အခန်း ၉၇၃
Vol. 70 Ch. 973
အခန်း (၉၇၃) လီလင်ကျင်း၏ အခက်အခဲ
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ရွှေရောင်ခန်းမဆောင်ကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။
လီလော့သည် စွမ်းအင်ပေါက်ကွဲရာ အရပ်သို့ မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ထို့နောက် ချင်ရီဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ အကယ်၍ ထိုစွမ်းအင်လှိုင်းနှစ်ခုထဲမှ တစ်ခုက လီလင်ကျင်း၏ စွမ်းအားဖြစ်နေပါက သူမ မည်သူနှင့် တိုက်ခိုက်နေသနည်း။
ချင်ယင်းလား သို့မဟုတ် ကျူးကျူးလား…
လီလော့ စဉ်းစားနေစဉ်မှာပင် တကိုယ်တော်ကျင့်ကြံသူများနှင့် ဝိဉာဉ်အစောင့်ရှောက်များ၏ တိုက်ပွဲကို ပြန်ကြည့်လိုက်သည်။ နှစ်ဖက်စလုံး အသိစိတ်ကင်းမဲ့နေကြသဖြင့် မည်သူမျှ နောက်မဆုတ်ကြပေ။
နှစ်ဖက်စလုံး၏ အရေအတွက် လျင်မြန်စွာ လျော့နည်းလာသည်။ ထိုရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကြောင့် လီလော့တို့အဖွဲ့ပင် မသက်မသာ ဖြစ်လာကြသည်။
သို့သော် တကိုယ်တော်ကျင့်ကြံသူ အရေအတွက် လျော့နည်းလာသည်နှင့်အမျှ လီလော့တို့အဖွဲ့အတွက် ခြိမ်းခြောက်မှုလည်း လျော့နည်းလာသည်။
"ကျွန်တော်တို့လည်း တိုက်ခိုက်ဖို့ ပြင်ကြရအောင်… ဒီမှာ အသံတွေ အများကြီး ထွက်နေပြီ… ဒီထက်ပိုပြီး အချိန်ဆွဲနေရင် တခြားသူတွေ ဒီနေရာကို ရောက်လာလိမ့်မယ်" ဟု လီလော့က အကြံပြုလိုက်သည်။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ တိုက်ပွဲ၏ အလယ်ဗဟိုသို့ အကြည့်ရောက်သွားသည်။ ထိုနေရာတွင် ကျောက်သားခွက် ကျရောက်နေပြီး အတွင်းရှိ ရွှေရောင်အရည်များက သူတို့သုံးဦးလုံးကို အကြိမ်ကြိမ် ဆွဲဆောင်နေသည်။
ထိုခွက်ထဲရှိ ဝိညာဉ်ရွှေနှင်းစက်များကသာ သူတို့၏ အဓိက ပစ်မှတ်ဖြစ်သည်။
လီလော့၏ စကားကို ကြားပြီးနောက် ကျန်နှစ်ဦးကလည်း သဘောတူလိုက်သည်။ နောက်တစ်ခဏတွင် သူတို့သုံးဦးစလုံး အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။ သူတို့သည် တကိုယ်တော်ကျင့်ကြံသူ များနှင့် သူတို့ကြားတွင် ပိတ်ဆို့နေသော ဝိဉာဉ်အစောင့်ရှောက်များကို အရင်ရှင်းထုတ်လိုက်ပြီးနောက် တကိုယ်တော်ကျင့်ကြံသူများကိုပါ ဆက်လက် ရှင်းထုတ်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ခန်းမဆောင် အပြင်ဘက်ရှိ မြေပြင်တွင် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး နေရာတစ်ခုလုံး ရုတ်တရက် သုသာန်တစပြင်သဖွယ် တိတ်ဆိတ်သွားသည်။
လီလော့က ထူးဆန်းသော တကိုယ်တော်ကျင့်ကြံသူများ၏ အလောင်းများကို ကြည့်လိုက်သည်။ သူတို့၏ သွေးများထဲတွင် အနက်ရောင် အရိပ်အယောင်များ ရောယှက်နေပြီး အလွန်မသက်မသာ ဖြစ်စေသော ခံစားချက်ကို ရရှိစေသည်။
ထို တကိုယ်တော်ကျင့်ကြံသူများသည် ကမ္ဘာခြားသက်ရှိများ၏ ဖျက်ဆီးမှုကြောင့် စိတ်ဓာတ်များ ပျက်ပြားနေသကဲ့သို့ ရှိသော်လည်း အသေးစိတ် အချက်အလက်များကတော့ အနည်းငယ် ကွဲပြားနေသည်။
သို့သော် ဤပြောင်းလဲမှု၏ အကြောင်းရင်းကို စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ပြဿနာ ဖြေရှင်းပြီးသွားသည့်အခါ သူတို့သုံးဦးစလုံး ကျောက်သားခွက် ဆီသို့ အကြည့်ရောက်သွားကြသည်။
"အဟမ်း…"
လီလော့က ချင်ရီဘက်ကို ကြည့်ကာ ချောင်းတစ်ချက်ဟန့်ပြီး…
"ဝိညာဉ်ရွှေနှင်းစက်တွေကို ကျွန်တော်တို့ ဘယ်လို ခွဲဝေကြမလဲ နတ်သမီးချင်ရီ" ဟု မေးလိုက်သည်။
ချင်ရီက နူးညံ့စွာ ပြုံးလိုက်ပြီး…
"ကျွန်မတို့ နှစ်ယောက် ဒီနေရာကို အရင်ဆုံး ရောက်လာခဲ့တာပါ.. ပုံမှန်ဆိုရင်တော့ ကျွန်မတို့ နှစ်ယောက်တည်း ညီတူညီမျှ ခွဲယူဖို့ အကြံပြုမှာပါ…အစ်ကိုကျူးအတွက်ကျတော့ သူ ဘာမှ ကူညီပေးရုံတင်မကဘဲ ထူးဆန်းတဲ့ တကိုယ်တော်ကျင့်ကြံသူ အုပ်စုကိုပါ ကျွန်မတို့ဆီ ဆွဲခေါ်လာခဲ့တာလေ…. ဘယ်လိုပဲကြည့်ကြည့် သူ့ကို ဝိညာဉ်ရွှေနှင်းစက်တွေ ပေးစရာ အကြောင်းမရှိဘူး မဟုတ်လား" ဟု ပြန်ဖြေလိုက်သည်။
ကျူးတယွီ ထိုစကားကို ကြားလိုက်ရသည့်အခါ အမူအရာ လုံးဝ ပြောင်းလဲသွားသည်။ သူ ဒေါသထွက်လုနီးပါး ဖြစ်သွားသော်လည်း ချင်ရီ၏ စွမ်းအားကို သိထားသည့်အတွက် စိတ်ပျက်လက်ပျက်မျက်နှာဖြင့် လီလော့ဘက်ကို ကြည့်ကာ….
"အစ်ကိုလီလော့… ခုနက ကျွန်တော် အဲဒီ တကိုယ်တော်ကျင့်ကြံသူအုပ်စုကို တားထားဖို့အတွက် သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ ရခဲ့တာပါ…အဲဒီ ကြိုးစားမှုအတွက် အနည်းငယ်တော့ ရထိုက်တယ် မဟုတ်လား"
လီလော့ ခဏမျှ စဉ်းစားပြီးနောက်…
"နတ်သမီးချင်ရီ..ကျူးတယွီက ထူးဆန်းတဲ့ တကိုယ်တော်ကျင့်ကြံသူ တွေကို ဆွဲခေါ်လာခဲ့တာ မှန်ပေမဲ့ အဲဒီသူတွေသာ မရှိရင် ကျွန်တော်တို့ ဝိဉာဉ်အစောင့်ရှောက်တွေကို ရှင်းရတာ အခက်တွေ့မှာပါ… ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက်က ဝိညာဉ်ရွှေနှင်းစက်ရဲ့ ၄၀ ရာခိုင်နှုန်းစီယူပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို သူ့ကို ပေးဖို့ အကြံပြုချင်ပါတယ်… ဘယ်လိုသဘောရလဲ"
ကျူးတယွီက ထိုစကားကို ကြားသည်နှင့် ဝမ်းသာအားရ ဖြစ်သွားသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုလီလော့.."
၂၀ ရာခိုင်နှုန်းသာ ရသော်လည်း ဘာမှမရသည်ထက် စာလျှင် ပိုကောင်းသည်။ သူ့ရှေ့ရှိ လူနှစ်ယောက်က တခြားသူများထက် ကိုင်တွယ်ရ ပိုခက်ခဲသည့်အတွက် အနည်းငယ်မျှ ရလိုက်ခြင်းကိုပင် ကျူးတယွီ ကျေနပ်နေသည်။
သူ့ရုပ်သွင်က ဝဝဖိုင့်ဖိုင့် ဖြစ်နေသော်လည်း နှလုံးသားကတော့ မှန်ကဲ့သို့ ကြည်လင်နေသည်။ လီလော့နှင့် ချင်ရီတို့ ပြုလုပ်သမျှတိုင်းတွင် ရည်ရွယ်ချက်ရှိပြီး အခြေအနေက သူထင်သလောက် မရိုးရှင်းကြောင်း သူသိသည်။ လက်ရှိတွင် သူတို့နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် သတိထားနေကြသည်။
လီလော့က သူ့ကို ကူညီပေးခြင်းဖြင့် ချင်ရီကို ဖိအားပေးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ တိုက်ပွဲ ဖြစ်ပွားလာပါက သူ့ အကူအညီဖြင့် အခြေအနေကို လီလော့ဘက်သို့ အနည်းငယ် စောင်းသွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ချင်ရီ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီးနောက် တည်ငြိမ်စွာဖြင့်…
"နဂါးခေါင်းဆောင် လီလော့..ရှင်က ကျွန်မကို လူဆိုးဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာပဲ" ဟု ပြောလိုက်သည်။
ချင်ရီက အကင်းပါးလွန်းလှသည်။ လီလော့၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူမ ကောင်းကောင်း နားလည်သည်။ ဖြစ်နိုင်သည်မှာ သူသည် ချင်ရီကို အဆိုပြုချက်အား ချက်ချင်း ငြင်းပယ်စေချင်နေခြင်း ဖြစ်ပေမည်။ အကယ်၍သာ သူမ ငြင်းပယ်ခဲ့ပါက လီလော့နှင့် ကျူးတယွီတို့ ပူးပေါင်းကာ သူမကို တိုက်ခိုက်ပြီး အနိုင်ရပါက သူမ၏ ဝေစုကိုပါ ခွဲဝေယူရန် စီစဉ်ထားခြင်း ဖြစ်သည်။
ကျူးတယွီကလည်း မည်သို့မျှ အားနည်းသူ မဟုတ်ပေ။ အကယ်၍သာ သူနှင့် လီလော့တို့ တကယ်တမ်း လက်တွဲလိုက်ပါက ချင်ရီတစ်ယောက် ယနေ့တွင် အရှက်ရဖွယ် အခြေအနေမျိုး ကြုံတွေ့ရပေလိမ့်မည်။
ချင်ရီ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး…
"ဒါဆိုရင် ရှင် အကြံပြုထားတဲ့အတိုင်းပဲ ခွဲဝေကြတာပေါ့"
ရွှေနှင်းစက် အနည်းငယ်အတွက်နှင့် ကျူးတယွီကို ရန်သူအဖြစ် ဖန်တီးလိုက်ခြင်းက ဉာဏ်ပညာရှိသော ရွေးချယ်မှု မဟုတ်ပေ။
သူမ၏ စကားကို ကြားလိုက်ရသည့်အခါ လီလော့ ပြုံးရွှင်သွားသည်။ သို့သော် စိတ်ထဲတွင်မူ အနည်းငယ် စိတ်ပျက်သွားမိသည်။ ချင်ရီက တကယ့်ကို သတိကြီးသူ ဖြစ်သည်၊ သူမကို ဖယ်ရှားပစ်ရန် မည်သည့်အခွင့်အရေးမျှ ပေးသွားမည် မဟုတ်ပေ။
လီလော့ လက်ကို ဝှေ့ယမ်းလိုက်တော့ ပဲ့တင်ထပ်သံစွမ်းအားများ ပေါ်ထွက်လာပြီး ကျောက်သားခွက် သူ့လက်ထဲသို့ ရောက်လာသည်။ ကျန်နှစ်ဦး၏ အကြည့်အောက်တွင် လီလော့က ကျောက်သားခွက်ထဲမှ ဝိညာဉ်ရွှေနှင်းစက်များအားလုံးကို စုဆောင်းလိုက်ပြီး သဘောတူထားသည့်အတိုင်း ခွဲဝေပေးလိုက်သည်။
နောက်ဆုံးတွင် ဝိညာဉ်ရွှေနှင်းစက် နှစ်ဆယ့်ငါးစက် ရရှိလိုက်သည်။ ထိုမျှ ရိတ်သိမ်းရမှုအတွက် စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည်။ အကယ်၍သာ အားလုံးကို သူတစ်ယောက်တည်း ယူနိုင်ခဲ့ပါက တကယ့်ကို အကျိုးအမြတ် များပြားလှပေမည်။
ဝိညာဉ်ရွှေနှင်းစက်များကို ခွဲဝေပြီးနောက် လီလော့က ကျန်နှစ်ဦးကို ကြည့်ကာ…
"ငါတို့ ဆက်ပြီးတော့ ရှာဖွေကြမလား" ဟု မေးလိုက်သည်။
ကျူးတယွီက မဆိုင်းမတွပင်….
"ကျွန်တော် ခင်ဗျားတို့နဲ့ပဲ လိုက်မယ်.. အဲဒီ တကိုယ်တော်ကျင့်ကြံသူတွေက တကယ့်ကို ထူးဆန်းပြီး ကြောက်စရာကောင်းတယ်…လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးကြတာ ပိုကောင်းပါတယ်" ဟု ဖြေလိုက်သည်။
ချင်ရီကတော့ အနည်းငယ် ပြုံးကာ…
"ကမ်းလှမ်းပေးတာ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်မ ငြင်းပါရစေ…ကျွန်မ အရင်ဆုံး ကျွန်မရဲ့ ဂိုဏ်းသားတွေကို အရင် သွားရှာလိုက်ဦးမယ်"
ကျူးတယွီနှင့် လီလော့တို့ကြားတွင် မည်သို့သော ဆက်ဆံရေးမျိုး ရှိသည်ကို သူမ မသိရှိပေ။ ထို့ကြောင့် သူတို့နှင့်အတူ ဆက်လက် ရှာဖွေရန် စွန့်စားမှုမျိုး မလုပ်လိုပေ။ လမ်းတွင် တိုက်ခိုက်ခံရပါက သူမအတွက် အခြေအနေ မကောင်းဖြစ်သွားနိုင်သည်။
သူမ စကားပြောပြီးသည်နှင့် အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။
"နှမြောစရာပဲ" လီလော့က သူမ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
ကျူးတယွီကလည်း ခေါင်းညိတ်ရင်း…
"တကယ်ပါပဲ.. နတ်သမီးချင်ရီက သတင်းတွေကြားထားတဲ့အတိုင်း တကယ့်ကို လှပတာပဲ…သူနဲ့အတူ ခရီးမဆက်နိုင်တာ တကယ့်ကို နှမြောစရာကောင်းတယ်"
လီလော့က ခေါင်းခါလိုက်ပြီး …
"ငါ ပြောတာက သူ့ကို ခွဲပေးလိုက်ရတဲ့ ရွှေနှင်းစက်တွေအကြောင်း... သူသာ ငါတို့နဲ့ ဆက်လိုက်လာခဲ့ရင် အဲဒီ ရွှေနှင်းစက်တွေကို သူ့ဆီကနေ ပြန်လုယူဖို့ အခွင့်အရေး ရနိုင်သေးတယ်"
ကျူးတယွီပင် ထိုစကားကို ကြားလိုက်ရသည့်အခါ ခေတ္တမျှ ငိုင်သွားသည်။
"မင်း…. အဲဒီလောက် လှပတဲ့သူအပေါ် ဘယ်လိုလုပ်ပြီး အဲဒီလောက် မကောင်းတဲ့ အကြံတွေ ရှိနေရတာလဲ…”
"သူ့ဆီမှာ အနည်းဆုံး ရွှေနှင်းစက် ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်လောက်တော့ ရှိနေမှာ သေချာတယ်"
ယခုတစ်ကြိမ်တွင် ကျူးတယွီ ခေတ္တမျှ ငိုင်သွားပြန်သည်။
"အခု သူ့နောက်ကို လိုက်ဖို့ နောက်ကျသွားပြီလား"
လီလော့က သူ့ကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း နောက်သို့လှည့်ကာ အစောပိုင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာရာ အရပ်သို့ ဦးတည်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျူးတယွီလည်း သူ့နောက်သို့ အလျင်အမြန်ပင် လိုက်ပါသွားသည်။
သူတို့နှစ်ဦး ရွှေရောင်ခန်းမဆောင်ကြီး၏ ရှုပ်ထွေးလှသော လမ်းကြောင်းများအတိုင်း အလျင်အမြန် ခရီးဆက်ခဲ့ကြသည်။ ဤအချိန်တွင် ခန်းမဆောင် ပတ်ဝန်းကျင်ရှိ နယ်မြေတိုင်း ရှုပ်ထွေးနေပြီဖြစ်သည်။ အင်အားစုအသီးသီးမှ လူများက ရွှေနှင်းစက်များအတွက် တိုက်ခိုက်နေကြရုံသာမက ဝိဉာဉ်အစောင့်ရှောက်များနှင့်လည်း တိုက်ခိုက်နေကြသည်။ ဟုတ်ပေသည်၊ ကမ္ဘာခြားသက်ရှိများ၏ ဖျက်ဆီးမှုကြောင့် စိတ်ဓာတ်များ ပျက်ပြားနေပုံရသည့် ထူးဆန်းသော တကိုယ်တော်ကျင့်ကြံသူများလည်း အများအပြား ရှိနေသေးသည်။
တိုက်ပွဲများ နေရာတိုင်းတွင် ဖြစ်ပွားနေသဖြင့် နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတော့သည်။
အချို့သော သူများက အရိပ်အကဲ မသိဘဲ လီလော့နှင့် ကျူးတယွီနောက်ကို တိတ်တဆိတ် လိုက်ပါလာကြသည်။ ကံကောင်းစွာဖြင့် ထိုနှစ်ဦးစလုံးက မိမိတို့၏ စွမ်းအားများကို အစွမ်းကုန် ပြသကာ ဖျက်ဆီးပစ်လိုက်သည့်အတွက် မကောင်းသော ရည်ရွယ်ချက်ရှိသူများ နောက်ဆုတ်သွားကြသည်။
ကောင်းကင်ပုလဲလေးလုံး သို့မဟုတ် ငါးလုံးအဆင့်ရှိသော ပိုမိုသန်မာသူများကတော့ ထိုနှစ်ဦး၏ နောက်ခံမျိုးရိုးကို ကောင်းစွာ သိရှိနားလည်သဖြင့် သတိထားကြသည်။ သူတို့သည် ထိုနှစ်ဦးနှင့် အကွာအဝေးကို ထိန်းထားကာ မည်သို့မျှ မလုပ်ဆောင်ကြပေ။
မည်သို့ဆိုစေကာမူ ဤနေရာတွင် ဝိညာဉ်ရွှေနှင်းစက်များ ပေါများနေသဖြင့် ကောင်းကင်ဧကရာဇ်မျိုးရိုးမှ ထွက်ပေါ်လာသော ဤအရည်အချင်းရှိသူ နှစ်ဦးကို အတင်းအဓမ္မ ရန်စရန် မလိုပေ။ ထို့အပြင် အရေးအကြောင်းဆို အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် လျှို့ဝှက်လက်နက်များ သူတို့တွင် ရှိ၊ မရှိကိုလည်း မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
ထို့ကြောင့် လီလော့နှင့် ကျူးတယွီတို့၏ ခရီးမှာ ရွှေရောင်ခန်းမဆောင်အတွင်း ချောမွေ့နေခဲ့သည်။
စွမ်းအင်လှိုင်းများ စတင်ဖြစ်ပေါ်ရာနေရာသို့ ရောက်ခါနီးတွင် လီလော့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ကိုယ်ခန္ဓာ တစ်ခဏမျှ အေးခဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုက သူ့ကို ရိုက်ခတ်သွားသည်။
ဝုန်း……
ဤလှိုင်းမှာ ယခင်ကထက် ပိုမိုပြင်းထန်သည်။ လီလော့နှင့် ကျူးတယွီတို့ပင် ထိုစွမ်းအင်ကြောင့် နောက်သို့ လွင့်စင်သွားကြသည်။ ပြင်းထန်သော စွမ်းအင်ကြောင့် သူတို့၏ ခန္ဓာကိုယ်များ တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများလည်း အက်ကွဲသွားကြသည်။
"အဲဒီမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ" ဟု ကျူးတယွီက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
လီလော့ ရှေ့တည့်တည့်ရှိ ခရိုင်တစ်ခုသို့ ကြည့်လိုက်သည်။ ယခင်က ထိုနေရာတွင် ခန်းမဆောင်တစ်ခု ရှိနေခဲ့သော်လည်း ယခုအခါ အဆောက်အအုံများ ပြိုကျပျက်စီးနေပြီဖြစ်သည်။ ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခု တစ်ခုနှင့်တစ်ခု တိုက်ခိုက်ရင်း ပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြပြီး တစ်ခုမှာ လီလင်ကျင်း၏ ပဲ့တင်ထပ်သံစွမ်းအားဖြစ်သည်။
သူမ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်နေသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် လီလော့၏ မျက်ဝန်းများတွင် စိုးရိမ်စိတ်များ ပေါ်လာသည်။
သူသည် ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအား အားလုံးကို စုစည်းကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကို ခုခံလိုက်သဖြင့် ခဏအကြာတွင် စွမ်းအင်များ ငြိမ်သက်သွားသည်။
လီလော့ ထိုခရိုင်ထဲမှ ကောင်းကင်သို့ ပျံတက်သွားသည့် အနက်ရောင် မြူခိုးများကို တွေ့လိုက်ရသည်။ ထိုမြူခိုးများက သူ့ကို မသက်မသာ ဖြစ်စေသော ခံစားချက်ကို ပေးစွမ်းနေသည်။ ခဏအကြာတွင် ထိုမြူခိုးများ ပျောက်ကွယ်သွားသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး အံကြိတ်ကာ အရှိန်အပြည့်ဖြင့် ရှေ့သို့ ပြေးသွားလိုက်သည်။
"အစ်ကိုလီလော့…အဲဒီဘက်က အရမ်းအန္တရာယ်များတယ်… မသွားနဲ့တော့" ဟု ကျူးတယွီက လီလော့၏ တုံ့ပြန်မှုကို မြင်သည့်အခါ အလျင်အမြန် သတိပေးရှာသည်။
သို့သော် လီလော့က ဂရုမစိုက်ဘဲ အရှိန်ကိုသာ တိုးမြှင့်လိုက်သည်။
ကျူးတယွီ ခေတ္တမျှ တွေဝေသွားပြီးနောက် လီလော့နောက်သို့ အစွမ်းကုန် အရှိန်ဖြင့် လိုက်ပါသွားသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦး စွမ်းအင်များ ပေါက်ကွဲထွက်ခဲ့သည့် နေရာသို့ ရောက်ရှိလာသည်။ မြေပြင်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အဆောက်အအုံများ လုံးဝ ပျက်စီးနေကာ ကျန်ရစ်နေသေးသော စွမ်းအင်လှိုင်းများကြောင့် အံ့အားသင့်နေကြသည်။
လီလော့က မှောင်မိုက်နေသည့် ပျက်စီးနေသော လမ်းသွယ်တစ်ခုဘက်သို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ရင်းနှီးပြီးသား ရုပ်သွင်တစ်ခု ငြိမ်သက်စွာ ရပ်နေသည်။
လီလင်ကျင်း….
လီလော့ သူမဆီသို့ ဖြည်းညင်းစွာ လျှောက်သွားတော့….
"အစ်ကိုလီလော့..အဲဒီဘက်ကို မသွားနဲ့… သူ့ဆီမှာ တစ်ခုခုမှားနေတယ်.. သူ့ရဲ့ အငွေ့အသက်က ကျွန်တော်တို့ ခုနက တွေ့ခဲ့တဲ့ တကိုယ်တော်ကျင့်ကြံသူတွေနဲ့ အတူတူပဲ" ဟု ကျူးတယွီက ဝဝဖိုင့်ဖိုင့် မျက်နှာမှ ချွေးများ စီးကျရင်း အော်ဟစ်သတိပေးသည်။
လီလော့က လက်ကို ဝှေ့ယမ်းလိုက်ပြီး…
"ဒီမှာပဲ စောင့်နေပါ အစ်ကိုကျူး" ဟု ပြောလိုက်သည်။
သူသည် လီလင်ကျင်းထံသို့ သွားရောက်ပြီး ဖြစ်ပျက်ခဲ့သည်များကို သိရှိရန် လိုအပ်သည်။ သူမကို ဤနေရာတွင် ထားခဲ့ပြီး လျစ်လျူရှု၍ မရနိုင်ပေ။
လီလော့တယောက်တည်း ထူးဆန်းသော အမှောင်ထုထဲသို့ တဖြည်းဖြည်း လျှောက်သွားခဲ့သည်။ မကြာခင်မှာပင် သူ ရပ်တန့်လိုက်ပြီး…
"အစ်မလင်ကျင်း..ဘာဖြစ်တာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
သူမ ပြန်မဖြေပေ။ သူမ၏ ဖြူဖွေးသော မျက်နှာပေါ်တွင် မှောင်မိုက်မှုများဖြင့် ဖုံးလွှမ်းနေသည်။
တစ်ခုခုတော့ မှားယွင်းနေပြီ…..
လီလော့ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သတိကြီးစွာဖြင့် ပိုမို နီးကပ်သွားကာ အမှောင်ထုထဲသို့ လက်ကို ဆန့်ထုတ်လိုက်ပြီး လီလင်ကျင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ထိတွေ့လိုက်သည်နှင့် ကျောရိုးတစ်လျှောက်တွင် ထူးဆန်းသော အအေးဓာတ်တစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် လီလင်ကျင်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်ကို သူ မြင်လိုက်ရသည်။
ပျော်ရွှင်မှုများ အမြဲ ပြည့်နှက်နေတတ်သည့် သူမ၏ လှပသော မျက်ဝန်းများက ယခုအခါ အဆိုးမြင်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူမ၏ မျက်လုံးထဲမှ စီးဆင်းလာသော ထိုစွမ်းအင်များကလည်း ကြောက်မက်ဖွယ်ကောင်းလှပြီး ထိုနေရာတွင် ရှိနေသူမည်သူမဆို တုန်လှုပ်သွားစေရန် လုံလောက်သည်။