အခန်း ၈၈၄
Vol. 75 Ch. 884
အပိုင်း (၈၈၄)
နောက်နှစ်၊ နှစ်လပိုင်း ခုနစ်ရက်နေ့...
တာ့ယန် အင်ပါယာသည် စစ်တပ် တစ်သန်း ခုနစ်သိန်းကို စုရုံးကာ အရှေ့၊ တောင်၊ အနောက် လမ်းကြောင်း သုံးခုမှနေ၍ တာ့ရှနိုင်ငံကို ဝင်ရောက် တိုက်ခိုက်၏။
ငါးလပိုင်း သုံးရက်နေ့....
တာ့ရှ နိုင်ငံ၏ သုံးပုံတစ်ပုံသော နယ်မြေ ကျဆုံးသွားသည်။
ခြောက်လပိုင်း ခုနစ်ရက်နေ့...
တာ့ယန် အင်ပါယာ၏ စစ်သည်တစ်သန်းခွဲသည် ရှကျင်းမြို့တော်ကို တရားဝင် ဝိုင်းရံ ပိတ်ဆို့လိုက်သည်။ နှစ်ဖက်စလုံး၏ အဆုံးအဖြတ် တိုက်ပွဲ တရားဝင် ပေါက်ကွဲထွက်လာ၏။
ခုနှစ်လပိုင်း ခြောက်ရက်နေ့။
တာ့ရှ နိုင်ငံ မြို့တော် ကျဆုံးသွားပြီး တာ့ယန် အင်ပါယာ၏ စစ်တပ် တစ်သန်း မြို့တွင်းသို့ ဝင်ရောက်လာသည်။
တာ့ရှ နိုင်ငံ နန်းတော် အတွင်းတွင်...
ယခင် တာ့ရှ အင်ပါယာ ဧကရာဇ်၊ ယခု တာရှန်းမိစ္ဆာနိုင်ငံ၏ တာ့ရှ ဘုရင်၊ ယွင်ကျုံးဟဲ့၏ ဦးလေး အရင်း ဖြစ်ပြီး ယွင်ကျုံးဟဲ့နှင့် နက်ရှိုင်းသော ရန်ငြိုး ရှိသူ ရှကျွယ်သည် ပလ္လင်ပေါ်တွင် မှိုင်တွေစွာ ထိုင်နေ၏။
“အရှင်မင်းကြီး... မြန်မြန် ထွက်ပြေးပါတော့။ တာ့ယန် အင်ပါယာ စစ်တပ်တွေ နန်းတော်ထဲ ဝင်လာပါပြီ။”
တာ့ရှ ဘုရင် ရှကျွယ် ၏ အကြည့်များမှာ အနည်းငယ် မှေးမှိန်နေပြီး သူသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အသံကြီးများကို ကြားနေရပြီ ဖြစ်သည်။
မြေကြီး တစ်ခုလုံး တုန်ခါနေပြီး တာ့ယန် အင်ပါယာ၏ စစ်တပ်ကြီးသည် ရေလှိုင်းကြီးများကဲ့သို့ နန်းတော် အတွင်းသို့ ဝင်ရောက်လာနေပြီ ဖြစ်၏။
“ထွက်ပြေးမယ်။ ဘယ်လို ထွက်ပြေးမှာလဲ။။” တာ့ရှ ဘုရင် ရှကျွယ်က တုန်ယင်စွာ မေးလိုက်သည်။
နာရီဝက် အကြာတွင်....
ယွင်ကျုံးဟဲ့ တာ့ရှ နန်းတော် အတွင်းသို့ ဝင်ရောက်သွားသည်။ သူ နောက်ဆုံးတော့ ဤနန်းတော်သို့ ထပ်မံ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ အဘိုးဖြစ်သူ၏ ယခင် နန်းတော် ပင် ဖြစ်သည်။ ဤနန်းတော်ကသာ ယွင်ကျုံးဟဲ့နှင့် အသက်ဆိုင်ဆုံး ဖြစ်လောက်၏။
နာရီဝက် အကြာတွင် တာ့ရှ ဘုရင် ရှကျွယ် နှင့် မိဖုရားခေါင်ကြီး တို့သည် ဝိုင်းရံခံလိုက်ရသည်။
သူ၏ သိုင်းပညာသည် အလွန် မြင့်မားသည်။ ထိုသို့မဟုတ်ပါက ချင်ဝမ် ကိုးယောက်ထဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။ သို့ပေမည့် ယခုအခါ သူသည် လူရာဂဏန်းခန့်၏ ဝိုင်းရံခြင်းကို ခံနေရ၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စား အဆင့်ရှိ အင်အားကြီးသူများပင်လျှင် ဆယ်ဂဏန်းခန့် ရှိနေသည်။
တာ့ရှဘုရင်သည် ခဏမျှ တွေဝေသွားပြီးနောက် စစ်ဓားကို ကိုင်လိုက်သော်လည်း ဖြည်းညင်းစွာ ပြန်ချထားလိုက်ပြီး လက်နက်ချ အရှုံးပေးလိုက်၏။
တစ်ဆယ့်ငါးမိနစ် အကြာတွင် သူသည် ယွင်ကျုံးဟဲ့၏ ရှေ့တွင် ဒူးထောက်နေရပြီ ဖြစ်သည်။
“ခင်ဗျားရဲ့ သိုင်းပညာက အဲဒီလောက် မြင့်နေတာကို ဘာလို့ ပြန်မခုခံတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
တာ့ရှ ဘုရင် ရှကျွယ်က ဖြေသည်။ “ကျုပ်ရဲ့ သိုင်းပညာက အရမ်း၊ အရမ်းကို မြင့်ပါတယ်။ ဒါပေမဲ့... တစ်ခါမှ မသုံးခဲ့ရဘူး၊ တစ်ခါမှ မသုံးခဲ့ရဘူး။”
အကြောင်းပြချက် မရှိဘဲ ယွင်ကျုံးဟဲ့သည် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုထဲက မြင်ကွင်း တစ်ခုကို သတိရသွား မိသည်။ အထူး လာဘ်စားသူကြီး တစ်ယောက်က အခန်း အပြည့် ရှိနေသော ငွေကြေး သန်းရာချီကို လက်ညှိုးထိုးပြီး ကျုပ် တစ်ပြားမှ မသုံးခဲ့ရပါဘူးလို့ ငိုယိုပြီး ပြောနေသည့် မြင်ကွင်းပင်။
“မသင့်တော်ဘူး... မသင့်တော်ဘူးလေ...”
တာ့ရှ ဘုရင်က တုန်ယင်စွာ ပြောလိုက်သည်။ “ဘယ်အချိန်ကစပြီး ဘုရင် တစ်ပါးက ကိုယ်တိုင် သိုင်းပညာ သုံးဖို့ လိုအပ်သွားတာလဲ။ ဘုရင် တစ်ပါးက ကိုယ်တိုင် ဓားဝှေ့ယမ်းဖို့ လိုအပ်သွားတာလဲ။ အရမ်း ရှက်ဖို့ကောင်းပါတယ်။”
ဤစကားတစ်ခွန်းက လူအများအပြား၏ ရင်ထဲသို့ တိုက်ရိုက် ထိမှန်သွား၏။
သေချာပေါက် တရုတ်သမိုင်းတွင် မြင်းပေါ်မှ ဘုရင်များ အများအပြား ရှိခဲ့ပြီး အစောပိုင်း ကာလများတွင် စစ်မြေပြင် ရှေ့တန်း၌ ကိုယ်တိုင် တိုက်ပွဲဝင်ရန် လိုအပ်ခဲ့သည်။
သို့ပေမည့် အချိန် အများစုတွင် ဧကရာဇ် တစ်ပါးက ကိုယ်တိုင် စစ်မြေပြင်သို့ ထွက်ပြီး ရန်သူကို သတ်ဖြတ်ရန် မလိုအပ်ပေ။
ထိုဧကရာဇ်မင်းများသည် ကိုယ်တိုင်ကိုယ်ကျ သိုင်းပညာရပ်များကို လေ့ကျင့်ဆည်းပူးနိုင်ကြသလို အလွန်တရာလည်း အင်အားကြီးမားနိုင်ကြပေသည်။ သို့သော်လည်း မည်သည့်ခေတ်ကာလကစ၍ သိုင်းပညာအစွမ်းအစအပေါ် အခြေခံကာ အဆင့်အတန်းများကို ခွဲခြားသတ်မှတ်ခဲ့ကြပါသနည်း။
သိုင်းပညာအမြင့်ဆုံးသူက ဧကရာဇ်၊ သိုင်းပညာ အနည်းငယ်နိမ့်ပါးသူက ဘုရင်၊ ထိုအောက်အဆင့်ဆိုလျှင်မူ မြို့စား ဟူ၍ အာဏာနှင့် ရာထူးအဆင့်အတန်းကို ပိုင်းခြားထားခြင်းမျိုးမှာ အလွန်ပင် ယုတ္တိကင်းမဲ့ပြီး မဆီလျော်လှပေ။
ရှကျွယ်သည် ယခင်က တာ့ရှ အင်ပါယာ၏ အိမ်ရှေ့မင်းသားလည်း ဖြစ်ခဲ့ပြီး အာဏာ၏ ခမ်းနားထည်ဝါမှုကို လိုက်စားခဲ့သူ ဖြစ်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလို့ မထွက်ပြေးတာလဲ။”
တာ့ရှ ဘုရင် ရှကျွယ်က ဖြေသည်။ “ဘယ်ကို ထွက်ပြေးရမှာလဲ။ မိစ္ဆာမြို့တော်ကို ထွက်ပြေးရမှာလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ မေးလိုက်၏။ “အင်း... တာယင်ဘုရင်၊ ကုန်းစွန်းယန်တို့ အားလုံး မိစ္ဆာမြို့တော်ကို ထွက်ပြေးသွားကြတာလေ။ ခင်ဗျားလို တာ့ရှ ဘုရင်က ဘာလို့ ထွက်မပြေးရတာလဲ။”
ရှကျွယ်က ဖြေသည်။ “သူတို့က ကျုပ်ကိုမှ မကြိုဆိုတာ။ အမိန့်တော် မရှိဘဲနဲ့ ကျုပ် ဘယ်လို ထွက်ပြေးမှာလဲ။ တာ့ရှ နိုင်ငံ မရှိတော့ရင် ကျုပ်က ဘာမှ မဟုတ်တော့ဘူးလေ။ မိစ္ဆာမြို့တော်ကို သွားပြီး သူများ လက်အောက်မှာ နေရမှာလား။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဘိုးနဲ့ ဘွားဘွားကြီးကော။”
ရှကျွယ် တိတ်ဆိတ်သွားသည်။
ယွင်ကျုံးဟဲ့က အေးစက်တင်းမာနေသည့် လေသံဖြင့် မေးလိုက်၏။ “ပြောစမ်း... အဘိုးနဲ့ ဘွားဘွားကြီး ကော။”
ရှကျွယ်က ဖြေသည်။ “ခမည်းတော်က အသက် အရမ်း ကြီးနေပါပြီ။ အဲဒီတုန်းက ခင်ဗျား ပြန်လာတော့ သူက စိတ်ထဲမှာ ဝမ်းသာနေပြီး ခင်ဗျားရဲ့ ကုသမှုကို ခံယူခဲ့ရလို့ ခန္ဓာကိုယ်ကလည်း အများကြီး ပြန်ကောင်းလာခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သင်္ချိုင်းဂူ အဖြစ်အပျက် ပြီးတဲ့နောက်မှာ သူ ဒဏ်ရာ ရသွားခဲ့တယ်။ အဲဒီနောက်မှာ ခန္ဓာကိုယ်က တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတယ်။
သေချာပေါက် သူ့မှာ အခွင့်အရေး ရှိခဲ့ပါတယ်။ ကျုပ်တို့က သူ့ကို အသွင်ပြောင်းစေချင်ပြီး ပြန်လည် နုပျိုစေချင်ခဲ့တယ်။ အထူးသဖြင့် အဘွားပေါ့။ သူ့ရဲ့ သွေးကြောက အရမ်း အင်အားကြီးပါတယ်။ ဒါပေမဲ့ ခမည်းတော်နဲ့ အဘွားက ငြင်းပယ်ခဲ့ပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ လူတွေ မဖြစ်ချင်ခဲ့ကြဘူး။ သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်။”
ယွင်ကျုံးဟဲ့၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်၏။
“ဒါဆို... မိဖုရားနင် ကော။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
မိဖုရားနင် ဆိုသည်မှာ အဘိုး ယုံချီဧကရာဇ်၏ မိဖုရား၊ ယွင်ကျုံးဟဲ့၏ ဖခင် ထျန်းအန်း အိမ်ရှေ့မင်းသား၏ အဒေါ်ငယ် ဖြစ်၏။
ရှကျွယ်က ဖြေလိုက်သည်။ “ခမည်းတော်ရဲ့ နောက်ကို လိုက်သွားခဲ့တယ်။”
ယွင်ကျုံးဟဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် ထပ်မံ စကားမပြောတော့ပေ။
နောက်ဆက်တွဲ တစ်လ အတွင်းတွင် တာ့ယန် အင်ပါယာ၏ စစ်တပ်များသည် အရပ်လေးမျက်နှာသို့ ထွက်ခွာ တိုက်ခိုက်ကြပြီး တာ့ရှ နိုင်ငံ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် အင်ပါယာသည် ကြီးမားသော လူထု တရားစီရင်ပွဲကြီးကို ကျင်းပခဲ့သည်။ လူထု တရားစီရင်ပွဲ၏ ပစ်မှတ်မှာ တာရှန်းမိစ္ဆာနိုင်ငံ၏ တာ့ရှ ဘုရင်၊ အာဏာလုယူခဲ့သော ယခင် တာ့ရှ အင်ပါယာ ဧကရာဇ် ရှကျွယ် ပင် ဖြစ်၏။
လူထု တရားစီရင်ပွဲ တစ်ခုလုံးသည် ရက်အတော်ကြာ ကြာမြင့်ခဲ့၏။ နောက်ဆုံးတွင် ရှကျွယ် သည် ကြီးမားသော ပြစ်မှုကြီး အချို့ကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ပထမ ပြစ်မှု - ဖခင်အရင်း ဧကရာဇ် ယုံချီကို လုပ်ကြံရန် ကြိုးပမ်းပြီး သူ့ကို အချိန် အကြာကြီး သတိလစ် မေ့မြောနေစေခဲ့ခြင်း၊ ဒုတိယ ပြစ်မှု - ဧကရာဇ် ယုံချီကို တရားမဝင် အကျဉ်းချထားပြီး ဘုရင်ရာထူးကို လုယူခဲ့ခြင်း၊ တတိယ ပြစ်မှု - ဘိုးဘေးများကို သစ္စာဖောက်ပြီး ကိုယ်ပိုင် အာဏာအတွက် တာရှန်း မိစ္ဆာနိုင်ငံနှင့် တိတ်တဆိတ် ပူးပေါင်းခဲ့ခြင်း။
စတုတ္ထ ပြစ်မှု - ဧကရာဇ် ယုံချီ၊ မိဖုရားခေါင်ကြီးနှင့် မိဖုရားနင် တို့ သေဆုံးမှုအတွက် ရှောင်လွှဲ၍ မရသော တာဝန် ရှိခြင်း၊ ပဉ္စမ ပြစ်မှု - တာရှန်းမိစ္ဆာနိုင်ငံ၏ မှောင်မိုက်သော မူဝါဒများကို တက်ကြွစွာ တွန်းအားပေး လုပ်ဆောင်ပြီး တာ့ရှ နိုင်ငံ၏ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း တို့ဖြစ်၏။
နောက်ဆုံးတွင် ကြီးမားသော ပြစ်မှုကြီး အားလုံး ပေါင်းစပ်၍ တာ့ရှ ဘုရင် ရှကျွယ် ကို ခေါင်းဖြတ် သတ်ရန်နှင့် တာ့ရှ ဘုရင်၏ မိခင်ကို မြင်းဖြင့် ဆွဲဖြဲ သတ်ရန် ပြစ်ဒဏ် ချမှတ်လိုက်သည်။
ရက်အနည်းငယ်အကြာတွင် ပြည်သူသိန်းချီ၏ ရှေ့မှောက်၌ တာ့ရှဘုရင် ရှကျွယ်ကို ခေါင်းဖြတ် သတ်လိုက်သည်။ တာ့ရှဘုရင်၏ မိခင်ကို အရှင်လတ်လတ် မြင်းဖြင့် ဆွဲဖြဲ သတ်လိုက်၏။
ဤသည်မှာ ယွင်ကျုံးဟဲ့က တာရှန်းမိစ္ဆာနိုင်ငံ၏ အမတ်ကြီး တစ်ဦးကို ပထမဆုံးအကြိမ် တရားဝင် ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်၏။ ရှကျွယ် သည် တစ်နည်းအားဖြင့် သူ၏ ဦးလေးအရင်း ဖြစ်သော်လည်း တိုက်ရိုက် သေဒဏ် ချမှတ်ခံလိုက်ရသည်။
ဆရာကြီး လီထိုက်အာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက ပို၍ပင် စောစီးစွာ သေဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ရှကျွယ် အာဏာလုယူပြီးနောက် ဒုတိယနှစ်တွင် လီထိုက်အာ သည် ရောဂါဖြင့် သေဆုံးသွားခဲ့၏။
ထိုနေ့ညတွင် ယခင် တာ့ရှ အင်ပါယာ၏ အမတ်ဟောင်း ရာပေါင်းများစွာသည် ယွင်ကျုံးဟဲ့၏ ရှေ့တွင် ဒူးထောက်ကာ သက်တော်ရာကျော် ရှည်ပါစေဟု အော်ဟစ်ကြပြီး တစ်ဖက်မှ ငိုကြွေးကာ၊ တစ်ဖက်မှ ဝမ်းသာအားရ အော်ဟစ်နေကြသည်။
ယွင်ကျုံးဟဲ့ ပြန်လည် ရောက်ရှိလာခြင်းသည် တာ့ရှ အင်ပါယာ၏ အမတ်များအတွက် အလွန် ကြီးမားသော အဓိပ္ပာယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဧကရာဇ် ယုံချီ ကိုယ်တိုင် ချီးမြှင့်ခဲ့သော ယန်ချင်ဝမ် ဖြစ်ပြီး ရှယန် ဟု အမည်ပေးခံခဲ့ရသူ ဖြစ်သောကြောင့်ပင်။
တာ့ရှ အင်ပါယာ အမတ် အများအပြား၏ အမြင်တွင် ယွင်ကျုံးဟဲ့ ပြန်လည် ရောက်ရှိလာခြင်းသည် တာ့ရှ အင်ပါယာက သမိုင်းဝင် တာဝန်ကို ပြီးမြောက်သွားစေခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဆယ့်တစ်လပိုင်း ခုနစ်ရက်နေ့...
တာ့ယန် အင်ပါယာ ရေတပ် အဓိက အင်အားစု၊ ပိုင်ယင် ဘုရင်နိုင်ငံ ရေတပ် အဓိက အင်အားစုတို့ ပူးပေါင်းကာ လူငါးသိန်းဖြင့် တာရှန်းမိစ္ဆာနိုင်ငံ၏ ပင်လယ်ရပ်ခြားရှိ တစ်ခုတည်းသော ဘုရင်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်၏။
ရွှေရောင်တိုက်ကြီးကို ဝင်တိုက်ခြင်းဖြစ်၏။ ဤနေရာသည်လည်း ချင်ဝမ် ကိုးယောက်ထဲမှ တစ်ဦးက စောင့်ရှောက်ထားခြင်း ဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အရင်းအမြစ် ထောက်ပံ့ရာ နေရာ ဖြစ်ပြီး တာရှန်းမိစ္ဆာ နိုင်ငံ၏ သတ္တုတွင်း အများစုသည် ရွှေရောင်တိုက်ကြီးမှ လာခြင်း ဖြစ်သည်။
ရေတိုက်ပွဲတွင် အခြေခံအားဖြင့် မည်သည့် အခက်အခဲမှ မကြုံတွေ့ခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် တာရှန်း မိစ္ဆာနိုင်ငံသည် ပိုင်ယင်မြို့၏ ဩဇာလွှမ်းမိုးမှုမှ လွတ်ကင်းရန်နှင့် ကိုယ်ပိုင် ရေတပ်ကို တည်ဆောက်ရန် အမြဲ ကြိုးစားခဲ့သော်လည်း အခြေခံ အုတ်မြစ် မရှိသောကြောင့် ဆယ်နှစ်ကျော်အတွင်း တည်ဆောက်ထားသော ရေတပ်မှာ အကန့်အသတ် ရှိနေသောကြောင့်ပင်။
ငါးရက်ဆိုသည့် အချိန်အတောအတွင်းမှာပဲ ရွှေရောင်တိုက်ကြီး၏ ရေတပ်အားလုံး အမြစ်ပြတ် ချေမှုန်းခံ လိုက်ရသည်။ စစ်သည် သိန်းချီ ရွှေရောင်တိုက်ကြီးပေါ်သို့ ဆင်းသက်လာကြ၏။
ဆယ့်နှစ်လပိုင်း တစ်ဆယ့်ရှစ်ရက်နေ့...
တာ့ယန် အင်ပါယာသည် ရွှေရောင်နန်းတော်ကို တရားဝင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။ ထိုအချိန်မှစ၍ တာရှန်းမိစ္ဆာနိုင်ငံ၏ ပဉ္စမမြောက် ဘုရင်နိုင်ငံ ကျဆုံးသွားခဲ့ပြီဖြစ်သည်။
တာ့ယန် အင်ပါယာသည် ရွှေရောင်တိုက်ကြီး၊ အကြွယ်ဝဆုံး သတ္တုတွင်းများ ရှိသော တိုက်ကြီးကို သိမ်းပိုက်နိုင်ခဲ့၏။
နောက်ထပ် နွေဦး ပွဲတော်တစ်ခု ရောက်ရှိလာပြန်၏။ တာ့ယန် အင်ပါယာ တစ်ခုလုံးသည် ပျော်ရွှင် အေးချမ်းသော ပွဲတော်ရက်ကို ဖြတ်သန်းခဲ့ကြသည်။
စစ်ပွဲ ကာလအတွင်း ဖြစ်သော်လည်း ပစ္စည်းဥစ္စာများ အလွန် ကြွယ်ဝနေပြီး ပြည်သူ အများစု၏ ဘဝမှာ အရင်ကထက် ပိုမို ကောင်းမွန်လာခဲ့၏။
နှစ်သစ်ကူး ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်တွင် တာ့ယန် အင်ပါယာ၏ မိုင်သောင်းချီ ကျယ်ဝန်းသော နယ်မြေ အရပ်ရပ်တွင် မီးရှူးမီးပန်းများ လွှတ်တင်နေကြသည်။
မရေမတွက်နိုင်သော လူများက အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ ဟု ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
လေးလပိုင်း ရှစ်ရက်နေ့...
တာ့ယန် အင်ပါယာသည် စစ်သည် တစ်သန်းသုံးသိန်းကို စုရုံးကာ အရှေ့၊ အနောက်၊ တောင် လမ်းကြောင်း သုံးခုမှနေ၍ တာ့ရှီနိုင်ငံ အတွင်းသို့ ဝင်ရောက် တိုက်ခိုက်သည်။
ထိုနှစ် ဆယ်လပိုင်း ဆယ့်ငါးရက်နေ့...
တာ့ယန် အင်ပါယာ၏ စစ်တပ် တစ်သန်းသည် ရှီကျင်း မြို့တော်ကို ဝိုင်းရံထားလိုက်သည်။ လဝက် အကြာတွင် ရှီကျင်း မြို့တော် ကျဆုံးသွား၏။
တာ့ရှီ နိုင်ငံ ပျက်စီးသွားပြီး တာ့ရှီ ဘုရင်မ ယောင်ရောင် သည် စောစောတည်းက ပျောက်ကွယ်သွားခဲ့၏။ ယခင် တာ့ရှီ အင်ပါယာ ဧကရာဇ် နှင့် ယခင် တာ့ရှီ အိမ်ရှေ့မင်းသား လီကျိုးတို့ အဖမ်းခံရသည်။
“အပြစ်သား လီကျိုး... အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။” လီကျိုးသည် အစွမ်းကုန် ခေါင်းငုံ့၍ အရိုအသေပေးလိုက်၏။
ဤသူနှင့်လည်း အနှစ်နှစ်ဆယ်နီးပါး မတွေ့ခဲ့ရပေ။ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်မှာ ရိုလန် ဘုရင်နိုင်ငံတွင် ဖြစ်ကြောင်း မှတ်မိနေသေးသည်။ ထိုအချိန်က သူသည် ကျင်းဝူရွှမ်းကို သဘောကျပြီး ကျင်းကျုံးယွဲ့ကို အတင်းအဓမ္မ လက်ထပ်ရန် ကြိုးစားလိုသောကြောင့် ရိုလန် ဘုရင်နိုင်ငံကို တိုက်ခိုက်ရန် စစ်သည်သိန်းချီကို ဦးဆောင်လာခဲ့သည်။
ရလဒ် အနေဖြင့် ယွင်ကျုံးဟဲ့သည် ရေနံကြောကို တူးဖောက်လိုက်၍ ရေနံများ ရူးသွပ်စွာ ပန်းထွက်လာပြီး မီးရှို့လိုက်ရာ တာ့ရှီ အင်ပါယာ၏ စစ်တပ် သိန်းချီ လုံးဝ မီးလောင် ပြာကျသွားခဲ့သည်။ ထိုနောက်ပိုင်းတွင် လီကျိုး အိမ်ရှေ့မင်းသားသည် ယွင်ကျုံးဟဲ့ကို အဆက်မပြတ် ဆက်လက် ဆန့်ကျင်ခဲ့၏။
တာရှန်းမိစ္ဆာနိုင်ငံတည်ထောင်ပြီးနောက် အိမ်ရှေ့မင်းသား လီကျိုးသည်လည်း တာရှန်းမိစ္ဆာနိုင်ငံကို ပထမဆုံး အစွမ်းကုန် ဖားယားခဲ့သူ ဖြစ်ပြီး နောက်ဆုံးတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့စားများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။