← Chapters

အခန်း ၉၈၂

Vol. 70 Ch. 982

အခန်း ၉၈၂

Vol. 70 Ch. 982

အခန်း (၉၈၂) ကယ်တင်ခြင်း

​ပင်မခန်းမဆောင်တစ်ခုလုံးတွင် နားကွဲမတတ် ရယ်မောသံများ ပဲ့တင်ထပ်နေသည်။ ဝိဉာဉ်စားနတ်ဆိုး ၏ ဧရာမလက်ဝါးကြီး ဆန့်တန်းလာပြီး လက်ဝါးအလယ်ရှိ ပါးစပ်မှာ တစ်ခုခုကို ဝါးစားနေကာ သွေးလတ်လတ်ဆတ်ဆတ်များ စီးကျလျက် ကြမ်းတမ်းသော အသံများကို ထုတ်လွှတ်နေ၏။

​နောက်တစ်ခဏတွင် လက်ဝါးပေါ်ရှိ ပါးစပ်ကြီးကို ဟလိုက်ပြီး အဖြူရောင် ပုလဲသုံးလုံးကို ပန်းထုတ်လိုက်သည်။ ထိုပုလဲများမှာ အရိုးဖြူများကဲ့သို့ အရောင်ဖျော့နေပြီး ဝါးစားခံလိုက်ရသော အလောင်းကောင်များ၏ အရိုးများဖြင့် ပြုလုပ်ထားပုံရသည်။ ထို့ပြင် ပုလဲတစ်ခုချင်းစီတွင် သွေးနီရောင် ကြိုးများဖြင့် ရစ်ပတ်ထားသော မျက်လုံးများ တောက်လျှောက် လှည့်ပတ်နေသဖြင့် စက်ဆုပ်ဖွယ် ကောင်းလှသည်။

​အရိုးပုလဲသုံးလုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလင်းတန်းကဲ့သို့သော အရှိန်ဖြင့် လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

​မိမိတို့ဆီသို့ ဦးတည်လာသော ပုလဲများကို မြင်လိုက်ရသည့်အခါ သူတို့သုံးဦး၏ အမူအရာ ပြောင်းလဲသွားသည်။ ၎င်းတို့ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို သူတို့ ခံစားမိလိုက်သောကြောင့်ပင်။

​ချင်ယင်းက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် နီရဲရဲ သံချပ်ကာတစ်ခု ပေါ်လာသည်။ ၎င်းတွင် လိပ်ပုံစံ နီရဲရဲ မှော်စာလုံးများ ပါဝင်ပြီး ၎င်း၏ အပေါ်ဘက်တွင် ခရမ်းရောင်မျက်လုံး အမှတ်အသား တစ်ခု ရှိသည်။

​၎င်းမှာ မျက်လုံးတစ်လုံအဆင့်ခရမ်းရောင်ရတနာ ဖြစ်သည့် အနီရောင် လိပ်ခွံ သံချပ်ကာ ဖြစ်သည်။ ဝိဉာဉ်စားနတ်ဆိုး ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ချင်ယင်းမှာ မည်သည့်အရာကိုမျှ ချန်မထားဘဲ ကာကွယ်ရေး ရတနာများကိုပင် ထုတ်သုံးလိုက်သည်။

​ကျူးကျူးကလည်း လက်နှစ်ဖက်ကို ပူးကပ်ကာ လက်ဟန်ပုံသည်နှင့် သူမ၏ ခေါင်းပေါ်တွင် အစိမ်းရင့်ရောင် အလင်းလုံးတစ်ခု ပေါ်လာပြီး ကောင်းကင်သို့ တဖြည်းဖြည်း တက်သွားကာ သူမကို ဝန်းရံထားသော အစိမ်းရင့်ရောင် အလွှာတစ်ခု ဖြစ်ပေါ်လာသည်။

​လီလင်ကျင်းမှာမူ ကာကွယ်ရေးဆိုင်ရာ မျက်လုံးတစ်လုံးအဆင့်ခရမ်းရောင်ရတနာ မရှိသော်လည်း စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးနှင့်ပင် လုံလောက်သည်။ အကောင်းဆုံးသော ကာကွယ်ရေးမှာ ပြင်းထန်သော တိုက်ခိုက်ရေးပင် မဟုတ်ပါလော။

​သူမ အာရုံစိုက်လိုက်သည်နှင့် သူမ၏ နောက်ရှိ ဧရာမငရဲမြွေနဂါးပုံရိပ်ကြီးက အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးထဲသို့ ဝင်ရောက်သွားသည်။

​သူမ တောင်ဝှေးကို လွှတ်ပေးလိုက်သည့်အခါ ၎င်းမှာ လေထဲတွင် ပေါ်လာပြီး တောက်ပသော စိမ်းပြာရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

​ခဏအကြာတွင် စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေး ပျောက်ကွယ်သွားပြီး နားကွဲမတတ် မြည်ဟီးနေသည့် ဧရာမ စိမ်းပြာရောင် မြွေနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး ကိုယ်ခန္ဓာကို လှည့်ပတ်ကာ လီလင်ကျင်းကို ကာကွယ်ပေးထားသည်။

​သူတို့အဖွဲ့၏ အစွမ်းအထက်ဆုံး တိုက်ခိုက်သူသုံးဦးစလုံး ကာကွယ်ရေး အစီအမံများ ပြုလုပ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသော ပုလဲငါးလုံးနှင့် ခြောက်လုံးအဆင့် ကျင့်ကြံသူများ ကြောက်ရွံ့စွာဖြင့် ထွက်ပြေးရန် ပြင်ဆင်ကြသည်။

​အရိုးဖြူပုလဲ သုံးလုံးက လေဟာနယ်ကို ခွင်းထွက်သွားပြီး ထိမိသည်နှင့် ပေါက်ကွဲထွက်သွားပြီး ​အဖြူရောင် အလင်းတန်းများ အရပ်မျက်နှာအသီးသီးသို့ ပြန့်နှက်သွားကာ အဆုံးမရှိသော အေးစက်သည့် လေပြင်းများ တိုက်ခတ်လာသည်။ ၎င်းနှင့်အတူ ကြားရသူတိုင်း၏ ဦးခေါင်းကို တုန်ခါသွားစေသည့် စူးရှသော အော်ဟစ်သံများက လူတိုင်း၏ စိတ်နှလုံးထဲရှိ အပျက်သဘောဆောင်သည့် ခံစားချက်များကို နိုးဆွပေးလိုက်သည်။

​အဖြူရောင် စွမ်းအင်များ ဖြတ်သန်းသွားသည့်အခါ လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို ဝါးမြိုသွားသည်။

​လီလင်ကျင်း၊ ချင်ယင်းနှင့် ကျူးကျူးတို့ကို တိုက်ရိုက် ထိမှန်သွားပြီး သူတို့၏ အကာအကွယ်များ တဖြည်းဖြည်း ပျက်စီးသွားသည်။ နောက်ဆုံးတွင် သုံးဦးစလုံးမှာ လွင့်စင်သွားပြီး အောက်ရှိ ပျက်စီးနေသော အဆောက်အအုံများနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

​အစွမ်းအထက်ဆုံးသူများပင် ဤမျှ ဒုက္ခရောက်နေပါက ကျန်သူများမှာ ပိုမို ဆိုးရွားစွာ ခံစားကြရမည်မှာ အထူးအဆန်း မဟုတ်ပေ။ အဖြူရောင် အလင်းတန်းနှင့် တိုက်ရိုက် ထိမှန်သွားသူများမှာ ပုလဲငါးလုံးအဆင့် ဖြစ်လင့်ကစား သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးများ အကုန်စုပ်ယူခံလိုက်ရပြီး ကောင်းကင်မှ ကျလာကာ အရိုးအပိုင်းအစများအဖြစ် ပျက်စီးသွားသည်။

​ကူးစက်ခံထားရသူများကို တိုက်ခိုက်နေသော ကျင့်ကြံသူများက ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာအမူအရာတွင် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားသည်။

​ဤမျှအချိန်ကြာမြင့်စွာ တည်ငြိမ်နေခဲ့သော ချင်ရီပင်လျှင် မျက်မှောင် အကြီးအကျယ် ကြုတ်လိုက်မိသည်။

​"ပြီးဆုံးသွားပြီ…” ကျူးတယွီက ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး မျက်နှာပျက်သွားသည်။

​သူသည် ကျူးကျူး ပြုတ်ကျသွားသည့်နေရာသို့ အလျင်အမြန် ပြေးသွားပြီး အပျက်အစီးများကြားမှ တူးထုတ်လိုက်သည်။ ထိုအခါ သွေးများဖြင့် ဖုံးလွှမ်းနေသော လက်တစ်စုံ ဆန့်ထုတ်လာပြီး ခန္ဓာကိုယ် သန်မာသူတစ်ဦး အပျက်အစီးများအောက်မှ ထွက်ပေါ်လာသည်။

ထို​သူက ကျူးကျူးဖြစ်သော်လည်း သွေးရူးသွေးတန်း ဖြစ်နေသည်။ သူမ၏ လက်မောင်းပေါ်ရှိ အသားများ အရည်ပျော်ကျသွားပြီး အရိုးများသာ ကျန်ရှိတော့သည်။

​သူမ မြေပြင်ပေါ်သို့ ပြိုလဲသွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေရင်း အသက်ကို ပြင်းပြင်းရှူနေရသည်။

​သို့သော် အိတ်ထဲမှ အသားတုံးကြီးများကို ချက်ချင်း ထုတ်ယူပြီး ဆာလောင်စွာ ဝါးမြိုလိုက်သည်။

​အသားများစွာကို စားသုံးလိုက်ပြီးနောက် သူမ၏ အသားအရေ ပြန်လည် ကောင်းမွန်လာပြီး ဒဏ်ရာရထားသော နေရာများမှာလည်း မျက်မြင်ကိုယ်တွေ့ပင် ပြန်လည် ကုစားလာသည်။

​"တယွီ…ဒီနေ့ အခြေအနေက တကယ့်ကို အန္တရာယ်များနေပြီ…အခြေအနေ ပိုဆိုးလာရင် နင် တစ်ယောက်တည်း ထွက်ပြေးဖို့ နည်းလမ်းရှာလိုက်တော့" ဟု ကျူးကျူးက စိုးရိမ်တကြီး ကြည့်နေသော ကျူးတယွီကို ကြည့်ရင်း အသားတုံးများကို ဝါးမြိုရင်း ပြောလိုက်သည်။

​ကျူးတယွီက ခါးသီးစွာ ပြုံးပြရင်း သူမကို နှစ်သိမ့်လိုက်သည်။

"အစ်မကျူး…ဒီလောက်ထိ စိတ်ဓာတ်မကျပါနဲ့… လီလော့က မီးအိမ်ကိုင်ထားသူကို ရှာဖို့ သွားနေတာ… သူ ဒီအခြေအနေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်မှာပါ"

​"လီလော့… အဲဒီ နဂါးခေါင်းဆောင် ကလေးစုတ်ကို ပြောတာလား…ငါကတော့ သူက အရည်အချင်းရှိတယ်လို့ ထင်ခဲ့တာ… ကမ္ဘာခြားသက်ရှိကို တိုက်ခိုက်မယ့်နည်းလမ်းကို ရှာမယ့်အစား သူက အခွင့်အရေးကို အသုံးချပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်"

​ကျူးတယွီက ခေါင်းကို ကုတ်လိုက်ပြီး…

"လီလော့က တော်တော် သစ္စာရှိတဲ့သူပါ…ထွက်ပြေးသွားမှာ မဟုတ်ပါဘူး..."

​"ဘယ်သူသိမှာလဲ"

ကျူးကျူးအနေနှင့် အပြင်လူတစ်ယောက်အပေါ် မျှော်လင့်ချက် ထားရှိရန် ရည်ရွယ်ချက် မရှိပေ။ သူမနှင့် ဂူထဲရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူအချို့ပင် မကြာခင် သေဆုံးတော့မည် ဖြစ်သည်။ လီလော့က နဂါးခေါင်းဆောင် ဖြစ်သော်လည်း အကူအညီပေးခဲ့ခြင်း အလွန်နည်းပါးလွန်းသည်။

​မဝေးလှသော နေရာတွင် အပျက်အစီးများကြားမှ နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူကား ချင်ယင်းပင် ဖြစ်သည်။ သို့သော် အနီရောင်လိပ်ခွံ တစ်ဝက်တစ်ပြတ် ကွဲအက်သွားပြီး မျက်နှာမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။

​ချင်ရီက အလျင်အမြန် ပြေးသွားပြီး လက်ဟန်အချို့ပုံဖော်ကာ…

​မြို့စားအဆင့်ပညာရပ်..နွေဦးမိုးရေ ရောက်ရှိခြင်း…

​သူမ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သော ကုစားနိုင်စွမ်းရှိသည့် မိုးရေများ ကျရောက်လာပြီး ချင်ယင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းသွားစေသည်။

ထိုအခါ ​ချင်ယင်း၏ ဖြူဖျော့နေသော အမူအရာမှာ ချက်ချင်း ပြန်လည် ကောင်းမွန်လာသော်လည်း အသက်ကို ပြင်းပြင်းရှူနေဆဲဖြစ်ပြီး ချင်ရီကို နာကျင်စွာ ပြုံးပြလိုက်သည်။

​”ချင်ရီ…အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားသင့်တယ်" ဟု ချင်ယင်းက လေးနက်စွာ ပြောလိုက်တော့ ​ချင်ရီ တိတ်ဆိတ်သွားသည်။

အဘယ်အရာကို ဆိုလိုသနည်းဆိုသည်ကို သူမ ကောင်းစွာ သိရှိထားသည်။ သူမ ဤနေရာမှ ထွက်ပြေးရန်အတွက် ကိုယ်ပိုင် အစီအစဉ်များ ပြုလုပ်ရပေလိမ့်မည်။

​သူမ၏ လှပသော မျက်ဝန်းများမှာ မြူခိုးများဆီသို့ ရောက်သွားပြီး လီလော့ကို နောက်ဆုံး မြင်တွေ့ခဲ့ရသည့် နေရာသို့ အာရုံစိုက်လိုက်သည်။ သူ ထွက်သွားသည်မှာ ကြာပြီဖြစ်သော်လည်း ဘာမျှ အကြောင်းပြန်ခြင်း မရှိပေ။ မီးအိမ်ကိုင်ထားသူကို တကယ်ပဲ နှိုးထနိုင်ခဲ့သလား ဆိုသည်ကိုပင် သူမ မသိပေ။

​သို့မဟုတ်ပါက... သူ ထွက်ပြေးသွားပြီလား…

​ထိုဖြစ်နိုင်ခြေက သူမ၏ စိတ်ထဲတွင် ပေါ်လာပြီး သူမ၏ အကြည့်က နောက်ထပ် ပျက်စီးနေသော နေရာတစ်ခုသို့ ရောက်သွားသည်။ထိုနေရာမှ လှပသော အမျိုးသမီး တစ်ဦးမှာ စိမ်းပြာရောင်တောင်ဝှေးကို ကိုင်ဆောင်လျက် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

​သူမကား လီလင်ကျင်းပင် ဖြစ်သည်။

​ လီလင်ကျင်းကို ကြည့်လိုက်တော့ သုံးဦးထဲတွင် သူမသာ ဒဏ်ရာ အနည်းဆုံးဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်တွင် တိုက်စားခံထားရသည့် အရိပ်အယောင် မရှိဘဲ အဝတ်အစားများသာ အနည်းငယ် ပေါက်ပြဲနေသဖြင့် သူမ၏ ဖြူဖွေးသော ပေါင်တံနှစ်ဖက်ပင် ပေါ်နေသည်။

​သို့သော် သူမ၏ မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း ထင်ရှားသည်။

​ချင်ရီ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားသည်။ လီလင်ကျင်းဆိုသည့်အမျိုးသမီးက အမြဲတစေ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းသည်။ လီလော့ မီးအိမ်ကိုင်ထားသူကို ရှာရန် မသွားခင်က သူတို့နှစ်ဦး ခေတ္တမျှ ဆွေးနွေးခဲ့ကြသည်။ ဖြစ်နိုင်သည်မှာ သူမက သူ့ကို အရိပ်အယောင် တစ်ခုခု ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

​မြူခိုးများကြောင့် မထိခိုက်အောင် လီလော့ကို ကာကွယ်ပေးနိုင်မည့် လျှို့ဝှက်နည်းလမ်းတစ်ခု သူမတွင် ရှိနေသလား။

​ချင်ရီ ထိုသို့ တွေးတောနေစဉ်မှာပင် လီလင်ကျင်းက သူမ၏ အကြည့်ကို သတိပြုမိသွားသည်။ သို့သော် သူမ၏ အမူအရာမှာ လှုပ်ရှားခြင်း မရှိဘဲ တည်ငြိမ်နေသော ရေကန်တစ်ခုကဲ့သို့ပင်။

​ထို့နောက် လီလင်ကျင်းက ဝိဉာဉ်စားနတ်ဆိုး ဘက်သို့ လှည့်လိုက်သည်။ ယခင်က တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရှိနေသော်လည်း ဝိဉာဉ်စားနတ်ဆိုး၏ အငွေ့အသက်များ အနည်းငယ် လျော့နည်းသွားသကဲ့သို့ ရှိနေသည်။ဤသည်ကလည်း ဝိဉာဉ်ပဲ့တင်ထပ်သံဂိုဏ်း၏ စဉ်ဆက်မပြတ် ဖိအားပေးမှုကြောင့် ဖြစ်နိုင်သည်။

​"လီလော့ …နင် ဘယ်ကို ရောက်သွားတာလဲ"

လီလင်ကျင်း စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီး ကျန်ရှိနေသူများကို အေးစက်စွာ ကြည့်လိုက်သည်။

​"လူတွေ ဒီလောက် များနေတော့ ဝိဉာဉ်စားနတ်ဆိုး ဗိုက်ဝသွားမှာပဲ… ချင်ရီကတော့ အကောင်းဆုံး အစားအစာ ဖြစ်မှာမို့လို့ သူ သူမကို လွှတ်ပေးမှာ မဟုတ်ဘူး.. ဒါက ကောင်းတဲ့ အရာပဲ …လီလော့က သူမနဲ့ ရန်ငြိုးရှိတာ… သူမ ဒီနေရာမှာ သေသွားရင် လီလော့ရဲ ဒုက္ခတွေ အနည်းငယ် လျော့ကျသွားမှာပဲ.. ဒါပေမဲ့ ဒီမိန်းကလေးက တော်တော် ထက်မြက်တော့ သူမ ဘာတွေ ပြင်ဆင်ထားလဲ မသိဘူး… သူမရဲ့ မျိုးနွယ်စုမှာ ရာထူးကလည်း မြင့်တော့ ထွက်ပြေးဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး…. နောက်မှ ရှုပ်ထွေးနေချိန်မှာ သူမကို သတ်ဖို့ အခွင့်အရေး ရှာရမယ်… သူမ ငါ့ကို သတိထားမိမှာ မဟုတ်ဘူး… ဝိဉာဉ်စားနတ်ဆိုးက နောက်ဆုံးတော့ ငါ့ကို စားချင်နေမှာပဲ…. သူပြောခဲ့တဲ့ စကားအရ ငါက နံပါတ် (၃)...သူက နံပါတ် (၂) တဲ့…ဒါဆို နံပါတ် (၁) ရှိသေးတာလား… ဝိဉာဉ်စားနတ်ဆိုးက သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်ဘဲ လူတွေ ဖန်တီးထားတာ ဖြစ်နိုင်တယ်… ဘာပဲဖြစ်ဖြစ် စားခံရတာက ဘာမှ မဟုတ်ဘူး.. ငါ ပြင်ဆင်ထားပြီးသားပါ… စားခံရတာကိုလည်း ငါ အတွေ့အကြုံ ရှိပြီးသားပဲ"

စိမ်းပြာရောင်ဝါးမြွေနဂါးတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ​လီလင်ကျင်း၏ နှုတ်ခမ်းပါးလေး အနည်းငယ် ကွေးညွတ်သွားသည်။ သူမ၏ လှပသော မျက်နှာနှင့် ယှဉ်ကြည့်လျှင် ထိုအပြုံးက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသည်။

​ဤအချိန်တွင် ဝိဉာဉ်စားနတ်ဆိုးက အောက်သို့ ငုံ့ကြည့်လိုက်ပြီး ကလေးငိုသံကဲ့သို့ နားကွဲမတတ် အော်ဟစ်လိုက်ပြန်သည်။

​ထိုအသံကြောင့် အားလုံး မျက်နှာပျက်သွားကြသည်။ အစွမ်းထက်သူများပင် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဝိဉာဉ်စားနတ်ဆိုးက လူသတ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေချေပြီ။

​အချို့မှာ မြူခိုးများကို ဂရုမစိုက်ဘဲ ကြောက်ရွံ့စွာဖြင့် ပြေးထွက်သွားကြသည်။

​သို့သော် ခြေလှမ်းအနည်းငယ်ပင် မလှမ်းလိုက်ရခင်မှာပင် မြူခိုးများက သူတို့ကို ဝါးမြိုသွားပြီး သူတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကို တိုက်စားသွားသည်။ ထို့နောက် သူတို့၏ ခြေလှမ်းများ တောင့်တင်းသွားပြီး မျက်လုံးများ မှောင်မိုက်သွားကာ မျက်လုံးများထဲတွင် ပိုးကောင်များ တွားသွားနေသည်ကို မြင်တွေ့ရသည်။

​နောက်တစ်ခဏတွင် ကိုယ်ခန္ဓာကို ပုံဖျက်ကာ ခြေလက်လေးဖက်ဖြင့် တွားသွား၍ ပြန်လာကြသည်။

​ထိုမြင်ကွင်းက ကျန်ရှိနေသူများအတွက် စိတ်ပျက်အားငယ်မှုများကို ဖြစ်ပေါ်စေသည်။

​ဝိဉာဉ်စားနတ်ဆိုးက အောက်ရှိ မြင်ကွင်းကို ဆက်လက် ကြည့်ရှုရင်း လီလင်ကျင်းကို အာရုံစိုက်လိုက်သည်။ သူမသာလျှင် ပစ်မှတ်အစစ်အမှန် ဖြစ်ပုံရသည်။

​ထို့နောက် ဧရာမ လက်မောင်းကြီးကို ဆန့်တန်းလိုက်ရာ သွားများဖြင့် ပြည့်နှက်နေသော လက်ဝါးထဲကနေ အချွန်အတက်များဖြင့် ဖုံးလွှမ်းနေသော သွေးရောင်အရိုး ဆူးတစ်ချောင်းကို ပန်းထုတ်လိုက်သည့်အခါ ​အရိုးဆူးများက လျှပ်စီးကဲ့သို့ လေထဲတွင် ပျံသန်းသွားသည်။

​လီလင်ကျင်းအဖို့ ပုန်းကွယ်ရန် အချိန်မရှိပေ။ နောက်တစ်ခဏတွင် အရိုးဆူးများက အားလုံး၏ အံ့ဩသော အကြည့်များအောက်တွင် သူမ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး မြေပြင်ပေါ်သို့ စိုက်ဝင်သွားသည်။

​ ထိုရုတ်တရက် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း သူမ၏ လှပသော မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင် လုံးဝ မရှိဘဲ ဝိဉာဉ်စားနတ်ဆိုးကို အေးစက်စက်သာ စိုက်ကြည့်နေသည်။

​ဝိဉာဉ်စားနတ်ဆိုးကလည်း ကြမ်းတမ်းသော ရယ်မောသံကို ထုတ်လွှတ်လိုက်ပြန်သည်။ အရိုးဆူးကို ကောက်ယူလိုက်သည့်အခါ လီလင်ကျင်း၏ ပျော့ညံ့သော ခန္ဓာကိုယ်မှာလည်း အတူတူ ပါသွားသည်။ ထို့နောက် လက်ဝါးရှိ ပါးစပ်ကြီးက အရိုးဆူးကို ဝါးမြိုရန် ပြင်ဆင်နေသည်။

​လီလင်ကျင်းတယောက် လက်ဝါးဆီသို့ တဖြည်းဖြည်း နီးကပ်သွားသည်။

​ဧရာမ ပါးစပ်ကြီးက ဆာလောင်စွာဖြင့် ဝါးမြိုရန် ပြင်ဆင်နေပြီး အစာမစားခင် တံတွေးယိုစီးနေသည့် သားရဲတစ်ကောင်ကဲ့သို့ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ၎င်းမှာ အစာကို လောဘကြီးစွာဖြင့် စောင့်မျှော်နေသကဲ့သို့ပင်။

​ဤမြင်ကွင်းက လူတိုင်းကို စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုများကို ခံစားရစေသည်။

​သို့သော် ပါးစပ်နှင့် အရိုးဆူး ဆယ်ပေအကွာတွင် ရှိနေစဉ် ဝိဉာဉ်စားနတ်ဆိုး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ ၎င်းသည် မိမိ၏ အသက်အန္တရာယ်ကို ချက်ချင်း ခံစားမိလိုက်ခြင်းကြောင့်ပင်။

​"သေစမ်း... ငါ့အစ်မကို ချပေးလိုက်စမ်း!"

​ဤအချိန်တွင် ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

​ရင်းနှီးနေသော အသံကြောင့် လီလင်ကျင်း၏ တည်ငြိမ်နေသော အမူအရာပင် တမျိုးပြောင်းသွားခဲ့သည်။

​သူမ ခေါင်းကို အမြန် မော့ကြည့်လိုက်တော့ ခန်းမဆောင်တစ်ခု၏ အပေါ်တွင် ပိန်သွယ်ပြီး အရပ်ရှည်သော လူငယ်တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။

​လီလော့ မဟုတ်ပါက ဘယ်သူဖြစ်မည်နည်း။

​လီလင်ကျင်းက အသက်ကို ပြင်းပြင်းရှူနေရင်းနှင့်…

အဲဒီကလေးစုတ် မြူခိုးတွေကြားထဲက ထွက်ပြေးသွားပြီ မဟုတ်ဘူးလား…ဘာလို့ ပြန်လာရတာလဲ…

​သို့သော် သူမ၏ ဒေါသနှင့် ရှုပ်ထွေးသော ခံစားချက်များက သူမ၏ ရင်ထဲတွင် ပေါက်ကွဲသွားသည်။

​သူမကို တစ်ယောက်တည်း ဒုက္ခရောက်စေခဲ့ပြီး ပြန်လာ၍ ကာကွယ်ပေးမည်လော…

​"အစ်မလင်ကျင်း…အစ်မကို ကယ်ဖို့ ကျွန်တော် ရောက်လာပြီ…"

လီလော့က အော်ဟစ်လိုက်ပြီး ကောင်းကင်နဂါးနေဖမ်းလေးကို အပြည့်အဝ ဆွဲတင်လိုက်ပြီး လက်ချောင်းဖြင့် အသာလေး ပုတ်လိုက်ရာ ရွှေရောင်မီးတောက် မှော်စာလုံး ရောက်ရှိသွားသည်။

​နောက်တစ်ခဏတွင် ရွှေရောင်မီးတောက်များ လေးတစ်ခုလုံးကို လောင်ကျွမ်းသွားပြီး မီးတောက်မြှားတစ်ခု ဖြစ်ပေါ်လာသည်။

ထို​မီးတောက်မြှားက ရွှေရောင်ဖြစ်ပြီး ထိုနေရာရှိ လူတိုင်းပင် ထိတ်လန့်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။

​ထိုအငွေ့အသက်များက အလွန် ပြင်းထန်သဖြင့် ကျူးကျူးနှင့် ချင်ယင်းတို့ပင် ထိတ်လန့်စွာဖြင့် အမူအရာ ပြောင်းလဲသွားကြပြီး လီလော့ကို မယုံနိုင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ ပုလဲအဆင့် ကျင့်ကြံသူ တစ်ဦးက ဤမျှ အစွမ်းထက်သော မြှားတစ်စင်းကို ပစ်လွှတ်နိုင်လိမ့်မည်ဟု သူတို့၏ အိပ်မက်ထဲတွင်ပင် မတွေးထားခဲ့ပေ။

​ချင်ရီပင်လျှင် လီလော့ကို ကြည့်ရင်း အနည်းငယ် တုန်ယင်နေသည်။

​"ဒီကောင်စုတ် တကယ်ပဲ အောင်မြင်သွားတာလား…."

All Chapters