← Chapters

အခန်း ၈၈၆

Vol. 75 Ch. 886

အခန်း ၈၈၆

Vol. 75 Ch. 886

အပိုင်း (၈၈၆)

မိစ္ဆာမြို့တော်၏ မြေမျက်နှာသွင်ပြင်အများစုမှာ သဲကန္တာရများဖြစ်ပြီး လက်ရှိတွင် တာ့ယန်အင်ပါယာ ကလည်း ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်ရာ မည်သည့်စားနပ်ရိက္ခာမှ ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။

အကယ်၍ နှစ်ရှည်လများ ဆက်လက်ပိတ်ဆို့ထားပါက မြို့အတွင်းရှိ စားနပ်ရိက္ခာများ ပြတ်လပ်သွားကာ လူအများစုမှာ ငတ်မွတ်သေဆုံးကြရပေလိမ့်မည်။ ထိုအချိန်သို့ ရောက်ရှိလျှင်မူ တိုက်ခိုက်နေရန်မလိုဘဲ အလိုအလျောက် အနိုင်ရရှိမှာဖြစ်၏။

သေချာပေါက် အထဲမှာ ဓားစာခံ အများအပြား ရှိနေသေးသလို ယွင်ကျုံးဟဲ့၏ မိသားစုဝင်များလည်း ရှိနေသေး၏။ ဥပမာအားဖြင့် သွေးစွန်းဘုရင်မ၊ ယွင်ယောင်၊ အောက်ရှင်း၊ ယွမ်ထျန်းရှဲ့ စသည်တို့ ဖြစ်ပြီး အားလုံး ယွင်ကျုံးဟဲ့၏ ဆွေမျိုးများ ဖြစ်ကြသည်။

သို့ပေမည့် ရိက္ခာ ဖြတ်ပြီး ပိတ်ဆို့ထားလျှင်တောင် သူတို့ ငတ်သေမှာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က တန်ဖိုးအရှိဆုံး ဓားစာခံတွေ ဖြစ်နေခြင်းကြောင့်ပင်။

ယွင်ကျုံးဟဲ့သည် သူ၏ ခေါင်းထဲတွင် နံပါတ် ၉ ကွမ်တမ်၏ တွက်ချက်မှု ပုံစံကို အသုံးပြု၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဤစစ်ပွဲကြီးကို ကြိုတင် တွက်ချက်ကြည့်သည်။

သို့ပေမည့် ကြိုတင်တွက်ချက်မှုမှာ ကျရှုံးခဲ့ရသည်။ အကြောင်းမူ အချက်အလက်များ လုံလောက်မှု မရှိသောကြောင့် တွက်ချက်၍ မရနိုင်ခြင်းကြောင့်ပင်။

နံပါတ် ၉ ကွမ်တမ်ကဲ့သို့သော အရာကပင် နောက်ဆက်တွဲ ဖြစ်ပွားမည့် မိစ္ဆာမြို့တော်စစ်ပွဲကို ကြိုတင် တွက်ချက်နိုင်စွမ်း မရှိဟုဆိုပါက ထိုစစ်ပွဲသည် မည်မျှအထိ ရှုပ်ထွေးကာ မည်မျှအထိ လျှို့ဝှက် ဆန်းကြယ်နေမည်ကို ခန့်မှန်းကြည့်နိုင်သည်။

တစ်လတိတိ အချိန်ယူခဲ့သော်လည်း ယွင်ကျုံးဟဲ့သည် မည်သည့် ဆုံးဖြတ်ချက်မှ မချနိုင်ခဲ့ပေ။

တစ်လပိုင်း ကိုးရက်နေ့တွင် ယွင်ကျုံးဟဲ့သည် အရှေ့တိုင်းမှ ထွက်ခွာပြီး အင်ပါယာ ပြည်တွင်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်၏။

ခြောက်နှစ် ကြာပြီးနောက် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ် ပြည်တွင်းသို့ နောက်ဆုံးတော့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။

ဤအချိန်တွင် တာ့ယန် အင်ပါယာသစ်တွင် နေ့စဉ်နှင့်အမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ ဖြစ်သော်လည်း လောလောဆယ် မပြောသေးပေ။

ယွင်ကျုံးဟဲ့သည် လျှို့ဝှက်စွာ ပြန်လာခဲ့ခြင်း ဖြစ်ပြီး သူ၏ ဦးတည်ရာမှာ လောကဖျက် မြေအောက် အခြေစိုက် စခန်းပင် ဖြစ်သည်။

ဤအချိန်သည် ယွင်ကျုံးဟဲ့ တာ့ယန် အာဏာရှင် ဘုရင် အဖြစ် နန်းတက်ခဲ့သည်မှာ ဆယ့်ခုနစ်နှစ်တိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

တာ့ယန် အင်ပါယာသစ် လျှပ်စစ်မီး အသုံးပြုလာနိုင်ခဲ့သည်မှာ အနှစ်နှစ်ဆယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သလို ယွင်ကျုံးဟဲ့၏ X စီမံကိန်း စတင်ခဲ့သည်မှာ ဆယ့်သုံးနှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

X စီမံကိန်း ဆိုသည်မှာ နျူကလီးယားဗုံး စီမံကိန်း ဖြစ်ပြီး အမေရိကန်၏ မန်ဟက်တန် စီမံကိန်း နှင့် ညီမျှသည်။ ယူရေနီယမ် သတ္တုတွင်းများမှာ ဤလောကတွင်ရှိပြီး အရေအတွက်လည်း မနည်းလှပေ။

ရေဒီယိုသတ္တိကြွ စွမ်းအင်များလည်း စောစောတည်းက ပေါ်ထွက်နေပြီ ဖြစ်၏။ အထူးသဖြင့် ယွင်ကျုံးဟဲ့ ရှာဖွေတွေ့ရှိခဲ့သော ကြောက်စရာကောင်းသည့် ရေဒီယိုသတ္တိကြွမှု ရှိသည့် ဂရပ်ဖိုက်မှုန့်များ ဖြစ်သည်။

မူလက ထိုအရာဖြင့် တာယင် ဧကရာဇ် ကို သတ်ရန် ကြံရွယ်ခဲ့သော်လည်း ရလဒ် အနေဖြင့် သူ့ကို အောင်မြင်စွာ ပြန်လည် မွေးဖွားပြီး အသွင်ပြောင်းသွားစေခဲ့သည်။ ထို့အပြင် ဤရေဒီယိုသတ္တိကြွ စွမ်းအင်များသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က တာရှန်းမိစ္ဆာနိုင်ငံမှ ဆင်းသက်လာခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့သည် အရှေ့ဘက်သို့ စစ်မချီမီတည်းက စဉ်းစားခဲ့ဖူးသည်။ အကယ်၍ တာရှန်းမိစ္ဆာနိုင်ငံသည် သူ ထင်ထားသည်ထက် အများကြီး၊ အများကြီး ပိုမို အင်အားကြီးမားနေပါက နောက်ဆုံးတွင် နျူကလီးယား ဗုံးကို အသုံးပြု၍ စစ်ပွဲကို အဆုံးသတ်ရန် ရွေးချယ်ရမှဖြစ်သည်။

ထို့ကြောင့် ထိုအချိန်တည်းက ရူပဗေဒ ပညာရှင် ထောင်ချီနှင့် ဟေးယန်အင်ပါယာ၏ ယဇ်ပုရောဟိတ် ရာပေါင်းများစွာကို ရွေးချယ်ကာ X စီမံကိန်းတွင် ပါဝင်စေခဲ့သည်။ ယခုအခါ ဆယ်နှစ်ကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

X အခြေစိုက် စခန်းသည် မြေအောက် မီတာ ထောင်ချီ အနက်တွင် ရှိပြီး အတွင်းတွင် ယူရေနီယမ် အမြောက်အမြားနှင့် ပလူတိုနီယမ် အမြောက်အမြား ရှိသည်။

“အရှင်ဧကရာဇ်...”

“အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။”

ယွင်ကျုံးဟဲ့ ရောက်လာသည်ကို မြင်ချိန်မှာတော့ X အခြေစိုက် စခန်း၏ တပ်မှူး အလွန် စိတ်လှုပ်ရှား သွားသည်။ ရူပဗေဒ ပညာရှင်ချုပ်နှင့် ယဇ်ပုရောဟိတ်ချုပ်တို့ လာရောက် ကြိုဆိုကြ၏။

တကယ်တမ်းတွင် ဤစီမံကိန်းကို ကျီးချင့်က တာဝန်ယူပါက အသင့်တော်ဆုံး ဖြစ်သည်။ သေချာပေါက် သူမသည် သက်ဆိုင်ရာ ဘာသာရပ်မှ မဟုတ်သော်လည်း ဤသုတေသနနှင့် ပတ်သက်၍ လူအများအပြား သည် သုညမှ စတင်ရခြင်း ဖြစ်ပြီး သူမကလည်း မိဖုရားခေါင်ကြီး ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် တစ်ကိုယ်ကောင်းဆန်ပြီး သူမကို ဤစီမံကိန်းတွင် တာဝန်ယူခိုင်းရန် မရက်စက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤသုတေသနသည် အလွန် အန္တရာယ်များသောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ရလဒ်က ဘယ်လိုနေလဲ။”

ရူပဗေဒ ပညာရှင်ချုပ်က ဖြေလိုက်သည်။ “အရမ်းကို ရှက်ဖို့ကောင်းပါတယ် အရှင်... ကျုပ်တို့ရဲ့ တိုးတက်မှုက အရမ်း နှေးကွေးလွန်းပါတယ်။ ဆယ့်သုံးနှစ်တိတိ ရှိသွားပြီ ဖြစ်ပေမယ့် ဘာရလဒ်မှ မထွက်ပေါ်လာသေးပါဘူး။”

ယဇ်ပုရောဟိတ်ချုပ်က ပြောလိုက်၏။ “အရှင်ဧကရာဇ်... လက်ရှိမှာ ယူရေနီယမ် နဲ့ ပလူတိုနီယမ် တွေကို ဆက်လက် သန့်စင်နေဆဲပါ။ ကျုပ်တို့ အခုလေးတင် မျိုးဆက်သစ် ဗဟိုခွာစက် တွေကို တည်ဆောက် ပြီးစီးခဲ့ပြီး အင်ပါယာရဲ့ အကြီးမားဆုံး ရေကာတာကြီးနဲ့ အကြီးမားဆုံး လျှပ်စစ်ထုတ်စက် အုပ်စုကြီးကိုလည်း တည်ဆောက်ခဲ့ပါတယ်။ အရာအားလုံးက စီမံကိန်း တစ်ခုလုံး အောင်မြင်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။”

ဤစီမံကိန်းကြီးသည် တကယ်ကို အရမ်း ကြီးမားလွန်းပြီး အထူးသဖြင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်မှာ အလွန် ကြီးမားသည်။

ဤ X စီမံကိန်းအတွက် အင်ပါယာသည် ရန်ပုံငွေ သန်းရာချီ ခွဲဝေပေးခဲ့ပြီး လက်ရှိတွင် အစပျိုး အဆင့်မှာသာ ရှိနေသေး၏။

လောကဖျက် အခြေစိုက် စခန်း၏ အစည်းအဝေး ခန်းမတွင် လေထုက အနည်းငယ် လေးလံနေသည်။

“ကျုပ်တို့က အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ အပြစ်ပေးပါလို့ တောင်းဆိုပါတယ်။” ရူပဗေဒ ပညာရှင်ချုပ်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့သည် အစီရင်ခံစာ တစ်စောင်ပြီး တစ်စောင်ကို ဖတ်ရှုနေပြီးနောက် လူအချို့၏ အဖော်ပြုမှုဖြင့် ယူရေနီယမ်တုံးကို စစ်ဆေးကြည့်သည်။

ဤအရာသည် နျူကလီးယား ကွဲထွက်မှု မဖြစ်ပေါ်သေးသည့် အခြေအနေတွင် ရေဒီယိုသတ္တိကြွမှု ရှိသော်လည်း အန္တရာယ် သိပ်မကြီးမားလှပေ။

‘သန့်စင်မှုက အများကြီး၊ အများကြီး လိုအပ်နေသေးတယ်၊ နျူကလီးယား ကွဲထွက်မှု ဖြစ်ပေါ်ဖို့ မလုံလောက်သေးဘူး။’

“အရှင်မင်းကြီး... ကျုပ်တို့ စစ်ရေး ကတိခံဝန်ချက် ရေးထိုးဖို့ ဆန္ဒရှိပါတယ်။ သုံးနှစ်အတွင်းမှာ လောကဖျက်ဗုံးကို သေချာပေါက် တည်ဆောက်ပြပါ့မယ်။”

ရူပဗေဒ ပညာရှင်ချုပ်က ပြောလိုက်၏။ “အကယ်၍ မတည်ဆောက်နိုင်ရင် ခေါင်းဖြတ်စင်ပေါ်ကို တက်ဖို့ ဆန္ဒရှိပါတယ်။”

ယဇ်ပုရောဟိတ်ချုပ်ကလည်း ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်တို့ စစ်ရေး ကတိခံဝန်ချက် ရေးထိုးဖို့ ဆန္ဒရှိပါတယ်။”

ယွင်ကျုံးဟဲ့ သူတို့ နှစ်ဦး၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။။ “သုံးနှစ်တောင် မလိုတော့လောက်ပါဘူး။ နောက်ထပ် နှစ်နှစ်လောက် နေရင် ခင်ဗျားတို့ဆီက သတင်းကောင်း ရနိုင်လောက်ပါတယ်။ ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို ကျုပ် ယုံကြည်ပါတယ်။”

လောကဖျက် အခြေစိုက် စခန်းကို စစ်ဆေးပြီးနောက် ယွင်ကျုံးဟဲ့သည် ကျီးချင့် နှင့်အတူ သုံးရက်ကြာ နေထိုင်ခဲ့သည်။

ထို့နောက် သူသည် အရှေ့တိုင်း လောကသို့ ချက်ချင်း ပြန်သွားခဲ့သည်။ ပြန်ရောက်ပြီးနောက် သူက တိုက်ရိုက် အမိန့်တော် ထုတ်ပြန်လိုက်သည်။ စစ်တပ်များ စုရုံးကာ တာရှန်းမိစ္ဆာနိုင်ငံ၏ မြို့တော်၊ မိစ္ဆာမြို့တော်ကို ဝင်ရောက် တိုက်ခိုက်မည်။

သုံးလပိုင်း နှစ်ဆယ့်သုံးရက်နေ့တွင် တာ့ယန် အင်ပါယာ၏ အင်ဂျင်နီယာ တပ်ဖွဲ့ တစ်သိန်းကျော်သည် ရှေ့ပြေး အဖြစ် စတင် ထွက်ခွာသွားသည်။

လဝက်ကျော်ကြာ ချီတက်ပြီးနောက် ရင်းနှီးသော ရိုလန် ဘုရင်နိုင်ငံသို့ ရောက်ရှိလာသည်။ ဤနေရာသည် အရင်ကလိုပဲ လွင်ပြင်ကြီး ဖြစ်နေဆဲဖြစ်ပြီး မိုင်ဆယ်ဂဏန်း ပတ်လည်ရှိ မြေပြင်သည် မှန်ရည်ကြည်ကဲ့သို့ ဖြစ်နေဆဲ ဖြစ်၏။

ဤသည်မှာ လွန်ခဲ့သော နှစ်အတော်ကြာက လီကျိုး ၏ စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းစဉ်က မြေအောက်မှ ရေနံများကို မီးရှို့ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ရိုလန်နန်းတော်လည်း ရှိနေဆဲ ဖြစ်သော်လည်း ဆယ်နှစ်ကျော်ကြာ စွန့်ပစ်ထားခဲ့သောကြောင့် သဲများ၏ ဖုံးလွှမ်းခြင်းကို အများစု ခံထားရသည်။ ဤနေရာသည် မိစ္ဆာမြို့တော် ၏ နယ်နိမိတ်နှင့် အလွန် နီးကပ်နေပြီ ဖြစ်၏။

“အရှင်ဧကရာဇ်... အရှေ့ကို နောက်ထပ် မိုင်သုံးရာလောက် သွားရင် မိစ္ဆာမြို့တော်ရဲ့ နယ်နိမိတ်ထဲကို တရားဝင် ရောက်ရှိသွားပါပြီ။”

တကယ့် မိစ္ဆာမြို့တော် အစစ်သည် သဲကန္တာရ၏ ဗဟိုချက်တွင် ရှိပြီး ထိုမြေအောက် ပိရမစ် အုပ်စုကို ဗဟိုပြုထားခြင်း ဖြစ်၏။ မိစ္ဆာမြို့တော်၏ နယ်နိမိတ်သည် စတုရန်း ကီလိုမီတာ တစ်သန်းကျော် ရှိသည်။

“ရိုလန် နန်းတော်နဲ့ ရိုလန်မြို့ကို စူးစမ်း ထောက်လှမ်းပါ။ ပြီးရင် ဒီနေရာမှာ ယာယီ စစ်စခန်း တည်ဆောက်ပါ။” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။

ထို့နောက် လူသောင်းချီက ရိုလန်မြို့၏ နေရာတိုင်းနှင့် ရိုလန် နန်းတော် တစ်ခုလုံးကို အလွန် သတိထားကာ စစ်ဆေးကြသည်။

မည်သည့်အန္တရာယ်မှ မရှိကြောင်း သေချာသွားပြီးနောက် လူတစ်သိန်းကျော်က ဤမြို့ကို စတင် ရှင်းလင်း ကြပြီး ဤနေရာတွင် ယာယီ စစ်စခန်းနှင့် ကာကွယ်ရေး အဆောက်အအုံများကို တည်ဆောက်ကြ၏။

ဤသည်မှာ တာရှန်းမိစ္ဆာနိုင်ငံနှင့် နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်သောကြောင့် အဆင့်တိုင်းကို သေချာစွာ လုပ်ဆောင်ရမှာဖြစ်သည်။

နောက်ဆက်တွဲ အချိန်များတွင် ရိုလန်မြို့ တစ်ခုလုံးသည် ဧရာမ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ပစ္စည်းများကို သယ်ယူပို့ဆောင်လာကြ၏။

ပထမဆုံး အနေဖြင့် ရိုလန်မြို့ကို တိုးချဲ့ တည်ဆောက်ပြီး သံမဏိနှင့် ကွန်ကရစ်များဖြင့် မြို့ရိုးသစ်ကို တည်ဆောက်ကြ၏။ အမြင့် မီတာ ငါးဆယ်၊ အထူ ဆယ့်ငါးမီတာ ရှိသော မြို့ရိုးမျိုး ဖြစ်သည်။

ထို့နောက် မြို့တစ်ခုလုံးတွင် လေယာဉ်ပစ် လက်နက်များ၊ မရေမတွက်နိုင်သော ဧရာမ အမြောက်စင်များကို ပြွတ်သိပ်နေအောင် တပ်ဆင်ကြသည်။

ထို့အပြင် စားနပ်ရိက္ခာများ သိုလှောင်ရန်အတွက် အထူး ဧရာမ သိုလှောင်ရုံ အချို့ကိုလည်း တည်ဆောက်ကြ၏။

လအနည်းငယ်အကြာတွင် ရိုလန်မြို့တစ်ခုလုံးသည် တစ်ခါမှ မရှိဖူးလောက်အောင် ကြီးမားသော ယာယီ စစ်စခန်းကြီး တစ်ခု ဖြစ်လာခဲ့သည်။

သေချာပေါက် ကျင်းကျုံးယွဲ့ သည်လည်း ယွင်ကျုံးဟဲ့ကို ဆွဲခေါ်ကာ ဤနေရာတွင် အချစ်ဟောင်းများကို ပြန်လည် အသက်သွင်းရန် မမေ့ခဲ့ပေ။

ရိုလန် ယာယီ စစ်စခန်းကို တည်ဆောက် ပြီးစီးသွားပြီးနောက် တာ့ယန် အင်ပါယာ၏ စစ်သည် တစ်သန်းသည် အနောက်ဘက် သဲကန္တာရ အတွင်းသို့ တရားဝင် ဝင်ရောက်လာကြသည်။

ထို့အပြင် ရိုလန်မြို့တွင် ယာယီ စစ်တပ် ဦးစီးဌာန ကိုလည်း တည်ဆောက်ခဲ့သည်။ တာ့ယန် အင်ပါယာ၏ အရာရှိ ထောင်ချီ၊ စစ်ရေး အကြံပေး စသူတို့ အားလုံး ယာယီ စစ်တပ် ဦးစီးဌာနသို့ ဝင်ရောက်လာကြ၏။

“အရှင်ဧကရာဇ်... သဲကန္တာရ ဗဟိုချက်က ဒီနေရာကို ဗဟိုပြုပြီး ကီလိုမီတာ တစ်ထောင် အချင်းဝက် ရှိတဲ့ နေရာ အားလုံးဟာ မိစ္ဆာမြို့တော်ရဲ့ နယ်နိမိတ်ထဲမှာ ပါဝင်ပါတယ်။”

တပ်မှူးချုပ် တစ်ဦးက မြေပုံပေါ်ရှိ ဤစက်ဝိုင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ဒီစက်ဝိုင်းကို နယ်နိမိတ် အဖြစ် သတ်မှတ်ထားပြီး မိစ္ဆာမြို့တော်ရဲ့ အမိန့်တော် မရဘဲနဲ့ ဘယ်သူမဆို ခိုးဝင်တာနဲ့ သေချာပေါက် သေရမှာပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခြွင်းချက် မရှိဘူးလား။”

ထိုတပ်မှူးချုပ်က ဖြေလိုက်သည်။ “ကျုပ်တို့ ကင်းထောက် ထောင်ချီ စေလွှတ်ခဲ့ပေမယ့် အခုအချိန်ထိတော့ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာသေးပါဘူး။”

‘ဒါကတော့ အရမ်း ထူးဆန်းနေပြီ။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဆိုလိုတာက ဒီမိစ္ဆာမြို့တော် ရဲ့ နယ်နိမိတ်က စတုရန်း ကီလိုမီတာ တစ်သန်း မဟုတ်ဘဲ သုံးသန်းလောက် ရှိတာပေါ့။”

ထိုတပ်မှူးချုပ်က ဖြေသည်။ “ဟုတ်ပါတယ် အရှင်မင်းကြီး... ကီလိုမီတာ တစ်ထောင် အချင်းဝက် ရှိတဲ့ စက်ဝိုင်းဆိုတော့ စတုရန်း ကီလိုမီတာ ၃.၁၄ သန်း ရှိပါတယ်။”

‘ဒါက ငရဲပြည် လား။ ဒါမှမဟုတ် မကောင်းဆိုးဝါး နယ်မြေလား။ ဝင်သွားတဲ့ သူတိုင်း သေချာပေါက် သေရမယ်။’

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မနက်ဖြန်... သွားကြည့်ကြတာပေါ့။”

“ကောင်းပါပြီ။ ”

All Chapters