အခန်း ၉၇၆
Vol. 70 Ch. 976
အခန်း (၉၇၆) ရတနာများ လုယူခြင်း
ပဲ့တင်ထပ်သံမီးတောက်...
လီလော့ စဉ်းစားလိုက်သည်။ ပင်မခန်းမဆောင်၏ တံခါးကို ဖွင့်နိုင်ရန်အတွက် ပဲ့တင်ထပ်သံမီးတောက်ကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုရန် လိုအပ်ပုံရသည်။ သို့သော် ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေသည့်အတွက် သူ့ရဲ့ လျှို့ဝှက်ချက်ကို ဤသို့ ဘွင်းဘွင်းကြီး ထုတ်မပြချင်ပေ။
"အခြေအနေက တကယ့်ကို အန္တရာယ်များနေပြီ…အားလုံး ပူးပေါင်းပြီး အင်အားသုံးကာ တံခါးကို ဖောက်ထွက်ကြရအောင်…ကျွန်တော်တို့ အထဲရောက်သွားရင် အပိုဆောင်း အကာအကွယ်တစ်ခု ရသွားလိမ့်မယ်" ဟု လီလော့က တည်ငြိမ်စွာ အကြံပြုလိုက်သည်။
ချင်ရီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ သူမလည်း ထိုအတိုင်းပင် တွေးထားခြင်း ဖြစ်သည်။
နောက်တစ်ခဏတွင် သူတို့အားလုံး ပူးပေါင်းကာ တံခါး၏ ထောင့်တစ်နေရာကို ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ မှော်စာလုံးများက တိုက်ခိုက်မှုကို ခုခံရင်း တောက်ပလာသော်လည်း တံခါးမှာမူ လုံးဝ လှုပ်ရှားခြင်းမရှိပေ။
လီလော့သည်လည်း ထိုအချိန်တွင် ပဲ့တင်ထပ်သံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် စွမ်းအားထဲတွင် ပဲ့တင်ထပ်သံမီးတောက် အမျှင်တန်းအနည်းငယ်ကို ဝှက်ထားလိုက်သည်။
ဝုန်း!
လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများက တခြားသူတို့၏ တိုက်ခိုက်မှုများနှင့်အတူ တံခါးကို ထိမှန်လိုက်သည်နှင့် မှော်စာလုံးများ အကြီးအကျယ် တုံ့ပြန်လာသည်။
"အောင်မြင်ပြီ…အားလုံး ပိုပြီး အားစိုက်ကြပါဦး…" ဟု တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခါ ကျူးတယွီက အော်ဟစ်လိုက်သည်။
တခြားသူတို့လည်း စိတ်ဓာတ်တက်ကြွလာပြီး တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာသည်။
ထိုအချိန်တွင် လီလော့က သူ့ရဲ့ တိုက်ခိုက်မှုများ တံခါးကို ဆက်တိုက် ထိမှန်နေစေရန် ဂရုစိုက်နေရသည်။ တဖြည်းဖြည်းနှင့် မှော်စာလုံးများ မှေးမှိန်သွားပြီး ခဏအကြာတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဝုန်း!
ပင်မခန်းမဆောင်၏ တံခါးများ ဖြည်းညင်းစွာ ပွင့်သွားသည်နှင့် လီလော့နှင့် ချင်ရီတို့က ပင်မခန်းမဆောင်ထဲသို့ အရင်ဆုံး ပြေးဝင်သွားကြသည်။ ဤမျှ ခမ်းနားသော အကာအကွယ်များ ရှိနေသည့်အတွက် အထဲတွင် တကယ့်ကို ထူးခြားသော ရတနာများ ရှိနေနိုင်ကြောင်း သူတို့ သိကြသည်။
ခန်းမဆောင်အတွင်းဘက်တွင် ရွှေရောင် တောက်ပနေပြီး နံရံများတွင် မြေ၊ လေ၊ ရေနှင့် မီးတောက် အမှတ်အသားများကို ထွင်းထုထားသည်မှာ တကယ့်ကို မှော်ဆန်သော မြင်ကွင်းပင်။
သို့သော် လူတိုင်း၏ အာရုံကို အမှန်တကယ် ဆွဲဆောင်လိုက်သည်မှာ ခန်းမ၏အလယ်ဗဟိုပင်။
ထိုနေရာတွင် မှော်စာလုံးများစွာ ထွင်းထုထားသော ရွှေရောင်စင်မြင့်တစ်ခု ရှိနေသည်။ ထိုမှော်စာလုံးများက ခန်းမဆောင်တစ်ခုလုံးသို့ ပျံ့နှံ့နေခြင်းဖြစ်သည်။
ကမ္ဘာလောက၏ သဘာဝစွမ်းအင်များ ထိုရွှေရောင်စင်မြင့်ဆီသို့ စီးဝင်နေသည်ကို အနည်းငယ် မြင်တွေ့နိုင်သည်။
စင်မြင့်ထက်တွင် အလင်းလုံးပေါင်း တစ်ဒါဇင်ကျော် လေထဲတွင် ဝဲပျံကာ ရွေ့လျားနေကြသည်။ ထိုအလင်းလုံးများထဲတွင် အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည့် ရှေးဟောင်းပစ္စည်းများစွာ ရှိနေသည်။
"ရတနာပစ္စည်းတွေ…."
ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်လာသူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားသည်။ အလင်းလုံးများထဲရှိ ပစ္စည်းများက ရှေးဟောင်းရတနာများ ဖြစ်ကြပြီး ၎င်းတို့၏ စွမ်းအင်လှိုင်းများအရ ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာများ ဖြစ်ကြသည်။
ထို့အပြင် အလယ်ဗဟိုတွင် အတောက်ပဆုံးဖြစ်သည့် ရတနာမှာမူ ခရမ်းရောင်မျက်လုံးသုံးလုံးအဆင့် ရှေးဟောင်းရတနာ ဖြစ်နိုင်ခြေ အလွန်များသည်။ သာမန် တကိုယ်တော်ကျင့်ကြံသူများသာမက လီလော့၊ ချင်ရီနှင့် ကျူးတယွီတို့လို မျိုးရိုးမြင့်မြတ်သူတို့အတွက်ပင် ဤမျှ အရည်အသွေးမြင့် ရတနာမျိုးက ဆွဲဆောင်မှု ရှိလှသည်။
လီလော့၏ မျက်လုံးများလည်း ထိုအခိုက်အတန့်တွင် တောက်ပသွားသည်။ သူ ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော ခရမ်းရောင်မျက်လုံးသုံးလုံးအဆင့် ရှေးဟောင်းရတနာမှာ ကောင်းကင်နဂါးနေဖမ်းလေးဖြစ်သည်။ နောက်တစ်ခုမှာ ခရမ်းရောင် ပဲ့တင်ထပ်သံသစ်ပင်ရင်ထိုး ဖြစ်သည်။ ယခုမူ သူတို့ရှေ့တွင် ထိုကဲ့သို့သော ရတနာများစွာ ရှိနေသည်။
သူတို့ထဲမှ တစ်ခုခုကိုသာ ရရှိနိုင်လျှင်ပင် တိုက်ခိုက်မှု စွမ်းအားများ များစွာ တိုးတက်လာပေလိမ့်မည်။
ခန်းမဆောင်အတွင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပဲ့တင်ထပ်သံစွမ်းအားများ တက်ကြွလာပြီး တစ်ခဏချင်းမှာပင် လူတိုင်း ရွှေရောင်စင်မြင့်ဆီသို့ ပြေးဝင်သွားကြသည်။
မည်သူမဆို ရှေးဦးစွာ ရတနာကို ရယူလိုကြသည်မှာ အထူးအဆန်း မဟုတ်ပေ။
လူအုပ်စုကြီး စင်မြင့်သို့ နီးကပ်သွားသည့်အခါ စင်မြင့်မှ ချွန်မြသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး လူအုပ်စုကြီး နောက်သို့ လွင့်စင်သွားကာ သွေးအန်ကုန်ကြသည်။
အလယ်ဗဟိုတွင် သိမ်းဆည်းထားသော ရတနာများလည်း အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားကြသည်။
လူတိုင်း ရတနာများကို နောက်ယောင်ခံ လိုက်ကြသဖြင့် နေရာတစ်ခုလုံး ရှုပ်ထွေးသွားတော့သည်။
လီလော့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံး တုန်ခါလျက် စွမ်းအင်များ တက်ကြွလာသည်။ သူသည် ၎င်းတို့ကို နှစ်ထပ်ပဲ့တင်ထပ်သံစွမ်းအားအဖြစ် ပေါင်းစပ်လိုက်ပြီး ပေါက်ကွဲထွက်မတတ် အရှိန်ဖြင့် ရတနာများကို လိုက်လံဖမ်းဆီးလေတော့သည်။
ပတ်ဝန်းကျင်ကို လျင်မြန်စွာ စစ်ဆေးပြီးနောက် အလင်းလုံးတစ်ခုဆီသို့ သေချာ အာရုံစိုက်လိုက်သည်။
၎င်းမှာ ရတနာများထဲတွင် အတောက်ပဆုံး ဖြစ်သည်။ ထိုမှ ထွက်ပေါ်လာသော စွမ်းအင်များက မီးတောင်ပေါက်ကွဲသကဲ့သို့ တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် ထိုရတနာမှာ သာမန်မဟုတ်ကြောင်း သိသာသည်။
လီလော့ သဘာဝအလျောက် ထိုရတနာဆီသို့ ဆွဲဆောင်ခံလိုက်ရသည်။
သို့သော် ထိုရတနာကို ချင်ယင်းနှင့် ကျူးကျူးတို့လည်း မြင်တွေ့သွားကြသဖြင့် သူတို့နှစ်ဦး၏ နောက်တွင် ကောင်းကင်ပုလဲရှစ်လုံး ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများဖြင့် တခြားသူများကို နောက်သို့ လွင့်စင်သွားစေကာ နှစ်ဦးစလုံး အလင်းလုံးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လီလော့က လီလင်ကျင်းဘက်ကို လှည့်ကြည့်လိုက်သည်။ သို့သော် သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများ အပြည့်အဝ ပြန်လည်မရရှိသေးသဖြင့် အားကိုးရာမဲ့စွာဖြင့် ပြန်ကြည့်နေသည်။ အကယ်၍သာ သူမ အခုအချိန်တွင် ချင်ယင်းနှင့် ကျူးကျူးတို့ကို ရတနာအတွက် ယှဉ်ပြိုင်တိုက်ခိုက်လိုက်ပါက သူမ၏ ခန္ဓာကိုယ် အခြေအနေ မကောင်းကြောင်းကိုသာ ဖော်ပြရာရောက်လိမ့်မည်။
လီလော့ အနည်းငယ် နှမြောနေမိသည်။ သူသည် လီလင်ကျင်းကို သတိထားနေရန် အချက်ပြပြီးနောက် သူလည်း ပြေးထွက်သွားသည်။ သို့သော် ချင်ယင်းနှင့် ကျူးကျူးတို့ကို လောလောဆယ် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိပေ။ထို့ကြောင့် အခြားသော ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာများကို အရင်ဆုံး ရယူရန် ကြိုးစားမည် ဖြစ်သည်။ အကောင်းဆုံး ရတနာအတွက်မူ နောက်ပိုင်းတွင် အခွင့်အရေး ရှိမရှိ စောင့်ကြည့်ရပေလိမ့်မည်။
မကြာခင်မှာပင် သူ့အကြည့်က လူအများ စိတ်ဝင်စားနေသော အလင်းလုံးတစ်ခုပေါ်သို့ ရောက်သွားပြန်သည်။ ပဲ့တင်ထပ်သံစွမ်းအားများက အလင်းလုံးဆီသို့ အကြိမ်ကြိမ် ဆန့်တန်းသွားသဖြင့် ၎င်းမှာ ပြင်းထန်စွာ တုန်ခါနေသည်။
အလင်းလုံး အားနည်းသွားသည့်အခါ အတွင်းရှိ ပစ္စည်းကို မြင်လိုက်ရသည်။ ၎င်းမှာ အသက်ဝင်သော အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည့် မြစိမ်းရောင် ငှက်မွေးယပ်တောင်တစ်ခု ဖြစ်သည်။
ဤရှေးဟောင်းရတနာက သစ်သားပဲ့တင်ထပ်သံနှင့် ဆက်နွှယ်မှု ရှိပုံရသည်။
လီလော့တွင် သစ်သားပဲ့တင်ထပ်သံစွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သူနှင့် အလွန် ကိုက်ညီသည်။ထို့ကြောင့် မည်သို့မျှ မတွန့်ဆုတ်တော့ဘဲ ကြေးခွံကိုးခုနဂါးခန္ဓာကို ချက်ချင်းပင် အသက်သွင်းလိုက်သည်။ထိုအခါ နောက်ကျောတွင် တောင်ပံများ ပြန့်ကားလာပြီး လျှပ်စီးနှင့် မိုးချုန်းသံများ လေထုထဲတွင် ပြည့်နှက်သွားသည်။
"အတင့်ရဲလှချည်လား…."
လူအများကလည်း ဤရတနာကို မျက်စိကျနေကြပုံရပြီး သူတို့ထဲတွင် အားနည်းသူ မရှိပေ။ အားအကောင်းဆုံးမှာ ပုလဲသုံးလုံးအဆင့် ဖြစ်သည်။ လီလော့ကဲ့သို့သော သူတစ်ယောက်က ရတနာကို လုယူရန် လာရောက်သည်ကို မြင်လိုက်ရသည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
လီလော့၏ နောက်ခံကို အားလုံး သိကြသော်လည်း ရလဒ်ကတော့ စွမ်းအားပေါ်တွင်သာ မူတည်နေသည်။ ဤမျှ အရသာရှိသော ရတနာများ မျက်စိရှေ့တွင် ရှိနေချိန်တွင် နောက်ခံမျိုးရိုးသည်ပင် လုံးဝ အရေးမပါတော့ပေ။
ထို့ကြောင့် အားအကောင်းဆုံးသူက လီလော့ကိူ ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူ့နောက်ရှိ ကောင်းကင်ပုလဲများ ပိုမိုတောက်ပလာပြီး လီလော့ကို တိုက်ခိုက်လိုက်သည်။
မည်သို့ဆိုစေ လီလော့ နောက်မဆုတ်ပေ။ သူ့မျက်ဝန်းများမှာ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး လက်ကို မြှောက်လိုက်သည်နှင့် လက်ဝါးထဲတွင် ဓားပုံရိပ်တစ်ခု ပေါ်လာတော့သည်။
ထိုဓားပုံရိပ်က ဖော်ပြရန်ခက်ခဲလောက်အောင် ထက်မြက်သော ဓားစွမ်းအင်သမုဒ္ဒရာကြီးကို သိမ်းဆည်းထားသကဲ့သို့ ရှိပြီး ပေါ်လာသည်နှင့် ခန်းမဆောင်အတွင်းရှိ လူအများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကို ဆွဲဆောင်လိုက်သည်။
၎င်းမှာ လီလော့ထက် အဆင့်များစွာ ပိုမိုမြင့်မားသူများအတွက်ပင် တုန်လှုပ်စရာကောင်းလှသည်။
အဝေးရှိ ချင်ရီကလည်း လေးနက်သော အမူအရာဖြင့် လှမ်းကြည့်နေသည်။ လီလော့၏ လက်ဝါးထဲမှ ဓားပုံရိပ်က လီလော့၏ နောက်ဆုံးလက်ကျန် လျှို့ဝှက်လက်နက်ဖြစ်ရမည်။ ၎င်းမှာ နဂါးခေါင်းဆောင်တိုက်ပွဲတွင် လီထိုင်ရွှမ်၏ ပုံတူကို အနိုင်ယူနိုင်ခဲ့သည့် လျှို့ဝှက်ပညာရပ် ဖြစ်ရမည်။
ထိုဓားပုံရိပ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည်။ ဤမြို့စားပညာရပ်မှာ အလွန်မြင့်မားသော အဆင့် (ဖြစ်နိုင်သည်မှာ ကံကြမ္မာအဆင့်) ဖြစ်ကြောင်း ထင်ရှားနေသည်။
လီလော့ကို ပြန်လည်တိုက်ခိုက်ရန် ကြံစည်နေသူများ ချက်ချင်းပင် ရပ်တန့်သွားကြသည်။ သူတို့၏ မျက်နှာထားများ လုံးဝ ပြောင်းလဲသွားပြီး နောက်ထပ် တိုက်ခိုက်ရန်ပင် မဝံ့ရဲတော့ပေ။ လီလော့၏ လက်ဝါးထဲမှ အပြာရောင်ဓားဆန္ဒက သူတို့အတွက်ပါ အသက်အန္တရာယ်ရှိကြောင်း သူတို့ ကောင်းကောင်း သိလိုက်ကြသည်။
ပုလဲသုံးလုံးအဆင့် ကျင့်ကြံသူပင်လျှင် လီလော့၏ ပစ်မှတ်ဖြစ်လာပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ကြောင်း သိလိုက်သည်။
ယခုဆို အခြေအနေ အလွန်ရှုပ်ထွေးနေပြီ ဖြစ်သည်။ အထူးသဖြင့် အပြင်ဘက်မှ ကမ္ဘာခြားသက်ရှိများက သူတို့ကို လိုက်လံတိုက်ခိုက်နေသည်။ အကယ်၍သာ ယခုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရသွားပါက နောက်ပိုင်းတိုက်ပွဲများတွင် အသက်ဆုံးရှုံးသွားနိုင်သည်။
ခရမ်းရောင်မျက်လုံး ရှေးဟောင်းရတနာများက မည်မျှပင် တန်ဖိုးရှိပြီး ဆွဲဆောင်မှုရှိစေကာမူ လီလော့နှင့် ယှဉ်ပြိုင်လုယူခြင်းက ဉာဏ်ပညာရှိသော ရွေးချယ်မှု မဟုတ်ပေ။ ထို့အပြင် တခြားရတနာများ ရှိသေးသည်မဟုတ်ပါလား။
ထို့အပြင် လီလင်ကျင်းကလည်း အနီးအနားမှ အခြေအနေကို စောင့်ကြည့်နေသည်။ သူမ အဘယ်ကြောင့် ယခုအချိန်ထိ တိုက်ပွဲထဲသို့ မဝင်ရောက်သေးသည်ကို သူ မသိသော်လည်း သူမ၏ စွမ်းအားကို လျစ်လျူရှု၍ မရနိုင်ပေ။
ထို့ကြောင့် မလိုလားသော်လည်း တော်တော်များများ နောက်ဆုတ်သွားကြသည်။
လီလော့က သူတို့ နောက်ဆုတ်သွားသည်ကို မြင်လိုက်ရသည့်အခါ မဆိုင်းမတွပင် အလင်းလုံးထဲသို့ လက်ကို ဆန့်ထုတ်လိုက်သည်။ထို့နောက် သူ့လက်ကို ဖွင့်လိုက်ပြီး မြစိမ်းရောင် ငှက်မွေးယပ်တောင်ကို ဆုပ်ကိုင်လိုက်သည်။
သို့သော် သူ့လက်နှင့် ယပ်တောင်၏ ထိမိသည်နှင့် ပြင်းထန်သော ခုခံမှုတစ်ခုကို ခံစားလိုက်ရသည်။ လက်ကိုင်ပေါ်တွင် ထူးခြားသော အမှတ်အသားတစ်ခု ရှိနေပြီး ထိုအမှတ်အသားကို ဖယ်ရှားမပစ်နိုင်သရွေ့ ယပ်တောင်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
လီလော့ မျက်မှောင်ကြုတ်လိုက်ပြီး ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားဖြင့် ထိုအမှတ်အသားကို ဖျက်ဆီးရန် ကြိုးစားကြည့်သည်။ သို့သော် ထိုအမှတ်အသားက အသက်ဝင်နေသလို ကြိုးစားမှုကို ခုခံနေသည်။
တကယ့်ကို ခေါင်းကိုက်စရာ အမှတ်အသားတစ်ခုပင်။ အကယ်၍သာ ဤနှုန်းအတိုင်း ဆက်လုပ်နေမည်ဆိုလျှင် ၎င်းကို လုံးဝ ဖျက်ဆီးပစ်ရန် အလွန်အချိန်ကြာမြင့်ပေလိမ့်မည်။
ဤရတနာများကို ရရှိလျှင်တောင်မှ သူတို့ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
လီလော့ ခေါင်းမော့ကြည့်လိုက်တော့ ရတနာများ ရရှိသွားကြသည့် အခြားသူများမှာလည်း ထိုပြဿနာမျိုးနှင့်ပင် ကြုံတွေ့နေရသည်ကို သူ သတိပြုမိသည်။ ရတနာများကို ကာကွယ်ပေးထားသည့် ထူးခြားသော အမှတ်အသားများ ရှိနေပုံရသည်။
လီလော့ ခေတ္တမျှ စဉ်းစားပြီးနောက် ပဲ့တင်ထပ်သံမီးတောက်ကို ဆင့်ခေါ်လိုက်ပြီး စမ်းသပ်ကြည့်ရန်အတွက် ပဲ့တင်ထပ်သံမီးတောက်ကို ထိုအမှတ်အသားနှင့် ထိတွေ့စေလိုက်သည်။
အံ့သြစရာကောင်းသည်မှာ ပဲ့တင်ထပ်သံမီးတောက်က ထိုအမှတ်အသားကို တစ်ပတ်ပတ်လိုက်ရုံဖြင့် အမှတ်အသားများ မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားသည်။
လီလော့ ရတနာထဲသို့ ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားကို ထပ်မံ ပို့လွှတ်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မြစိမ်းရောင်ယပ်တောင်ကို အလွယ်တကူ ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
သူ ထိန်းချုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သတင်းစကားတစ်ခုမှာ စိတ်ထဲတွင် ပေါ်လာသည်။
ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာ: သစ်နက်သားငှက်မွေးယပ်တောင်
တစ်ချက်ခတ်လိုက်ရုံဖြင့် သေခြင်းရှင်ခြင်းနှင့်သက်ဆိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကို ထုတ်လွှတ်နိုင်သည်။အဖြူရောင် အလင်းတန်းက အသက်ကိုကိုယ်စားပြုပြီး ခွန်အားသစ်များကို ပေးစွမ်းကာ ပြန်လည်ကုစားမှုကို အထောက်အကူပြုသည်။ အနက်ရောင်အလင်းတန်းက သေခြင်းတရားကိုကိုယ်စားပြု၍ တစ်ဦးတစ်ယောက်၏ သွေးနှင့် အရိုးများကို အရည်ပျော်ကျသွားစေနိုင်သည်။