အခန်း ၉၇၇
Vol. 70 Ch. 977
အခန်း (၉၇၇) စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး
"သစ်နက်သားငှက်မွှေးယပ်တောင်..."
လီလော့ ငှက်မွေးယပ်တောင်ကို ကိုင်ထားရင်း စိတ်ဝင်တစားဖြင့် မျက်လုံးများ တောက်ပလာသည်။ ဤယပ်တောင်ကို ရှေးဟောင်းစစ်မြေပြင်များတွင်သာ ပေါက်ရောက်သည့် ထူးခြားသော သစ်သားမျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ကြီးထွားလာရန် အလောင်းကောင်များကို မြေသြဇာအဖြစ် လိုအပ်သော်လည်း တစ်ခါတည်း ကြီးထွားလာပြီဆိုလျှင် အသက်စွမ်းအင်များ ကြွယ်ဝစွာ ပါဝင်နေတတ်သည်။ သစ်စေးများ၌ပင် အလွန်ပြင်းထန်သော အသက်စွမ်းအင်များ ပါဝင်နေသဖြင့် ပြင်းထန်သော ဒဏ်ရာများကိုပင် ကုသပေးနိုင်သည်။
ထို့ကြောင့် ဤယပ်တောင်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်း စွမ်းအင်နှစ်ခုလုံးကို ပိုင်ဆိုင်ထားသော ရှေးဟောင်းရတနာတစ်ခု ဖြစ်သည်။ ပြုပြင်ပြီးနောက်တွင် စွမ်းအားနှစ်ခုလုံးကို နှိုးဆွနိုင်သော စွမ်းအားကို ရရှိလာခြင်း ဖြစ်သည်။
လီလော့ ယပ်တောင်၏ လက်ကိုင်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းအပေါ်တွင် အလွန်တောက်ပသော ခရမ်းရောင် ကျောက်မျက်တစ်ခု ရှိနေသည်။ ၎င်းမှာ ခရမ်းရောင်မျက်လုံးတလုံးအဆင့် ရှေးဟောင်းရတနာ ဖြစ်ကြောင်း ထင်ရှားသည်။
လီလော့ အလွန်ပင် ကျေနပ်အားရသွားသည်။ မျက်လုံးတစ်လုံးအဆင့်သာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားကို လျှော့တွက်၍ မရပေ။ သူသည် မိမိ၏ တိုက်ခိုက်မှု စွမ်းအားကို မြှင့်တင်ရန်အတွက် နောက်ထပ် ရတနာတစ်ခုကို ရရှိလိုက်ပြီ ဖြစ်သည်။
ဝုန်း!
လီလော့ သစ်နက်သားငှက်မွှေးယပ်တောင်ကို ရလိုက်သည်နှင့် ပင်မခန်းမဆောင်၏ ဗဟိုတွင် တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းကြောင့် လူအများ သွေးအန်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။
ကြည့်လိုက်တော့ ချင်ယင်းနှင့် ကျူးကျူးတို့က အတောက်ပဆုံး ရတနာကို လုယူရန် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို တွေ့ရသည်။
သူတို့သည် တစ်စက္ကန့်အတွင်းမှာပင် အကြိမ်တစ်ရာကျော် အပြန်အလှန် တိုက်ခိုက်နေကြသည်။ မည်သူမျှ မလျှော့တမ်း အစွမ်းအကုန် ထုတ်သုံးနေကြသည်။ သူတို့၏ နောက်ရှိ ကောင်းကင်ပုလဲရှစ်လုံးကလည်း လှည့်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို စုပ်ယူကာ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
သူတို့ တိုက်ခိုက်တိုင်းတွင် ဖြစ်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအား၏ တုံ့ပြန်မှုများမှာ လေထုကိုပင် တုန်ခါသွားစေသည်။
မည်သို့ဆိုစေကာမူ တိုက်ခိုက်ရာတွင် ချင်ယင်း အသာစီးရနေသည်။ ကောင်းကင်ဧကရာဇ်ကျူးမျိုးဆက်က ပြန်လည်ကုစားခြင်းတွင်သာ အဓိက ကျွမ်းကျင်သဖြင့် ယခုကဲ့သို့ အခြေအနေတွင် အခက်တွေ့နေရသည်။
တိုက်ခိုက်မှုတစ်ခုတွင် ဝဝဖိုင့်ဖိုင့် ကျူးကျူးတယောက် အဆင့်အနည်းငယ် နောက်သို့ ဆုတ်လိုက်ရသည်။ သူမ နောက်သို့ ပြန်ဆုတ်လိုက်စဉ် လေထုထဲရှိ စွမ်းအင်များ အလွန်ပြင်းထန်စွာ တုန်ခါသွားသဖြင့် အဖြူရောင် မီးခိုးငွေ့များကိုပင် မြင်တွေ့နေရသည်။
ချင်ယင်းက ထိုအခွင့်အရေးကို အသုံးချကာ အတောက်ပဆုံး အလင်းလုံးဆီသို့ လက်လှမ်းလိုက်သည်။ သူ လက်လှမ်းလိုက်သည်နှင့် မီးခိုးရောင် စွမ်းအင်များက သူ့လက်မောင်းကို သံမဏိလင်းယုန်ခြေသည်း ပုံစံဖြင့် ဝန်းရံသွားသည်။
တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်နှင့် အလင်းလုံး ကွဲအက်သွားပြီး၎င်းထဲမှ ပစ္စည်းတစ်ခု ချက်ချင်း လွင့်စင်ထွက်လာသည်။ ၎င်းမှာ စိမ်းပြာရောင်ရှိပြီး မြွေနဂါးကဲ့သို့ အကြေးခွံများဖြင့် ဖုံးလွှမ်းထားသော တုတ်ရှည်တစ်ခု ဖြစ်သည်။
ထိုတုတ်ရှည် ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို ဝေလငါးတစ်ကောင်က ရေကို စုပ်ယူသကဲ့သို့ စုပ်ယူလိုက်သည်။
ဤအချိန်တွင် လူတိုင်း သဘာဝစွမ်းအင်များက စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးဆီသို့ စုစည်းသွားသည်ကို မြင်လိုက်ရပြီး တုတ်ပေါ်တွင် ခရမ်းရောင်အမှတ်အသား သုံးခုကို တွေ့လိုက်ရသည်။
" မျက်လုံးသုံးလုံးအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာ…" ဟု တစ်ယောက်ယောက်က အော်လိုက်သည်။
အလင်းလုံး၏ တောက်ပမှုအရ ထူးခြားသော ရတနာဖြစ်မည်ကို အားလုံး ခန့်မှန်းထားကြသော်လည်း အများစုကတော့ မျက်လုံးနှစ်လုံးအဆင့်ဟုသာ ထင်မှတ်ထားကြပြီး မျက်လုံးသုံးလုံးအဆင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားကြပေ။
ထိုသို့သော ရှေးဟောင်းရတနာမျိုးက မြို့စားအဆင့်အောက်ရှိသူများ ရရှိနိုင်သည့် အစွမ်းအထက်ဆုံး ရတနာဖြစ်သည်။ အင်အားစု အသီးသီးတွင်ပင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များသာ ဤသို့သော ရတနာကို ရရှိနိုင်သည်။
ချင်ယင်း၏ မျက်လုံးများ ဝမ်းမြောက်စွာ တောက်ပသွားသည်။ သူသည် အော်ဟစ်လိုက်သည်နှင့် သူ့ နောက်တွင် ရွှေရောင် စွန်ရဲတစ်ကောင် ပေါ်လာသည်။ ထိုစွန်ရဲက အလွန်ထက်မြက်သော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး အတောင်ပံများကလည်း အလင်းဓားများကဲ့သို့ တောက်ပနေသည်။
၎င်းမှာ ချင်ယင်း၏ ပဲ့တင်ထပ်သံ ဖြစ်သည့် အဆင့် (၈) ဓားစွန်ရဲ ပဲ့တင်ထပ်သံပင် ဖြစ်သည်။
ချင်ယင်း လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လက်လှမ်းကာ စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို ဆုပ်ကိုင်လိုက်ပြီး ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားကို စီးဆင်းစေလိုက်သည်။
သို့သော် သူတို့ ထိတွေ့လိုက်သည်နှင့် ထိုရတနာ ပြင်းထန်စွာ တုန်ခါသွားသည်။ စိမ်းပြာရောင် အလင်းများမ တုတ်တစ်လျှောက် စီးဆင်းသွားပြီး ဧရာမ မြွေနဂါးပုံစံ ဖြစ်ပေါ်လာသည်။ ထို့နောက် မြွေကြီးက ပါးစပ်ကို ဟလျက် ကြောက်မက်ဖွယ်ကောင်းစွာ မြည်တွန်ပြီးနောက် အဆိပ်ပြင်းသော အလင်းတန်းတစ်ခု ပါးစပ်ထဲမှ ပန်းထွက်လာပြီး ချင်ယင်းကို တန်းတန်းမတ်မတ် ပစ်မှတ်ထားလိုက်သည်။
ထိုမျှ ရုတ်တရက် ဖြစ်ပျက်သွားသည်ကို ချင်ယင်း လုံးဝ မမျှော်လင့်ထားသဖြင့် ချက်ချင်းပင် ရီဝေသွားသည်။
"ဘယ်လောက်တောင် အဆိပ်ပြင်းတဲ့ အလင်းတန်းလဲ…”
ချင်ယင်း၏ အမူအရာ လုံးဝ ပြောင်းလဲသွားပြီး တုတ်ကို လွှတ်ချလိုက်သည်။ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင် ပဲ့တင်ထပ်သံစွမ်းအားများ ပေါ်ထွက်လာပြီး အဆိပ်အလင်းတန်းနှင့် တိုက်ရိုက် ထိတွေ့လိုက်သည်။ နောက်တစ်ခဏတွင် အနံ့အသက်ဆိုးဝါးသော မီးခိုးများဖြင့် ပြည့်နှက်သွားပြီး ရွှေရောင်အလင်းတန်းလည်း လျင်မြန်စွာ အရည်ပျော်ကျသွားသည်။
စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးက ချင်ယင်းကို ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားစေပြီးနောက် စိမ်းပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ခန်းမဆောင်အတွင်း လျှောတိုက်သွားလေသည်။
ပိုင်ရှင်မရှိသေးသည့်အတွက် ဤမျက်လုံးသုံးလုံးအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာက ခန်းမဆောင်အတွင်းရှိ တကိုယ်တော်ကျင့်ကြံသူများစွာ၏ လောဘကို နှိုးဆွလိုက်သဖြင့် အလုအယက် နောက်ယောင်ခံ လိုက်လာကြသည်။
သို့သော် ထိုတုတ်ရှည်က အသက်ရှိသကဲ့သို့ ရှိနေသည်။ စစ်မြေပြင်တွင် လျှောတိုက်တွားသွားနေသော စိမ်းပြာရောင် မြွေနဂါးကဲ့သို့ အလွန်မြန်ဆန်သဖြင့် မည်သူမျှ မဖမ်းနိုင်ပေ။ ရံဖန်ရံခါ အနီးကပ်ဆုံး ရောက်လာသူများ ရှိသော်လည်း အဆိပ်အလင်းတန်းကြောင့် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ရသည်။ ခဏလေးအတွင်းမှာပင် လူအများအပြား အဆိပ်အလင်းတန်းကြောင့် သွေးအိုင်များ ဖြစ်သွားကြသည်။
လီလော့လည်း ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကို ကြည့်ကာ ထိတ်လန့်သွားသည်။ တစ်ချိန်တည်းမှာပင် စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို ဖမ်းဆုပ်ရန် စိတ်အားထက်သန်နေသည်။
"အစ်မလင်ကျင်းရဲ့ ရှေးဟောင်းရတနာက ခုနက လုံးဝ ပျက်စီးသွားခဲ့ပြီ…. ဒီတုတ်ရှည်ကိုသာ ရခဲ့ရင် သူ့ရဲ့ မူလစွမ်းအားနဲ့ ပေါင်းပြီး ချင်ယင်းကို ထိန်းချုပ်ထားနိုင်လိမ့်မယ်" ဟု လီလော့က တွေးတောရင်း အကြည့်များ ရွေ့လျားသွားသည်။
သို့သော် တုတ်ရှည်က အလွန်လျင်မြန်လွန်းနေသည်။ ချင်ယင်း ခံစားလိုက်ရသည့် တုန်လှုပ်မှုကို ကြည့်ခြင်းအားဖြင့် ၎င်းကို ဖမ်းဆုပ်ဖို့က တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။ သို့သော် လီလော့တွင် သစ်နက်သားငှက်မွှေးယပ်တောင်ကို ရရှိခဲ့သည့် အတွေ့အကြုံ ရှိသဖြင့် တုတ်ရှည်ကိုလည်း အလားတူ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သူ့တွင် ရွေးချယ်စရာ မရှိပေ။ နောက်ဆုံးတွင် ပဲ့တင်ထပ်သံမီးတောက်က ဝိဉာဉ်ပဲ့တင်ထပ်သံဂူ အတွင်းတွင် အလွန် အသုံးဝင်နေသဖြင့် ဤမျှ အံ့သြဖွယ်ကောင်းသော ရတနာကို လွှတ်ပေးနိုင်ပါမည်လော။ လီလော့ တွေးတောနေစဉ်မှာပင် တုတ်ရှည်က သူရှိရာဘက်သို့ ဦးတည်လာသည်။ ၎င်းကို မြင်လိုက်ရသည့်အခါ သူ နောက်မဆုတ်တော့ပေ။ ယင်းအစား လက်ကို ဆန့်ထုတ်လိုက်ပြီး ဝါးတောင်ဝှေးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
လီလော့၏ ရဲတင်းသော လုပ်ရပ်ကို မြင်လိုက်ရသည့်အခါ အားလုံးက လှောင်ပြောင်လိုက်ကြသည်။ ချင်ယင်းလို အစွမ်းထက်သူပင် ဤအရာ၏ လက်ချက်ဖြင့် ဒဏ်ရာရခဲ့သည်။ လီလော့လို အဆင့်နိမ့်သူက ဤသို့ ဗလာလက်ဖြင့် ကိုင်တွယ်ရန် မည်မျှအထိ ရဲတင်းလိုက်သနည်း။ မိမိကိုယ်ကို သွေးအိုင်ဖြစ်စေမည့် အဆိပ်အလင်းတန်းကို မကြောက်သလော။
ဘေးတွင် ရှိနေသော လီလင်ကျင်းကလည်း ၎င်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော လီလော့တယောက် ယခုကဲ့သို့ အလျင်စလို လုပ်ဆောင်လိမ့်မည်ဟု သူမ မထင်ထားပေ။ မျက်လုံးသုံးလုံးအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာအတွက် လောဘကြောင့် မျက်စိကန်းသွားပြီလော။
မည်သို့ဆိုစေကာမူ သူမ ဘာမျှ မလုပ်ဆောင်နိုင်တော့ပေ။ အားလုံး၏ အကြည့်အောက်တွင် လီလော့က စိမ်းပြာရောင် အလင်းကို တင်းကျပ်စွာ ဖမ်းဆုပ်နေချေပြီ။
သူသည် ဝါးတောင်ဝှေး၏ လက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ၎င်းအပေါ်တွင် မြွေနဂါး အကြေးခွံများကဲ့သို့ ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် အနည်းငယ် ဆူးရှနေသလို ခံစားရသည်။ သို့သော် သူ စိတ်ပူနေရန် အချိန်မရှိပေ။ ဤအချိန်တွင် စိမ်းပြာရောင် အလင်းများ တောက်ပလာပြီး ဧရာမ မြွေနဂါးကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကို ဟလျက် မြည်တွန်လိုက်ကာ အဆိပ်အလင်းတန်းများ ရေတံခွန်ကဲ့သို့ ပန်းထွက်လာသည်။
အဆိပ်အလင်းတန်းများ ခန်းမဆောင်အတွင်း ဖြတ်သန်းသွားသဖြင့် အားလုံးက ထိမိမည်ကို ကြောက်ရွံ့ကာ ချက်ချင်း နောက်သို့ ဆုတ်သွားကြသည်။
တစ်ချိန်တည်းမှာပင် လီလော့ကို ကြည့်ကာ လောဘအတွက် အလွန်တန်ကြေးကြီးမားသော အဖိုးအခကို ပေးဆပ်ရတော့မည်ဟု ယုံကြည်ကာ မနှစ်မြို့သလို ခံစားလိုက်ရသည်။
ချင်ရီလည်း သူ့ကို အာရုံစိုက်ကာ ကြည့်နေသည်။ သူမ၏ အရင် အတွေ့အကြုံအရ လီလော့က ဤမျှအထိ အရူးအမူး လုပ်ဆောင်မည့်သူ မဟုတ်ကြောင်း သိရှိထားသဖြင့် ဤအခြေအနေက အနည်းငယ် ထူးဆန်းနေသည်။
" အစ်ကိုလီလော့…"
ကျူးတယွီ သက်ပြင်းချလိုက်မိသည်။
"နောက်ဘဝကျမှ ညီအစ်ကိုတွေ ပြန်ဖြစ်ကြတာပေါ့…"
သို့သော် အားလုံး၏ အကြည့်အောက်တွင် လီလော့၏ မျက်နှာထားက လုံးဝ တည်ငြိမ်နေသည်။ သူသည် ဝင်ရောက်လာသော အဆိပ်အလင်းတန်းကို တည့်တည့်ကြည့်လိုက်ပြီး တုတ်ကို ကိုင်ထားသော လက်ဝါးထဲတွင် ပဲ့တင်ထပ်သံမီးတောက်ပေါ်လာသည်။ တစ်ခဏချင်းမှာပင် မီးတောက်များက ရတနာတစ်ခုလုံးကို ဝန်းရံသွားသည်။
ဝုန်း!
ပဲ့တင်ထပ်သံမီးတောက် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး တုတ်ရှည်လည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ပင်မခန်းမဆောင်ထဲရှိ လူတိုင်းက နောက်ဖြစ်လာမည့် အခြေအနေကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။ ထိုစဉ် လီလော့ကို အဆုံးစီရင်တော့မည့် အဆိပ်အလင်းတန်းက ရုတ်တရက် အကိုင်းအခက်များစွာ ကွဲထွက်သွားပြီး လီလော့ကို လုံးဝ ရှောင်ရှားသွားသည်။
နောက်တစ်ခဏတွင် အဆိပ်အလင်းတန်းများ ပြန်လည် စုစည်းသွားပြီး ဧရာမမြွေနဂါးကြီး၏ ပါးစပ်ထဲသို့ ပြန်ဝင်သွားလေသည်။
ဧရာမမြွေနဂါးကြီးက စကားပြောနေသည့်အတိုင်း မြည်တွန်လိုက်ပြီး ၎င်း၏ ဒေါင်လိုက်မျက်ဆံများဖြင့် လီလော့ကို စိုက်ကြည့်နေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် လီလော့ထံသို့ တိုးကပ်လာကာ သူနှင့် ရင်းနှီးကျွမ်းဝင်နေသည့်အတိုင်း မြည်တွန်ပြန်သည်။
ဤအချိန်တွင် လီလော့၏ စိတ်ထဲသို့ သတင်းစကားများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး…
မျက်လုံးသုံးလုံးအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာ…
၎င်းကို နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော စိမ်းပြာရောင်ကောင်းကင်မြွေနဂါးနှင့် "စိမ်းပြာရောင်ဝါးတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အဆိပ်ပေါင်းထောင်သောင်းကို ခုခံနိုင်စွမ်းရှိပြီး ၎င်း၏ စိမ်းပြာရောင်ဝါးကိုယ်ထည် ကျိုးပဲ့သွားလျှင်ပင် ပြန်လည် ကြီးထွားလာနိုင်သည်။ ပဲ့တင်ထပ်သံစွမ်းအား ထည့်သွင်းလိုက်ပါက စိမ်းပြာရောင်ကောင်းကင်မြွေနဂါး အဖြစ် ပြောင်းလဲနိုင်ပြီး အသားအရေကို လုံးဝ အရည်ပျော်ကျသွားစေနိုင်သည့် ကြောက်မက်ဖွယ် အဆိပ်အလင်းတန်းများကို ပန်းထုတ်နိုင်သည်။
"တကယ်ကို ထူးခြားတဲ့ ရတနာပဲ"
လီလော့ သူ့စိတ်ထဲတွင် ပေါ်လာသော အချက်အလက်များကို နားလည်ပြီးနောက် အလိုလို ရေရွတ်လိုက်မိသည်။ ဤမျှ အစွမ်းထက်ပြီး စွမ်းဆောင်ရည်ရှိသော ဤရတနာက တကယ့်ကို မျက်လုံးသုံးလုံးအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာ ဖြစ်သည်။
သူ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် ခန်းမဆောင်အတွင်းရှိ လူအများစုက ထိုရလဒ်ကို မြင်ပြီးနောက် မျက်လုံးများပင် ကျွတ်ထွက်သွားမတတ် ဖြစ်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင်တောင်ဝှေးကို လီလော့ ဤမျှ လွယ်လွယ်ကူကူ ဖမ်းဆုပ်နိုင်ခဲ့သည်ကို သူတို့ နားမလည်နိုင်ပေ။ သူတို့၏ အကြည့်များက ချက်ချင်းပင် မနာလိုခြင်းများဖြင့် ပြည့်နှက်သွားသည်။
"အဲ့ဒါကို ပေးလိုက်စမ်း…"
၎င်းကို ရရှိရန် အလွန်ပင်ပန်းစွာ ကြိုးစားခဲ့ရသည့် ချင်ယင်းကတော့ အားလုံးထဲတွင် အဒေါသထွက်ဆုံး ဖြစ်သဖြင့် မျက်နှာထား မှိုင်းညို့နေပြီး အော်ဟစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီလော့၏ ရှေ့သို့ ရောက်လာသည်။ သူ့နောက်ရှိ ကောင်းကင်ပုလဲရှစ်လုံးကလည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် ပေါက်ကွဲထွက်လာပြီး လီလော့ကို အညံ့ခံစေရန် ဖိအားပေးနေသည်။
တစ်ချိန်တည်းမှာပင် လီလော့၏ လက်ထဲမှ တောင်ဝှေးကို လုယူရန် မဆိုင်းမတွပင် ကြိုးစားလိုက်သည်။
ဝုန်း!
ထိုစဉ် လေထု ပြင်းထန်စွာ တုန်ခါသွားသည်။ လီလော့ကလည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခုခံရန်အတွက် ကြေးခွံကိုးခွံနဂါးခန္ဓာ ကို အပြည့်အဝ အသက်သွင်းလိုက်သည်။
ထိုအချိန်မှာပင် ပါးလွှာသော ကျောက်စိမ်းလက်တစ်စုံက လီလော့၏ ပခုံးကို ပုတ်လိုက်ပြီး ချင်ယင်း၏ လက်ဆုပ်ထဲမှ လွတ်မြောက်သွားစေရန် နောက်သို့ ဆွဲယူလိုက်သည်။
လီလင်ကျင်းက လီလော့၏ နောက်မှ ထွက်ပေါ်လာပြီး ချင်ယင်း၏ ရှေ့တွင် ရပ်တန့်ကာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ရှင် တကယ်ပဲ တိုက်ခိုက်ချင်နေတာလား" ဟု သူမက မေးလိုက်သည်။
လီလင်ကျင်း၏အကြည့်နှင့် ဆုံတွေ့လိုက်သည့်အခါ ချင်ယင်း ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရပြီး သူမထံမှ သေစေလောက်သော အန္တရာယ်ကို သဘာဝအတိုင်း ခံစားမိလိုက်သည်။
ဤဖြူဖျော့နေသော အမျိုးသမီး၏ အတွင်းတွင် မည်သူ့ကိုမဆို ကြောက်လန့်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖုံးကွယ်ထားကြောင်း သူ ခံစားမိသည်။
ထို့ကြောင့် ချင်ယင်း ရှေ့သို့ တစ်လှမ်းမျှပင် မတိုးနိုင်တော့ဘဲ ထိုနေရာတွင်ပင် တောင့်ခဲသွားသည်။
သူ့အကြည့်များတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ သူ့နှင့် အဆင့်တူသင့်သော လီလင်ကျင်းက အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နိုင်ရသနည်း ဆိုသည်ကို သူ နားမလည်နိုင်ပေ။
"လီလင်ကျင်း…နင် ဒဏ်ရာရထားတာ မဟုတ်လား အကယ်၍သာ မဟုတ်ရင် အစောပိုင်းက ရတနာတွေ လုယူတဲ့နေရာမှ ပါဝင်ခဲ့မှာပဲ" ဟု ချင်ယင်းက လေးနက်သော အမူအရာဖြင့် ပြိုင်ဘက်ကို စမ်းသပ်ရန် ရည်ရွယ်၍ အကဲစမ်းလိုက်သည်။
သို့သော် လီလင်ကျင်းက ပြန်မဖြေဘဲ သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေသည်။
ဤအချိန်တွင် အဝေးမှ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ကျူးကျူးက ချင်ယင်း၏ ကံဆိုးမှုကို သဘောကျလျက် လမ်းလျှောက်လာပြီး…
"ဟေ့ ချင်ယင်း…ငါ နင့်ကို အခွင့်အရေး တစ်ခါ ပေးခဲ့ပြီးပြီ…နင် အပြည့်အဝ အသုံးမချနိုင်ခဲ့ဘူးလေ… ရတနာက သူ့ပိုင်ရှင်ကို တွေ့သွားပြီ…နင် ဒီလောက်ထိတောင် အကျင့်စာရိတ္တ မကောင်းတဲ့သူလား"
ထိုစကားကြောင့် ချင်ယင်း၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်။
"အစ်ကို… ဒါကို မေ့လိုက်ပါတော့။ အန္တရာယ်တွေက နီးကပ်လာပြီ… အချင်းချင်း တိုက်ခိုက်နေလို့ မဖြစ်ဘူး" ဟု ချင်ရီက နူးညံ့သောအသံဖြင့် ပြောဆိုရင်း လမ်းလျှောက်လာသည်။
အခြေအနေက သူတို့ ဘက်တွင် မရှိပေ။ ထို့အပြင် လီလင်ကျင်း၏ စစ်မှန်သော စွမ်းအားကိုလည်း သူတို့ မသိရှိကြသေးပေ။ လက်ရှိ ဖြစ်ပေါ်နေသော မသေချာမရေရာမှုများကြားတွင် တိုက်ခိုက်ခြင်းမှာ တကယ့်ကို ဉာဏ်မဲ့သော အလုပ်ပင်။
သူမ၏ စကားကို ကြားလိုက်ရသည့်အခါ ချင်ယင်းက မလိုလားသော်လည်း ခေါင်းညိတ်လိုက်သည်။
လူအုပ်စုကြီးက ဤအဆုံးသတ်ကြောင့် အလွန် စိတ်ပျက်သွားကြသည်။ ခန်းမဆောင်အတွင်း အစွမ်းအထက်ဆုံး ကျင့်ကြံသူနှစ်ဦးကြား ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ သူတို့ အပြန်အလှန် တိုက်ခိုက်ခဲ့သော ရတနာက လီလော့၏ လက်ထဲသို့ ရောက်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
မည်သို့ဆိုစေ လီလော့က လီလင်ကျင်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။ လူအုပ်ကြီးကဤသို့ ငြိမ်သက်သွားသော အဆုံးသတ်ကြောင့် သက်ပြင်းချလိုက်ကြသည်။
လီလင်ကျင်းက သူ့ကို ဒေါသတကြီး ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်…
"ဘာလို့ ဒီအချိန်မှာ စွမ်းအားပြချင်နေရတာလဲ..မျက်လုံးသုံးလုံးအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းရတနာက တန်ဖိုးရှိပေမဲ့ နင့်မှာ မရှိတာလည်း မဟုတ်ဘူးလေ"
ထိုအချိန်တွင် လီလော့က လီလင်ကျင်း၏ လက်ကို ဆွဲယူလိုက်ပြီး စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ သူမ၏ အံ့သြနေသော မျက်ဝန်းများကို ကြည့်ကာ ပြုံးလိုက်သည်။
"ဒါက အစ်မ အတွက်ပါ"
လီလင်ကျင်းလည်း သူမ၏ လက်ထဲတွင် စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး၏ အေးစက်သော ထိတွေ့မှုကို ခံစားလိုက်ရသည့်အခါ သူမ၏ နှုတ်ခမ်းနီရဲရဲလေးပင် အနည်းငယ် ပွင့်ဟသွားသည်။ လီလော့ကို ကြောင်ကြည့်ရင်း လုံးဝ အံ့အားသင့်သွားသည်။
"ငါ့အတွက် ဟုတ်လား…"