အခန်း ၉၇၉
Vol. 70 Ch. 979
အခန်း (၉၇၉) နတ်ဆိုးကို တိုက်ခိုက်သော သူရဲကောင်းများ
လီလော့၊ ချင်ရီနှင့် ကျူးတယွီတို့အဖွဲ့က အဆုံးမရှိသော ကူးစက်ခံထားရသူများကို တိုက်ခိုက်ရန် စတင်လိုက်ကြသည်။ သို့သော် လေထဲရှိ တိုက်ပွဲမှာမူ ယခုအချိန်တွင် ပိုမိုပြင်းထန်ပြီး အန္တရာယ်များလာသည်။
လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့ ခေါင်းဆောင်သည့် ထိုအဖွဲ့က ကောင်းကင်က ကြယ်တာရာများသဖွယ် တောက်ပနေသည့် သူတို့၏ ကောင်းကင်ပုလဲများဖြင့် သဘာဝစွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းရင်း အစွမ်းကုန် တိုက်ခိုက်နေကြသည်။
တစ်ဖက်တွင်လည်း ငါးပုပ်နံ့နံစော်သော အနက်ရောင်မြစ်ကြီးက တုံ့ပြန်ရန်အတွက် ဧရာမ လက်ကြီးကို ဖန်တီးလိုက်သည်။ ထိုလက်ဝါးအလယ်တွင် အနက်ရောင်အရည်များ စီးကျနေပြီး သွားများဖြင့် ပြည့်နှက်နေသော ပါးစပ်ကြီးတစ်ခု ဟလိုက်ကာ အဖွဲ့ဆီသို့ အနက်ရောင် အလင်းတန်းတစ်ခု ပန်းထုတ်လိုက်သည်။
ထိုအနက်ရောင် အလင်းတန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားပြီး သက်ရှိသတ္တဝါတစ်ကောင်သဖွယ် လှုပ်ရှားနေသဖြင့် ပစ်မှတ်ထားရန် ခက်ခဲကာ အားလုံးကို အခက်တွေ့စေသည်။
ကောင်းကင်ပုလဲငါးလုံးအဆင့် ကျင့်ကြံသူတစ်ဦးကို ထိုအနက်ရောင် အလင်းတန်းနှင့် ထိမိသွားသဖြင့် ခုခံမှု ပျက်စီးသွားသည်။ အလင်းတန်း ထိမှန်သွားသည်နှင့် ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အသားနှင့် အရိုးများကို လုံးဝ ဝါးမြိုသွားသည့် အနက်ရောင် ပိုးကောင်ငယ်များဖြင့် ပြည့်နှက်သွားပြီး ဘာမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။
အရိပ်အယောင်ပင် မကျန်တော့ပေ။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေပြီး ချွေးပြန်သွားစေသည်။ ထို့ကြောင့် မိမိတို့၏ အရေပြားကို အနက်ရောင် အလင်းတန်းတစ်စက်မျှပင် မထိမိစေရန် ဂရုစိုက်ကာ ရတနာပစ္စည်းများကို အလျင်အမြန် ထုတ်ယူပြီး ပဲ့တင်ထပ်သံပညာရပ်များဖြင့် မိမိကိုယ်ကို ကာကွယ်လိုက်ကြသည်။
လီလင်ကျင်း၏ နောက်ရှိ ကောင်းကင်ပုလဲ ရှစ်လုံး တောက်ပလာပြီး လက်ထဲတွင် စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ထို့နောက် တောင်ဝှေးကိုယ်ထည်တွင် စိမ်းပြာရောင် အလင်းတန်းများ ပေါ်လာပြီး ဝန်းရံသွားသည်။
ထိုအလင်းတန်းများမှ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသော်လည်း အမှန်တကယ်တွင် ကြောက်စရာကောင်းလှသည်။ ၎င်းမှာ အဆိပ်ငွေ့များ ပါဝင်သော အလင်းတန်းဖြစ်သည်။ လီလင်ကျင်း၏ အနီးသို့ ချဉ်းကပ်လာသမျှ မည်သည့်အရာမဆို အရည်ပျော်ကျသွားပေလိမ့်မည်။
၎င်းမှာ စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး၏ ကာကွယ်ရေးစွမ်းရည် ဖြစ်ပြီး ၎င်း၏ ထူးခြားမှုကို ဖော်ပြနေသည်။
ပဲ့တင်ထပ်သံစွမ်းအားကို နှိုးဆွလိုက်တိုင်း စိမ်းပြာရောင် အလင်းတန်းဖြင့် ဖုံးလွှမ်းနေသော တောင်ဝှေးက အနက်ရောင် အလင်းတန်းကို တိုက်ရိုက် ရင်ဆိုင်သွားပြီး စိမ်းပြာရောင် မြွေနဂါးကလည်း တဖက်တလမ်းကနေ တိုက်ခိုက်ပေးနေသည်။
တောင်ဝှေးကို ဝှေ့ယမ်းလိုက်သောအခါ လေဟာနယ်ပင် ကွဲအက်တော့မည့် အရိပ်အယောင်များ ပေါ်လာသည်။ ထိုစွမ်းအားများက တောင်ကိုပင် အပိုင်းပိုင်း ဖြစ်သွားစေနိုင်သည်။
ဝုန်း!
လီလင်ကျင်း တောင်ဝှေးကို ပြင်းထန်စွာ ဆောင့်ချလိုက်ရာ အရှိန်ကြောင့် အရိပ်များ ကျန်ရစ်ခဲ့ပြီး အနက်ရောင် အလင်းတန်းနှင့် ပြင်းထန်စွာ ထိတွေ့သွားသည်။ထိုအခါ အနက်ရောင် အလင်းတန်းမှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သော ပိုးကောင်ငယ်များ သူမဆီသို့ တိုးဝင်လာသည်။ သို့သော် တောင်ဝှေးမှ ထွက်ပေါ်လာသော အဆိပ်ငွေ့များက ထိုပိုးကောင်ငယ်များကို အရည်ပျော်ကျသွားစေသည်။
"ဒီရတနာက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ" ဟု လီလင်ကျင်း တွေးလိုက်မိသည်။ ဤရတနာသာ မရှိပါက ပိုးကောင်ငယ်များကို တားဆီးရန်အတွက် ပဲ့တင်ထပ်သံစွမ်းအားကို ခွဲထုတ်အသုံးပြုနေရမည်ဖြစ်ပြီး သူမ၏ အာရုံစူးစိုက်မှုကို ပျံ့လွင့်စေလိမ့်မည် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ တခြားသူများကို ကြည့်လိုက်တော့ အားလုံး အတော်ပင် ဒုက္ခရောက်နေကြသည်။ သူမတစ်ယောက်တည်းသာ ဝိဉာဉ်စားနတ်ဆိုး၏ တိုက်ခိုက်မှုများမှ လောလောဆယ် ဘေးကင်းနေသည်။
သို့သော် သူမ၏ အခြေအနေက ယာယီသာ ဖြစ်ကြောင်း သိရှိထားသည်။
အခြားသူများ မခံစားမိနိုင်သော်လည်း သူမ ခံစားမိသည်။ မြူခိုးများထဲတွင် ပုန်းကွယ်နေသော အကြည့်များက သူမတစ်ဦးတည်းကိုသာ အဓိကထား စိုက်ကြည့်နေခြင်း ဖြစ်သည်။
၎င်းမှာ သူမအပေါ်တွင် အလင်းတန်းတစ်ခု ကျရောက်နေသကဲ့သို့ပင်။
"အားမလျှော့နဲ့… ငါတို့ အနက်ရောင်မြစ်ကို ဖျက်ဆီးပစ်ရမယ်…” ဟု ချင်ယင်းက တိုက်တွန်းလိုက်သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ မြစ်ထဲမှ ထွက်ပေါ်လာသော လက်များ ပိုမို များပြားလာပြီး ဤအတိုင်းသာ ဆက်သွားပါက အလွန် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်သွားလိမ့်မည်။
သူ့စကားသံများ အဖွဲ့ကြားတွင် ပဲ့တင်ထပ်သွားသည်နှင့် ချင်ယင်းက ရှေ့ဆုံးမှ စတင် တိုက်ခိုက်လိုက်သည်။ ထိုအခါ ရွှေရောင် ပဲ့တင်ထပ်သံစွမ်းအားများ ကောင်းကင်သို့ ပေါက်ကွဲထွက်သွားပြီး ရွှေရောင်အမွေးအတောင် ဒါဇင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားသည်။ ထိုအမွေးအတောင်များက ဓားများသဖွယ် ထက်မြက်ပြီး မျက်စိကိုပင် စူးရှစေသည်။
မြို့စားအဆင့်ပညာရပ်: ရွှေငှက်မွှေးဓားသွား…..
ချင်ယင်း အော်ဟစ်လိုက်သည်နှင့် ကောင်းကင်ကို ခွင်းထွက်သွားနိုင်သည့် ဧရာမဓားကြီးများသဖွယ် ရွှေရောင်အမွေးအတောင်များ အောက်သို့ တိုက်ရိုက် စိုက်ဝင်သွားပြီး လက်များစွာကို အပိုင်းပိုင်း ဖြစ်သွားစေကာ အနက်ရောင်မြစ်ကို တိုက်ရိုက် ထိမှန်သွားသည်။
ကျူးကျူး၏ တိုက်ခိုက်မှုလည်း လျင်မြန်စွာ လိုက်ပါလာသည်။ သူမ ဧရာမတူကြီးကို ဆုပ်ကိုင်ကာ တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမ၏ ရှေ့တွင် ဧရာမ နီရဲရဲ တောင်တန်းကြီးတစ်ခု ပေါ်လာသည်။ ၎င်း၏ အလေးချိန်က အလွန်ပြင်းထန်သဖြင့် လေထုပင် တုန်ခါသွားသည်။
နီရဲရဲ တောင်တန်းကြီးက တူကြီး၏ အလေးချိန်နှင့် ပေါင်းစပ်သွားပြီး သူမ အသံအနည်းငယ် ပြုလိုက်ပြီး လက်မောင်းရှိ သွေးကြောများ ထောင်တက်လာကာ တူကြီးကို အောက်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
ဝုန်း!
ဧရိယာတစ်ခုလုံး နားကွဲမတတ် အသံမြည်ဟီးသွားပြီး လူတိုင်းကို လွင့်စင်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ တိုက်ခတ်လာသည်။
မြို့စားအဆင့်ပညာရပ်:တောင်ရွှေ့စွမ်းအား…
လီလင်ကျင်းလည်း ဤအချိန်တွင် တိုက်ပွဲတွင် ပါဝင်လာသည်။ သူမ၏ နောက်တွင် ဧရာမ ငရဲမြွေနဂါးကြီးတကောင် ပေါ်လာပြီး စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို ဖုံးလွှမ်းသွားသည့် နက်မှောင်သော အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
တောင်ဝှေးအတွင်းမှစိမ်းပြာရောင်မြွေနဂါးကြီးလဲ အပြင်သို့ ထွက်လာပြီး ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ၎င်း၏ အကြေးခွံများပေါ်တွင် နက်မှောင်သော အရောင်အသွေးများ ပေါ်လာကာ ကိုယ်ခန္ဓာမှာလည်း ထူးခြားသော စိမ်းပြာရောင် မြွေနဂါးကြီးအဖြစ် ကြီးထွားလာသည်။
စိမ်းပြာရောင် မြွေနဂါးက သက်တံ့ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူတို့ဆီသို့ ဦးတည်လာသော အနက်ရောင် အလင်းတန်းများကို အပိုင်းပိုင်း ဖြစ်သွားစေကာ အနက်ရောင်မြစ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
သူမ မြို့စားအဆင့်ပညာရပ်ကို အသုံးပြုခဲ့ခြင်း မဟုတ်သော်လည်း ထိုတိုက်ခိုက်မှုက ချင်ယင်းနှင့် ကျူးကျူးတို့၏ တိုက်ခိုက်မှုထက် လုံးဝ မညံ့ပေ။ အမှန်မှာ သူတို့ထက်ပင် ပိုမို ပြင်းထန်နေသည်။
စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးက သူမ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးလိုက်သဖြင့် သူမသည် မျက်လုံးသုံးလုံးအဆင့်ခရမ်းရောင်ရတနာကို ပိုင်ဆိုင်ထားသူတစ်ဦးအဖြစ် ပုလဲကိုးလုံးအဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။
အခြားသော ကျင့်ကြံသူများကလည်း သူတို့၏ အစွမ်းအထက်ဆုံး ပဲ့တင်ထပ်သံပညာရပ်များကို အသက်သွင်း၍ တိုက်ခိုက်နေကြသဖြင့် ကောင်းကင်တစ်ခုလုံး စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်သွားသည်။ အမျိုးမျိုးသော မြို့စားပညာရပ်များ လေထဲတွင် ယှက်နွယ်ကာ အနက်ရောင်မြစ်ကို ပြင်းထန်စွာ ထိမှန်နေကြသည်။
အားလုံး၏ စုပေါင်းအားကို ရင်ဆိုင်ရသောအခါ အနက်ရောင်မြစ်ထဲမှ ထွက်ပေါ်နေသော ဧရာမလက်များ ပျက်စီးသွားပြီး မျက်နှာပြင်ပေါ်တွင် ကြီးမားသော လှိုင်းလုံးများ ထွက်ပေါ်လာသည်။ အနက်ရောင်မြစ်သည်လည်း တဖြည်းဖြည်းနှင့် ကျုံ့ဝင်သွားသကဲ့သို့ ရှိသည်။
ခဏအကြာတွင် အနက်ရောင်မြစ်ကြီး အပိုင်းပိုင်း ကွဲထွက်သွားပြီး အပိုင်းအစအနည်းငယ် ခုတ်ဖြတ်ခံလိုက်ရသည့် လူးလွန့်နေသော မြွေတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
ထိုအခါ ပင်မခန်းမဆောင် အပြင်ဘက်တွင် ကူးစက်ခံထားရသူများကို တိုက်ခိုက်နေသော အဖွဲ့များ စိတ်ဓာတ်များ တက်ကြွလာကြသည်။
လီလော့ ထိုမြင်ကွင်းကို လှည့်ကြည့်လိုက်သော်လည်း သူ့ မျက်ဝန်းများတွင် စိတ်သက်သာရာရသည့် အရိပ်အယောင် လုံးဝ မရှိပေ။ ယင်းအစား နဖူးပေါ်တွင် မျက်မှောင်ကြုတ်ထားသော လိုင်းများ ပိုမို နက်ရှိုင်းလာသည်။ သူသည် အတိတ်က ဝိဉာဉ်စားနတ်ဆိုးကို တိုက်ခိုက်ခဲ့ဖူးသဖြင့် ဤထူးခြားသော ကမ္ဘာခြားသက်ရှိကို ကိုင်တွယ်ရန် မည်မျှ ခက်ခဲကြောင်း သိရှိထားသည်။ ဝိဉာဉ်ပဲ့တင်ထပ်သံဂူ ၏ ဖိအားပေးမှုကြောင့် ၎င်း၏ စွမ်းအားများ များစွာ အားနည်းသွားသော်လည်း သူတို့ အဖွဲ့တစ်ခုတည်းဖြင့် ရင်ဆိုင်ရန် မလုံလောက်နိုင်ပေ။
လီလော့ တွေးတောနေစဉ်မှာပင် အနက်ရောင်မြူခိုးထဲမှ မျက်နှာကြီးက ရယ်မောလိုက်သည်။ ထိုအသံက ကြမ်းတမ်းပြီး နာကျင်စွာ အော်ဟစ်သံများစွာကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသကဲ့သို့ ရှိသည်။ ၎င်းက လူတိုင်း၏ စိတ်ထဲတွင် အပျက်သဘောဆောင်သည့် ခံစားချက်များကို ချက်ချင်း နိုးဆွပေးလိုက်သည်။
အနက်ရောင်မြူခိုးများ ကောင်းကင်မှ ဆင်းသက်လာပြီး လေထဲတွင် စုစည်းသွားပြီး ခဏအကြာတွင် လူပုံသဏ္ဌာန် တစ်ခု ပေါ်လာသည်။
ထိုပုံသဏ္ဌာန်က အသားစိုင် တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်ပြီး ကျူးတယွီနှင့် ကျူးကျူးတို့ထက်ပင် ပိုမို ခိုင်ခံ့သည်။ထိုသူ၏ခန္ဓာကိုယ်ပေါ်၌ စိတ်အနှောင့်အယှက် အဖြစ်ဆုံးမှာ ဉီးခေါင်းဖြစ်သည်။ ထိုဉီးခေါင်းက အဆက်မပြတ် လည်ပတ်နေပြီး တစ်ပတ်လည်တိုင်းတွင် မျက်နှာအသစ် တစ်ခု ပေါ်လာသည်။
ချင်ယင်း၊ ကျူးကျူးနှင့် အခြားသူများ ထိုသူကိုကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ အဆက်မပြတ် ပြောင်းလဲနေသော မျက်နှာများထဲတွင် မိမိတို့၏ မျက်နှာများကို မြင်တွေ့နေရသောကြောင့်ပင်။
ဤအချိန်တွင် ထိုသူ၏ လည်ပင်းဘေးတွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ပွင့်ထွက်လာပြီး အနက်ရောင် ပိုးကောင်တစ်ကောင် တွားထွက်လာသည်။
ထိုပိုးကောင်ကြီးက ပါးစပ်ကို ဟကာ မျက်နှာတစ်ခုလုံးကို ဝါးမြိုပစ်လိုက်သည်။ ဝါးမြိုသံက အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး လူတိုင်း၏ အမွေးအမှင်များကို ထောင်သွားစေသည်။
မျက်နှာတစ်ခုကို စားလိုက်တိုင်း ထိုထူးဆန်းသော ပုံသဏ္ဌာန်၏ ခန္ဓာကိုယ် ပိုမို ကြီးထွားလာပြီး ၎င်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်များလည်း ပိုမို ပြင်းထန်လာသည်။
ဤမြင်ကွင်းက လူတိုင်းအတွက် အရိုးစိမ့်သွားစေပြီး ထူးဆန်းလှသည်။
ထိုစဉ် လီလင်ကျင်း၏ စိတ်ဓာတ်ကျနေသော အသံမှာ ထွက်ပေါ်လာသည်။
"ကျွန်မတို့ အနက်ရောင်မြစ်ကို တိုက်ခိုက်တဲ့အခါ သူက ကျွန်မတို့ တစ်ယောက်ချင်းစီဆီက ပဲ့တင်ထပ်သံစွမ်းအားတွေကို စုပ်ယူသွားတယ်… အဲဒါကြောင့်ပဲ သူက ကျွန်မတို့ရဲ့ မျက်နှာတွေကို ပုံတူကူးနိုင်တာ… သူ ကျွန်မတို့ရဲ့ စွမ်းအင်တွေကို စားသုံးလိုက်တိုင်း ပိုပြီး အစွမ်းထက်လာမှာပဲ"
လူတိုင်း ဦးရေပြားများ ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤကမ္ဘာခြားသက်ရှိက တကယ့်ကို ထူးဆန်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
"သူ ပိုပြီး မကြီးထွားလာအောင် တားဆီးရမယ်!" ဟု ချင်ယင်း အော်လိုက်သည်။
သူ သတိပေးစရာ မလိုဘဲ ကျန်သူများကလည်း တောင်တန်းကဲ့သို့သော ထိုပုံသဏ္ဌာန်ကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုကို ပြန်လည် စတင်လိုက်ကြသည်။
ဝုန်း!
ဝိဉာဉ်စားနတ်ဆိုး၏ ခန္ဓာကိုယ်မှာ သွေးထွက်နေသော အပေါက်များဖြင့် ပြည့်နှက်သွားသော်လည်း တစ်ခဏအတွင်းမှာပင် အနက်ရောင် ပိုးကောင်များစွာ ထွက်ပေါ်လာပြီး ပျက်စီးသွားသော နေရာများကို ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။
ဝိဉာဉ်စားနတ်ဆိုးက ရှိနေသူအားလုံး၏ မျက်နှာများကို ဝါးမြိုပြီးနောက် မည်သူမှန်း မသိနိုင်သော ပုံစံသို့ ပြောင်းလဲသွားသည်။ သို့သော် ဧရာမ ခန္ဓာကိုယ်ကြီးက ကောင်းကင်တွင် စိုးမိုးထားပြီး လူတိုင်းကို ဖိအားပေးနေသည့် ကြောက်မက်ဖွယ် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သို့သော် ရုတ်တရက်ပင် သဘာဝစွမ်းအင်များ ထိုနေရာသို့ စီးဝင်လာပြီး လျှို့ဝှက်သော စွမ်းအားတစ်ခုက အစွမ်းထက်လာနေသော ဝိဉာဉ်စားနတ်ဆိုးကို ဖိနှိပ်လိုက်သည်။
ဝိဉာဉ်ပဲ့တင်ထပ်သံဂူ၏ စည်းမျဉ်းများ ၎င်းအပေါ်တွင် ပိုမို ပြင်းထန်စွာ သက်ရောက်နေပြီ ဖြစ်သည်။
သို့သော် ဝိဉာဉ်စားနတ်ဆိုးက ရှိနေသူအားလုံး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေဆဲပင်။
၎င်းသည် ဝိဉာဉ်ပဲ့တင်ထပ်သံဂူ၏ ဖိနှိပ်မှုကို ခုခံကာ ဧရာမလက်ဝါးကြီးဖြင့် တိုက်ခိုက်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ ၎င်းနှင့် လူတိုင်းကြားရှိ အကွာအဝေးကို လျစ်လျူရှုလိုက်သကဲ့သို့ သူတို့၏ ရှေ့တည့်တည့်တွင် တန်းပေါ်လာသည်။
လက်ဝါးကြီး ကျဆင်းလာသောအခါ လေဟာနယ်ပင် ကွဲအက်သွားသည်။
လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့က အစွမ်းအထက်ဆုံးဖြစ်သဖြင့် ဝိဉာဉ်စားနတ်ဆိုး၏ လွှမ်းမိုးမှုမှ လျင်မြန်စွာ ရုန်းထွက်ကာ နောက်သို့ ဆုတ်လိုက်နိုင်သည်။
သူတို့တွေ ပထမဆုံး တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း နှစ်ဦးကမူ မရှောင်တိမ်းနိုင်ခဲ့ပေ။ ထိုသူနှစ်ဉ လက်ဝါးထဲတွင် ဖမ်းမိသွားပြီး လက်ဝါးအလယ်တွင် ပါးစပ်တစ်ခု ပွင့်ထွက်လာကာ ထက်မြက်သော သွားများဖြင့် ဝါးမြိုပစ်လိုက်သည်။ ဝါးမြိုသံအနည်းငယ်နှင့်အတူ သွေးများမှာ ကောင်းကင်သို့ ပန်းထွက်လာသည်။
ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝိဉာဉ်စားနတ်ဆိုးက ထူးဆန်းသော အသံဖြင့် ရယ်မောလိုက်ပြီး ပါးစပ်ထဲမှ သွေးရောင် အလင်းတန်းတစ်ခုကို ပန်းထုတ်လိုက်ရာ ၎င်းထဲတွင် ယခုလေးတင် စားခံလိုက်ရသော သူနှစ်ဦး၏ နာကျင်နေသော မျက်နှာများမှာ ပါဝင်နေသည်။
ထိုအလင်းတန်းက ချင်ယင်းတို့ အဖွဲ့သုံးဦးဆီသို့ ဦးတည်သွားသဖြင့် သူတို့တွေ အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ကိုယ်ပိုင် နည်းလမ်းများဖြင့် ကာကွယ်လိုက်ရသည်။
ဝုန်း!
ပေါက်ကွဲသံက ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
သုံးဦးစလုံး လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ချင်ယင်းနှင့် ကျူးကျူးတို့ လဲလျောင်းနေသည့် နံရံမှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး နှစ်ဉီးစလုံး သွေးများကို အန်ထုတ်လိုက်ကြသည်။ ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သိသာနေသည်။
ထိုအဖြစ်ကြောင့် လူတိုင်း စိတ်ဓါတ် ကျဆင်းသွားသည်။ အစွမ်းအထက်ဆုံး သုံးဦး ပူးပေါင်းတိုက်ခိုက်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားပါက သူတို့ မည်သို့ အသက်ရှင်နိုင်မည်နည်း။
လီလင်ကျင်းကတော့ ချင်ယင်းတို့လောက် အခြေအနေမဆိုးသေးပေ။
သူမသည် လီလော့၏ ဘေးသို့ ရောက်တော့ လီလော့က အလျင်အမြန် ထူမပေးရင်း “ အစ်လင်ကျင်း.. ဘာမှမဖြစ်ဘူးမလား" ဟု မေးလိုက်သည်။
လီလင်ကျင်းက လီလော့၏ လက်ကို ဆွဲယူလိုက်ပြီး အရာတစ်ခုခုကို ထည့်ပေးလိုက်ကာ အမြန် တွန်းလွှတ်လိုက်ပြီး…
"လီလော့…အကယ်၍ တစ်ခုခု မှားယွင်းသွားရင် ဒီမှော်စာလုံးကို အသက်သွင်းလိုက်ပါ…ဒါက နင့်ကို အနက်ရောင်မြူခိုးတွေကနေ ကာကွယ်ပေးနိုင်လိမ့်မယ… အဲဒီလိုဆိုရင် နင် အမြန် ထွက်ပြေးနိုင်မှာပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လက်ဝါးထဲတွင် လှုပ်ရှားနေသော အနက်ရောင် မှော်စာလုံးကို ကြည့်ကာ လီလော့ တုန်လှုပ်သွားသည်။
"တခြားသူတွေ မသိအောင် လုပ်ထားပါ… ဝိဉာဉ်စားနတ်ဆိုးက အရမ်း အစွမ်းထက်တယ်..နင်တယောက်ပဲ ထွက်ပြေးနိုင်လိမ့်မယ်… ကျန်တဲ့သူတွေကတော့..."
သူမ၏ စကားထဲတွင် သနားစရာညှာတာသည့်အရိပ်ယောင်မရှိဘဲ ပစ်ပယ်မှုများသာရှိနေသည်။
"သူတို့ကို ဒီနေရာမှာပဲ ထားခဲ့ပြီး နတ်ဆိုးရဲ့ အာရုံကို ဆွဲဆောင်ထားတဲ့ ငါးစာတွေအဖြစ် ထားခဲ့လိုက်ပါတော့…"
သူမ စကားပြောပြီးသည်နှင့် လေထဲသို့ ထပ်မံ ပျံတက်သွားကာ ဝိဉာဉ်စားနတ်ဆိုးနှင့် ထပ်မံ တိုက်ခိုက်နေသဖြင့် လီလော့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။