အခန်း ၉၇၄
Vol. 70 Ch. 974
အခန်း (၉၇၄) မိစ္ဆာမြူခိုးများ ပျံ့နှံ့ခြင်း
လီလင်ကျင်း၏ မျက်ဝန်းများတွင် အပျက်သဘောဆောင်သည့်ခံစားချက်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည့်အခါ လီလော့ တစ်ခဏမျှ အေးခဲသွားသည်။ ဤမြင်ကွင်းသည် သူ့ကို အနောက်ပိုင်းဒေသရှိ အမှောင်နယ်မြေတွင် ဝိဉာဉ်စားနတ်ဆိုး၏ လွှမ်းမိုးမှုအောက်တွင် ရှိစဉ်က သူမ၏ ပုံစံကို ပြန်လည် အမှတ်ရစေသည်။
သူမက ထိုနေရာတွင်ပင် ဆက်လက်ရပ်တည်နေရင်း လီလော့၏ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ချောင်းသွယ်သွယ်လေးများက လီလော့၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လက်သည်းများပင် လက်ဖဝါးနောက်ဘက်သို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ထိုအချိန်တွင် နဂါးခန္ဓာ၏ အားဖြည့်ပေးမှုပင် လုံးဝ အာနိသင်မရှိသကဲ့သို့ ဖြစ်နေသည်။
လီလော့သည် သူမ၏ လက်ချောင်းများမှ ထွက်ပေါ်လာသော အေးစက်စက် ခံစားချက်ကို ခံစားလိုက်ရပြီး ၎င်းမှာ သူ့ကို မသက်မသာ ဖြစ်စေသည်။
လက်ဖဝါးနောက်ဘက်မှ ထိုးကိုက်လာသော နာကျင်မှုကို ခံစားလိုက်ရသည့်အခါ လီလော့က လေးနက်စွာဖြင့်…
“ အစ်မလင်ကျင်း ဘာဖြစ်တာလဲ… သတိပြန်ဝင်လာစမ်းပါ" ဟု အော်ပြောလိုက်သည်။
သို့သော် သူမဘက်က ပြန်လည်တုံ့ပြန်မှု မရှိပေ။ သူမ လီလော့၏လက်ကို ပိုမိုတင်းကြပ်စွာ ညှစ်လိုက်သဖြင့် သူမ၏ လက်မောင်းပေါ်တွင် သွေးကြောများ ပေါ်လာသည်။ သူမ၏လက်ကလေးက သေးငယ်ပြီး အားနည်းနေပုံပေါက်သော်လည်း လီလော့၏ အရိုးများပင် တကျွီကျွီမြည်လာအောင် ညှစ်နေသည်။
သူမ တစ်လျှောက်လုံး ဖိနှိပ်ထားခဲ့ရသော အပျက်သဘောဆောင်သည့်ခံစားချက်များ ရေလွှမ်းမိုးသကဲ့သို့ အပြင်ဘက်သို့ စီးထွက်လာသည်။
သူမ၏ မျက်ဆံများထဲတွင် ထူးဆန်းသော အနက်ရောင်မျဉ်းကြောင်းများလည်း လှုပ်ရှားနေသည်။
"ဝိဉာဉ်စားနတ်ဆိုးရဲ့ အရိပ်အယောင်တွေပဲ…"
လီလော့ ထိုအရာကို မြင်လိုက်ရသည့်အခါ အလွန်အမင်း ထိတ်လန့်သွားသည်။ ယခင်က လုံးဝ ဖယ်ရှားရှင်းလင်းပြီးသား ဖြစ်သည့် ဝိဉာဉ်စားနတ်ဆိုးက ခုနက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးအပြီးတွင် ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်ဟန်တူသည်။
သို့သော်လည်း ဤအရာမှာ သာမန် မြို့စားတစ်ဦးပင် မတားဆီးနိုင်သော အရာဖြစ်သည်။ ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ လုံလောက်နိုင်သည်။
လီလော့၏ စိတ်ထဲတွင် ဤအကြောင်းများ တွေးတောနေစဉ်မှာပင် အကြံတစ်ခု ရလိုက်သည်။ သူ လက်သီး ဆုပ်လိုက်တော့ ရွှေကျောကိစိမ်းဆင်စွယ်ဓားပေါ်လာသည်။စိတ်အာရုံကို အတွင်းသို့ ပို့လွှတ်လိုက်ပြီး ဓား၏ အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားသော ဘုရင်တံဆိပ်ကို နှိုးဆွလိုက်သည်။
ဝုန်း…..
ထိုအခါ ဖော်ပြရန် ခက်ခဲသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ လီလင်ကျင်း၏ သေးငယ်သော ခန္ဓာကိုယ်မှာ ထိုစွမ်းအင်နှင့် ထိတွေ့လိုက်သည်နှင့် အနည်းငယ် တုန်ခါသွားပြီး လီလော့၏ လက်ကို ချက်ချင်းပင် လွှတ်ပေးလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် လွှမ်းမိုးနေသော အပျက်သဘောဆောင်သည့်ခံစားချက်များလည်း လျင်မြန်စွာ ငြိမ်သက်သွားသည်။
ခဏအကြာတွင် သူမ၏ မျက်လုံးများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"လီလော့..."
သူမ လီလော့ကို ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းသွားသဖြင့် လျော့တိလျော့ရဲ ဖြစ်သွားသည်။ ၎င်းကို မြင်လိုက်ရသည့်အခါ လီလော့က အလျင်အမြန်ပင် သူမကို ဖမ်းဆုပ်လိုက်ပြီး ခါးမှ ပွေ့ဖက်ထားလိုက်သည်။
လီလင်ကျင်းက လီလော့၏ အဝတ်စကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ သေးငယ်သော ခန္ဓာကိုယ်မှာ အားကိုးရာမဲ့စွာဖြင့် လီလော့ထံသို့ မှီတွယ်လာသည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးကလည်း အလွန် အားငယ်နေပုံ ပေါ်သည်။
"အစ်မလင်ကျင်း ဒီမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ" ဟု လီလော့က မေးလိုက်သည်။
လီလင်ကျင်းက သူမ၏ ပါးပြင်ကို လီလော့၏ ရင်ဘတ်ပေါ်သို့ အားမရှိစွာ မှီတွယ်လိုက်သည်။ သူမ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး မှိုင်းညို့စွာဖြင့်….
"ငါ နောက်ထပ် ဝိဉာဉ်စားနတ်ဆိုး တစ်ကောင်နဲ့ ထပ်တွေ့လိုက်တယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ လီလော့၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ သူက မယုံကြည်နိုင်စွာဖြင့်…
"နောက်ထပ် ဝိဉာဉ်စားနတ်ဆိုး တစ်ကောင် ဟုတ်လား…အဲဒီအရာက ဝိဉာဉ်ပဲ့တင်ထပ်သံဂူထဲကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" ဟု မေးလိုက်သည်။
လက်ရှိအချိန်တွင် ဝိဉာဉ်ပဲ့တင်ထပ်သံဂူ အပြင်ဘက်တွင် အင်အားစုအသီးသီးမှ ထိပ်တန်းကျွမ်းကျင်သူများစွာ စောင့်ကြပ်နေကြသည်။ ထိုကမ္ဘာခြားသက်ရှိများ လျှို့ဝှက်စွာ ဝင်လာနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
လီလင်ကျင်းက ခဏမျှ စဉ်းစားပြီးနောက် …
"သူတို့က သာမန်ကမ္ဘာခြားသက်ရှိတွေ မဟုတ်ဘူး… သူတို့က ကမ္ဘာခြားသက်ရှိတွေနဲ့ တခြားအရာတစ်ခုခု ရောနှောထားတဲ့ အထူးမျိုးစပ်တွေပဲ… ဒါကြောင့် သူတို့ မပေါ်လာခင်အထိ ဘယ်မြို့စားကမှ မသိနိုင်ဘူး…ဝိဉာဉ်စားနတ်ဆိုးက ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ရှာနေတာ ဖြစ်ရမယ်…ငါ သူ့နဲ့ တိုက်ခိုက်ခဲ့ရတယ်၊ တကယ့်ကို ပြင်းထန်တဲ့ ပြိုင်ဘက်ပဲ..”
လီလော့၏ မျက်နှာထား လေးနက်သွားသည်။ လီလင်ကျင်းကိုယ်တိုင်ကပင် အခက်တွေ့ရသည်ဟု ဆိုလျှင် အစောပိုင်းက အခြေအနေမှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထိုမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများ အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းသည်ကို သူ နားလည်သွားသည်။
"ဒါပေမဲ့ သူလည်း သူလုပ်ချင်သလို လုပ်လို့ မရပါဘူး…နောက်ဆုံး ငါ သူ့ကို ဆုတ်ခွာသွားအောင် တွန်းလှန်နိုင်ခဲ့တယ်"
လီလင်ကျင်း၏ အသံက နူးညံ့ပြီး အားနည်းနေသော်လည်း သူမ၏ စိတ်ဓာတ်ကတော့ ခိုင်မာနေဆဲပင်။
“ အစ်မက တကယ်ကို စွမ်းလွန်းပါတယ်.. ချင်ယင်းသာ အဲဒီအရာနဲ့ ကြုံခဲ့ရရင် အခြေအနေက ဒီထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်" ဟု လီလော့က သူမကို နှစ်သိမ့်ရန် ကြိုးစားရင်း ပြောလိုက်သည်။
လီလင်ကျင်းက ခါးသီးစွာ ပြုံးလိုက်ပြီး …
"ငါ သူ့ကို ဆုတ်ခွာသွားအောင် တွန်းလှန်နိုင်ခဲ့ပေမဲ့ ခုနက သူ့ရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ရောက်သွားခဲ့မိတယ်..အဲဒါကြောင့်ပဲ ငါ့ရဲ့ အပြုအမူတွေက လုံးဝ ပြောင်းလဲသွားခဲ့တာပါ..."
ပြောနေရင်းနှင့် သူမ၏ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားပြီး နူးညံ့သောအသံဖြင့်…
"ဒါက ငါ့ရဲ့ အရင်က အနာတရဖြစ်မှုတွေ လုံးဝ ပျောက်ကွယ်မသွားသေးဘူးဆိုတာကို ပြနေတာပဲ…ငါ နင့်ရဲ့ စေတနာကို အလဟဿဖြစ်စေမိပြီ"
လီလော့က သက်ပြင်းချလိုက်ပြီး …
"စိတ်မပူပါနဲ့..အရေးအကြီးဆုံးက အစ်မ ဘေးကင်းနေဖို့ပါပဲ"
"နင်က သဘောကောင်းလွန်းတယ်" ဟု
လီလော့က စိုးရိမ်စိတ်ဖြင့်…
"အခု ဘယ်လို ခံစားရလဲ" ဟု မေးလိုက်သည်။
"ပဲ့တင်ထပ်သံစွမ်းအားတွေ အများကြီး သုံးစွဲထားမိတော့ ပြန်ကုစားဖို့ အချိန်အနည်းငယ် လိုအပ်လိမ့်မယ်"
လီလင်ကျင်းက သူမ၏ နှုတ်ခမ်းနီရဲရဲလေးကို ပွတ်သပ်လိုက်ပြီး…
"လီလော့..ငါ့ကို အခု ချထားပေးလိုက် ..ငါ ဒီလောက် အားနည်းနေတဲ့ အခြေအနေကို တခြားသူတွေ မမြင်စေချင်ဘူး…အဲဒီလိုဆိုရင် နောက်ပိုင်းကျရင် ချင်ယင်းတို့လို လူမျိုးတွေကို တားဆီးပေးနိုင်မယ့်သူ ရှိမှာမဟုတ်ဘူး"
ဟုတ်ပေသည်။ ရွှေရောင်ခန်းမဆောင်အတွင်း၌ အခြေအနေများ ရှုပ်ထွေးနေသည်။ အင်အားစု အသီးသီးမှ လူများက တကိုယ်တော်ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြသည်။ လီလင်ကျင်း အလွန် အားနည်းနေသည်ကို မည်သူမဆို မြင်သွားပါက ချင်ယင်းနှင့် ချင်ရီတို့လို လူမျိုးများက အခွင့်အရေးကို အသုံးချကာ သူတို့ကို တိုက်ခိုက်လာနိုင်သည်။
ထိုအခါမျိုးတွင် လီလင်ကျင်းက အားနည်းနေသဖြင့် ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ လီလော့တစ်ယောက်တည်းသာဆိုလျှင် သူတို့ကို ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
"စိတ်မပူပါနဲ့.. ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်" ဟု လီလော့က ပျော်ရွှင်စွာ ပြောလိုက်သည်။ လီလင်ကျင်းက သူမကိုယ်တိုင်ပင် အလွန် အားကုန်ခန်းနေသော်လည်း သူ့အကြောင်းကိုသာ ပူပန်နေသည်ကို မြင်ရသဖြင့် သူ အနည်းငယ် လှုပ်ရှားသွားမိသည်။
သို့သော်လည်း လက်ရှိအနေအထားက သူမကို မသက်မသာ ဖြစ်စေနေမှန်း သိရှိသဖြင့် သူမကို ဖြည်းညင်းစွာ ချပေးလိုက်သည်။
လီလင်ကျင်းသည် ခန္ဓာကိုယ် အားနည်းနေဆဲဖြစ်သဖြင့် အနည်းငယ် ယိုင်နဲ့သွားသည်။ သူမ၏ လက်သွယ်သွယ်လေးများက လီလော့၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူမ၏ ဖြူဖျော့နေသော ပါးပြင်နှစ်ဖက်လုံး အနည်းငယ် နီရဲလာသည်။ ထို့နောက် သူမ၏ အိတ်ဆောင်စက်လုံးထဲမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ပြည့်နှက်နေသော ကျိုးပဲ့နေသည့် ဓားတစ်ချောင်းကို ထုတ်ယူကာ အမှိုက်သရိုက်ကဲ့သို့ လွှင့်ပစ်လိုက်သည်။
လီလော့ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိလိုက်သည်။ ၎င်းမှာ အရင်က လီလင်ကျင်း အသုံးပြုခဲ့သော ခရမ်းရောင်မျက်လုံးအဆင့် ရတနာဓားဖြစ်သည်။ အစောပိုင်း တိုက်ပွဲတွင် လုံးဝ ကျိုးပဲ့သွားပုံရသည်။
သူမ အနည်းငယ် အားပြန်ပြည့်လာပြီးနောက် ခန်းမဆောင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျူးတယွီဆိုသူ ဝဝဖိုင့်ဖိုင့် ပုဂ္ဂိုလ်က သူတို့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေသည်။
လီလင်ကျင်း ကြည့်လိုက်သည်ကို သတိပြုမိသွားသည့်အခါ တုန်လှုပ်သွားပြီး တိုင်နောက်တွင် ပုန်းကွယ်လိုက်သည်။
"သူက ကောင်းကင်ဧကရာဇ်ကျူးမျိုးဆက်က ကျူးတယွီပါ..ကျွန်တော်တို့ အခုမှ ပူးပေါင်းထားကြတာပါ"
လီလော့က ရှင်းပြလိုက်တော့ လီလင်ကျင်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် သူမ၏ မျက်နှာအမူအရာမ လုံးဝ ပြောင်းလဲသွားသည်။ သူမ ခေါင်းမော့ကာ ရွှေရောင်ခန်းမဆောင်၏ အဝေးတစ်နေရာကို ကြည့်လိုက်သည်။ ထိုနေရာ၌ ထူးဆန်းသည့်် အနက်ရောင် မြူခိုးများ အရပ်မျက်နှာအားလုံးသို့ ဖြည်းညင်းစွာ ပျံ့နှံ့နေသည်။
ထိုမြူခိုးများက သာမန်မဟုတ်ဘဲ အသက်ဝင်နေသကဲ့သို့ ရှိပြီး ထိုအထဲမှ ထူးဆန်းသော တိုးတိုးတိတ်တိတ် ပြောဆိုသံများကို အနည်းငယ် ကြားနေရသည်။ အဝေးမှပင် ထိုမြူခိုးများက လူတစ်ဦး၏ အပျက်သဘောဆောင်သည့်ခံစားချက်များ ကို နှိုးဆွကာ မသက်မသာ ဖြစ်စေသည်။
"ဒါ ဝိဉာဉ်စားနတ်ဆိုးပဲ…သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ငါ ဖျက်ဆီးပစ်လိုက်ပြီးနောက် သူက လုံးဝ အဆင်အခြင်မဲ့ ဖြစ်သွားပြီး အခုလို ဖျက်ဆီးမှုတွေကို ပျံ့နှံ့စေနေတာ… သူ ငါ့ကို မဖမ်းမိမချင်း ရပ်တန့်မှာ မဟုတ်ဘူး" ဟု လီလင်ကျင်းက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
ထိုအခါ လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှေရောင်ခန်းမဆောင်အတွင်းမှာပင် ရှုပ်ထွေးနေသည်ကို ဝိဉာဉ်စားနတ်ဆိုး ပါ ထပ်တိုးလာသဖြင့် အခြေအနေ ပိုမို ခက်ခဲလာပြီဖြစ်သည်။
"ရွှေရောင်ခန်းမဆောင်ရဲ့ အနက်ရှိုင်းဆုံးနေရာဆီ သွားကြရအောင်… တခြား အင်အားစုတွေလည်း အဲဒီဘက်ကိုပဲ သွားကြမှာပဲ… ဝိဉာဉ်စားနတ်ဆိုးက ဒီလိုမျိုး ပျံ့နှံ့နေမယ်ဆိုရင် တခြားသူတွေလည်း ဘေးကင်းမှာ မဟုတ်ဘူး… အဲဒီအခါကျရင် သူတို့နဲ့ ပူးပေါင်းပြီး အင်အားသုံး တိုက်ခိုက်လို့ ရနိုင်လိမ့်မယ်" ဟု လီလော့က သူမကို တိုးတိုးလေး ပြောလိုက်သည်။
ထိုအစီအစဉ်က အခြားသူများကိုပါ ဆွဲထည့်ရန် ဖြစ်သည်။ အကူအညီမပါဘဲ ဝိဉာဉ်စားနတ်ဆိုးကို တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။
လီလင်ကျင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် လီလော့ ရှေ့သို့ တိုးသွားကာ ကျူးတယွီကို လေးလေးနက်နက် ပြောလိုက်သည်။
"အလွန် အစွမ်းထက်တဲ့ ကမ္ဘာခြားသက်ရှိတစ်ကောင် ရွှေရောင်ခန်းမဆောင်ထဲကို လျှို့ဝှက် ဝင်ရောက်လာတယ်.. ခုနက ထူးဆန်းတဲ့ တကိုယ်တော်ကျင့်ကြံသူတွေက သူ့လက်ချက်ပဲ.. ငါ့အစ်မက အခုလေးတင် သူ့နဲ့ တိုက်ခိုက်ခဲ့ရပြီး ဝါးမျိုခံရလုနီးပါး ဖြစ်ခဲ့တယ်"
ကျူးတယွီက မယုံကြည်နိုင်စွာဖြင့်….
"ဝိဉာဉ်ပဲ့တင်ထပ်သံဂူထဲမှာ ကမ္ဘာခြားသက်ရှိတွေ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ"
"တကယ်ရောက်နေကြပြီ" ဟု လီလော့က အဝေးတွင် ပျံ့နှံ့နေသော ထူးဆန်းသည့် မြူခိုးများကို ညွှန်ပြလိုက်သည်။
ကျူးတယွီ စကားမပြောနိုင်တော့ပေ။ ကောင်းကင်ဧကရာဇ်ကျူးမျိုးဆက် တစ်ဦးအနေဖြင့် သူသည်လည်း ကမ္ဘာခြားသက်ရှိများနှင့် မစိမ်းပေ။ သူ့ကို အေးစက်စက်နှင့် ထူးဆန်းသော ခံစားချက်ကို ပေးနေခြင်းက သံသယကို အတည်ပြုပေးလိုက်ခြင်းပင်။
"ကျွန်တော်လည်း ကျွန်တော့် ဂိုဏ်းသားတွေကို အမြန်ဆုံး ရှာမှ ဖြစ်တော့မယ်" ဟု ကျူးတယွီက ထိတ်လန့်စွာ ပြောလာသည်။
အခြေအနေများ ပိုမိုဆိုးရွားလာသည့်အခါ သူသိကျွမ်းသူများနှင့် အတူရှိနေခြင်းက အဘက်ဘက်မှ အကောင်းဆုံးဖြစ်သည်။
"အတူတူ သွားကြမယ်… မင်းရဲ့ ဂိုဏ်းသားတွေလည်း ရွှေရောင်ခန်းမဆောင်ရဲ့ အနက်ရှိုင်းဆုံးနေရာဆီကိုပဲ သွားနေကြမှာပါ" ဟု လီလော့က အကြံပြုသည်။
ကျူးတယွီ ခေတ္တမျှ တွေဝေသွားသော်လည်း ငြင်းပယ်ခြင်း မပြုပေ။ လက်ရှိ အခြေအနေအရ အတူတူ ပူးပေါင်းလုပ်ဆောင်ခြင်းကသာ ပို၍ ဘေးကင်းလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့သုံးဦး ရွှေရောင်ခန်းမဆောင်၏ ဗဟိုဌာနဆီသို့ အလျင်အမြန် ဦးတည်သွားကြသည်။
သူတို့ သွားနေစဉ်မှာပင် ထိုကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြူခိုးများက ရွှေရောင်ခန်းမဆောင်၏ အပြင်ဘက်ပိုင်းရှိ ခရိုင်များသို့ ဖြည်းညင်းစွာ ပျံ့နှံ့သွားသည်။
ထူးဆန်းသော တိုးတိုးတိတ်တိတ် ပြောဆိုသံများ လေထုထဲတွင် ပဲ့တင်ထပ်နေပြီး အခန်းတိုင်းသို့ တဖြည်းဖြည်း ပြည့်နှက်သွားသည်။
အချို့သော တကိုယ်တော်ကျင့်ကြံသူ များမှာ အချိန်မီ မထွက်ပြေးနိုင်ခဲ့ကြပေ။ ထိုမြူခိုးများနှင့် ထိတွေ့လိုက်သည်နှင့် သူတို့၏ မျက်လုံးများ ချက်ချင်းပင် အနက်ရောင်ပြောင်းသွားပြီး မျက်ဆံများအတွင်း၌ ပိုးကောင်ငယ်လေးများ တွားသွားနေသည်ကို အနည်းငယ် မြင်တွေ့ရသည်။
ထို့နောက်တွင် ကူးစက်ခံထားရသူများက အနက်ရောင်မြူခိုးများနောက်သို့ လိုက်ပါကာ ရွှေရောင်ခန်းမဆောင်၏ ဗဟိုဌာနဆီသို့ ဖြည်းညင်းစွာ တွားသွားလာကြတော့သည်။