အခန်း ၉၇၅
Vol. 70 Ch. 975
အခန်း (၉၇၅) ပူးပေါင်းဆောင်ရွက်ခြင်း
လီလော့၊ လီလင်ကျင်းနှင့် ကျူးတယွီတို့ ရွှေရောင်ခန်းမဆောင်၏ ဗဟိုဌာနဆီသို့ ဦးတည်သွားရင်း ခန်းမဆောင်ပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ကြသည်။
ဤအချိန်တွင် ဤဧရာမ အဆောက်အအုံကြီးအတွင်း အခြေအနေများ ပရမ်းပတာ ဖြစ်စပြုလာသည်။
ထူးဆန်းသော အနက်ရောင်မြူခိုးများကလည်း မရပ်မနားဘဲ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပျံ့နှံ့လျက်ရှိသည်။ ထိုမြူခိုးများ ဖြတ်သန်းသွားသမျှသော အရာအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ရှိပြီး အဆောက်အအုံများမှာပင် အရိပ်အယောင်မကျန်အောင် ပျောက်ကွယ်သွားကြသည်။
လီလော့ ထိုမြူခိုးများဘက်သို့ အကြိမ်ကြိမ် လှည့်ကြည့်မိရင်း အကြည့်များ လေးနက်လာသည်။ ဝိဉာဉ်စားနတ်ဆိုးသည် အစောပိုင်းက လီလင်ကျင်းနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ပိုမိုထိန်းချုပ်၍ မရနိုင်တော့ပေ။ သို့သော် ဝိဉာဉ်ပဲ့တင်ထပ်သံဂူ၏ ကန့်သတ်ချက်များကြောင့် ဖြစ်နိုင်သည်၊ အနောက်ပိုင်းဒေသရှိ မှောင်မိုက်နယ်မြေတွင် သူတို့ ကြုံတွေ့ခဲ့ရသည့် ဝိဉာဉ်စားနတ်ဆိုး လောက်တော့ ကြောက်စရာကောင်းပုံ မရပေ။
သို့သော် လက်ရှိ အခြေအနေက အရင်နှင့် လုံးဝ ကွာခြားသည်။ ထိုစဉ်က လီလော့တွင် တံခွန်အဖွဲ့ဝင်များ၏ ပံ့ပိုးမှု ရှိခဲ့သည်။ပေါင်းစည်းခြင်းစွမ်းအား၏ အားဖြည့်မှုဖြင့် မြို့စားအဆင့်ရှိ ပြိုင်ဘက်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။ ယခုမူ သူ့ဘေးတွင် မည်သူမျှ မရှိတော့ပေ။ သူသည် ဝိဉာဉ်စားနတ်ဆိုး ကို တားဆီးရန်အတွက် မိမိ၏ စွမ်းအားကိုသာ အားကိုးရတော့မည် ဖြစ်သည်။
၎င်းမှာ တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။ ခန့်မှန်းချက်အရ ကန့်သတ်ခံထားရသော်လည်း ဝိဉာဉ်စားနတ်ဆိုး၏ စွမ်းအားမှာ ကောင်းကင်ပုလဲအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလိမ့်မည် ဖြစ်သည်။
လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့လို ကောင်းကင်ပုလဲရှစ်လုံးအဆင့် ကျင့်ကြံသူများပင် အတူတကွ ပူးပေါင်းတိုက်ခိုက်လျှင်တောင် သူ့ကို အနိုင်ယူနိုင်ရန် မသေချာပေ။
လီလော့ ဤအကြောင်းများကို တွေးတောရင်း မျက်မှောင်ကြုတ်မိသည်။ အကယ်၍သာ ရွေးချယ်ခွင့်ရှိပါက ဤခန်းမဆောင်ထဲမှ ချက်ချင်းပင် ထွက်ခွာသွားလိုသည်။ သို့သော် မြူခိုးများက အပြင်ဘက်ပိုင်းကို ဝန်းရံထားပြီး သူတို့၏ ထွက်ပေါက်များကို လုံးဝ ပိတ်ဆို့ထားသဖြင့် ထွက်သွားရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် နောက်မှ လိုက်ပါလာသည့် လီလင်ကျင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် သွေးရောင်အနည်းငယ် သန်းလာသည်။
လီလော့သည် သူမ၏ ပြန်လည်ကုစားမှုကို မြန်ဆန်စေရန် ရေ၊ သစ်သားနှင့် အလင်း ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ကုသမှုအမျိုးမျိုးကို ပြုလုပ်ပေးထားခြင်း ဖြစ်သည်။
သူ စဉ်းစားနေစဉ်မှာပင် အမြင့်ဆုံး အဆောက်အအုံတစ်ခု၏ ထိပ်သို့ ခုန်တက်လိုက်သည်။ သူ နောက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရင်း ရုတ်တရက် ရပ်တန့်သွားသည်။
သူတို့၏ နောက်ကွယ်ရှိ ခရိုင်တစ်ခုလုံး အနက်ရောင်မြူခိုးများဖြင့် လုံးဝ ဖုံးလွှမ်းသွားခဲ့ချေပြီ။ သို့သော် ထိုအထဲတွင် မညစ်ညမ်းသေးသော နေရာငယ်တစ်ခု ရှိနေသေးသည်။
လီလော့ အဝေးရှိ ထိုနေရာလပ်တွင် ရပ်နေသည့် အရိပ်တစ်ခုကို အတိုင်းသား မြင်လိုက်ရသည်။
"အဲဒါ... အရင်က မီးအိမ်ကိုင်ထားသူ မဟုတ်လား"
သူ အံ့အားသင့်သွားသည်။ မီးအိမ်ကိုင်ထားသူမှာ ဤခန်းမဆောင်တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးနှင့် အထူးခြားဆုံး ပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။ သို့သော် ထိုသူ၏ ပြုမူပုံက အသက်မဲ့နေသော အလောင်းကောင် တစ်ကောင်နှင့် ပိုတူနေသည်။ အနက်ရောင်မြူခိုးများက သူ့ပတ်ဝန်းကျင်ကို ဝါးမြိုနေသော်လည်း သူကမူ မည်သို့မျှ လှုပ်ရှားခြင်းမရှိဘဲ ရပ်နေသည်။
လီလော့ နောက်တစ်ဆင့် လုပ်ဆောင်ရမည့်အရာကို စဉ်းစားနေစဉ်မှာပင် ရှေ့ဘက်မှ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်တော့ လူတစ်ဦး လျင်မြန်စွာ ပြေးလာသည်ကို တွေ့လိုက်ရသည်။
"အစ်မကျူး…”
ကျူးတယွီက လာနေသူကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရ အော်လိုက်သည်။
သူမသည် လီလော့ အရင်က တွေ့ဆုံခဲ့ဖူးသည့် ကျူးကျူးပင် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်က ဝဝဖိုင့်ဖိုင့် ဖြစ်နေပြီး ၎င်းမှာ ကောင်းကင်ဧကရာဇ်ကျူးမျိုးဆက်များ၏ ထင်ရှားသော လက္ခဏာပင် ဖြစ်သည်။ သူမ သူတို့ရှေ့တွင် ဆင်းသက်လိုက်သည့်အခါ ကျူးတယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီလော့နှင့် လီလင်ကျင်းတို့ဆီသို့ အကြည့်ရောက်သွားသည်။
"အစ်မကျူး…သူတို့က ကျွန်တော့် သူငယ်ချင်းတွေပါ…. လမ်းတစ်လျှောက်လုံး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လာကြတာပါ" ဟု ကျူးတယွီက ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျူးကျူးက ခေါင်းညိတ်လိုက်ပြီး လီလော့နှင့် လီလင်ကျင်းတို့ကို ဖော်ရွေနွေးထွေးသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။
"ကျွန်မတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …."
သူမ၏ အာရုံစိုက်မှုက လီလင်ကျင်းထံတွင် အဓိက ရှိနေသည်။ သူမသည်လည်း အစောပိုင်းက ရွှေရောင်ခန်းမဆောင် အပြင်ဘက်တွင် လီလင်ကျင်း တိုက်ခိုက်သည်ကို မြင်ခဲ့ရသဖြင့် သူမရှေ့တွင် ရှိနေသော ဤအမျိုးသမီးက မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ သိရှိထားသည်။
"ဟိုမှာ ဘာတွေ ဖြစ်ပျက်နေတာလဲဆိုတာ နင်တို့ သိကြလား" ဟု ကျူးကျူးက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ လက်ညှိုးတုတ်တုတ်လေးဖြင့် အဝေးရှိ အနက်ရောင်မြူခိုးများကို ညွှန်ပြလိုက်သည်။
သူမသည်လည်း အများနည်းတူ ထိုစွမ်းအင်အနှောင့်အယှက်များကို မခံစားရမီအချိန်အထိ ဝိညာဉ်ရွှေနှင်းစက်များကို စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။
"ဝိဉာဉ်ပဲ့တင်ထပ်သံဂူထဲကို ကမ္ဘာခြားသက်ရှိ တစ်ကောင် လျှို့ဝှက်ဝင်ရောက်လာတယ်လို့ ကျွန်တော် ထင်တယ်" ဟု လီလော့က ရှင်းပြလိုက်သည်။
သူသည် ဝိဉာဉ်စားနတ်ဆိုး အကြောင်းကို တစ်ခွန်းမျှ မဟခဲ့ပေ။ ၎င်းမှာ လီလင်ကျင်းနှင့် သက်ဆိုင်နေပြီး သူမ ဝါးမြိုခံခဲ့ရသည့် သမိုင်းကြောင်းကို တခြားသူများ မသိစေလိုသည်မှာ သေချာသည်။
ကျူးကျူး အံ့အားသင့်သွားသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…အပြင်ဘက်မှာ ထိပ်တန်းကျွမ်းကျင်သူတွေ အများကြီး စောင့်ကြပ်နေတာလေ…”
ဟုတ်ပေသည်။ ကောင်းကင်ဧကရာဇ်မျိုးရိုး အသီးသီးမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများကို ဂူအပြင်ဘက်တွင် စောင့်ကြပ်စေခဲ့ခြင်းဖြစ်သည်။ သူတို့ထဲမှ အချို့မှာ ကောင်းကင်ပုလဲခုနစ်လုံးအဆင့် မြို့စားများပင် ဖြစ်သည်။ သူတို့အားလုံး မူလကောင်းကင်နတ်ဘုရားတိုက်ကြီး၏ ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
လီလော့က ပခုံးတွန့်ကာသာ တုံ့ပြန်လိုက်သည်။
"အစ်မကျူး..အတူတူ သွားကြရအောင်… ဒီကမ္ဘာခြားသက်ရှိက တကယ့်ကို ဒုက္ခပေးမယ့်အရာပဲ… တစ်ယောက်တည်း ရင်ဆိုင်ရင် ဘယ်သူမဆို ခေါင်းကိုက်ရလိမ့်မယ်" ဟု ကျူးတယွီက အကြံပြုလိုက်သည်။
ကျူးကျူး ခေတ္တမျှ တွေဝေသွားပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အခုလောလောဆယ်တော့ ပင်မခန်းမဆောင်ဘက်ကို သွားကြရအောင်… အဲဒီမှာ တခြားသူတွေကို ရှာပြီး ဒီကိစ္စကို အတူတူ ဖြေရှင်းကြတာပေါ့" ဟု လီလော့က သူတို့နှင့် မလှမ်းမကမ်းရှိ ကြီးမားသော ခန်းမဆောင်ကို ညွှန်ပြကာ အကြံပြုလိုက်သည်။ ၎င်းမှာ သူတို့ ယခုထိ တွေ့ဖူးသမျှထဲတွင် အခမ်းနားဆုံးသော အဆောက်အအုံ ဖြစ်သည်။
ကျန်သူများကလည်း ကန့်ကွက်ခြင်းမရှိသဖြင့် ထိုနေရာသို့ ဦးတည်သွားခဲ့ကြသည်။ ဤအချိန်တွင် အနက်ရောင်မြူခိုးများက လူများစွာကို အံ့အားသင့်စေခဲ့ပြီ ဖြစ်သည်။ သူတို့အားလုံး ဤထူးဆန်းသော အပြောင်းအလဲကြောင့် တုန်လှုပ်ခြောက်ခြားနေကြသည်။ ထွက်ပြေးစရာ လမ်းမရှိတော့သည့်အတွက် လူတိုင်း ထိုပင်မခန်းမဆောင်ဆီသို့သာ ရောက်ရှိလာကြသည်။
ခဏအကြာတွင် လီလော့တို့အဖွဲ့ ရောက်ရှိလာသည်။
သူတို့ထက် အရင်ရောက်နှင့်နေသူများ ရှိသည်ကို တွေ့ရပြီး ချင်ရီလည်း ထိုသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
သူမသည် ပုံမှန်အတိုင်းပင် အာရုံစိုက်မှု အများဆုံး ခံရသူ ဖြစ်နေသည်။ သူမ၏ ချစ်စရာကောင်းသော အပြုံးနှင့် ဆွဲဆောင်မှုကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ စိတ်အားထက်သန်သော အကြည့်များကို ရရှိနေသည်။ သူမ၏ အနီးတွင် ချင်ယင်းက သူမကို အကာအကွယ်ပေးလျက် ရှိသည်။
"ခင်ဗျားတို့ တော်တော် မြန်မြန် ရောက်လာကြတာပဲ" ဟု လီလော့က ချင်ရီကို ပြုံးကာ နှုတ်ဆက်လိုက်သည်။
ချင်ရီက အနည်းငယ် ပြုံး၍ တုံ့ပြန်လိုက်သည်။ ထို့နောက် လီလော့ကို တစ်ချက်ကြည့်ပြီး လီလင်ကျင်းဘက်သို့ လှည့်ကာ…
"မမလီလင်ကျင်း ဒဏ်ရာရထားတာလား" ဟု မေးလိုက်သည်။
လီလင်ကျင်းက ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ…
"ကျွန်မ ခုနက အဲဒီကမ္ဘာခြားသက်ရှိနဲ့ တိုက်ခိုက်ခဲ့ရလို့ပါ" ဟု ပွင့်လင်းစွာ ပြန်ဖြေသည်။
သူမ ချင်ရီထံမှ မည်သည်ကိုမျှ မဖုံးကွယ်ရန် ဆုံးဖြတ်လိုက်သည်။ ချင်ရီ၏ ထက်မြက်လှသော ဉာဏ်ရည်အရ ဖုံးကွယ်ထားပါက သူမ၏ သံသယကို ပို၍ တိုးပွားစေရုံသာ ရှိမည်ဖြစ်သည်။ အမှန်မှာ သူမသည် ရန်သူက ကမ္ဘာခြားသက်ရှိတစ်ကောင် ဖြစ်ကြောင်း ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်းဖြင့် ချင်ရီ၏ အာရုံကို သူမ၏ ဒဏ်ရာများမှတစ်ပါး တခြားဆီသို့ ရောက်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချင်ရီအပါအဝင် အားလုံးက ထိုစကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားကြသည်။ လီလင်ကျင်း၏ အသက်ရှူသံ အားနည်းနေမှုကို လျစ်လျူရှုထားရင်း…
"အဲဒါ တကယ်ပဲ ကမ္ဘာခြားသက်ရှိလား" ဟု ချင်ရီက မေးသည်။
လီလင်ကျင်းက…
"သူက အလွန် အစွမ်းထက်တယ်၊ ဝိဉာဉ်ပဲ့တင်ထပ်သံဂူရဲ့ ကန့်သတ်ချက်တွေ ရှိနေရင်တောင်မှ ကျွန်မတို့ တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး… ကျွန်မ ခုနက သူနဲ့ တိုက်ခိုက်ခဲ့ရလို့ အခုလို ဒဏ်ရာတွေ ရလာတာပဲ"
ချင်ယင်း ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရဲ့ စွမ်းအားက လီလင်ကျင်းနှင့် အဆင့်တူ ဖြစ်သည်။ လီလင်ကျင်းကိုယ်တိုင်ကပင် ဤမျှ ဒဏ်ရာများ ရလာခဲ့လျှင် သူလည်း ရင်ဆိုင်ရရန် အလွန် ခက်ခဲပေလိမ့်မည်။
"အားလုံးပဲ၊ ဒီကမ္ဘာခြားသက်ရှိကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်… သူ့ကို မရှင်းထုတ်နိုင်ရင်တောင် ဒီနေရာကနေ ထွက်ပေါက်တစ်ခု ရှာနိုင်မှာပါ…အပြင်ဘက်ကို ရောက်သွားပြီး အပြင်က ကျွမ်းကျင်သူတွေကို အကြောင်းကြားနိုင်ရင် သူ့ကို ဝိုင်းဝန်းရှင်းထုတ်နိုင်ပါလိမ့်မယ်" ဟု လီလော့က ကျန်သူများကို အကြံပြုလိုက်သည်။
"ဝိဉာဉ်ပဲ့တင်ထပ်သံဂူရဲ့ ကန့်သတ်ချက်တွေကြောင့် ကမ္ဘာခြားသက်ရှိက သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေကို အပြည့်အဝ မထုတ်နိုင်ပေမဲ့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့် အထက်မှာ ရှိနေတာ သေချာတယ်…"
"ဒါပေမယ့် အခု ဒုက္ခအပေးဆုံးက ကမ္ဘာခြားသက်ရှိ မဟုတ်ဘူး… သူ့ရဲ့ ကူးစက်မှုခံထားရသူတွေ အများကြီး ရှိနေသေးတယ်… အဲဒီကမ္ဘာခြားသက်ရှိက ကူးစက်ခံထားရသူတွေကို သုံးပြီး ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို ကုန်ခန်းအောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ တကယ့်ကို အန္တရာယ်ကြီးမားတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်… ဒါကြောင့် ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ပူးပေါင်းပြီး အတူတူ လုပ်ဆောင်ဖို့ပဲ…"
"အစ်ကိုလီလော့ ပြောတာ မှန်ပါတယ်… ကျွန်တော်တို့ အခုလိုပဲ ကွဲကွဲပြားပြား ဆက်နေနေရင် ကူးစက်ခံရသူတွေ ပိုပိုများလာလိမ့်မယ်… အဲဒီလို ဖြစ်လာရင် ကျွန်တော်တို့ထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး" ဟု ကျူးတယွီက ထပ်လောင်း ပြောလိုက်သည်။
ချင်ရီ ခေတ္တမျှ တွေဝေသွားပြီးနောက် ပြတ်သားစွာဖြင့်.
"ဟုတ်တယ်… ပူးပေါင်းဆောင်ရွက်ခြင်းကသာ အကောင်းဆုံးသော ရွေးချယ်မှုပဲ"
သူမသည် ထိုအုပ်စုအတွင်းရှိ လူအများ၏ လေးစားချစ်ခင်မှုကို ခံထားရသူ ဖြစ်သည်။ သူမ သဘောတူလိုက်သည်နှင့် တခြားသူများလည်း နောက်မှ လိုက်ပါလာကြသည်။
"နဂါးခေါင်းဆောင် လီလော့"
ချင်ရီ၏ လှပသော မျက်ဝန်းများ လီလော့ဆီသို့ ရောက်ရှိလာပြီး သူမ၏ လက်သွယ်သွယ်လေးဖြင့် အဝေးရှိ ရွှေရောင်ပင်မခန်းမဆောင်ကို ညွှန်ပြလိုက်ကာ…
"အဲဒီခန်းမဆောင်မှာ အကာအကွယ် စက်ဝန်းတွေနဲ့ မှော်စာလုံးတွေ အများကြီး ရှိတယ်…အဲဒါတွေက အကာအကွယ်အတွက် ဖြစ်မယ်ထင်တယ်… ကျွန်မတို့သာ အဲဒီထဲကို ဝင်နိုင်မယ်ဆိုရင် ခဏတာတော့ စိတ်ချလက်ချ ခိုလှုံနိုင်လိမ့်မယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ လီလော့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ ဟုတ်ပေသည်၊ ထိုပင်မခန်းမဆောင်၏ အပြင်ဘက်တွင် တောက်ပနေသော မှော်စာလုံးများစွာ ရှိနေသည်။
၎င်းမှာ ရွှေရောင်ခန်းမဆောင်၏ ပင်မခန်းမဆောင် ဖြစ်သည်။ ထိုနေရာတွင် မည်သည့် လျှို့ဝှက်ရတနာများ ရှိနေမည်ကို မည်သူသိနိုင်မည်နည်း။
"ဒါပေမယ့် အကာအကွယ် မှော်စာလုံးတွေကြောင့် ကျွန်မတို့ အထဲကို မဝင်နိုင်ဖြစ်နေကြတယ်… တစ်ဝက်လောက်တောင် တိုက်ခိုက်ပြီးပြီ၊ ဒါပေမဲ့ မဝင်နိုင်သေးဘူး…ကျွန်မ အကြံပေးချင်တာက ကျွန်မတို့ အားလုံး အင်အားစုပြီး အဲဒီ အကာအကွယ်ကို အရင်ဆုံး ဖွင့်လှစ်ကြရအောင်…အဲဒီလိုဆိုမှပဲ အထဲကို ဝင်ပြီး ခိုလှုံနိုင်မှာပါ" ဟု ချင်ရီက အကြံပြုသည်။
လီလော့ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပင်မခန်းမဆောင်၏ ကြီးမားသော တံခါးပေါ်တွင် လက်ကို သတိကြီးစွာဖြင့် တင်လိုက်သည်။ သူ့လက်ဝါး တံခါးနှင့် ထိတွေ့လိုက်သည်နှင့် ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့ကို နောက်သို့ တွန်းထုတ်လိုက်သည်။
တံခါးပေါ်တွင် မှော်စာလုံးများ တောက်ပနေပြီး ၎င်းတို့မှာ မီးလျှံပုံစံ ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။
သူသည် ထိုမီးလျှံပုံစံကို စိုက်ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဒါက... ပဲ့တင်ထပ်သံမီးတောက်နဲ့ တူနေတယ်မလား…..