝလွန်းသည့် ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး လေထဲတွင် အမြန်နှုန်းဖြင့် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ထိုသူ၏ ရုပ်သွင်က တောင့်တင်းနေသော်လည်း လှုပ်ရှားမှုကတော့ အလွန်ပင် မတည်မငြိမ် ဖြစ်နေသည်။ တစ်ခဏချင်းမှာပင် ၎င်းတို့၏ ရှေ့သို့ ထိုသူ ရောက်ရှိလာသည်။
ထိုထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မြင်လိုက်သည်နှင့် မည်သူဖြစ်ကြောင်း လီလော့ ချက်ချင်း သိလိုက်သည်။
ကောင်းကင်ဧကရာဇ်ကျူးမျိုးဆက်မှ ကျူးတယွီမှလွဲပြီး တခြားဘယ်သူ ဖြစ်နိုင်ပါဦးမည်နည်း။
လီလော့၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး အလျင်အမြန်ပင် "အစ်ကိုကျူး.. ကျွန်တော့်ကို ကူညီပါဦး… အမြန်ပဲ…" ဟု လှမ်းအော်လိုက်သည်။
အံ့သြစရာကောင်းသည်မှာ ကျူးတယွီကလည်း လီလော့နှင့် တစ်ပြိုင်နက်တည်း ပြန်အော်လိုက်သည်။
"အစ်ကိုလီ..ကျွန်တော့်ကိုလည်း ကူညီပါဦး… ပိုတောင် အလျင်လိုတယ်…"
နှစ်ဦးစလုံး တစ်ယောက်၏ အကူအညီတောင်းခံသံကို တစ်ယောက် ကြားလိုက်ရသည့်အခါ အံ့အားသင့်ပြီး ဆွံ့အသွားကြသည်။ လီလော့၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အချက်မှာ .ဒီကောင်က တကယ့်ကို မျက်နှာပြောင်လွန်းတယ်…ဆိုသည့်အတွေးပင်။
အခုမှ သိကျွမ်းခါစပဲ ရှိသေးတာကို တွေ့တွေ့ချင်းပဲ အကူအညီတောင်းရသလား….
လီလော့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ….
"အစ်ကိုကျူး…ကျွန်တော့်မှာ အစ်ကို့အတွက် အမြတ်ကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်…ဒီခန်းမထဲမှာ ဝိညာဉ်ရွှေနှင်းစက်တွေ အများကြီးရှိတယ်..ကျွန်တော်တို့ နှစ်ယောက် ပူးပေါင်းပြီး ဒီမိန်းကလေးကို မောင်းထုတ်ကြရအောင်… ပြီးရင် ရွှေနှင်းစက်တွေကို မျှဝေယူကြမယ်.. ဘယ်လိုလဲ…”
ချင်ရီ ထိုစကားကို ကြားလိုက်ရသည့်အခါ သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းလေးပင် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမလက်ဖဝါးပေါ်ရှိ အဆုံးမဲ့ကောင်းကင်သမုဒ္ဒရာပုလဲကလည်း ဖြည်းညင်းစွာ လေထဲသို့ ပေါ်တက်လာသည်။
ကျူးတယွီက ထိုအဆိုပြုချက်ကို ကြားပြီးနောက် ချင်ရီဘက်ကို လှည့်ကြည့်လိုက်သည်။ သူက အသံသြသြကြီးဖြင့် ရယ်မောလိုက်ပြီး…
"အစ်ကိုလီ..သူက အခုလောလောဆယ် အစ်ကို့ရဲ့ ပြဿနာ အသေးအဖွဲလေးပါ… ကျွန်တော့်နောက်ကို ပါလာတဲ့ ပြဿနာကမှ ပိုပြီး ခေါင်းကိုက်စရာကောင်းတယ်" ဟု ပြန်အော်လိုက်သည်။
လီလော့က ကျူးတယွီကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။
ဒီလူဝကြီးက ဘယ်လို ပြဿနာမျိုးကို ခေါ်လာတာလဲ…အကယ်၍သာ အခြေအနေ ဆိုးရွားနေရင် သူ ထွက်ပြေးရတော့မည်။အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဉီးက အသိမိတ်ဆွေမျှသာ ဖြစ်သောကြောင့်ပင်။
သူတို့ အော်ဟစ်ပြောဆိုနေကြစဉ်မှာပင် ကျူးတယွီ လာခဲ့သည့် လမ်းကြောင်းအတိုင်း လူအယောက်တစ်ရာခန့် အုပ်လိုက်ကြီး လာနေသည်ကို လီလော့ တွေ့လိုက်ရသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
အဓိကအားဖြင့် ထိုအုပ်စု၏ ဖွဲ့စည်းပုံက အလွန်ထူးဆန်းနေသည်။ ထိုအထဲတွင် တကိုယ်တော် ကျင့်ကြံသူများသာမက အခြားသော အင်အားစုများမှ လူများလည်း ပါဝင်နေသည်။ ထို့ပြင် သူတို့၏ မျက်နှာများက အမူအရာ လုံးဝကင်းမဲ့နေပြီး ကျူးတယွီ၏ တိုက်ခိုက်မှုကြောင့်ဟု ယူဆရသည့် ဒဏ်ရာများလည်း ရှိနေသည်။ အချို့မှာ လက်တစ်ဖက် ပျောက်ဆုံးနေသည်ကိုပင် တွေ့ရသည်။
ပို၍ ထူးဆန်းသည်မှာ ထိုသူတို့ထဲမှ မည်သူမျှ နာကျင်မှု သို့မဟုတ် ဝေဒနာကို မပြသကြခြင်းပင်။ သူတို့၏ မျက်လုံးများက ထူးဆန်း၍ ကြောက်စရာကောင်းနေပြီး ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ တရဟော ထွက်ပေါ်နေသဖြင့် မည်သူမဆို မြင်ရုံနှင့်ပင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ရရှိစေသည်။ သူတို့၏ ကျင့်ကြံမှု အဆင့်များကလည်း ကွဲပြားနေပြီး အားအကောင်းဆုံးမှာ ပုလဲ ၃ လုံး သို့မဟုတ် ၄ လုံးအဆင့် ရှိကြသည်။ ကျူးတယွီတစ်ယောက် အသက်လုပြေးနေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
"ကျူးတယွီ…မင်း ဘာလုပ်ခဲ့တာလဲ…ဘာလို့ သူတို့က မင်းနောက်ကို လိုက်နေတာလဲ… မင်း မှားထားတာ တစ်ခုခုရှိရင်လည်း အခုပဲ သူတို့ကို တောင်းပန်လိုက်တော့လေ" ဟု လီလော့က လေးနက်သော အသံဖြင့် အော်လိုက်သည်။
ထိုအခါ ကျူးတယွီသည် လီလော့ကို စိတ်နာနေဟန်ဖြင့် ကြည့်လိုက်သည်။
ခုနကပဲ သူ့ကို "အစ်ကို" ဟု ခေါ်ပြီးမှ အခုတော့ သူ့နောက်တွင် လူများစွာ လိုက်လာသည်ကို မြင်သည်နှင့် လေသံပြောင်းသွားသည်။
"အစ်ကိုလီ…ကျွန်တော် ဘာမှ မလုပ်ရပါဘူး… သူတို့က ဘယ်သူနဲ့မှ စကားပြောဖို့လည်း စိတ်မဝင်စားကြဘူး… တစ်ခုခုတော့ ထူးဆန်းနေတယ်" ဟု ကျူးတယွီက အလျင်အမြန် ရှင်းပြရှာသည်။
တကယ်တမ်းတွင် ကျူးတယွီ စကားမဆုံးခင်ကပင် လီလော့ ထိုအချက်ကို သတိပြုမိနေပြီဖြစ်သည်။ ထိုသူတို့၏ အမူအရာမဲ့ပြီး ထူးဆန်းသည့် မျက်လုံးများက လီလော့ကို ပစ်မှတ်ထားနှင့်နေကြပြီ။
ထိုသူတို့က သာမန်လူများ မဟုတ်သည်မှာ သေချာသည်။
လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ထံမှ ကမ္ဘာခြားသက်ရှိများ၏ အငွေ့အသက် အနည်းငယ်ကို ခံစားမိလိုက်သည်။
သို့သော် ဝိညာဉ်ပဲ့တင်ထပ်သံဂူက အမှောင်နယ်မြေနှင့် မတူညီသည့်အတွက် ဤနေရာတွင် ထိုအရာမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။
လီလော့ စဉ်းစားနေစဉ်မှာပင် ထိုရန်သူအသစ်များက ရန်လိုသည့် အမူအရာများဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လာကြသည်။ သူတို့၏ ပဲ့တင်ထပ်သံစွမ်းအားများလည်း ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။
အခြေအနေ မကောင်းမှန်း ရိပ်မိသည့် လီလော့နှင့် ကျူးတယွီတို့က ချင်ရီ၏ ဘေးနားသို့ တစ်ပြိုင်နက်တည်း ဆုတ်ခွာသွားကြသည်။
"နတ်သမီးချင်ရီ… အခြေအနေ မကောင်းတော့ဘူး…ကျွန်တော်တို့ ပူးပေါင်းကြရအောင်" ဟု လီလော့က ချင်ရီကို နွေးထွေးစွာ ပြုံးပြ၍ ပြောလိုက်သည်။
ချင်ရီက…
"ခဏလေးကပဲ ကျူးတယွီနဲ့ ပူးပေါင်းပြီး ကျွန်မကို မောင်းထုတ်ဖို့ ကြံစည်နေတာ မဟုတ်ဘူးလား" ဟု ခနဲ့လိုက်သည်။
"အာ... မဟုတ်ပါဘူး… ဒါက နောက်ပြောင်လိုက်တာပါ... မိန်းကလေးတစ်ယောက်ကို ယောက်ျားသား နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ရလောက်အောင် ကျွန်တော် အရှက်မမဲ့ပါဘူး " ဟု လီလော့က ပြောင်ပြောင်တင်းတင်းလိမ်ညာလိုက်သည်။
ချင်ရီခင်မျာ လီလော့၏ မျက်နှာပြောင်တိုက်မှုကြောင့် စကားပင် မပြောနိုင်တော့ပေ။ သို့သော် ထိုထူးဆန်းသည့် လူအုပ်ကြီးက သူမကိုလည်း မသက်မသာ ဖြစ်စေသည်မှာ အမှန်ပင်ဖြစ်သည်။
"ဒါဆို သူတို့ကို အရင်ရှင်းကြမယ်။"
……
ရွှေရောင်ခန်းမဆောင်ကြီး၏ အခြားတစ်နေရာတွင်….
ငြိမ်သက်နေသည့် လမ်းသွယ်တစ်ခုတွင် လီလင်ကျင်းတယောက် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သီချင်းတစ်ပုဒ် ညည်းကာ လမ်းလျှောက်နေသည်။ ရုတ်တရက် သူမ ခြေလှမ်း ရပ်တန့်သွားသည်။ သူမ ခေါင်းမော့ကာ ရှေ့တည့်တည့်ရှိ အရိပ်များထဲသို့ စိုက်ကြည့်လိုက်သည်။
ထိုနေရာတွင် လူတစ်ဦး ရှိနေသော်လည်း အသက်ရှင်သော လူတစ်ယောက်နှင့် လုံးဝမတူပေ။ ထိုသူ၏ မျက်လုံးအိမ်များက လီလင်ကျင်းကို ငြိမ်သက်စွာ စိုက်ကြည့်ရင်း ဖြည်းညင်းစွာ လှုပ်ရှားနေသည်။
"အရမ်း ရွံစရာကောင်းတဲ့ အငွေ့အသက်ပဲ" ဟု လီလင်ကျင်းက ရေရွတ်လိုက်သည်။
ထိုရုပ်သွင်က အရိပ်များထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။ ထူးဆန်းစွာပင် မျက်လုံးအိမ်များထဲမှ အနက်ရောင် တီကောင်များက လီလင်ကျင်းကို စိုက်ကြည့်ရင်း ယားယံစွာ လှုပ်ရှားနေသည်။ ထိုတီကောင်လေးများ၏ ခေါင်းပေါ်တွင် လူမျက်နှာငယ်လေးများ ရှိနေပြီး တစ်ခုချင်းစီက ရက်စက်စွာ ပြုံးနေကြသည်။
ထိုစဉ် ထိုသူ၏ ပါးစပ်မှ အေးစက်ပြီး အသံသြသြတစ်ရပ် ထွက်ပေါ်လာသည်။
"နံပါတ်သုံး... မင်းကို စားသုံးခွင့်ပေးပါ.."