အခန်း ၈၈၅
Vol. 75 Ch. 885
အပိုင်း (၈၈၅)
“အရှင်မင်းကြီး... အရှင်မင်းကြီးက ကျုပ်ညီမရဲ့ သတင်းနဲ့ မင်းသားလေး ယွင်ယောင်ရဲ့ သတင်းကို သိချင်နေမယ် ဆိုတာ သေချာပါတယ်။”
လီကျိုးက ပြောလိုက်၏။ “သူတို့က မိစ္ဆာမြို့တော်မှာ ရှိပါတယ်။ သဲကန္တာရထဲမှာ အဖမ်းခံလိုက်ရတာပါ။”
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်မိသည်။ ထိုအချိန်က သူသည် သားဖြစ်သူ ယွင်ယောင်ကို ကယ်တင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံကာ သွေးစွန်းဘုရင်မကို ယွင်ယောင်အား ခေါ်ဆောင်၍ ထွက်ပြေးစေခဲ့ သော်လည်း နောက်ဆုံးတွင် လွတ်မြောက်အောင် မပြေးနိုင်ခဲ့ကြချေ။
“သွေးစွန်းဘုရင်မနဲ့ ယွင်ယောင်က မိစ္ဆာမြို့တော် မှာ ရှိတယ်။ ဘာလုပ်နေတာလဲ။” ယွင်ကျုံးဟဲ့က မေးသည်။
လီကျိုးက ဖြေလိုက်၏။ “အဲဒါကိုတော့ အပြစ်သား မသိပါဘူး။ မိစ္ဆာမြို့တော်ရဲ့ အကြောင်းအရာ အားလုံးကို အပြင်ဘက်ကို လျှို့ဝှက်ထားပါတယ်။ လုံးဝ ပဟေဠိ တစ်ခုလို ဖြစ်နေပြီး ဘာမှ မသိရပါဘူး။”
ယွင်ကျုံးဟဲ့က လက်ဝှေ့ယမ်းလိုက်ရာ လီကျိုး သည် ထပ်မံ၍ အကြိမ်ကြိမ် ခေါင်းငုံ့ အရိုအသေပေးပြီးနောက် ထွက်သွားသည်။
“လူထု တရားစီရင်ပွဲ လုပ်ပြီး သတ်ပစ်လိုက်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
“ကောင်းပါပြီ။” အပြင်ဘက်မှ ထျန်ထိုင်ကျင့်၏ အသံ ထွက်ပေါ်လာသည်။
ခဏအကြာတွင် ယခင် တာ့ရှီ အင်ပါယာ ဧကရာဇ် သည် ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်လာပြီး တုန်ယင်စွာ ဒူးထောက်ကာ ပြောသည်။ “အပြစ်သား... အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
ယွင်ကျုံးဟဲ့ မျက်မှောက်ရှိလူကို ကြည့်လိုက်သည်။ သူသည် ယခုနှစ်တွင် အသက် ကိုးဆယ်ကျော် နေပြီဖြစ်ပြီး ထျန်းကျို့ မြို့စားနှင့် အကြမ်းဖျင်း သက်တူရွယ်တူ ဖြစ်၏။
သို့ပေမည့် ကြည့်ရသည်မှာ တာ့ရှီ ဧကရာဇ် သည် အများကြီး ပိုမို အိုမင်းနေပုံ ရသည်။ အဘယ်ကြောင့် ဆိုသော် သူသည် နောက်ပိုင်းတွင် အသွင်ပြောင်းမှုများ မပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။
“အပြစ်သားရဲ့ တစ်သက်တာကတော့ နောက်ဆုံးမှာ ကြီးကျယ်ခမ်းနားခဲ့ပါတယ်ပဲ ဆိုရမှာပေါ့။”
သက်ကြီးရွယ်အို ဧကရာဇ်က ပြောသည်။ “ကျုပ် ဘိုးဘေးတွေက တာ့ယန် အင်ပါယာရဲ့ နယ်စားပယ်စား တစ်ယောက်ပါ။ ဘုရင် မဟုတ်ပါဘူး၊ မြို့စား တစ်ယောက် သက်သက်ပါ။ ပြီးတော့ လူရိုင်းမျိုးနွယ် တစ်ခု ဖြစ်ပြီး လီမျိုးရိုးကို ချီးမြှင့်ခံခဲ့ရတာပါ။
နောက်ဆုံး ကျုပ် လက်ထက်ကို ရောက်တော့ ဘိုးဘေးတွေရဲ့ အခြေခံ အုတ်မြစ်ကို အဆပေါင်းများစွာ ချဲ့ထွင်နိုင်ခဲ့ပြီး အနောက်ဘက် ဒေသ နိုင်ငံပေါင်း ဆယ်ဂဏန်းကျော်ကို သိမ်းပိုက်နိုင်ခဲ့ကာ တစ်နည်းအားဖြင့် အရှေ့တိုင်း အင်ပါယာအတွက် နယ်မြေ ချဲ့ထွင်ပေးခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ကျုပ်လည်း နောက်ဆုံးတော့ တာ့ကျိုး၊ တာယင် တို့နဲ့ တန်းတူ ရပ်တည်နိုင်ခဲ့ပြီဖြစ်လို့ မြေအောက်က ဘိုးဘေးတွေလည်း သူများ အထင်သေးတာကို ခံရတော့မှာ မဟုတ်ပါဘူး။”
ယွင်ကျုံးဟဲ့ စကားမပြောခဲ့ပေ။
ယခင် တာ့ရှီ ဧကရာဇ်က ဆက်ပြော၏။ “အဲဒါကြောင့် ကျုပ်က နောက်ထပ် တစ်ဆင့် ထပ်တက်ပြီး လောက တစ်ခွင်ကို လွှမ်းမိုးကာ လောကရဲ့ အရှင်သခင် ဖြစ်လာဖို့ စိတ်ကူးခဲ့သေးတယ်။ ဒါပေမဲ့ လောကကြီးက ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်သွားပြီး ကျုပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေက အရမ်း ရယ်စရာ ကောင်းသွားကာ တိုက်ရိုက် တစ်စစီ နင်းခြေခံလိုက်ရတယ်။ သူတို့က ကစားပွဲ စည်းမျဉ်းတွေကို တိုက်ရိုက် ပြောင်းပစ်လိုက်တာကိုး။”
ထို့နောက် သူက ထျန်းကျို့ မြို့စားကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဤအချက်နှင့် ပတ်သက်၍ ယခင် ဧကရာဇ် ထျန်းယန် သည်လည်း နက်ရှိုင်းစွာ ခံစားခဲ့ရသည်။ သူသည်လည်း သူများ၏ စည်းမျဉ်းများကို လက်ခံရန် ကြိုးစားခဲ့သော်လည်း ရလဒ် အနေဖြင့် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်းသာ ဖြစ်ခဲ့၏။
ယခင် တာ့ရှီ ဧကရာဇ်က ပြောလိုက်သည်။ “သူတို့ စည်းမျဉ်း ပြောင်းသွားတော့ အဲဒါဆို... ကျုပ်လည်း မကစားတော့ဘူး။ ဒီလိုပဲ အသက်ဆက်နေလိုက်တော့မယ်။”
ထို့ကြောင့် ယခင် တာ့ရှီ ဧကရာဇ် သည် အသွင်ပြောင်းမှုများတွင် မပါဝင်ခဲ့ဘဲ မျက်လုံး တစ်စုံ အဖြစ်သာ နေထိုင်ကာ တာရှန်းမိစ္ဆာနိုင်ငံအတွင်း၌ လူမေ့ခံရပြီး စကားတစ်ခွန်းမှ မဟတော့ခြင်း ဖြစ်၏။
“ပြောရမယ်ဆိုရင်... လောကကြီး ကမောက်ကမ ဖြစ်သွားတာက နောက်ဆုံးမှာ တာ့ယန် အင်ပါယာကိုပဲ အပြစ်တင်ရမှာပါ။”
ယခင် တာ့ရှီ အင်ပါယာ ဧကရာဇ်က ပြောလိုက်သည်။ “သူရဲကောင်းတွေ မရှိတဲ့ အချိန်မှာ သာမန်လူတွေက နာမည်ကြီးလာတာပေါ့။ အခုတော့ ကောင်းသွားပါပြီ။ အရှင်မင်းကြီးက အမှားတွေကို ပြင်ဆင်ပြီး ဧကရာဇ် အနေနဲ့ ပြန်လည် ရောက်ရှိလာပါပြီ။ အပြစ်သား ကတော့ မျက်လုံး တစ်စုံ အဖြစ် ဆက်လက် တိတ်ဆိတ်စွာ နေထိုင်ပြီး လောကကြီးရဲ့ အပြောင်းအလဲတွေကို စောင့်ကြည့်နေပါတော့မယ်။”
ထိုအချိန်မှစ၍ တာ့ယန် အင်ပါယာသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က နယ်မြေ အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်ဆမက ထပ်မံ တိုးချဲ့နိုင်ခဲ့ပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့ သည်လည်း ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို လုံးဝ ပြန်လည် ရရှိသွားပြီ ဖြစ်၏။ အနည်းဆုံးတော့ ယခုအချိန်တွင် တာ့ယန် အင်ပါယာသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကထက် အများကြီး ပိုမို ကြီးကျယ်ခမ်းနားပြီး ပိုမို အင်အားကြီးမားပြီး ဇာတိမြေ အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက် တာ့ယန် အင်ပါယာ စစ်တပ်များသည် ဆက်လက်၍ ဝင်ရောက် တိုက်ခိုက်ကြသည်။ တာရှန်း မိစ္ဆာနိုင်ငံ၏ လက်အောက်ရှိ ချင်ဝမ် ကိုးယောက်တွင် မိစ္ဆာမြို့တော် အတွင်း၌ ရှိနေသော ယဇ်ပုရောဟိတ်ချုပ် ချင်ဝမ် တစ်ယောက်မှလွဲ၍ ကျန်ရှိနေသော ဘုရင်နိုင်ငံ ရှစ်ခု ရှိ၏။
ယခုအခါ ယွင်ကျုံးဟဲ့က ခြောက်ခုကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်၏။ ကျန်ရှိနေသော ဘုရင်နိုင်ငံ နှစ်ခုမှာ မိစ္ဆာမြို့တော် ၏ အနောက်ဘက်နှင့် မြောက်ဘက်တွင် ရှိသည်။
ဤဘုရင်နိုင်ငံ နှစ်ခုမှာလည်း အသစ် ပေါ်ထွက်လာခြင်း ဖြစ်ပြီး ယခင်က မရှိခဲ့သော နယ်မြေများ ဖြစ်သည်။ တစ်ခုမှာ တီဟိုင် (မြေအောက် ပင်လယ်) ဘုရင်နိုင်ငံ ဟု ခေါ်ဆိုပြီး တစ်ခုမှာ ရွှဲ့ရှန်း (နှင်းတောင်) ဘုရင်နိုင်ငံ ဖြစ်၏။
နှစ်လ အကြာတွင် စစ်သည် တစ်သန်းသည် တာ့ရှီ နိုင်ငံမှ ထွက်ခွာကာ တီဟိုင် ဘုရင်နိုင်ငံသို့ ဝင်ရောက် တိုက်ခိုက်သည်။
ဤစစ်ပွဲကို အလွန် လွယ်ကူစွာ တိုက်ခိုက်နိုင်ခဲ့ပြီး သုံးလအတွင်းမှာပဲ လွင်ပြင်ကြီး ဖြစ်သော တီဟိုင် ဘုရင်နိုင်ငံကို ဖျက်ဆီးနိုင်ခဲ့၏။
ထို့နောက် စစ်တပ်ကြီးသည် တာရှန်းမိစ္ဆာနိုင်ငံ၏ နောက်ဆုံး ဘုရင်နိုင်ငံ ဖြစ်သော ရွှဲ့ရှန်း ဘုရင်နိုင်ငံကို စတင် တိုက်ခိုက်သည်။
ဤဘုရင်နိုင်ငံသည် သဲကန္တာရ၏ မြောက်ဘက်တွင် ရှိပြီး နေရာတိုင်း၌ ကျယ်ဝန်းလှသော နှင်းတောင်ကြီးများ ရှိကာ ယခင် မီတျဲ ချိုင့်ဝှမ်း သည်လည်း ဤနယ်မြေ အတွင်းတွင် ပါဝင်၏။
ဤစစ်ပွဲကို အလွန် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရွှဲ့ရှန်း ဘုရင်နိုင်ငံ တစ်ခုလုံးသည် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ထောင်ချီ မြင့်သော နေရာတွင် ရှိပြီး လမ်းမကြီးများ မရှိသောကြောင့် ဖြစ်သည်။
ဧရာမ အမြောက်ကြီးများကို သယ်ယူပို့ဆောင်ရန် အလွန် ခက်ခဲပြီး ဧရာမ လေသင်္ဘောများဖြင့် အကန့်အသတ်ရှိသော သယ်ယူပို့ဆောင်ရေးကိုသာ ပြုလုပ်နိုင်၏။
တာ့ယန် အင်ပါယာသည် ရွှဲ့ရှန်း ဘုရင်နိုင်ငံကို တိုက်ခိုက်ရန် စစ်တပ် သုံးသုတ် ဆက်တိုက် စေလွှတ်ခဲ့၏။ နောက်ဆုံးတွင် သာမန် စစ်တပ်များဖြင့် တိုက်ခိုက်မည့် အစီအစဉ်ကို လုံးဝ စွန့်လွှတ်လိုက်ပြီး အသွင်ပြောင်း ထားသော အထူး သိုင်းသမား စစ်တပ်များကိုသာ စေလွှတ်ခဲ့သည်။
ရွှဲ့ရှန်း ဘုရင်နိုင်ငံ၏ စစ်တပ်သည် စုစုပေါင်း နှစ်သိန်းပင် မပြည့်ဘဲ ဘုရင်နိုင်ငံ အားလုံးတွင် အနည်းဆုံး ဖြစ်သည်။ ထို့အပြင် ရွှဲ့ရှန်း ဘုရင်နိုင်ငံ၏ မြောက်ဘက်တွင် ကျယ်ဝန်းလှသော လူသူကင်းမဲ့သည့် နယ်မြေများ ရှိပြီး အမြဲတမ်း နှင်းများ ဖုံးလွှမ်းနေ၏။
တာ့ယန် အင်ပါယာသည် အသွင်ပြောင်း သိုင်းသမား စစ်သည် သုံးသိန်းခွဲကို အသုံးပြုခဲ့ပြီး တစ်နှစ်တိတိ အချိန်ယူပြီးမှ ရွှဲ့ရှန်း ဘုရင်နိုင်ငံကို ဖျက်ဆီးနိုင်ခဲ့ပြီး ထျန်းရွှဲ့နန်းတော်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ တာရှန်းမိစ္ဆာနိုင်ငံ၏ လက်အောက်ရှိ နန်းတော် အားလုံး တိုက်ခိုက် သိမ်းပိုက်ခံလိုက်ရပြီ ဖြစ်၏။
ယခင် တာယင် နန်းတော်၊ ယခု တာ့ယန် ယာယီ နန်းတော် အတွင်းတွင်...
ယွင်ကျုံးဟဲ့သည် ဧရာမ မြေပုံကြီးကို ကြည့်နေသည်။
လူအများအပြားက ယွင်ကျုံးဟဲ့သည် နန်းတော်ကို တာ့ရှ အင်ပါယာ၏ နန်းတော် အတွင်း၌ သတ်မှတ်မည်ဟု ထင်မြင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူ၏ ဖခင်နှင့် အဘိုးတို့ နေထိုင်ခဲ့ဖူးသော နန်းတော် ဖြစ်ပြီး ယခင် တာ့ရှ အင်ပါယာသည် ကောင်းကင်ဘုံ နိုင်ငံတော် ဖြစ်သောကြောင့် လောက၏ အစစ်မှန်ဆုံး မျိုးဆက်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောကြောင့်ပင်။
ယခုအခါ တာ့ယန် အင်ပါယာကို ပြန်လည် တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ရာ နန်းတော်ကို တာ့ရှ နန်းတော်တွင် သတ်မှတ်ခြင်းက အသင့်တော်ဆုံး ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့သည် ယခင် တာယင် နန်းတော်ကိုသာ ရွေးချယ်ခဲ့၏။
ပထမ အကြောင်းရင်းမှာ သူ၏ အကြီးမားဆုံး ရန်သူမှာ တာရှန်းမိစ္ဆာနိုင်ငံအမှောင် မိစ္ဆာဘုရင် ဖြစ်ပြီး ယခင် တာယင် အင်ပါယာ ဧကရာဇ် လည်း ဖြစ်သောကြောင့်ပင်။
ဒုတိယ အကြောင်းရင်းမှာ တာ့ရှ နန်းတော် အတွင်းတွင် ရင်းနှီးသော သူတစ်ယောက်မျှ မရှိတော့ သောကြောင့် ဝမ်းနည်းစရာ နေရာ တစ်ခု ဖြစ်နေကာ သူ မနေချင်သောကြောင့် ဖြစ်သည်။
“တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဘုရင်နိုင်ငံတွေ အားလုံး ပျက်စီးသွားပြီ။ မိစ္ဆာမြို့တော် တစ်ခုတည်းပဲ ကျန်တော့တယ်၊ ပတ်ဝန်းကျင်က အတောင်ပံတွေ အားလုံး အဖြတ်ခံလိုက်ရပြီ။” ချင်ဝမ် ပိုင်ကုက ပြောလိုက်၏။
ဟုတ်ပေသည်။ မိစ္ဆာမြို့တော် တစ်ခုတည်း ကျန်တော့ခြင်းဖြစ်သည်။
ယွင်ကျုံးဟဲ့ မြေပုံပေါ်ရှိ မိစ္ဆာမြို့တော်ကို ကြည့်နေသည်။ ထိုနေရာမှာ ဤလောကရှိ လျှို့ဝှက် အဆန်းကြယ်ဆုံးနှင့် အန္တရာယ် အများဆုံး နေရာ ဖြစ်၏။
ယခုအချိန်သည် သူ အရှေ့ဘက်သို့ စစ်ချီလာခဲ့သည်မှာ ငါးနှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။ ဤငါးနှစ်တာ ကာလအတွင်း ထိုတာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်သည် တစ်ခါမှ ထွက်ပေါ်လာခြင်း မရှိခဲ့ဘဲ တွက်ကြည့်မည် ဆိုပါက ပျောက်ကွယ်သွားသည်မှာ ရှစ်နှစ် ရှိနေပြီ ဖြစ်သည်။
ငါးနှစ်တိတိ ကြာမြင့်ခဲ့သော စစ်ပွဲကြီးတွင် တာ့ယန် အင်ပါယာသည် လူတစ်သန်းကျော် အသေအပျောက် ပေးဆပ်ခဲ့ရပြီး နောက်ဆုံးတော့ ကြီးကျယ်ခမ်းနားသော အောင်ပွဲကို ရရှိခဲ့၏။
သို့ပေမည့် ခရီးမိုင် တစ်ရာ သွားမည့်သူသည် မိုင်ကိုးဆယ် ရောက်လျှင်ပင် တစ်ဝက်သာ ရောက်သေးသည်ဟု ဆိုရမှာဖြစ်၏။ ကျန်ရှိနေသော မိစ္ဆာမြို့တော် သည် အခက်ခဲဆုံး ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တာရှန်းမိစ္ဆာနိုင်ငံ၏ အကောင်းဆုံး၊ အင်အားအကြီးဆုံး၊ လျှို့ဝှက်အဆန်းကြယ်ဆုံး၊ ကြောက်စရာ အကောင်းဆုံး စစ်တပ်များ အားလုံးသည် မိစ္ဆာမြို့တော် အတွင်းတွင် ရှိနေသောကြောင့်ပင်။
ထို့အပြင် ထိုအတိုင်းအဆမသိ နက်နဲလှသော ဧကရာဇ်ကြီးသည်လည်း မိစ္ဆာမြို့တော်တွင် ရှိနေသည်။
မြေပုံပေါ်တွင် မိစ္ဆာမြို့တော်၏ နယ်မြေသည် စတုရန်း ကီလိုမီတာ တစ်သန်းကျော် ရှိပြီး အများစုမှာ ကျယ်ဝန်းလှသော သဲကန္တာရများ ဖြစ်သည်။ မည်သူကမှ မိစ္ဆာမြို့တော်၏ ကီလိုမီတာ တစ်ထောင် အကွာအဝေး အတွင်းသို့ မချဉ်းကပ်ရပေ။
ဤနှစ်များအတွင်း မိစ္ဆာမြို့တော်သို့ စေလွှတ်ခဲ့သော လူအရေအတွက်မှာ သောင်းချီ ရှိနေပြီ ဖြစ်သော်လည်း တစ်ယောက်ကမှ သတင်းအချက်အလက် အနည်းငယ်မျှ ပြန်လည် ပေးပို့နိုင်ခြင်း မရှိခဲ့ချေ။
မိစ္ဆာမြို့တော် နယ်မြေ အတွင်းသို့ ခိုးဝင်ရန် ကြိုးစားသူတိုင်း တစ်ယောက်မျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ပေ။ လွန်ခဲ့သော နှစ်အတော်ကြာတည်းက မိစ္ဆာမြို့တော် သည် ဝင်ခွင့်သာ ရှိပြီး ထွက်ခွင့် မရှိတော့ပေ။
“အရှင်မင်းကြီး အရှေ့ဘက်ကို စစ်မချီခင် တစ်နှစ် အလိုတည်းက ကျုပ်တို့တွေ မိစ္ဆာမြို့တော်ထဲကို လုံးဝ ဝင်လို့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဧကရာဇ်ရဲ့ အမိန့်တော် မရှိဘဲ ဘယ်သူမှ ဝင်ခွင့် မရှိလို့ပါ။” ဘုရင် ပိုင်ကုက ပြောသည်။
အနက်ရောင်ဘုရင်ကျိုး တို့ကလည်း ဝင်ပြော၏။ “ကျုပ်တို့လည်း အဲဒီလိုပါပဲ။”
“တာ့ရှ ဘုရင်ဟာ တစ်နည်းအားဖြင့် တာယင် ဘုရင်ရဲ့ တိုက်ရိုက် လက်အောက်ခံ ဖြစ်ပေမယ့် သူ စစ်ရှုံးမယ့် နောက်ဆုံး အချိန်လေးမှာတောင် အမိန့်တော် မရခဲ့ဘူး။ အဲဒါကြောင့် သူက မိစ္ဆာမြို့တော် ထဲကို ဝင်ခွင့် မရခဲ့ဘဲ လက်နက်ချ အရှုံးပေးလိုက်ရပြီး နောက်ဆုံးမှာ အရှင်မင်းကြီးရဲ့ ခေါင်းဖြတ် သတ်တာကို ခံခဲ့ရတာပါ။”
“ကျုပ်တို့ တာယင် နိုင်ငံကို တိုက်ခိုက်တဲ့ အချိန်တုန်းက တာယင် ဘုရင်နဲ့ ကုန်းစွန်းယန် တို့ဟာ ဘယ်သူမှ မသိအောင် ပျောက်ကွယ်သွားခဲ့တာပါ။”
“အရှင်မင်းကြီး... အသွင်ပြောင်း သိုင်းသမားတွေ၊ အသွင်ပြောင်း သားရဲတိရစ္ဆာန် အများစုဟာ မိစ္ဆာမြို့တော် အတွင်းမှာ အသွင်ပြောင်းခဲ့ကြတာပါ။ ပြီးတော့ ဒီအနှစ်နှစ်ဆယ် အတွင်းမှာ တာရှန်းမိစ္ဆာနိုင်ငံက ကျွန် သန်းနှစ်ရာလောက်ကို ဖမ်းဆီးခဲ့တယ်။ သူတို့ကို မိစ္ဆာမြို့တော် တည်ဆောက်တဲ့ နေရာမှာ အသုံးပြုခဲ့တာ အပြင် တခြား ဘာတွေ လုပ်ခိုင်းသေးလဲ။”
“ဒီလောက်တင် မကသေးဘူး။ အရှင်မင်းကြီး အရှေ့ဘက်ကို စစ်ချီလာတဲ့ ဒီနှစ်တွေ အတွင်းမှာ တာ့ရှီ နိုင်ငံ၊ တာ့ရှ နိုင်ငံတို့က ပြည်သူတွေကို ရူးသွပ်စွာ ဖမ်းဆီးပြီး မိစ္ဆာမြို့တော် ထဲကို ပို့နေခဲ့ကြတယ်။ အနည်းဆုံးတော့ သန်းဆယ်ဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒီလူတွေကို မိစ္ဆာမြို့တော်ထဲကို ဖမ်းခေါ်သွားတာ ဘာရည်ရွယ်ချက် ရှိလို့လဲ။”
“တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ် ပျောက်ကွယ်နေတာ ဒီရှစ်နှစ်တာ ကာလအတွင်း ဘာတွေများ ဖြစ်နေလို့လဲ။”
“မိစ္ဆာမြို့တော်ထဲမှာ အသွင်ပြောင်း သိုင်းသမား ဘယ်လောက်တောင် ရှိနေမလဲ၊ အသွင်ပြောင်း စစ်တပ်တွေ ဘယ်လောက်တောင် ရှိနေမလဲ။ အရေးအကြီးဆုံး အချက်က ဒီအသွင်ပြောင်း သိုင်းသမားတွေ၊ အသွင်ပြောင်း သားရဲတိရစ္ဆာန် စစ်တပ်တွေက ဘယ်လောက် အဆင့်အထိ အင်အားကြီးမားနေမလဲ။”
ဤအရာများ အားလုံးကို မသိရှိရသေးဘဲ အားလုံး ပဟေဠိများ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပထမဆုံး အနေနဲ့ သေချာတဲ့ အချက် တစ်ချက် ရှိပါတယ်။ မိစ္ဆာမြို့တော်ရဲ့ နေရာ အများစုက သဲကန္တာရတွေ ဖြစ်လို့ လယ်စိုက်လို့ မရပါဘူး။ အဲဒါကြောင့် စားနပ်ရိက္ခာကို ကိုယ်တိုင် မထုတ်လုပ်နိုင်ပါဘူး။”
အနက်ရောင်ဘုရင်ကျိုးက ပြောသည်။ “သက်ဆိုင်ရာ အချက်အလက်တွေအရ ဒီနှစ်တွေ အတွင်းမှာ မိစ္ဆာမြို့တော်ဟာ ဘုရင်နိုင်ငံတွေဆီကနေ နက္ခတ်ဗေဒင် ကိန်းဂဏန်းတွေလို များပြားလှတဲ့ စားနပ်ရိက္ခာတွေကို ကောက်ခံခဲ့ပါတယ်။”
“ဒါပေမဲ့ ဒီစားနပ်ရိက္ခာတွေက နောက်ဆုံးတော့ ကုန်သွားမှာပါပဲ။”
ပိုင်ဖေးဖေးက ပြောသည်။ “ဆိုလိုတာက ကျွန်မတို့က မိစ္ဆာမြို့တော်ကို အချိန် အကြာကြီး ဝိုင်းရံ ပိတ်ဆို့ထားလိုက်ရင် အထဲက လူတွေကို ငတ်သေအောင် လုပ်လို့ ရတယ်မလား။ အဲဒီ အသွင်ပြောင်း သိုင်းသမားတွေ၊ အသွင်ပြောင်း သားရဲတိရစ္ဆာန်တွေလည်း အစားအစာ စားဖို့ လိုတယ်မလား။”