← Chapters

အခန်း ၉၈၀

Vol. 70 Ch. 980

အခန်း ၉၈၀

Vol. 70 Ch. 980

အခန်း (၉၈၀) လီလော့၏ အစီအစဉ်

​လီလော့က ဝိဉာဉ်စားနတ်ဆိုး နှင့် လီလင်ကျင်းတို့၏ ကောင်းကင်ပေါ်မှ တိုက်ပွဲကို စိုက်ကြည့်နေရင်း လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး မျက်နှာအမူအရာ လေးနက်လာသည်။

​လီလင်ကျင်းအနေနှင့် ဤမဟာမိတ်အဖွဲ့က ဝိဉာဉ်စားနတ်ဆိုး ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း ထင်ရှားသည်။

​၎င်းမှာ ဖြစ်နိုင်ခြေရှိသော အမှန်တရားပင် ဖြစ်သည်။ လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့လို အဆင့်အမြင့်ဆုံး ခေါင်းဆောင်သုံးဦးပင် အစကတည်းက အသာစီးမရဘဲ ဖြစ်နေပြီး သူတို့ကို ပံ့ပိုးပေးနေသူများလည်း အချိန်ကြာလာသည်နှင့်အမျှ ဝိဉာဉ်စားနတ်ဆိုး၏ လက်ချက်ဖြင့် တစ်ဦးပြီးတစ်ဦး သေဆုံးနေကြသည်။

​ဤအတိုင်းသာ ဆက်သွားပါက သူတို့၏ စုပေါင်းစွမ်းအား မကြာခင်တွင် ကုန်ခန်းသွားတော့မည်။ ထိုအခါ ဝိဉာဉ်စားနတ်ဆိုးက သူကြိုက်သလို လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

​လီလင်ကျင်းလည်း ဤအခြေအနေကို နားလည်သဖြင့် လီလော့အတွက် ထွက်ပေါက်တစ်ခုကို ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

​သူမ၌ မြူခိုးများထဲမှတစ်ဆင့် ထွက်ပြေးနိုင်သည့် နည်းလမ်းရှိသည်ကို သိရသဖြင့် လီလော့ အံ့ဩမိသော်လည်း သူမတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြောင်း နားလည်သဖြင့် အသေးစိတ် မမေးမြန်းခဲ့ပေ။

​သို့သော် သူမကို စွန့်ပစ်ပြီး တစ်ကိုယ်တည်း ထွက်ပြေးဖို့ လီလော့တွင် အစီအစဉ် လုံးဝ မရှိပေ။

​ထို့အပြင် အခြေအနေကလည်း သူ ထင်ထားသလောက်လည်း မဆိုးဝါးသေးပေ။

​လီလော့သည် ကောင်းကင်ရှိ ဝိဉာဉ်စားနတ်ဆိုးကို ဆက်လက် အကဲခတ်ရင်း လက်ကောက်ဝတ်က နီရဲရဲ လက်ကောက်ကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အသုံးပြုပါက ဝိဉာဉ်စားနတ်ဆိုး ကဲ့သို့ပင် သူလည်း ဖိနှိပ်ခံရမည်လား ဆိုသည်ကို သူ မသိပေ။ သို့သော် ထိုစွမ်းအားကို ငှားယူလိုက်ပါက သူနှင့် လီလင်ကျင်းတို့ ဘေးကင်းစွာ ထွက်ပြေးနိုင်မည်ဟု သူ ယုံကြည်သည်။

​၎င်းမှာ သူ့ရဲ့ နောက်ဆုံးလက်ကျန် ဝှက်ဖဲဖြစ်သဖြင့် ယခုအချိန်တွင် အသုံးပြုရန် မလိုသေးပေ။

​အဘယ်ကြောင့်နည်း။ ရွှေရောင်ခန်းမဆောင်အတွင်း ဝိဉာဉ်စားနတ်ဆိုးကို ရင်ဆိုင်နိုင်မည့် အခြားသော အင်အားစုများ ရှိနေသေးသောကြောင့် ဖြစ်သည်။

​ထိုစဉ် ရုတ်ရက် လီလော့၏ မျက်ဝန်းများ အရောင်လက်သွားပြီး အနက်ရောင်မြူခိုးများထဲရှိ နေရာတစ်ခုသို့ အကြည့်ရောက်သွားသည်။ သူသည် မီးအိမ်ကိုင်ထားသူကို သတိရသွားသည်။ ထိုသူ၏ အဆင့်က လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းမှ သာမန်တပည့်များထက် များစွာ သာလွန်ကြောင်း သူ သိသည်။ သူ ရှိနေခြင်းကပင် လီလော့ကို မြို့စားတစ်ဦး ဖြစ်နိုင်သည်ဟူသော အငွေ့အသက်ကို ပေးစွမ်းနေသည်။

​ဖြစ်နိုင်သည်မှာ မီးအိမ်ကိုင်ထားသူက ရွှေရောင်ခန်းမဆောင်၏ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဤနေရာကို စောင့်ကြပ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်နိုင်သည်။

​အကယ်၍သာ ထိုသူကို မေ့လျော့နေသော အခြေအနေမှ နှိုးဆွနိုင်မည်ဆိုပါက ဝိဉာဉ်စားနတ်ဆိုး ကို တိုက်ခိုက်ရန် စွမ်းအားများ ငှားယူနိုင်ပေလိမ့်မည်။

​ထိုသို့ ဖြစ်လာလျှင် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို ပိုမိုသင့်တော်သော အချိန်တွင် အသုံးပြုနိုင်ပေလိမ့်မည်။

​သူ့အနေနှင့် မီးအိမ်ကိုင်ထားသူကို ထိန်းချုပ်နိုင်မည်လား မသိသော်လည်း ကြိုးစားကြည့်ရမည် ဖြစ်သည်။

​ထိုသို့ တွေးတောပြီးနောက် ချင်ရီနှင့် ကျူးတယွီတို့ဆီသို့ အလျင်အမြန် သွားလိုက်သည်။

"အစ်မတို့.. အခု အခြေအနေကို နားလည်မယ်လို့ ထင်ပါတယ်... ဟုတ်တယ်မဟုတ်လား"

​ချင်ရီနှင့် ကျူးတယွီတို့တွင်လည်း လေးနက်သော အမူအရာများ ဖြစ်ပေါ်နေသည်။ ဝိဉာဉ်စားနတ်ဆိုး ထုတ်လွှတ်နေသော ဖိအားများက အလွန်ပြင်းထန်သဖြင့် ချင်ယင်းနှင့် ကျူးကျူးတို့ပင် ဒုက္ခရောက်နေကြသည်။

​အခြေအနေ မကောင်းပေ…

​ချင်ရီက လီလော့ကို ကြည့်ကာ…

"နဂါးခေါင်းဆောင် လီလော့၊ နင့်မှာ အကြံအစည် တစ်ခုခု ရှိလို့လား" ဟု မေးလိုက်သည်။

​သူမသည် လီလော့မှာ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်ရာတွင် ဘာလုပ်ပေးနိုင်မည်ကို မသိသော်လည်း အထင်မသေးဘဲ သတိထား၍ မေးလိုက်ခြင်း ဖြစ်သည်။

​"ဒါက အဖြေတစ်ခု ဟုတ်မဟုတ်တော့ မသိဘူး…ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်လုံး မီးအိမ်ကိုင်ထားသူကို တွေ့ဖူးကြလား" ဟု လီလော့က မေးလိုက်သည်။

​ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့၏ အမူအရာ ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်သည်။

"နင်လည်း မီးအိမ်ကိုင်ထားသူကို တွေ့လိုက်တာလား….ငါတို့ အရင်က တွေ့ဖူးတယ်…ဒါပေမဲ့ သူက အလွန် အန္တရာယ်များတဲ့အတွက် အနားမကပ်ရဲဘူး… တစ်ယောက်ယောက်က အခွင့်အရေး ရှိမလားဆိုပြီး နီးကပ်ကြည့်ဖို့ ကြိုးစားခဲ့တယ်လို့ ကြားတယ်"

​လီလော့က အံ့ဩစွာဖြင့်… "ပြီးတော့ ဘာဖြစ်သွားလဲ" ဟု မေးပြန်သည်။

​ထိုအခါ ချင်ရီက မျက်မှောင်ကြုတ်လိုက်ပြီး…

"သူ့ကို ဘယ်သူမှ မထိနိုင်ဘူး…မီးအိမ်ကိုင်ထားသူက ငါတို့ လောကထဲမှာ မရှိသလိုပဲ၊ ဘယ်လောက်ပဲ နီးကပ်ပါစေ သူ့ကို လုံးဝ မထိနိုင်ဘူး"

​ကျူးတယွီက…

"နင်က သူ့ရဲ့ စွမ်းအားကို ငှားယူပြီး ကမ္ဘာခြားသက်ရှိကို တိုက်ခိုက်ဖို့ မျှော်လင့်နေတာလား…အကြံကောင်းပေမဲ့ အလုပ်မဖြစ်နိုင်ဘူး…မီးအိမ်ကိုင်ထားသူက လျှို့ဝှက်ဆန်းကြယ်တဲ့ ရုပ်ဝတ္ထုမဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… သူ တကယ် ရှိမရှိတောင် မသိနိုင်တာ၊ ဘယ်လိုလုပ် စွမ်းအားကို ငှားယူနိုင်မှာလဲ"

​ "ကြိုးစားကြည့်ရမှာပဲ.. မဟုတ်ရင် ဒီအတိုင်း ဆက်သွားရင်တော့ အခြေအနေက ပျက်စီးခြင်းနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်.."

​"ဒါဆို နင် ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"ဟု ချင်ရီက လေးနက်စွာ တွေးတောပြီးနောက် မေးလိုက်သည်။

​လီလော့က ပြုံးလိုက်ပြီး…

"ခင်ဗျားတို့ ကျွန်တော့်အတွက် လမ်းတစ်ခု ဖွင့်ပေးဖို့ မျှော်လင့်ပါတယ်… ကူးစက်ခံထားရသူတွေ အများကြီး ပိတ်ဆို့နေတော့ ကျွန်တော် တစ်ယောက်တည်း သွားဖို့ မဖြစ်နိုင်ဘူး… မီးအိမ်ကိုင်ထားသူကို လှုပ်ရှားအောင် လုပ်ဖို့ နည်းလမ်းတစ်ခုခု ရှိမလား ကြည့်ရမှာပေါ့"

​ကျူးတယွီ အံ့အားသင့်သွားသည်။

"နေရာတစ်ခုလုံးက အနက်ရောင်မြူခိုးတွေနဲ့ ပြည့်နေတာ.. နင် အထဲမှာ အကြာကြီး နေရင် နင်လည်း ကူးစက်ခံထားရသူ ဖြစ်သွားလိမ့်မယ်… အဲဒီလောက်ထိ အန္တရာယ်ရှိတာကို နင် တကယ်လုပ်မှာလား…"

​ချင်ရီကလည်း လီလော့ကို အံ့ဩစွာ စိုက်ကြည့်နေသည်။ သူ ဤမျှ အန္တရာယ်များသော အရာကို လုပ်ဆောင်လိမ့်မည်ဟု သူမ မထင်ထားပေ။

​"ဒီအတိုင်း ငြိမ်နေရင်လည်း နောက်ဆုံးတော့ သေမှာပဲ.. ဒါကြောင့် ဒီအတိုင်းနေမယ့်အစား အခွင့်အရေး ရှိမလားဆိုပြီး ကြိုးစားကြည့်မှာပါ" ဟု လီလော့က ဖြောင့်မတ်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

​သူသည် လီလင်ကျင်း ပေးထားသော အနက်ရောင် မှော်စာလုံးအကြောင်းကို သူတို့ကို မပြောပြခဲ့ပေ။

ယခုဆို ​သူ့ကို ဝိုင်းရံထားသော အကြည့်များမှာ လေးစားမှုနှင့် အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။

​ကျူးတယွီ၏ ဝဝဖိုင့်ဖိုင့် မျက်နှာပင် ထိုစကားကို ကြားလိုက်ရသည့်အခါ အမူအရာ ပြောင်းလဲသွားသည်။

" နင်က တကယ့်ကို သူရဲကောင်းပဲ…နင့်ကို တစ်ခုခု ဖြစ်ခဲ့ရင် ငါ တကယ်ပဲ နင့်အတွက် နဂါးစွယ်ကလန်မှာ အမွှေးတိုင် ထွန်းပေးသွားမှာပါ..."

​လီလော့က ရယ်မောလိုက်ပြီး…

"ကျွန်တော်သာ ဒီနေရာမှာ သေသွားရင် အစ်မရော အသက်ရှင်နိုင်မယ် ထင်လို့လား"

​ထိုအဆီတုံးက တကယ့်ကို အိပ်မက်မက်နေသည်။ လီလော့ သူ့ကိုယ်သူ ပေးဆပ်သွားမည်ဟု တကယ် ထင်နေသလော။

​ချင်ရီ၏ အကြည့်များ အနည်းငယ် လှုပ်ရှားသွားသည်။ လီလော့က မစဉ်းစားမဆင်ခြင်ဘဲ လုပ်မည့်သူ မဟုတ်ပေ။ ယခုအချိန်တွင် မီးအိမ်ကိုင်ထားသူကို ရှာဖွေလိုခြင်းမှာ တစ်ခုခုသော အရိပ်အယောင်ကို တွေ့ရှိထား၍ ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ၎င်းမှာ ရမ်းကားသော အထင်အမြင်နှင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။

​ထို့ကြောင့် အောင်မြင်နိုင်ခြေ ရှိသည်ဟု သူမ ခံစားလိုက်ရသည်။

​"နဂါးခေါင်းဆောင် လီလော့ တကယ် ကြိုးစားချင်တယ်ဆိုရင် ကျွန်မတို့ အစွမ်းကုန် လမ်းဖောက်ပေးပါ့မယ်" ဟု ချင်ရီက ပြောလာသည်။

​အခြေအနေ ပိုမိုဆိုးရွားလာပြီး လီလော့၏ အကြံအစည်က ၎င်းကို ပြောင်းလဲပေးနိုင်ပေလိမ့်မည်။ ၎င်းမှာ အားလုံးအတွက် ကောင်းသော အရာပင် ဖြစ်သည်။

​ကျန်သူများကလည်း အလျင်အမြန် သဘောတူလိုက်ကြသည်။

​"ဒါဆိုရင် ခင်ဗျားတို့အားလုံးကို အလုပ်ရှုပ်စေမိမှာပဲ" ဟု လီလော့က ပြောပြီး တုံ့ဆိုင်းမနေဘဲ မီးအိမ်ကိုင်ထားသူကို မြင်တွေ့ခဲ့ရသည့် အရပ်မျက်နှာကို ပြန်ပြောင်းတွေးတောကာ အလျင်အမြန် ပြေးသွားလေတော့သည်။

​ထိုအခါ ကူးစက်ခံထားရသူများစွာက လီလော့ရှိရာသို့ အော်ဟစ်ကာ တိုးဝင်လာကြသည်။

​သို့သော် လီလော့ ဘာမျှ လုပ်ဆောင်စရာ မလိုပေ။ သူ့ပတ်ဝန်းကျင်မှ လူများက ပဲ့တင်ထပ်သံပညာရပ်များကို အသက်သွင်းကာ တိုက်ခိုက်မှုများကို ဟန့်တားပေးပြီး ကူးစက်ခံထားရသူများကို အပိုင်းပိုင်း ခုတ်ထစ်ကာ လမ်းဖောက်ပေးလိုက်ကြသည်။

​မှိုင်းညို့နေသော မြူခိုးများဝန်းရံနေသည့် လီလော့ကို မြင်လိုက်ရသူတိုင်း ကျောရိုးများပင် အေးစက်သွားပေမည်။

​လမ်းဖွင့်ပေးနေသူများက မြူခိုးများဆီသို့ နီးကပ်ရန် မဝံ့ရဲဘဲ ကြောက်ရွံ့စွာ ကြည့်ရှုနေကြသည်။

​လီလော့ကလည်း မဆိုင်းမတွပင် ရှေ့သို့ တိုးသွားကာ ကူးစက်ခံထားရသူများကြားမှ လမ်းဖောက်သွားသည်။ ထိုမြင်ကွင်းကို ကြည့်နေသူများ၏ အကြည့်အောက်တွင် မြူခိုးများမှာ ပြန်လည် ပိတ်ဆို့သွားပြီး လီလော့ကို အရိပ်အယောင်မျှပင် မမြင်ရတော့ပေ။

​ကျူးတယွီက ပျောက်ကွယ်သွားသော လီလော့ကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး…

"အစ်ကို အသက်ရှင်လျက် ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်"

​ဤအချိန်တွင် လီလင်ကျင်းက အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူမပေးထားသော အနက်ရောင် မှော်စာလုံး၏ အကူအညီဖြင့် လီလော့ ထွက်ပြေးရန် အခွင့်အရေး ရသွားပြီဟု ထင်မှတ်လိုက်သည်။

​ထို့ကြောင့် သူမ သက်ပြင်းချလိုက်သည်။ သူမ၏ အတိတ်ကနှစ်အနည်းငယ်မှာ သေခြင်းထက် ပိုဆိုးရွားသော ငရဲခန်းတစ်ခုတွင် နေထိုင်နေရသကဲ့သို့ ဖြစ်ခဲ့သည်။ သူမ အမှောင်ထုထဲတွင် အမြဲတစေ ရုန်းကန်နေခဲ့ရပြီး အလင်းရောင် တစ်စက်မျှပင် မမြင်တွေ့ခဲ့ရပေ။ လူတိုင်း စွန့်ပစ်ထားသော ထိုမြေနေရာသို့ လီလော့ ရောက်ရှိလာမှသာ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

​သူသည် သူမကို မျှော်လင့်ချက်မဲ့နေသည့် အခြေအနေမှ ကယ်တင်ခဲ့သည်။ ထို့နောက် သူမကို နဂါးစွယ်ကလန်သို့ ခေါ်ဆောင်သွားပြီး ဝိဉာဉ်စားနတ်ဆိုးကို ရှင်းထုတ်ပေးခဲ့သဖြင့် သူ့အပေါ် အလွန်ပင် ကျေးဇူးတင်လျက် ရှိသည်။

​"လီလော့... ဝိဉာဉ်စားနတ်ဆိုးက ငါ့ကို ပစ်မှတ်ထားတာပါ… ငါ သူ့ကို အချိန်ဆွဲထားပေးမယ်ဆို နင် ထွက်ပြေးဖို့ အချိန်ရလိမ့်မယ်...နင်က ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းရှိသူ၊ မကြာခင်မှာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ထိပ်ဆုံးကို ရောက်လာလိမ့်မယ်…ဒီနေ့တော့ နင့် အနာဂတ်ကို ငါ ကာကွယ်ပေးပါ့မယ်" ဟု လီလင်ကျင်းက စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း မိမိဘာသာ ရေရွတ်လိုက်သည်။ထိုစဉ် သူမ၏ နောက်မှ ပေါ်လာသော ဧရာမ ငရဲမြွေနဂါးကြီးကလည်း သူမနှင့် ရုပ်ချင်းဆင်တူသော အမျိုးသမီးပုံစံသို့ ပြောင်းလဲသွားသည်။

​ထိုပုံရိပ်က ခမ်းနားထည်ဝါပြီး လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေကာ လီလင်ကျင်းကို ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များနှင့် ပိုမို ချိတ်ဆက်သွားစေသည်။

​အဆင့်(၉)အဆင့်နိမ့်.. ငရဲမြွေနဂါးပဲ့တင်ထပ်သံ

​…………

​လီလော့ မြူခိုးများကြားတွင် ပြေးလွှားနေစဉ် သူ့လက်ထဲရှိ အနက်ရောင် မှော်စာလုံးက သူ့ကို ဖုံးလွှမ်းသွားသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ အနက်ရောင်မြူခိုးများက သူ့ကို တိုက်ခိုက်ခြင်း မရှိသည့်အပြင် ကမ္ဘာခြားသက်ရှိ တစ်ကောင်ကဲ့သို့ပင် သဘောထားနေသည်။

​လီလော့၏ တင်းကျပ်နေသော ရင်ထဲမှာစိုးရိမ်စိတ်များ အနည်းငယ် ပြေလျော့သွားသော်လည်း အရှိန်ကို မလျှော့ချပေ။ သူသည် မှတ်ဉာဏ်ထဲရှိ နေရာသို့ အလျင်အမြန် သွားရောက်လိုက်သည်။

​သူဖြတ်သန်းလာသော ပျက်စီးနေသည့် အဆောက်အအုံများကို စိုက်ကြည့်လိုက်ရင်း…

​"မီးအိမ်အစ်ကိုကြီး…ဘယ်မှာလဲ…”

လီလော့က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သူ့အသံ ပဲ့တင်ထပ်သွားသည့်အခါ နောက်ကျောတွင် အမွေးများ ထောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အပြင် ပင်ကိုယ်ဗီဇအရ သတိပေးချက်များစိတ်ထဲတွင် ထင်ဟပ်လာသဖြင့် ညာဘက်ရှိ စင်္ကြံကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် မီးအိမ်တစ်ခုကို ကိုင်ဆောင်ကာ လျှောက်သွားနေသည့် အရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။

​ထိုသူ သွားလေရာရာတွင် အနက်ရောင်မြူခိုးများက လမ်းဖယ်ပေးလိုက်ပြီး သူ့အနီးသို့ ချဉ်းကပ်ရန် ခက်ခဲနေသည်။

​လီလော့၏ အမူအရာ တောင့်တင်းသွားသည်။ သူ့ကို တွေ့ရှိသွားပြီ ဖြစ်သဖြင့် အကြံအစည် အလုပ်ဖြစ်မဖြစ် စမ်းသပ်ရတော့မည် ဖြစ်သည်။ အကယ်၍သာ မအောင်မြင်ပါက ပြန်လည် ဆုတ်ခွာပြီး အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ အကူအညီဖြင့် ဝိဉာဉ်စားနတ်ဆိုးကို တိုက်ခိုက်ရပေလိမ့်မည်။ ထိုအစီအစဉ်လည်း မအောင်မြင်ပါက လီလင်ကျင်းနှင့် အတူတူ ထွက်ပြေးရပေလိမ့်မည်။

​သူမက သူ့ကို အမြန်ဆုံး ထွက်ပြေးစေချင်သော်လည်း သူ့စရိုက်အရ ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အခြေအနေ မည်မျှပင် ဆိုးရွားပါစေ သူမကို စွန့်ပစ်ပြီး တစ်ကိုယ်တည်း ထွက်ပြေးမည် မဟုတ်ပေ။

All Chapters