← Chapters

အခန်း ၉၇၂

Vol. 70 Ch. 972

အခန်း ၉၇၂

Vol. 70 Ch. 972

အခန်း (၉၇၂) မိစ္ဆာများကို ဆွဲဆောင်ခြင်း

​ခန်းမဆောင် အပြင်ဘက်တွင် ရိုင်းစိုင်းပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

​ကျူးတယွီကို လိုက်လံတိုက်ခိုက်နေသည့် အမူအရာမဲ့ လူတစ်ရာကျော်က သူတို့အုပ်စုဆီသို့ ဝင်ရောက်တိုက်ခိုက်လာသည်။ သူတို့ထဲမှ အများစုမှာ တကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြပြီး သိပ်မသန်မာကြသော်လည်း အုပ်စု၏ ခေါင်းဆောင်နှစ်ဦးကတော့ ပုလဲသုံးလုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

​ကျန်ရှိနေသူများကလည်း အားနည်းသူများ မဟုတ်ကြပေ။ အရေအတွက် အသာစီးရထားသည့်အတွက် လီလော့တို့အုပ်စုအတွက် အမှန်တကယ်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။

​လီလော့က ကောင်းကင်ပုလဲသုံးလုံးအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ ဤအချိန်တွင်မှ သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားမည်မျှ ပြင်းထန်ကြောင်း အမှန်တကယ် ခံစားမိလိုက်သည်။ ပြိုင်ဘက်က ကျင့်ကြံမှုအဆင့်တွင် သူ့ထက် အများကြီး သာလွန်နေသော်လည်း တိုက်ခိုက်သည့်အခါ ခံစားရသည့် ဖိအားများက ချင်ရီနှင့် ရင်ဆိုင်ခဲ့စဉ်ကထက် များစွာ သက်သာနေသည်။

​နောက်ဆုံးတော့ သာမန်ပြိုင်ဘက်တစ်ဦးနှင့် ယှဉ်ပြိုင်နေရပြီဖြစ်သည်။

​ချင်ရီတွင် အဆင့် ၉ ရေဓာတ် ပဲ့တင်ထပ်သံရှိသည်။ ထို့အပြင် သူမသည် ပင်ကိုယ်အရည်အချင်း ပြည့်ဝပြီး အဆင့်မြင့်သူများကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။ သူမ၏ ကြီးမားလှသော စွမ်းအားများကြောင့် ကောင်းကင်ပုလဲလေးလုံးအဆင့် ကျင့်ကြံသူကိုပင် ခုခံနိုင်စွမ်းရှိရာ ပုလဲသုံးလုံးအဆင့်က သူမအတွက် ပြောစရာမလိုတော့ပေ။

​မလှမ်းမကမ်းတွင် ကောင်းကင်ပုလဲသုံးလုံးအဆင့် နောက်တစ်ဦးနှင့် တိုက်ခိုက်နေစဉ်တွင် သူမ၏ တိုက်ပွဲကို ထိန်းချုပ်နိုင်စွမ်းက လီလော့ထက်ပင် သာလွန်နေသည်ကို တွေ့ရသည်။

​"အား …အစ်ကိုလီလော့ …ကျွန်တော့်ကို အမြန်ကူညီပါဦး…"

​ထိုအချိန်တွင် အခြားတစ်ဖက်မှ ကျူးတယွီ၏ အော်ဟစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လီလော့နှင့် ချင်ရီတို့က အားအကောင်းဆုံး ပြိုင်ဘက်နှစ်ဦးကို ရင်ဆိုင်နေရသဖြင့် ကျန်ရှိနေသည့် အများအပြားကို ကျူးတယွီ တစ်ယောက်တည်း ထိန်းထားပေးရသည်။

​သူသည် မိမိတွင်ရှိသမျှ လှည့်ကွက်များနှင့် အမြန်နှုန်းတို့ကို အသုံးပြု၍ ထိုထူးဆန်းသော တကိုယ်တော်ကျင့်ကြံသူများကို အချိန်ဆွဲထားရန် ကြိုးစားနေသည်။

​သို့သော် သူ မည်မျှပင် အရည်အချင်းရှိပြီး လျင်မြန်ပါစေ တစ်ခါတစ်ရံတွင် ရောက်လာသည့် တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ခဏအကြာတွင် ဝလွန်းသော ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာပေါင်းစုံ ရရှိသွားသည်။ ကံကောင်းထောက်မစွာပင် ကျူးတယွီ၏ ပြန်လည်ကုသနိုင်စွမ်းက မယုံနိုင်စရာကောင်းလောက်အောင် အံ့ဖွယ်ဖြစ်သည်။ သူသည် ပုံပျက်ပန်းပျက် ရှောင်တိမ်းနေရင်းပင် ချက်ပြုတ်ထားသော အသားတုံးများကို ထုတ်ယူကာ ပါးစပ်ထဲသို့ အငမ်းမရ သွတ်သွင်းနေသည်။

​သူ အသားများကို စားလိုက်သည်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဒဏ်ရာများ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။

​သူသည် ဒဏ်ရာများကို ကုသနိုင်သော်လည်း နာကျင်မှုကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့် တိုက်ပွဲတစ်လျှောက်လုံးတွင် သူ့ရဲ့ နာကျင်စွာ အော်ဟစ်သံများမှာ ဆူညံနေတော့သည်။

​လီလော့နှင့် ချင်ရီတို့မှာလည်း ဤအခြေအနေကြောင့် အနည်းငယ် ဒေါသထွက်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကျင့်ကြံသူများကို ကျူးတယွီကပင် ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

"နတ်သမီးချင်ရီ ကျွန်တော်တို့ ဒီအတိုင်း ဆက်တိုက်နေလို့ မဖြစ်တော့ဘူး.. ဒီလူတွေက တကယ့်ကို ထူးဆန်းတယ် သူတို့အငွေ့အသက်က ကမ္ဘာခြားသက်ရှိတွေနဲ့ ဆင်တူနေတယ်.. သူတို့ ကမ္ဘာခြားသက်ရှိတွေရဲ့ ဖျက်ဆီးမှုကြောင့် စိတ်ဓာတ်တွေ ပျက်ပြားနေတာများလား" ဟု လီလော့က လှမ်းအော်လိုက်တော့ ချင်ရီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက တိုက်ပွဲစတင်ချိန်မှစ၍ စကားတစ်ခွန်းမျှ မပြောဘဲ အမူအရာမဲ့စွာဖြင့် သူမကို အသက်လုတိုက်ခိုက်နေသည့် ပြိုင်ဘက်ကိုသာ အာရုံစိုက်နေသည်။

​အရေးအကြီးဆုံးမှာ ထို တကိုယ်တော်ကျင့်ကြံသူသည် တိုက်ခိုက်မှုမည်မျှပင် ခံလိုက်ရပါစေ နာကျင်သည့် အရိပ်အယောင် လုံးဝမပြခြင်းပင် ဖြစ်သည်။

​ပြိုင်ဘက်၏ တိုက်ခိုက်မှု စွမ်းရည်က သိပ်မပြင်းထန်သော်လည်း ဤအတိုင်း အချိန်ဆွဲနေပါက ချင်ရီအနေဖြင့် ထိခိုက်မှုမရှိဘဲ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

​ထို့အပြင် ကျူးတယွီအတွက်လည်း အန္တရာယ် ပိုများလာသည်။ အကယ်၍သာ နောက်ထပ် ထူးဆန်းသော တကိုယ်တော်ကျင့်ကြံသူ များ ထပ်မံရောက်ရှိလာပါက သူမအနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရင်ဆုံး ထွက်ပြေးရပေလိမ့်မည်။

​"ဝိညာဉ်ပဲ့တင်ထပ်သံဂူထဲအထိ ကမ္ဘာခြားသက်ရှိတွေရဲ့ ဖျက်ဆီးမှုတွေ ဘယ်လိုရောက်လာတာလဲ" ဟု ချင်ရီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​လီလော့က ခေါင်းခါလိုက်ပြီး…

"ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးက သူတို့ကို အရင် ရှင်းထုတ်ဖို့ပဲ… အခု သူတို့နဲ့ အချိန်ကုန်နေရင် နောက်ထပ်'ဝိညာဉ်ရွှေနှင်းစက်တွေ စုဆောင်းဖို့ နည်းလမ်းမရှိတော့ဘူး" ဟု ပြန်ဖြေလိုက်သည်။

​ချင်ရီလည်း ဤအချက်ကို နားလည်သည်။ ရွှေရောင်ခန်းမဆောင်ကြီးထဲသို့ လူများ ပိုမိုဝင်ရောက်လာနေပြီဖြစ်သည်။ အချိန်ကြာလေလေ သူမတို့အတွက် ရရှိမည့် အကျိုးအမြတ် ပိုနည်းလေလေပင်။

​သို့သော်လည်း... ဤ တကိုယ်တော်ကျင့်ကြံသူ များအားလုံးကို အချိန်တိုအတွင်း ဖယ်ရှားပစ်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

​"ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်… နတ်သမီးချင်ရီ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ဒီဘက်က တကိုယ်တော်ကျင့်ကြံသူကို ခဏလောက် ထိန်းထားပေးပါ" ဟု လီလော့က ရုတ်တရက် ပြောလိုက်သည်။

ထိုအခါ ​ချင်ရီ၏ မျက်ဝန်းများ ခဏတာ လှုပ်ရှားသွားပြီး ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။ ထို့နောက် သူမ၏ ကျောက်စိမ်းသဖွယ် လက်များကို မြှောက်လိုက်ရာ မြေပြင်မှ ရေဓာတ် ပဲ့တင်ထပ်သံစွမ်းအား လိုက်ကာတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လီလော့ ယခင်က တိုက်ခိုက်နေသည့် ပုလဲသုံးလုံးအဆင့် တကိုယ်တော်ကျင့်ကြံသူကို ပိတ်လှောင်ထားသည့် ရေတံတိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

​"ပုလဲသုံးလုံးအဆင့် ရန်သူက နှစ်ယောက်ရှိတယ်… ကျွန်မ သူတို့ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး.. ရှင် အချိန်အများကြီး ယူမယ်ဆိုရင်တော့ ကျွန်မ တခြားနည်းလမ်းကိုပဲ ရွေးရလိမ့်မယ်" ဟု ချင်ရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

လီလော့က ပြုံး၍သာ ပြန်ဖြေလိုက်ပြီး လှည့်ထွက်ကာ ခန်းမဆောင်အတွင်းသို့ ဦးတည်သွားသည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျူးတယွီက အလျင်အမြန်ပင်…

"အစ်ကိုလီ… ခင်ဗျား အထဲက 'ဝိညာဉ်ရွှေနှင်းစက်တွေကို သိမ်းပြီး ထွက်ပြေးဖို့ ကြံနေတာ မဟုတ်ဘူးလား" ဟု လှမ်းအော်မေးသည်။

​"ဘယ်သူသိမှာလဲ…ဖြစ်နိုင်တာပေါ့" ဟု လီလော့က နောက်ပြောင်ကာ ပြန်ဖြေရင်း တံခါးကို တွန်းဖွင့်ကာ ခန်းမဆောင်ထဲသို့ ဝင်သွားသည်။

​ထိုအချိန်တွင် ချင်ရီ၏ မျက်ဝန်းများက လီလော့၏ အကြံအစည်ကို ရိပ်မိသွားသကဲ့သို့ တောက်ပသွားသည်။

"သူက ဝိညာဉ်ရွှေနှင်းစက်တွေကို စောင့်ရှောက်နေတဲ့ အစောင့်တွေကို ဒီနေရာကိုလာအောင် ဆွဲဆောင်ဖို့ ကြံနေတာပဲ… သူက အဲဒီအစောင့်တွေကို သုံးပြီး ဒီ တကိုယ်တော်ကျင့်ကြံသူတွေကို တိုက်ခိုက်ခိုင်းဖို့ စီစဉ်နေတာ…သူတို့နှစ်ဖက်စလုံးက အသိဉာဏ်နဲ့ သတိတရား ကင်းမဲ့နေကြတာမို့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ခိုင်းဖို့က အကောင်းဆုံးပဲ…"

​ထိုစကားကို ကြားလိုက်ရသည့်အခါ ကျူးတယွီ၏ မျက်လုံးများ အရောင်လက်သွားပြီး…

"အစ်ကိုလီ…တကယ့်ကို ထက်မြက်တဲ့ အကြံအစည်ပဲ" ဟု ချီးကျူးလိုက်သည်။

​သို့သော် ချင်ရီက…

"အစောင့်တွေက ပေါ်လာတာနဲ့ သူတို့အကွာအဝေးအတွင်းမှာ ရှိတဲ့သူမှန်သမျှကို တိုက်ခိုက်လိမ့်မယ်… ဆိုလိုတာက နဂါးခေါင်းဆောင် လီလော့ရဲ့ အစီအစဉ်က တော်တော်လေး စွန့်စားရတယ်…အကယ်၍ အစောင့်တွေက လီလော့ကို အရင်ဆုံး ပစ်မှတ်ထားလိုက်ရင် ငါတို့နောက်က ရောက်လာမှာက အကူအညီတွေ မဟုတ်ဘဲ နောက်ထပ် ကြောက်စရာကောင်းတဲ့ ကျားရဲတစ်ကောင်ပဲ ဖြစ်လာလိမ့်မယ်"

​ကျူးတယွီတစ်ယောက် ထပ်မံ အော်ဟစ်လိုက်ပြီး သူ့နှလုံးသား ဒိတ်ဒိတ်ခုန်လာသည်။ အကယ်၍သာ ထူးဆန်းသော တကိုယ်တော်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုနှင့် အစောင့်များ၏ တိုက်ခိုက်မှုကြားတွင် ညပ်နေပါက ကိုယ့်အသက်ကိုယ် လုပြီး အရှက်တကွဲ ထွက်ပြေးရပေလိမ့်မည်။

​သို့သော်လည်း လီလော့ ခန်းမဆောင်ထဲသို့ ရောက်နှင့်နေပြီဖြစ်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အလယ်ဗဟိုရှိ ကျောက်သားခွက်ကို သတိပြုမိသည်။ ထိုကျောက်သားခွက်က မသေးငယ်လှဘဲ ရွှေရောင်အလင်းတန်းများ စီးဆင်းနေသည်။ အသက်ဝင်နေသော ဝိညာဉ်လေးများကဲ့သို့ ဝိညာဉ်ရွှေနှင်းစက်ပေါင်းများစွာမှာ ထိုခွက်ထဲတွင် ကခုန်နေကြသည်။

​လီလော့က မဆိုင်းမတွပင် ခွက်ဆီသို့ ဦးတည်သွားသည်။ သူ နီးကပ်သွားသည်နှင့် ခွက်ထဲမှ ရွှေရောင်အလင်းတန်းများ ပစ်လွှတ်လိုက်သည်။ တစ်ခဏချင်းမှာပင် အလင်းတန်းများက လီလော့ကို ဝန်းရံထားသည့် ဝိဉာဉ်အစောင့်များအဖြစ် ပြောင်းလဲသွားသည်။ သူတို့အားလုံး လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်း၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

​သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လီလော့ကို ပစ်မှတ်ထားလိုက်ပြီး ပြင်းထန်သော စွမ်းအင်မုန်တိုင်းတစ်ခု ဝန်းရံသွားသည်။

​လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာပင် ဝိဉာဉ်အစောင့်ရှောက်များက လီလော့ဆီသို့ အလောတကြီး ဝင်ရောက် တိုက်ခိုက်လာတော့သည်။

လီလော့၏ တုံ့ပြန်မှုကလည်း အလွန်လျင်မြန်သည်။ သူ လက်ကို ချက်ချင်းမြှောက်လိုက်သည်နှင့် လက်ဝါးပြင်ပေါ်တွင် ပဲ့တင်ထပ်သံမီးတောက် ပေါ်လာသည်။ သူ့ဆီသို့ အလောတကြီး ဝင်ရောက်တိုက်ခိုက်လာသော ဝိဉာဉ်အစောင့်များက ထိုမီးတောက်ကို မြင်လိုက်သည်နှင့် ရပ်တန့်သွားကြပြီး စွမ်းအင်မုန်တိုင်းများလည်း ချက်ချင်း ပြန်လည်ငြိမ်သက်သွားသည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံး လီလော့ကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

​ဤအခြေအနေကို မြင်လိုက်ရသည့်အခါ လီလော့က စိတ်ကျေနပ်မှုအပြည့်ဖြင့် မီးတောက်ကို ငြိမ်းသတ်လိုက်ပြီး ကျောက်သားခွက်ကို လှမ်းယူလိုက်သည်။ ထို့နောက် ကျောက်သားခွက်ကို ကိုင်ကာ နောက်သို့လှည့်၍ ခန်းမဆောင် အပြင်ဘက်သို့ စတင်ထွက်ခွာသွားလေသည်။

​ကျောက်သားခွက် ရွေ့လျားသွားသည့်အခါ ဝိဉာဉ်အစောင့်များသည်လည်း အမိန့်နာခံစွာဖြင့် သူ့နောက်သို့ လိုက်ပါလာကြသည်။

​ခန်းမဆောင် အပြင်ဘက်တွင် ချင်ရီတယောက်တည်း ပုလဲသုံးလုံးအဆင့် တကိုယ်တော်ကျင့်ကြံသူ နှစ်ဦးစလုံးကို ထိန်းချုပ်ထားသည်။ တစ်ချိန်တည်းမှာပင် ခန်းမဆောင်အတွင်း ဖြစ်ပျက်နေသည်များကို သိရှိနိုင်ရန် အမြဲစောင့်ကြည့်နေသည်။

ခဏအကြာက ထွက်ပေါ်လာခဲ့သော ပြင်းထန်သည့် စွမ်းအင်လှိုင်းများက လီလော့ အစောင့်များကို နှိုးဆွလိုက်ခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။ သို့သော် အစောင့်များ၏ ပစ်မှတ်မဖြစ်အောင် လီလော့ မည်သို့ ရှောင်ရှားမည်နည်း။ ရှုပ်ထွေးအောင် လုပ်ပြီး အစောင့်များကို သူမတို့ဆီသို့ ဆွဲခေါ်လာမည်လား။

​ချင်ရီသည် အချိန်အခါသင့်သလို ကြည့်ရှုရင်း သတိဝီရိယဖြင့် စောင့်ကြည့်နေသည်။ လီလော့၏ အစီအစဉ် ပျက်စီးသွားသည်ဟု မြင်လိုက်သည်နှင့် မည်သို့မျှ မတွန့်ဆုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ပြေးရန် သူမ ဆုံးဖြတ်ထားသည်။

​ချင်ရီ ထိုသို့တွေးနေစဉ်မှာပင် လီလော့ ခန်းမဆောင်ထဲမှ ထွက်ပေါ်လာသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အစောင့်တပ်ကြီးကို နောက်မှ ခေါ်ဆောင်လာရင်း သူမရှိရာသို့ တန်းတန်းမတ်မတ် ပြေးလာသည်။

​သူတို့လာသည်ကို မြင်လိုက်ရသည့်အခါ ချင်ရီ ချက်ချင်း နောက်သို့ ဆုတ်ခွာလိုက်ပြီး အစောင့်များကို အနီးကပ် စောင့်ကြည့်နေသည်။

​ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမ အံ့အားသင့်သွားသည်။ ဝိဉာဉ်အစောင့်များက လီလော့နောက်သို့ လိုက်လာသော်လည်း သူ့ကို တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝမပြပေ။ လီလော့ နီးကပ်လာသည်နှင့် ပုလဲသုံးလုံးအဆင့် တကိုယ်တော်ကျင့်ကြံသူ နှစ်ဦးစလုံး ဝိဉာဉ်အစောင့်ရှောက်ရှောက်များ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိသွားသည်။

​ဝုန်း…

​နောက်တစ်ခဏတွင် လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်း၏ တပည့်များက ထို တကိုယ်တော်ကျင့်ကြံသူ နှစ်ဦးကို အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ ထိုနှစ်ဦးမှာလည်း ခုခံရန် ကြိုးစားသော်လည်း ဝိဉာဉ်အစောင့်ရှောက်ရှောက်များ၏ တိုက်ခိုက်မှုကို မယှဉ်နိုင်ဘဲ ချက်ချင်းပင် အခြေအနေဆိုးသွားတော့သည်။

​"အစ်ကိုလီ…ကျွန်တော့်ဆီ လာကူညီပါဦး.မြန်မြန်လေး.." ဟု ကျူးတယွီက တိုက်ပွဲတစ်ဖက်မှ လှမ်းအော်လိုက်သည်။ သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေပုံရသည်။

​ထိုအခါ လီလော့က ပြုံးစိစိဖြင့် ကျောက်သားခွက်ကို ကျူးတယွီဆီသို့ တန်းတန်းမတ်မတ် ပစ်ပေးလိုက်သည်။

သို့သော် ကျူးတယွီ၏ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားသည်။ သူသည် ထိုကျောက်သားခွက်ကို အဆိပ်ပြင်းသော ကင်းမြီးကောက်ကဲ့သို့ သဘောထားကာ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ ကျောက်သားခွက် ကျရောက်သည့်နေရာသို့ လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းမှ တပည့်များစွာ အတူလိုက်ပါလာကြသည်။

​ကျူးတယွီကလည်း ရှောင်တိမ်းနည်းပညာရပ်များကို အသုံးပြု၍ အလျင်အမြန်ပင် ထွက်ပြေးသွားသည်။

​သို့သော် ထူးဆန်းသော တကိုယ်တော်ကျင့်ကြံသူများကတော့ အချိန်မီ မရှောင်နိုင်ခဲ့ပေ။ လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းမှ တပည့်များ ရောက်ရှိလာချိန်တွင် အဖွဲ့နှစ်ဖွဲ့ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

​နှစ်ဖက်စလုံးက မိမိတို့တွင်ရှိသမျှ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကြသဖြင့် ရိုင်းစိုင်းပြင်းထန်သော စွမ်းအင်များ လေထုထဲတွင် ပျံ့နှံ့သွားသည်။

​လီလော့၊ ချင်ရီနှင့် ကျူးတယွီတို့က တိုက်ပွဲကြားတွင် မညပ်မိစေရန် ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးလာခဲ့ကြသည်။

​"အစ်ကိုလီ တကယ့်ကို အထင်ကြီးဖို့ကောင်းတယ်ဗျာ… ဝိဉာဉ်အစောင့်ရှောက်တွေကို ဆွဲခေါ်လာပြီး ကိုယ်တိုင်လည်း မထိခိုက်အောင် လုပ်နိုင်ခဲ့တယ်" ဟု ကျူးတယွီက ချီးကျူးလိုက်သည်။

​လီလော့က သူ့ကို လှည့်ကြည့်၍… "မှတ်ထား မင်း ငါ့ကို ကျေးဇူးတင်စရာတစ်ခု ကျန်သေးတယ်" ဟု ပြောလိုက်သည်။

​ကျူးတယွီ ခေတ္တမျှ ငိုင်သွားပြီး…

"ဒါလောက်နဲ့ပဲ ကျေးဇူးကြွေးတစ်ခု ဖြစ်သွားတာလား" ဟု ပြန်မေးသည်။

​လီလော့က ယုံကြည်ချက်ရှိရှိဖြင့်…

"သူတို့က မင်းအသက်ကို လိုချင်နေတာလေ ငါက မင်းကို ကယ်လိုက်တာ.. ဒါ ကျေးဇူးတင်စရာ မဟုတ်ဘူးလား…ကောင်းကင်ဧကရာဇ်ကျူးမျိုးဆက်တွေက ဒီလောက်တောင် ဆင်ခြင်တုံတရား မရှိကြဘူးလား"

ထိုအခါ ​ကျူးတယွီ တစ်စုံတစ်ခုကို တိုးတိုးလေး ညည်းတွားနေသည်။

​လီလော့က တိုက်ပွဲမြေပြင်ပေါ်တွင် သွေးများ စီးကျနေသည်ကို ကြည့်ပြီး ခဏမျှ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီ တကိုယ်တော်ကျင့်ကြံသူတွေက သူတို့ရဲ့ အသိစိတ်တွေကို ဆုံးရှုံးထားကြတယ်… သူတို့က အငွေ့အသက် ထူးဆန်းနေတဲ့ ရုပ်သေးရုပ်တွေလိုပဲ ပြုမူနေကြတယ်… ခုနက သူတို့ ဒီလိုမျိုး မဟုတ်ခဲ့တာကို ကျွန်တော် မှတ်မိတယ်…"

​ချင်ရီလည်း သဘောတူလိုက်သည်။

"ကျွန်မ သူတို့ထဲက တစ်ယောက်ကို သိတယ်.. ရွှေရောင်ခန်းမဆောင်ထဲ မဝင်ခင်တုန်းက သူ ကျွန်မနဲ့ စကားပြောခဲ့သေးတယ်… အခုတော့ သူက လုံးဝကို တခြားလူတစ်ယောက်လို ဖြစ်နေပြီ.. သူတို့ ဒီခန်းမဆောင်ထဲ ဝင်လာတဲ့အချိန်မှာ တစ်ခုခု ထူးဆန်းတာ ဖြစ်ပျက်သွားတာပဲ…"

​လီလော့က သေချာစဉ်းစားပြီးနောက်…

"ဒီနေရာမှာ အလွန်အန္တရာယ်များတဲ့ အရာတစ်ခုခု ရှိနေပုံပဲ"

​တကိုယ်တော်ကျင့်ကြံသူများစွာကို ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်နိုင်သည့်အတွက် နောက်ကွယ်မှ စီစဉ်သူက သာမန်လူမဟုတ်ကြောင်း သိသာသည်။

​ဝုန်း……

​လီလော့တို့အဖွဲ့ တိုက်ပွဲ၏ ရလဒ်ကို စောင့်ကြည့်နေစဉ်မှာပင် ရွှေရောင်ခန်းမဆောင်၏ အခြားတစ်နေရာတွင် အလွန်ကြီးမားသော စွမ်းအင်လှိုင်းတစ်ခု လေထဲသို့ ပေါက်ကွဲထွက်သွားသည်။

​ထိုတိုက်ခိုက်မှုက တစ်နေရာလုံးကို တုန်ခါသွားစေလောက်အောင် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။

​လီလော့တို့အဖွဲ့က အဝေးတွင် ရှိနေသော်လည်း ထိုစွမ်းအင်လှိုင်းများကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ကြသည်။

​ချင်ရီက သူမ၏ လှပသော မျက်နှာကို မော့လိုက်ပြီး….

"စွမ်းအင်လှိုင်းတွေအရဆိုရင် အနည်းဆုံး ပုလဲရှစ်လုံးအဆင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်နေတာပဲ ဖြစ်ရမယ်" ဟု အံ့အားသင့်စွာ ပြောလိုက်သည်။

​တစ်ဖက်တွင် လီလော့၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုကောင်းကင်ထဲသို့ ပျံတက်သွားသည့် စွမ်းအင်လှိုင်းများက သူနှင့် အလွန်ရင်းနှီးနေသည်။

​၎င်းမှာ လီလင်ကျင်း၏ ပဲ့တင်ထပ်သံစွမ်းအားပင် ဖြစ်သည်။

​အဲဒီနေရာမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ….

All Chapters