အခန်း ၉၈၁
Vol. 70 Ch. 981
အခန်း (၉၈၁) မီးအိမ်ကိုင်ထားသူအား နှိုးထစေခြင်း
လီလော့ သူ့ရှေ့တွင်ရှိနေသည့် မီးအိမ်ကိုင်ထားသူကို စိုက်ကြည့်လိုက်သည်။ ထိုသူသည် ပျက်စီးနေသော စင်္ကြံတစ်လျှောက် အေးဆေးစွာ လျှောက်သွားနေဆဲဖြစ်ပြီး အချိန်အနည်းငယ်တိုင်းတွင် ပုံရိပ်ယောင်ကဲ့သို့ ဝါးတားတား ဖြစ်သွားတတ်သည်။ ထိုသူ၏လက်ထဲတွင် ကိုင်ထားသော မီးအိမ်အိုကြီးက ဘေးတစောင်း လူးလွန့်နေပြီး အတွင်းရှိ မီးတောက်ကလည်း ရှေးနှစ်ပေါင်းများစွာကပင် ငြိမ်းသတ်သွားခဲ့ပုံရသည်။
လီလော့ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မဆိုင်းမတွပင် ရှေ့သို့ တိုးသွားလိုက်သည်။ ပင်ကိုယ်ဗီဇအရ သတိပေးချက်များကို လျစ်လျူရှုကာ မီးအိမ်ကိုင်ထားသူထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားသည်။
ခဏအကြာတွင် ထိုသူ၏ ဘေးတွင် ရောက်ရှိသွားသည်။
ဤမျှ နီးကပ်သော အကွာအဝေးမှ ကြည့်လိုက်သည့်အခါ မီးအိမ်ကိုင်ထားသူ၏ မျက်နှာက ဝါးတားတား ဖြစ်နေသည်ကို မြင်တွေ့ရသည်။ သို့သော် အရွယ်အစားနှင့် ဟန်ပန်ကတော့ ခန့်ညားပြီး သန်မာကြောင်း ပြသနေသည်။
လီလော့ အံကြိတ်၍ မီးအိမ်ကိုင်ထားသူကို အသာအယာတို့ထိရန် လက်ကို ဆန့်ထုတ်လိုက်သည်။
အံ့ဩစရာကောင်းသည်မှာ သူ့လက်က ထိုသူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသော်လည်း ထိုသူက လီလော့၏ လုပ်ရပ်အပေါ် မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ ဆက်လက် လျှောက်သွားနေသည်။
လီလော့ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မီးအိမ်ကိုင်ထားသူကို နှိုးထစေရန်အတွက် သာမန်နည်းလမ်းများမှာ လုံလောက်မည် မဟုတ်ကြောင်း သိလိုက်ရသည်။
အနည်းငယ် စဉ်းစားပြီးနောက် အကြည့်များက ကြေးဝါရောင် မီးအိမ်အိုကြီးဆီသို့ ရောက်သွားသည်။
"မီးတောက် ငြိမ်းသွားပြီ... မီးတောက် ငြိမ်းသွားပြီ..." ဟူသော စကားစုက မီးအိမ်ကိုင်ထားသူထံမှ ပဲ့တင်ထပ်လျက် ရှိနေပြီး အလွန် ရှေးကျသော အချိန်ကာလမှ ထွက်ပေါ်လာသကဲ့သို့ ရှိသည်။
"စိတ်မပူပါနဲ့ အစ်ကိုကြီး… ဒီညီလေးက မီးတောက်ကို ပြန်လည် ထွန်းညှိပေးပါ့မယ်… မီးတောက်ပြီးရင်တော့ တခြား တုံ့ပြန်မှုလေး ဘာလေး ပြပေးဖို့ပဲ မျှော်လင့်ပါတယ်..."
ထိုသို့ ပြောဆိုပြီးနောက် လီလော့က လက်နှစ်ဖက်ကို ပူးကပ်ကာ ဆုတောင်းသကဲ့သို့ ပြုလုပ်လိုက်သည်။ ထို့နောက် လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကို အသက်သွင်းလိုက်သည်။ တစ်ခဏချင်းမှာပင် ဖောက်ထွင်းမြင်နိုင်သော ပဲ့တင်ထပ်သံမီးတောက်တစ်ခု သူ့ လက်ဝါးပေါ်တွင် ပေါ်လာသည်။
အမြင်မှားယွင်းနေခြင်း မဟုတ်ပါက ပဲ့တင်ထပ်သံမီးတောက် ပေါ်လာသည့်အခါတွင် ဝါးတားတား မီးအိမ်ကိုင်ထားသူ၏ ပုံရိပ်က နောက်ဆုံးတွင် တုံ့ပြန်မှု ရှိလာသည်။
"အလုပ်ဖြစ်သွားပြီလား…"
လီလော့ စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းများကို ညွှန်ပြလိုက်ရာ ပဲ့တင်ထပ်သံမီးတောက်က လေထဲသို့ ပျံသန်းသွားပြီး ကြေးဝါမီးအိမ်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။
သူသည် မီးတောက်၏ လှုပ်ရှားမှုကို အသက်ရှူမှားလောက်အောင် စိုက်ကြည့်နေမိသည်။
နောက်ဖြစ်လာမည့် အရာက အံ့ဩစရာ ဖြစ်လာခဲ့သည်။ ပဲ့တင်ထပ်သံမီးတောက်က ကြေးဝါမီးအိမ်အတွင်းသို့ ရောက်ရှိသွားသော်လည်း အခြားပစ္စည်းများကဲ့သို့ ဖြတ်ကျော်သွားခြင်း မရှိပေ။ ယင်းအစား မီးအိမ်ထဲတွင် ခေတ္တမျှ ဝဲပျံနေသဖြင့် လီလော့၏ နှလုံးသား မြန်ဆန်စွာ ခုန်ပေါက်နေသည်။
ဖျတ်!
မီးအိမ်အတွင်းရှိ ဖယောင်းတိုင် မီးစွဲသွားလေပြီ…
ရှေးဟောင်း ကြေးဝါမီးအိမ်အတွင်းတွင် မီးတောက်လုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ထိုအခိုက်အတန့်တွင် မီးအိမ်ကိုင်ထားသူက အဆုံးမဲ့ လမ်းလျှောက်ခြင်းကို ရပ်တန့်သွားသည်။
ထို့ကြောင့် လီလော့ စိတ်လှုပ်ရှားစွာဖြင့် မီးအိမ်ကိုင်ထားသူကို ကြည့်လိုက်သည်။ ထိုသူ၏ အချည်းနှီးဖြစ်နေသော မျက်လုံးများထဲတွင် အသက်ဝင်ခြင်း၏ အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ သို့သော် ၎င်းမှာ အရိပ်အယောင်လေးမျှသာ ဖြစ်သေးသည်။
မည်သို့ဆိုစေကာမူ ၎င်းမှာ ယခင်က ဝါးတားတား ဖြစ်နေသည့် အခြေအနေထက် ပိုမို ကောင်းမွန်လှသည်။
အမှန်မှာ မီးအိမ်ကိုင်ထားသူက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် အလွန်နှေးကွေးစွာ လီလော့ထံသို့ လှည့်ကြည့်လာသည်ကို လီလော့ ခံစားမိသည်။
"...ဘယ်သူ...လဲ..."
"..ပဲ့တင်ထပ်သံမီးတောက်ကို ပျိုးထောင်ထားတာပဲ... ဒါပေမဲ့... ပဲ့တင်ထပ်သံနဲ့ မပေါင်းစပ်ထားဘူး... "
"...မိုက်မဲလိုက်တာ..."
လီလော့ အံ့ဩတုန်လှုပ်သွားသော်လည်း ထိုစကားလုံးများက သူ့စိတ်ထဲသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
"ပဲ့တင်ထပ်သံမီးတောက်ကို ပျိုးထောင်ထားပေမဲ့ ပဲ့တင်ထပ်သံနဲ့ မပေါင်းစပ်ထားဘူး… မိုက်မဲလိုက်တာ ဟုတ်လား"
လီလော့၏ မျက်နှာထား မည်းမှောင်သွားသည်။
"ဒီအဘိုးကြီးက လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းမှာ တကယ့်ကို စည်းကမ်းတင်းကျပ်တဲ့ ဆရာတစ်ယောက် ဖြစ်ခဲ့ရမယ်… အသံက အားနည်းပြီး တိုးဖျော့နေပေမဲ့ သူ ပြောတဲ့ ပထမဆုံး စကားက ငါ့ကို မိုက်မဲတယ်လို့ ခေါ်တာလား…"
"ဘာပဲဖြစ်ဖြစ်... ပဲ့တင်ထပ်သံနဲ့ ပေါင်းစပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ… ဘယ်သူကမှလည်း ငါ့ကို ဘာမှ မသင်ပေးခဲ့ဘူးလေ…."
လီလော့သည် ထိုစကားလုံးများကြောင့် စိတ်မကောင်းဖြစ်ရသော်လည်း ယခုအချိန်တွင် ပိုမိုအရေးကြီးသည့် ကိစ္စရှိကြောင်း သိလိုက်သည်။ သူသည် သတိကြီးစွာဖြင့် …
"အကြီးအကဲ.. ဝိဉာဉ်စားနတ်ဆိုးက လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းထဲကို ခိုးဝင်လာပါတယ်… ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါ… ဒီနတ်ဆိုးကို ရှင်းထုတ်ပေးပါ" ဟု ပြောလိုက်သည်။
စကားပြောပြီးသည်နှင့် မီးအိမ်ကိုင်ထားသူ၏ ပုံရိပ်ယောင် ပြင်းထန်စွာ တုန်ခါနေသည်ကို သတိပြုမိလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သေဆုံးနေပြီး အချည်းနှီးဖြစ်နေသော ထိုမျက်လုံးများအတွင်းတွင် ဒေါသများ ပေါ်လာသည်။
"ကမ္ဘာခြားသက်ရှိ…ကမ္ဘာခြားသက်ရှိ… လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်း ထဲကိုတောင် ခိုးဝင်ရဲတယ်ပေါ့… သေသင့်တဲ့ကောင်တွေ…"
ထိုသူ၏စကားနှင့် အသံက ယခုတစ်ကြိမ်တွင်မူ စနစ်တကျ ရှိပြီး နားလည်နိုင်သော စကားလုံးများ ဖြစ်လာသည်။
လီလော့ အလွန်ဝမ်းမြောက်သွားပြီး…
"ဟုတ်ပါတယ်..ဒီကောင်တွေ သေသင့်တယ်… ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမြန် ကူညီပေးပါ..အကြီးအကဲ… ဟု ပြန်ပြောလိုက်သည်။
"သတ်ပစ်.. ..သတ်ပစ်.." ဟူသော မီးအိမ်ကိုင်ထားသူ၏ အသံ ပဲ့တင်ထပ်လာသည်။
သို့သော် စက္ကန့်အနည်းငယ်အကြာတွင် လီလော့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ မီးအိမ်ကိုင်ထားသူက သတ်ပစ်ရန် အကြိမ်ကြိမ် အော်ဟစ်နေသော်လည်း နောက်ထပ် ဘာမျှ လုပ်ဆောင်ခြင်း မရှိသည်ကို သူ သတိပြုမိလိုက်သည်။
"အကြီအကဲ… အော်နေရုံနဲ့ ဘာအသုံးဝင်မှာလဲ…ကျေးဇူးပြုပြီး အခုပဲ တစ်ခုခု လုပ်ပေးပါ…"
လီလော့လည်း မနေနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။
ထိုအခါ မီးအိမ်ကိုင်ထားသူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်….
"ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မှတ်ဉာဏ်အကြွင်းအကျန်ပါ…ငါ ဘာလုပ်ပေးနိုင်မှာလဲ"
ထိုစကားကို ကြားလိုက်ရသည့်အခါ လီလော့ သွေးအန်ချင်သွားတော့သည်။ ၎င်းမှာ သူ စိတ်ကူးထားသည့် အခြေအနေနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ဤအချိန်တွင် မီးအိမ်ကိုင်ထားသူက…
"ငါ တိုက်ရိုက် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး…ဒါပေမဲ့ ဒီနတ်ဆိုးကို သတ်ဖြတ်ဖို့အတွက် မင်းရဲ့ လက်တွေကိုတော့ ငါ အသုံးပြုခိုင်းနိုင်တယ်"
ထိုအဘိုးကြီး၏ စကားကြီးစကားကျယ်ကို ကြားလိုက်ရသည့်အခါ လီလော့ အံ့အားသင့်သွားသည်။
"ဒီနတ်ဆိုးကို ရှင်းထုတ်ပေးနိုင်မယ်ဆိုရင် လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ကူညီပေးဖို့ ကျွန်တော် အဆင်သင့်ပါပဲ" ဟု ချက်ချင်း ပြန်ဖြေလိုက်သည်။
မီးအိမ်ကိုင်ထားသူက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး တစ်ခဏချင်းမှာပင် သူ၏ ကြေးဝါမီးအိမ်အတွင်းမှ မီးတောက်က ပိုမို တောက်ပလာပြီး ရွှေရောင်မြင့်မြတ်သော မီးတောက်မှော်စာလုံးအဖြစ် စုစည်းသွားသည်။
ထိုမီးတောက်မှော်စာလုံးက လေထဲသို့ တက်သွားပြီး လီလော့၏ ရှေ့တွင် ဝဲပျံနေသည်။
"ဒါက ရွှေရောင်မြင့်မြတ်သော မီးတောက်မှော်စာလုံးပဲ.. ဒီနတ်ဆိုးကို ဖယ်ရှားဖို့အတွက် ဒါကို အသုံးပြုနိုင်တယ်… ဒါပေမဲ့ ဒါကို သုံးတဲ့အခါ မင်းလည်း အပူလောင်ခံရလိမ့်မယ်…ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ မမျှော်လင့်ထားတဲ့ ဆုလာဘ်တွေကို ရရှိနိုင်ကောင်း ရရှိနိုင်လိမ့်မယ်"
မီးအိမ်ကိုင်ထားသူ၏ စကားများကို ကြားလိုက်ရသည့်အခါ လီလော့ စိတ် လှုပ်ရှားသွားသည်။ သူ့ရှေ့ရှိ မီးတောက်မှော်စာလုံးကို ကြည့်လိုက်ရင်း ၎င်းမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည်။
သူသည် သတိကြီးစွာဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးအိမ်မှ မီးတောက်မှာ မှော်စာလုံးကို ဖန်တီးပြီးနောက် ပြန်လည် ငြိမ်းသတ်သွားသည်ကို သူ သတိပြုမိလိုက်သည်။ မီးအိမ်ကိုင်ထားသူ၏ ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်တော့မည့်အတိုင်း မှိန်ဖျော့သွားသည်။
လီလော့က အခွင့်အရေးကို အသုံးချကာ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
"အကြီးအကဲ ခုနက ပြောတဲ့ ပဲ့တင်ထပ်သံနဲ့ ပေါင်းစပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"
မီးအိမ်ကိုင်ထားသူက လေးနက်သော အသံဖြင့်…
"မိုက်မဲတဲ့ကောင်၊ ငါတို့ရဲ့ နေ့စဉ် လေ့ကျင့်မှုတွေကို အာရုံမစိုက်ခဲ့ဘူးလား.. ဒီလောက် မိုက်မဲတဲ့ တပည့်ကို ငါ ဘယ်တုန်းကမှ မတွေ့ဖူးဘူး" ဟု ပြန်ဖြေသည်။
တိုက်ရိုက်ဆဲဆိုမှုကြောင့် လီလော့ တုန်လှုပ်သွားသည်။
မည်သို့ဆိုစေကာမူ မီးအိမ်ကိုင်ထားသူက နောက်ဆုံးတွင် ရှင်းပြပေးခဲ့သည်။
"ရွှေရောင်နှင်းစက်စင်မြင့်ဆီကို သွားပြီး ထုံးတမ်းစဉ်လာကို ပြီးမြောက်အောင် လုပ်လိုက်ပါ… ဒါဆိုမင်းရဲ့ ပဲ့တင်ထပ်သံနဲ့ ပေါင်းစပ်နိုင်လိမ့်မယ်"
"ရွှေရောင်နှင်းစက်စင်မြင့် ဟုတ်လား"
လီလော့၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။ သူ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် မီးအိမ်ကိုင်ထားသူ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး မေးခွန်းတစ်ခု မေးလိုက်သည်။
"တောင်းပန်ပါတယ် ..အကြီးအကဲကို ဘယ်လို ခေါ်ရမလဲ"
ရုတ်တရက်ပင် မီးအိမ်ကိုင်ထားသူ၏ အချည်းနှီးမျက်လုံးများ ပြင်းထန်စွာ တုံ့ပြန်လာသည်။ သူသည် လီလော့ကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို အပြည့်အဝ ပြန်လည် သတိရလာသကဲ့သို့ ရှိပြီး လီလော့၏ အတွင်းစိတ်ကိုပင် မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။
နောက်တစ်ခဏတွင် လီလော့ အံ့ဩဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ မီးအိမ်ကိုင်ထားသူ လုံးဝ ပျောက်ကွယ်သွားသော်လည်း ကြေးဝါမီးအိမ်မှာမူ ကျန်ရစ်ခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုအခါ အတိတ်ကာလ ကြာမြင့်စွာက ထွက်ပေါ်လာသကဲ့သို့ ရှိသော ခပ်တိုးတိုး ပဲ့တင်သံတစ်ခုကို သူ ကြားလိုက်ရသည်။
"ငါ့ကို လေဟာနယ်ပဲ့တင်ထပ်သံရဲ ဆဋ္ဌမမြောက်သား ဝမ်ထိုင်ရှီးလို့ ခေါ်ကြတယ်"
"လေဟာနယ်ပဲ့တင်ထပ်သံရဲ့ ဆဋ္ဌမမြောက်သား ဝမ်ထိုင်ရှီး…"
လီလော့ စိတ်ထဲတွင် မီးအိမ်ကိုင်ထားသူ၏ အကြည့်ကို ပြန်လည် မြင်ယောင်ရင်း မိမိဘာသာ ရေရွတ်လိုက်သည်။ နောက်ဆုံး အချိန်တွင် ထိုသူ၏တုံ့ပြန်မှုမှာ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။ မည်သို့မျှ ကောက်ချက်မချနိုင်သဖြင့် လီလော့သည် မြေပြင်ပေါ်ရှိ ကြေးဝါမီးအိမ်ကို ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သတိကြီးစွာဖြင့် ကောက်ယူလိုက်သည်။ ပဲ့တင်ထပ်သံစွမ်းအားကို အသုံးပြု၍ နှိုးဆွရန် ကြိုးစားသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ၎င်းမှာ အသုံးမဝင်တော့သော အရာဝတ္ထုတစ်ခု ဖြစ်သွားသကဲ့သို့ပင်။ သို့သော် မည်သည့်အရာကိုမျှ အလဟဿ မဖြုန်းတီးလိုသဖြင့် အိတ်ဆောင်စက်လုံးထဲတွင် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ့လက်ထဲရှိ ရွှေရောင်မီးတောက် မှော်စာလုံးကို ကြည့်လိုက်ရင်း မျက်လုံးများ တောက်ပလာသည်။ ဤအရာကြောင့် ဒီခရီးစဉ်က အလဟဿ မဖြစ်တော့ပေ။
အားလုံးပြီးစီးသည်နှင့် နောက်သို့ လှည့်ကာ ထူထပ်သော မြူခိုးများဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။
"အစ်မလင်ကျင်း…ကျွန်တော့်ကို စောင့်ပေးပါဦး…"