← Chapters

အခန်း ၈၈၇

Vol. 75 Ch. 887

အခန်း ၈၈၇

Vol. 75 Ch. 887

အပိုင်း (၈၈၇)

နောက်တစ်နေ့တွင်...

ယွင်ကျုံးဟဲ့သည် လူတစ်သိန်းကို ဦးဆောင်ကာ ထွက်ခွာသွားပြီး မိစ္ဆာမြို့တော်၏ နယ်စပ်သို့ သွားရောက် လိုက်သည်။

“အရှင်ဧကရာဇ်... ရှေ့မီတာသုံးရာကစပြီး မိစ္ဆာမြို့တော်ရဲ့ နယ်နိမိတ်ထဲကို ဝင်သွားပါပြီ။” ထိုတပ်မှူးချုပ်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့ မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်ရာ မျက်စိတစ်ဆုံးအထိ လုံးဝ လူသူကင်းမဲ့သော လွင်ပြင်ကြီး ဖြစ်ပြီး ဘာမှ မရှိပေ။

စစ်ရေး ခံတပ် မရှိသလို တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်တပ်လည်း မရှိပေ။ သို့ပေမည့် မြေကြီးပေါ်တွင် မီးရောင်ကဲ့သို့ နီရဲနေသော မျဉ်းကြောင်း တစ်ကြောင်းကို တွေ့ရသည်။

ဆိုလိုသည်မှာ ဤမျဉ်းကြောင်းကို ကျော်လွန်သွားသည်နှင့် မိစ္ဆာမြို့တော်၏ တားမြစ်နယ်မြေ အတွင်းသို့ ရောက်ရှိသွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

ယွင်ကျုံးဟဲ့ လေသင်္ဘောပေါ်သို့ တက်ရောက်ကာ စတင် ပျံတက်သွားသည်။ အမြင့်ရောက်မှ ပိုမြင်ရမည် မဟုတ်ပါလား။

သို့ပေမည့် သူ မီတာ ထောင်ချီ အမြင့်သို့ ရောက်ရှိသွားသော်လည်း အရှေ့တွင် မျက်စိတစ်ဆုံး လွင်ပြင်ကြီး ဖြစ်နေဆဲဖြစ်ပြီး တကယ့် မိစ္ဆာမြို့တော် အစစ်က ကီလိုမီတာ တစ်ထောင်ကျော် အကွာတွင် ရှိနေသေးသောကြောင့် ကောင်းကင်ယံတွင် ပျံသန်းနေလျှင်ပင် မြင်တွေ့ရမည် မဟုတ်ပေ။

အတိုချုပ် ပြောရလျှင် အမြင်အာရုံ အတွင်းတွင် မြင်တွေ့နေရသမျှမှာ လူသူကင်းမဲ့သော နယ်မြေ သက်သက်သာ ဖြစ်သည်။

“စစ်သုံ့ပန်းတွေကို လွှတ်ပြီး လမ်းသွားစမ်းခိုင်းလိုက်။” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ။”

ချက်ချင်းပဲ စစ်တပ်အတွင်းမှ စစ်သုံ့ပန်း တစ်စုကို ခေါ်ဆောင်လာခဲ့ပြီး စုစုပေါင်း လူဆယ်ဂဏန်းခန့် ရှိသည်။

“သွား… ရှေ့ဆက် သွား...” တပ်မှူးချုပ် တစ်ဦးက အမိန့်ပေးလိုက်၏။

ထို့နောက် တာ့ယန် အင်ပါယာ၏ စစ်သည် ဆယ်ဂဏန်းခန့်က သေနတ်များဖြင့် ချိန်ရွယ်လိုက်သည်။ ဤစစ်သုံ့ပန်းများ အကယ်၍ ရှေ့ဆက် မသွားပါက တိုက်ရိုက် ပစ်သတ်မှာဖြစ်သည်။

စစ်သုံ့ပန်းများသည် တုန်ယင် ကြောက်ရွံ့စွာဖြင့် လျှောက်သွားကြသည်။ မကြာမီ သူတို့သည် ထိုမီးရောင်ကဲ့သို့ နီရဲနေသော တားမြစ် မျဉ်းကြောင်းကို ဖြတ်ကျော်သွားကြသော်လည်း ဘာမှ မဖြစ်ပေ။ မည်သည့် အန္တရာယ်မှ မဖြစ်ပေါ်လာခဲ့ပေ။

သူတို့ ဆက်လက်၍ ရှေ့သို့ လျှောက်သွားကြသည်၊ လျှောက်သွားကြသည်။ မျဉ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် မီတာ တစ်ထောင်ခန့် အထိ ရောက်ရှိသွားခဲ့၏။

ဤသည်မှာ တာ့ယန် အင်ပါယာ ရိုင်ဖယ် သေနတ်များ၏ ထိရောက်သော သတ်ဖြတ်နိုင်သည့် အကွာအဝေး အပြင်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

စစ်သုံ့ပန်း အစုသည် စိုးရိမ် ထိတ်လန့်မှုများကို ဖယ်ရှားလိုက်ပြီး ရူးသွပ်စွာ ထွက်ပြေးကြကာ တာ့ယန် အင်ပါယာ စစ်တပ်၏ သေနတ်ပြောင်းဝမှ လွတ်မြောက်ရန် ကြိုးစားလိုက်ကြ၏။

သို့ပေမည့် ထိုအချိန်မှာပဲ...

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ရုတ်တရက် ဆိုသလိုပင် စစ်သုံ့ပန်း ဆယ်ဂဏန်းခန့် တိုက်ရိုက် ပျောက်ကွယ်သွားကြသည်။

လူတိုင်း လုံးဝ အံ့ဩမှင်တက်သွားကြပြီး ချက်ချင်းပဲ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

‘ဒါ... ဒါ သရဲခြောက်တာလား။ လူဆယ်ယောက်ကျော် ရုတ်တရက် ပျောက်ကွယ်သွားတယ်၊ ဘာအရိပ်အယောင်မှ မရှိဘဲနဲ့ လေထဲမှာ အငွေ့ပျံသွားသလိုပဲ။’

“အရှင်ဧကရာဇ်... အရင်က အခြေအနေတွေနဲ့ တစ်ပုံစံတည်းပါပဲ။”

တပ်မှူးချုပ်က ပြောလိုက်သည်။ “ကျုပ်တို့ လူဘယ်လောက်ပဲ လွှတ်လွှတ်၊ ရလဒ်ကတော့ အတူတူပါပဲ။ ရုတ်တရက် ပျောက်ကွယ်သွားတာချည်းပါပဲ။ ပြီးတော့ ဘယ်လမ်းကြောင်းကနေ သွားသွား အတူတူပါပဲ။ မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက် အားလုံးမှာ စမ်းသပ်ကြည့်ပြီးပါပြီ။ မိစ္ဆာမြို့တော် နယ်နိမိတ်ထဲကို မျဉ်းကျော်ပြီး ဝင်သွားတာနဲ့ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားတာချည်းပါပဲ။”

ယွင်ကျုံးဟဲ့ လည်း အလွန် လန့်ဖျပ်သွား၏။

‘ဒါ... ဒါက တကယ်ကို အရမ်း ထူးဆန်းပြီး အရမ်း မှော်ဆန်လွန်းတယ် မဟုတ်ဘူးလား။ တကယ်ကြီး လေထဲမှာ အငွေ့ပျံသွားတာပဲ။ လူတွေက မိစ္ဆာမြို့တော်ကို မကောင်းဆိုးဝါး မြို့တော်လို့ ခေါ်တာ မဆန်းတော့ပါဘူး။’

သို့ပေမည့် ကိစ္စရပ်များက ဤမျှ မရိုးရှင်းပေ။

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး စောစောက ဖြစ်ပျက်သွားခဲ့သော မြင်ကွင်းကို ပြန်လည် စဉ်းစားကာ ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အတွင်းသို့ ဝင်ရောက်သွားပြီး အာရုံခံစားမှု အတွင်းတွင် အချိန်ကို အဆပေါင်း ဆယ်ဂဏန်းခန့် နှေးကွေးအောင် လုပ်လိုက်သည်။

ထို့ကြောင့် စောစောက မြင်ကွင်းကို ပြန်လည် မြင်တွေ့ရသော်လည်း အဆပေါင်း ဆယ်ဂဏန်းခန့် နှေးကွေးသော လှုပ်ရှားမှုဖြင့် ဖြစ်၏။

ထို့နောက် သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ စစ်သုံ့ပန်း ဆယ်ဂဏန်းခန့်သည် ရုတ်တရက် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ တိရစ္ဆာန် တစ်မျိုးမျိုးက မြေအောက်သို့ တိုက်ရိုက် ဆွဲချသွားခြင်း ဖြစ်သည်။

မည်ကဲ့သို့သော တိရစ္ဆာန်မျိုးဖြစ်ကြောင်း လုံးဝ မသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှင်းလင်းစွာ မမြင်ရသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အမြဲတမ်း မြေအောက်တွင်သာ ရှိနေပြီး စစ်သုံ့ပန်းများကို မြေအောက်သို့ တိုက်ရိုက် စုပ်ယူသွားခြင်း ဖြစ်သည်။ သို့ပေမည့် ၎င်းသည် မြေအောက် အသွင်ပြောင်း တိရစ္ဆာန် တစ်မျိုး ဖြစ်ကြောင်း သေချာ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အသွင်ပြောင်း သိုင်းသမားတွေဆိုရင်ကော ရုတ်တရက် ပျောက်ကွယ် သွားတာပဲလား။”

တပ်မှူးချုပ်က ဖြေ၏။ “ဟုတ်ပါတယ် အရှင်မင်းကြီး...”

ထို့နောက် တပ်မှူးချုပ်က အမိန့်ပေးလိုက်သည်။ “လူတွေလာကြ... ခေါ်လာခဲ့။”

ဤတစ်ကြိမ်တွင် ခေါ်ဆောင်လာသူများမှာ အသွင်ပြောင်း သိုင်းသမား သုံ့ပန်းများ ဖြစ်သည်။ ဤလူများသည် အသိစိတ် လွတ်နေကြပြီဖြစ်ကာ ကိုယ်ပေါ်တွင် ဗုံးများ ချည်နှောင်ထား၏။

“ထွက်ခွာ...”

အမိန့်ပေးသံနှင့်အတူ အသွင်ပြောင်း သိုင်းသမားများသည် လျင်မြန်စွာ ပြေးလွှားပြီး တားမြစ် မျဉ်းကြောင်းကို ဖြတ်ကျော်သွားကြသည်။

မီတာ တစ်ထောင်ကျော် ပြေးလွှားပြီးနောက်....

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

အသွင်ပြောင်း သိုင်းသမားများသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားကြသည်။ ထို့အပြင် ကိုယ်ပေါ်ရှိ ဗုံးများလည်း မပေါက်ကွဲခဲ့ပေ။

ထို့နောက်လေကြောင်းမှ စမ်းသပ်ကြည့်ရန် ပြင်ဆင်ကြသည်။

တာ့ယန် အင်ပါယာ၏ လေသင်္ဘော တစ်စင်းသည် မီတာ သုံးထောင် အမြင့်တွင် တားမြစ် မျဉ်းကြောင်းကို ဖြည်းညင်းစွာ ဖြတ်ကျော်ကာ မိစ္ဆာမြို့တော် ဘက်သို့ ပျံသန်းသွား၏။

တောက်လျှောက် ဝင်ရောက်သွားသည်၊ ဝင်ရောက်သွားသည်၊ ဝင်ရောက်သွားသည်။ မည်သည့် ပြဿနာမှ မရှိသကဲ့သို့ ဖြစ်နေ၏။ လေသင်္ဘောသည် မိစ္ဆာမြို့တော် နယ်နိမိတ် အတွင်းသို့ မီတာ သုံးသောင်းခန့် အထိ ပျံသန်းသွားခဲ့သည်။

ရုတ်တရက်...

“ဘုန်း... ဘုန်း... ဘုန်း ဘုန်း...”

လေသင်္ဘောသည် ကောင်းကင်ယံတွင် ရုတ်တရက် ပေါက်ကွဲသွားပြီး မီးလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်သို့ ပြုတ်ကျလာသည်။ ကံကောင်းစွာဖြင့် လေသင်္ဘော အတွင်းတွင် လူမပါပေ။

‘ချီးတဲ့မှ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလောက်တောင် ထူးဆန်းတာလား။ ဒါက မီတာ ထောင်ချီ မြင့်တဲ့ ကောင်းကင်ယံမှာလေ။ လေသင်္ဘောက အကြောင်းပြချက် မရှိဘဲ ဘာလို့ ပေါက်ကွဲသွားရတာလဲ။’

“အရှင်ဧကရာဇ်... ကျုပ်တို့ ယဉ်ပါးအောင် လုပ်ထားတဲ့ အသွင်ပြောင်း ကျီးကန်း တချို့ကို လွှတ်ကြည့်ပါမယ်။” ထိုတပ်မှူးချုပ်က ပြောသည်။

အမိန့်ပေးသံနှင့်အတူ အသွင်ပြောင်း ကျီးကန်း ဆယ်ကောင်ကျော် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မိစ္ဆာမြို့တော် ဘက်သို့ ပျံသန်းသွားကြသည်။ အစပိုင်းတွင် အဆင်ပြေနေဆဲဖြစ်ပြီး မီတာ သုံးထောင်၊ မီတာ ငါးထောင် အထိ ပျံသန်းသွားကြ၏။

မကြာမီ သူတို့သည် မြင်ကွင်း အတွင်းတွင် အမည်းစက်လေးများ အဖြစ်သာ ကျန်ရှိတော့ပြီး ဘာမှ ရှင်းလင်းစွာ မမြင်ရတော့ပေ။

ထိုအချိန်မှာပဲ

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

ရုတ်တရက် အသွင်ပြောင်း ကျီးကန်းများ အားလုံး ဟုန်းဟုန်း တောက်လောင်သော မီးတောက်များ အဖြစ် ပြောင်းလဲသွားပြီး မီးလောင် ပြုတ်ကျလာကြသည်။

‘ချီးတဲ့မှ... ဒါ တကယ်ပဲ သရဲခြောက်တာပဲ။ လုံးဝ သရဲခြောက်တာပဲ။’

ထိုနေရာရှိ စစ်သည်သိန်းချီသည် ကြက်သီးမွေးညင်း ထသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စောစောက ဖြစ်ပျက်သွားခဲ့သော အရာများ အားလုံးသည် တကယ့်ကို အလွန် ထူးဆန်းလွန်းသောကြောင့်ပင်။

ပုံမှန် အကြောင်းပြချက်များဖြင့် လုံးဝ ရှင်းပြ၍ မရနိုင်သကဲ့သို့ ဖြစ်နေပြီး မိစ္ဆာမြို့တော်သည် တကယ်ကို ထူးဆန်းသော တားမြစ်နယ်မြေကြီး တစ်ခုလို ဖြစ်နေ၏။

မည်သူမဆို ဝင်ရောက်သွားပါက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် စစ်တပ်မှ ဝင်ရောက်၍ မရနိုင်ပေ။

ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။ “ယာယီ စစ်စခန်းကို ပြန်ဆုတ်မယ်။”

စစ်သည်သိန်းချီ အားလုံး ဆုတ်ခွာပြီး ရိုလန် ယာယီ စစ်စခန်းသို့ ပြန်လည် ရောက်ရှိလာကြ၏။

“မနက်ဖြန် ကျွန်မ သွားစမ်းကြည့်မယ်။”

ကျင်းကျုံးယွဲ့က ရုတ်တရက် ပြောလိုက်၏။ သူမသည် ဤအချိန်တွင် ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်တွင် မှောက်နေခြင်းဖြစ်သည်။ “သရဲခြောက်တယ် ဆိုတာကို ကျွန်မ မယုံဘူး။”

ယွင်ကျုံးဟဲ့က ပြော၏။ “အဲဒါ သရဲ မဟုတ်ပါဘူး။”

ကျင်းကျုံးယွဲ့က မေးသည်။ “ဒါဆို အဲဒါက ဘာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “နောက်ရက် အနည်းငယ် နေရင် အုပ်စုလိုက် သွားဖမ်းလာခဲ့ရုံပဲ။”

နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့သည် ဧရာမ ဖုန်စုပ်စက် ကဲ့သို့သော အရာတစ်ခုကို ဒီဇိုင်းဆွဲခဲ့သည်။ စုပ်ယူအား အလွန် ပြင်းထန်ပြီး မီတာ ဆယ်ဂဏန်း ပတ်လည် အတွင်းရှိ အင်းဆက်ပိုးမွှား စသည်တို့ကို အားလုံး စုပ်ယူနိုင်သည်။

တာ့ယန် အင်ပါယာ၏ လက်မှုပညာရှင်များသည် နေ့မအိပ် ညမအိပ် အလုပ်လုပ်ကြပြီး ရက်အနည်းငယ် အတွင်းမှာပင် အချောထည်အဖြစ် တည်ဆောက် ပြီးစီးသွားခဲ့၏။

ထို့နောက် ဤဧရာမ စုပ်ယူရေးစက်ကြီး၏ အနောက်တွင် ရေကန် တစ်ခုကို ဆက်သွယ်လိုက်ပြီး လေသင်္ဘော တစ်စင်းပေါ်တွင် တပ်ဆင်လိုက်သည်။

ဤတစ်ကြိမ်တွင် လူမပါသော လေသင်္ဘော အသုံးပြု၍ မရနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ပြန်လည် ပျံသန်းလာရန် လိုအပ်သောကြောင့်ပင်။

အမိန့်ပေးသံနှင့်အတူ သေရဲသော သိုင်းသမား တစ်ဦးက လေသင်္ဘောကို မောင်းနှင်ကာ မိစ္ဆာမြို့တော်၏ တားမြစ်နယ်မြေ အတွင်းသို့ ပျံသန်းဝင်ရောက်သွားပြီး ဧရာမ စုပ်ယူရေးစက်ကြီး အချို့ကို ဖွင့်လိုက်သည်။

မီတာ ထောင်ချီ ဝင်ရောက်သွားပြီးနောက် တာ့ယန် အင်ပါယာ သိုင်းသမား တွေ့ရှိသွားခဲ့သည်။ သူ မြင်တွေ့လိုက်ရ၏။

ထိုအရာမှာ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသော ပျံသန်းနေသည့် အရာ တစ်စု ဖြစ်ပြီး ကြည့်ရသည်မှာ ကိုယ်ပျောက်နေသကဲ့သို့ပင် ဖြစ်နေသည်။

၎င်းတို့မှာ အသွင်ပြောင်းဖလံကောင်များလား သို့မဟုတ် အသွင်ပြောင်းငှက်များလားဟု ကွဲကွဲပြားပြား မသိရသော်လည်း အရေအတွက်မှာ ထောင်နှင့်ချီ၍ အဆမတန် များပြားလှသည်။ ကိုယ်ထည်အရွယ်အစားမှာ အလွန်သေးငယ်သော်လည်း အလွန်ပင် လျင်မြန်ဖျတ်လတ်၏။

၎င်းတို့သည် လေသင်္ဘောဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှု ပြုလုပ်ရန် ပြင်ဆင်ကြသည်။

သို့ပေမည့် လေသင်္ဘော အနားသို့ မရောက်မီမှာပင် ဧရာမ စုပ်ယူရေး စက်ကြီးများ၏ စုပ်ယူခြင်းကို ချက်ချင်း ခံလိုက်ရသည်။ အချိန်တိုလေး အတွင်းမှာပင် တစ်ကောင်မကျန် စုပ်ယူခံလိုက်ရ၏။

လေသင်္ဘော ပြန်လည် ရောက်ရှိလာ၏။ စုပ်ယူရေး စက်ကြီး၏ အနောက်ရှိ ရေကန်ကို ဖွင့်ကြည့်လိုက်သည်။

ရူပဗေဒ ပညာရှင် အချို့သည် တစ်ကိုယ်လုံး အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ထားပြီး အလွန် သတိထားနေကြ၏။

ထို့နောက် ရေကန် အတွင်းတွင် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ပျံသန်းနေသော အရာများကို တွေ့ရှိလိုက်သည်။

‘ဒါ... ဒါက လိပ်ပြာ လား။ အသွင်ပြောင်း လိပ်ပြာတွေလား။’

ယွင်ကျုံးဟဲ့ ထိုအရာကို ညှပ်ဖြင့် ယူကြည့်ရာ ဖလံကောင်နှင့်လည်း တူသလို၊ လိပ်ပြာနှင့်လည်း တူကြောင်း တွေ့လိုက်ရ၏။

‘ဒီအကောင်က အမြင့်ကြီးကို ပျံသန်းနိုင်တယ်လား။ ပုံမှန် အင်းဆက်ပိုးမွှားတွေက အမြင့်ကြီး မပျံသန်းနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရှုပ်ထွေးတဲ့ လေစီးကြောင်းတွေကို မခံနိုင်လို့လေ။’

ရုတ်တရက်...

“ဘုန်း...”

ဤထူးဆန်းသော လိပ်ပြာသည် အလိုအလျောက် မီးလောင်သွားပြီး တစ်ခဏချင်း အတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားသည်။

‘တကယ် ထူးဆန်းတာပဲ။’

ထို့နောက် ယွင်ကျုံးဟဲ့သည် အခြားသော အသွင်ပြောင်း လိပ်ပြာများကို ထပ်မံ လေ့လာကြည့်ရာ သူတို့၏ ခန္ဓာကိုယ် အတွင်းတွင် မီးစုန်းနှင့် ဆင်တူသော အပူချိန်နိမ့် မီးလောင်လွယ်သည့် အရာများ ပါဝင်နေကြောင်း တွေ့ရှိလိုက်၏။

ပဟေဠိ ဖြေရှင်းနိုင်ပြီ ဖြစ်၏။ ဤသည်မှာ အသွင်ပြောင်း အင်းဆက်ပိုးမွှား တစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ် အတွင်းတွင် မီးစုန်း ပါဝင်ကာ လေကြောင်း ပစ်မှတ်များကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှု ပြုလုပ်ခြင်း ဖြစ်သည်။

ထို့ကြောင့် အသွင်ပြောင်း ကျီးကန်းများ ဖြစ်စေ၊ လေသင်္ဘောများ ဖြစ်စေ မိစ္ဆာမြို့တော်၏ တားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်း အကြောင်းပြချက် မရှိဘဲ ပေါက်ကွဲသွားခြင်း သို့မဟုတ် မီးလောင်သွားခြင်း ဖြစ်၏။

‘ဒီအကောင်တွေက ပြဿနာ ရှာနေတာပဲ။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ယဇ်ပုရောဟိတ်ချုပ်တွေက တကယ် တော်တာပဲ။ ဒီလို အသွင်ပြောင်း သတ္တဝါမျိုးကိုတောင် သုတေသန လုပ်နိုင်ခဲ့တယ်လား။ သူတို့ဆီမှာ ဒီအကောင်တွေ ဘယ်လောက်တောင် ရှိနေမလဲ။ အကယ်၍ သန်းဂဏန်း၊ သန်းဆယ်ဂဏန်း၊ သန်းရာချီ ရှိနေပြီး ကျိုင်းကောင်တွေလို ဖြစ်နေမယ် ဆိုရင်တော့ တကယ် ဒုက္ခရောက်ပြီ။’

အသွင်ပြောင်းလိပ်ပြာ သောင်းနှင့်ချီ၍ ရူးသွပ်စွာ တိုးဝှေ့ပြေးဝင်လာပါက စစ်တပ်တစ်ခုလုံး မည်မျှအထိ မီးလောင်ပျက်စီး သေဆုံးသွားမည်ကို တွေးကြည့်ရုံမျှဖြင့် သိနိုင်သည်။

သို့သော်လည်း ထိုအသွင်ပြောင်း လိပ်ပြာများတွင်လည်း အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အားနည်းချက်ကြီး တစ်ခု ရှိနေပြန်သည်။ ၎င်းမှာ ခန္ဓာကိုယ်အရွယ်အစား အလွန်တရာ သေးငယ်လွန်းခြင်းပင် ဖြစ်၏။

ဧရာမစုပ်စက်ကြီးများ သို့မဟုတ် ဧရာမလေမှုတ်စက်ကြီးများဖြင့်သာ အသုံးပြုပါက ၎င်းတို့ကို ကောင်းစွာ ရင်ဆိုင်တိုက်ဖျက်နိုင်စွမ်း ရှိသည်။

ဝေဟင်လိုင်းမှ ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ရာ နောက်ထပ် ရင်ဆိုင်ရမည့်အလှည့်မှာ မြေအောက်ပိုင်းပင် ဖြစ်၏။

All Chapters