အခန်း ၈၈၉
Vol. 75 Ch. 889
အပိုင်း (၈၈၉)
ယွင်ကျုံးဟဲ့ အနည်းငယ် နားလည်သွားသည်။ ထိုအသွင်ပြောင်း မကောင်းဆိုးဝါး နဂါးဟု ခေါ်ဆိုသော အရာသည် ဧရာမ အသွင်ပြောင်း ပင်လယ်မြွေကြီး တစ်ကောင်ဖြစ်ပြီး ထိုပင်လယ်ပြင်၏ အရှင်သခင် ဖြစ်သည်။ မျက်မှောက်ရှိ ဤဧရာမ သဲသန်ကောင် မိခင်ကြီးမှာမူ ဤသဲကန္တာရ၏ အရှင်သခင် ဖြစ်၏။
လွန်ခဲ့သော ဆယ်နှစ်ကျော်က အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် ထိုပင်လယ်အောက် ပိရမစ် အတွင်း၌ အမြဲတမ်း အိပ်စက်နေခဲ့သောကြောင့် ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
ဤဧရာမ အသွင်ပြောင်း သဲသန်ကောင် မိခင်ကြီးသည်လည်း အတူတူပင်ဖြစ်ပြီး ယခင်က သဲကန္တာရ မြေအောက် ပိရမစ်တွင် အိပ်စက်နေခဲ့ကာ ယခုအခါ နိုးထလာခဲ့ပြီ ဖြစ်သည်။
၎င်းသည် ယွင်ကျုံးဟဲ့၏ ရှေ့တွင် မတ်တတ်ရပ်နေသည်။ ယွင်ကျုံးဟဲ့ကို အလွန် သေးငယ်သွားစေပြီး ၎င်း၏ သာမန် အာရုံခံလက်တံ တစ်ခုကပင် ယွင်ကျုံးဟဲ့ထက် အများကြီး ပိုမို ကြီးမားနေ၏။
သဲသန်ကောင် မိခင်ကြီးသည် အလွန် ဒေါသထွက်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ သားသမီး နှစ်ကောင်မှာ သေလုမျောပါး ဖြစ်နေပြီး မကြာမီ သေဆုံးတော့မည် ဖြစ်သောကြောင့်ပင်။
၎င်းသည် ယွင်ကျုံးဟဲ့ကို ချိန်ရွယ်ကာ ပါးစပ်ကြီးကို ရုတ်တရက် ဟလိုက်ရာ မရေမတွက်နိုင်အောင် ပြွတ်သိပ်နေသော သွားများနှင့် ကြောက်စရာကောင်းသော အက်ဆစ်ပြင်းများ ရှိနေ၏။ ၎င်းက ယွင်ကျုံးဟဲ့ကို စားပစ်ချင်နေသည်။
၎င်း၏ ဤကြောက်စရာကောင်းသော ပါးစပ်ကြီးထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် ယွင်ကျုံးဟဲ့ တစ်ခဏချင်း အတွင်းမှာပင် အသားစဉ်း ဖြစ်သွားမည်မှာ သေချာ၏။
၎င်းသည် ဤသဲကန္တာရ၏ အကြွင်းမဲ့ အရှင်သခင် ဖြစ်ပြီး ၎င်း၏ အဆင့်အတန်းမှာ ထိုအသွင်ပြောင်း မကောင်းဆိုးဝါး နဂါးနှင့် တန်းတူ ဖြစ်သည်။
ယွင်ကျုံးဟဲ့ အနောက်ဘက်ရှိ စစ်တပ်ကြီးသည် လက်နက်များကို ကိုင်ဆောင်ကာ ဧရာမ အသွင်ပြောင်း သဲသန်ကောင်ကြီးကို ချိန်ရွယ်လိုက်ကြသည်။ အင်အားကြီးမားသူ ထောင်ချီက အရှင်မင်းကြီးကို ကာကွယ်ရန် ရူးသွပ်စွာ ပြေးဝင်လာရန် ပြင်လိုက်ကြ၏။
“မလှုပ်ကြနဲ့...” ယွင်ကျုံးဟဲ့ ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“နေကောင်းလား... သဲသန်ကောင် မိခင်ကြီး...” ယွင်ကျုံးဟဲ့က ထူးဆန်းသော လေယူလေသိမ်းဖြင့် ပြောလိုက်ပြီး ဤမိုင်ထောင်ချီ ကျယ်ဝန်းသော သဲကန္တာရ၏ အရှင်သခင် ဖြစ်သော သဲသန်ကောင် မိခင်ကြီးဆီသို့ သူ၏ လက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်၏။
တစ်ခဏချင်း အတွင်းမှာပင် ကြောက်စရာကောင်းသော သဲသန်ကောင် မိခင်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွား၏။ ထို့နောက် ၎င်းသည် ပါးစပ်ကြီးကို ပိတ်လိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ငုံ့ချလိုက်သည်။
ယွင်ကျုံးဟဲ့၏ လက်သည် ၎င်း၏ ခေါင်းပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ဖက်စလုံးသည် ဆက်သွယ်မှု တစ်ခုခုကို ရရှိသွားသကဲ့သို့ ဖြစ်သွားသည်။ ဤလုပ်ရပ်သည် အချိန် အတော်ကြာအောင် ကြာမြင့်ခဲ့၏။
အနောက်ဘက်မှ တာ့ယန် အင်ပါယာ၏ အင်အားကြီးမားသူများနှင့် စစ်သည်များသည် တကယ်ကို ရင်တမမဖြင့် ကြည့်နေကြရပြီး အသက်ရှူရန်ပင် မရဲကြတော့ပေ။
နှစ်မိနစ်ခန့် အကြာတွင် ဧရာမ သဲသန်ကောင် မိခင်ကြီးသည် ယွင်ကျုံးဟဲ့၏ လက်မှ ခွာထွက်သွားပြီး မြေအောက်သို့ ပြန်ဝင်သွား၏။ သေလုမျောပါး ဖြစ်နေသော အသွင်ပြောင်း သဲသန်ကောင် နှစ်ကောင်ကို ရှာဖွေ၍ ပါးစပ်ထဲ ငုံထားပြီးနောက် ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။
သူမ ထွက်သွားခဲ့၏။
ထိုအချိန်က ပင်လယ်အောက် ပိရမစ်တွင် အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးသည် ယွင်ကျုံးဟဲ့နှင့် မဟာမိတ်ဖွဲ့ရန် ရွေးချယ်ခဲ့သော်လည်း ဤသဲသန်ကောင် မိခင်ကြီးသည်မူ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
ယွင်ကျုံးဟဲ့သည် ၎င်းပျောက်ကွယ်သွားသော ခြေရာများကို ကြည့်ရင်း လှည့်ကာ ယာယီ စစ်စခန်း အတွင်းသို့ ပြန်လည် ရောက်ရှိသွား၏။
“နောက်ပိုင်း ကျုပ်တို့ စစ်ချီတဲ့ အခါမှာ အသွင်ပြောင်း သဲသန်ကောင်တွေရဲ့ တိုက်ခိုက်မှုကို ထပ်ပြီး ခံရတော့မှာ မဟုတ်ဘူး။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
ပိုင်ဖေးဖေးက မေးလိုက်၏။ “သူမက အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးလိုမျိုး ရှင့်ကို သစ္စာမခံဘူးလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးက ငါ့ကို သစ္စာခံတာ မဟုတ်ပါဘူး။ မဟာမိတ် ဖွဲ့တာပါ။ ဒီသဲသန်ကောင် မိခင်ကြီးကတော့ နည်းနည်း ကွာခြားတယ်။ ဘာလို့လဲဆိုတော့ ငါတို့က သူ့ရဲ့ သားသမီးတွေကို သတ်ခဲ့လို့ပဲ။ အဲဒါကြောင့် အခုလိုမျိုးက အကောင်းဆုံး ရလဒ်ပဲ။”
ကျီးယန်က မေးလိုက်၏။ “အရင်ကရော သူမက တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်ကို သစ္စာခံခဲ့တာလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အင်း... အခုတော့ ကြားနေ အဖြစ် ရွေးချယ်လိုက်ပြီ။”
ကျီးယန်က ပြောလိုက်၏။ “ဒါက သတင်းကောင်း မဟုတ်ပါဘူး။”
၎င်းမှာ သတင်းကောင်းတစ်ခု မဟုတ်သည်မှာ သေချာ၏။ ဤမျှအထိ အင်အားကြီးမားလှသော အသွင်ပြောင်းသားရဲကြီးကပင် တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်ထံ၌ သစ္စာခံခဲ့သည်ဆိုပါက၊ ထိုဧကရာဇ်၏ တန်ခိုးအာဏာမှာ မည်မျှအထိ ကြီးမားထက်မြက်ကြောင်း ထင်ရှားစွာ သက်သေပြနေခြင်းပင် ဖြစ်သည်။
မိစ္ဆာမြို့တော်သို့ သွားရာ လမ်းတစ်လျှောက် မြေအောက်မှ ကြီးမားသော ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးသွားပြီ ဖြစ်၏။
ဖြေရှင်းရန် ကျန်နေသည်မှာ လေကြောင်းမှ ခြိမ်းခြောက်မှု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်း လိပ်ပြာများသည် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေဆဲဖြစ်ပြီး အရေးအကြီးဆုံးမှာ ၎င်းတို့၏ အရေအတွက်ပင် ဖြစ်သည်။
အကယ်၍ ကျိုင်းကောင်များကဲ့သို့ တကယ်ပဲ များပြားနေမည် ဆိုပါက အလွန် အန္တရာယ်များလှသည်။ အကယ်၍ ၎င်းတို့၏ အရေအတွက်သည် သန်းဆယ်ဂဏန်း၊ သန်းရာချီ ရှိနေမည် ဆိုပါက မည်သည့် ဧရာမ လေမှုတ်စက်ကြီး၊ ဧရာမ စုပ်ယူရေး စက်ကြီးမှ အသုံးမဝင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် လာရောက်ကြမှာ ဖြစ်သောကြောင့်ပင်။
ခေတ်သစ် ကမ္ဘာမြေပေါ်တွင် သိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသော်လည်း ကျိုင်းကောင် အန္တရာယ်ကို ရင်ဆိုင်ရာတွင် အထူးကောင်းမွန်သော နည်းလမ်း မရှိသေးသည်နှင့် အတူတူပင် ဖြစ်သည်။
ထို့နောက် ယွင်ကျုံးဟဲ့သည် အအေးခန်း အတွင်းတွင် အသွင်ပြောင်း လိပ်ပြာများကို ခွဲစိတ် လေ့လာသည်။ နောက်ဆုံးတွင် ကောက်ချက် တစ်ခုကို အကြမ်းဖျင်း ချမှတ်နိုင်ခဲ့သည်။ ၎င်းတို့သည် အသွင်ပြောင်းသွား သော်လည်း အချို့သော အပိုင်းများတွင် လိပ်ပြာများနှင့် တူညီနေဆဲ ဖြစ်သည်။
ဥပမာအားဖြင့်၊ အသွင်ပြောင်း လင်းနို့များသည် လားရာကို ခွဲခြားသိရှိရန် အသံလွန်လှိုင်းများကို အားကိုးကြသည်။ လိပ်ပြာများကမူ ပိုမို အံ့ဩစရာ ကောင်းပြီး သံလိုက်စက်ကွင်းကို အားကိုးကြကာ ၎င်းတို့၏ ခန္ဓာကိုယ် အတွင်းတွင် သဘာဝ သံလိုက်အိမ်မြှောင် တစ်ခု ပါရှိ၏။
ကမ္ဘာမြေပေါ်တွင် အလွန် အံ့ဩစရာကောင်းသော သတ္တဝါ တစ်မျိုးရှိပြီး မိုနာ့ခ် လိပ်ပြာဟု ခေါ်၏။ နှစ်စဉ် မိုနာ့ခ် လိပ်ပြာ သန်းရာချီသည် ဆောင်းရာသီကို ရှောင်တိမ်းရန် ကနေဒါမှ မက္ကဆီကိုသို့ ပြောင်းရွှေ့ကြပြီး ပျံသန်းသည့် အကွာအဝေးမှာ ကီလိုမီတာ ငါးထောင်နီးပါး ရှိသည်။
သို့ပေမည့် ဤပျံသန်းမှု ဖြစ်စဉ်သည် လအတော်ကြာ အချိန်ယူရသော်လည်း မိုနာ့ခ် လိပ်ပြာ တစ်ကောင်၏ သက်တမ်းမှာ ငါးပတ်ထက် မပိုသောကြောင့် သူ၏ တစ်သက်တာလုံး အစွမ်းကုန် ပျံသန်းလျှင်ပင် ဤကီလိုမီတာ ငါးထောင်ကို မပြီးဆုံးနိုင်ပေ။
ထို့ကြောင့် ဤမိုနာ့ခ် လိပ်ပြာများသည် ပြောင်းရွှေ့နေစဉ်အတွင်း ဥများ အုကြပြီး မျိုးဆက်သစ် မိုနာ့ခ် လိပ်ပြာများကို ပေါက်ဖွားကြသည်။ ဤမျိုးဆက်သစ် မိုနာ့ခ် လိပ်ပြာများသည် ယခင် မျိုးဆက်၏ တာဝန်ကို ဆက်လက် ထမ်းဆောင်ကြပြီး နောက်ဆုံးတွင် ပြောင်းရွှေ့မှုကို ပြီးစီးအောင် လုပ်ဆောင်ကြသည်။
၎င်းတို့သည် လားရာကို ခွဲခြားသိရှိရန် သံလိုက်စက်ကွင်းကို အားကိုးကြခြင်းဖြစ်ပြီး ပြောင်းရွှေ့မည့် နေရာကို ရှာတွေ့ရုံသာမက နောက်နှစ်တွင် အိမ်ပြန်မည့် လမ်းကိုပါ သိရှိကြ၏။
မျက်စိရှေ့ရှိ အသွင်ပြောင်း လိပ်ပြာများသည်လည်း ဤကဲ့သို့သော သဘာဝ သံလိုက်အိမ်မြှောင် ပါရှိပြီး လားရာကို ခွဲခြားသိရှိနိုင်ကာ အသွင်ပြောင်းပြီးနောက် ပိုမို အားကောင်းလာခြင်း ဖြစ်သည်။
ထို့ကြောင့် ဤအသွင်ပြောင်း လိပ်ပြာများ၏ တိုက်ခိုက်မှုကို တစ်ခါတည်းနှင့် အပြီးတိုင် ဖြေရှင်းချင်ပါက သံလိုက်စက်ကွင်းကို အခြေခံပြီး စဉ်းစားရမှာဖြစ်၏။
နောက်ပိုင်းအချိန်များတွင် ယွင်ကျုံးဟဲ့သည် လူလွှတ်၍ အသွင်ပြောင်း လိပ်ပြာ ထောင်ချီကို ဖမ်းဆီးလာခဲ့ပြီး အရှင်လတ်လတ် ဖမ်းဆီးလာကာ အပူချိန် အတော်လေး နိမ့်သော အအေးခန်း အတွင်း၌ ထားရှိပြီး အဆက်မပြတ် စမ်းသပ်မှုများ ပြုလုပ်သည်။
နောက်ဆုံးတွင် အားကောင်းသော လျှပ်စစ်သံလိုက်စက်များကို တည်ဆောက်နိုင်ခဲ့ပြီး အားကောင်းသော သံလိုက် အချက်ပြမှုများကို ထုတ်လွှတ်နိုင်သည်။ သေချာပေါက် ၎င်းသည် လျှပ်စစ်သံလိုက်လှိုင်းဗုံး မဟုတ်ဘဲ ထိုမျှလောက် အဆင့်မမြင့်သေးပေ။
ထို့နောက် လက်တွေ့ စမ်းသပ် လေ့ကျင့်မှုများ ပြုလုပ်ကြသည်။ ပထမဆုံး အနေဖြင့် စစ်သုံ့ပန်းများကို တာ့ယန် အင်ပါယာ၏ စစ်ဝတ်စုံများ ဝတ်ဆင်စေပြီးနောက် ဤအသွင်ပြောင်း လိပ်ပြာများကို လွှတ်ပေးလိုက်၏။
ထင်သည့်အတိုင်းပင် အသွင်ပြောင်း လိပ်ပြာများသည် ပစ်မှတ်ဆီသို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှုများကို ချက်ချင်း စတင်ကြပြီး ရူးသွပ်စွာ ပြေးဝင်သွားကြသည်။
ဤအချိန်တွင် မီတာ ထောင်ချီ အကွာအဝေးရှိ လျှပ်စစ်သံလိုက် စက်များကို ရုတ်တရက် ဖွင့်လိုက်ပြီး အားကောင်းသော လျှပ်စစ်သံလိုက် အချက်ပြမှုများကို ထုတ်လွှတ်လိုက်၏။
တစ်ခဏချင်း အတွင်းမှာပင် အသွင်ပြောင်း လိပ်ပြာများသည် ရူးသွပ်သော အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားကြသည်။
၎င်းတို့သည် ချက်ချင်းပဲ လားရာကို ပျောက်ဆုံးသွားသကဲ့သို့၊ ပစ်မှတ်ကို ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်သွားကာ အရပ်လေးမျက်နှာသို့ ရမ်းသန်း ပျံသန်းကြပြီး အချင်းချင်း ဝင်တိုက်ကြ၏။
“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”
အချိန်တိုအတွင်းမှာပဲ အသွင်ပြောင်း လိပ်ပြာများ အားလုံး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားကြသည်။
ဤလျှပ်စစ်သံလိုက် လက်နက်သည် အလွန် ထိရောက်ကြောင်း အချက်အလက်များက သက်သေပြနေသည်။ ရလဒ်အနေဖြင့် နောက်ပိုင်း တာရှန်းမိစ္ဆာနိုင်ငံကို ရင်ဆိုင်ရာတွင် ရန်သူများက နက္ခတ်ဗေဒင် ကိန်းဂဏန်းများကဲ့သို့ များပြားလှသော အသွင်ပြောင်း လိပ်ပြာများကို ထုတ်သုံးလာလျှင်ပင် ယွင်ကျုံးဟဲ့ ဘက်မှ အလွယ်တကူ ရင်ဆိုင်နိုင်ပြီ ဖြစ်၏။
မြေအောက်နှင့် လေကြောင်းမှ ခြိမ်းခြောက်မှုများကို အပြည့်အဝ ဖြေရှင်းပြီးနောက် ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ တာ့ယန် အင်ပါယာ စစ်တပ်များ ထွက်ခွာပြီး မိစ္ဆာမြို့တော်သို့ ချီတက်ကြသည်။
ပထမဆုံး ထွက်ခွာသူမှာ ခရီးဝေး စစ်ချီရေး တပ်မတော်၏ ပထမ စစ်တပ် ဖြစ်သည်။ ဧရာမ လေသင်္ဘော ဆယ်စင်းကျော်၏ အစောင့်အရှောက်ဖြင့် ပထမ စစ်တပ်၏ လူတစ်သိန်းသည် အနီရောင် မျဉ်းကြောင်းကို ဖြတ်ကျော်ကာ မိစ္ဆာမြို့တော် နယ်နိမိတ် အတွင်းသို့ ဝင်ရောက်သွား၏။
ထင်ထားသည့်အတိုင်း မြေအောက်မှ ခြိမ်းခြောက်မှုများ ပျောက်ကွယ်သွားပြီး အသွင်ပြောင်း သဲသန်ကောင် များသည် ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
လေကြောင်းမှ ခြိမ်းခြောက်မှုများလည်း မရှိတော့ဘဲ အသွင်ပြောင်း လိပ်ပြာများသည်လည်း ထွက်ပေါ် မလာတော့ပေ။
ထိုသို့ဖြင့် ဒုတိယ စစ်တပ်၊ တတိယ စစ်တပ်၊ စတုတ္ထ စစ်တပ် စသည်တို့သည်လည်း မိစ္ဆာမြို့တော် နယ်နိမိတ် အတွင်းသို့ အသီးသီး ဝင်ရောက်သွားကြသည်။ နောက်ဆုံးတွင် စစ်သည် ငါးသိန်းကျော် တားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက်သွား၏။
လမ်းခရီး တစ်လျှောက်တွင် အလွန် သတိထားနေရသောကြောင့် လွင်ပြင်ကြီးကို ဖြစ်ကျော်နေရသော်လည်း စစ်ချီ အမြန်နှုန်းမှာ အလွန် နှေးကွေးပြီး တစ်နေ့လျှင် မိုင်ငါးဆယ်ထက် မပိုပေ။
ဆယ်ရက် အကြာတွင်...
“အရှင်ဧကရာဇ်... နောက်သုံးရက်နေရင် ကျုပ်တို့ သဲကန္တာရ ဒေသထဲကို ဝင်ရောက်တော့မှာပါ။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။
နောက်တစ်နေ့တွင် စစ်တပ်ကြီး ဆက်လက် ချီတက်ကြသည်။ ဤနေရာသည် သဲကန္တာရနှင့် နီးကပ်လာပြီဖြစ်ပြီး ပိုမို ခြောက်သွေ့ အထီးကျန်ဆန်လာကာ မည်သည့် အန္တရာယ်မျှ မရှိသကဲ့သို့ ထင်ရ၏။
ထိုအချိန်မှာပဲ ရုတ်တရက် ကင်းထောက်များက သတင်းပေးပို့လာပြန်သည်။ “အရှင်ဧကရာဇ်... သဲလွန်စ တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဟိုဘက်က မြေကြီးတွေက တူးဆွထားတဲ့ သဲလွန်စတွေ ရှိနေပါတယ်။”
သေချာပေါက် ကင်းထောက်များ၏ သတင်းပေးပို့ချက်သည် တပ်မှူးချုပ်များကို သေချာပေါက် အစီရင်ခံရမှာ ဖြစ်ပြီး အောက်ခြေ တပ်မှူးချုပ်များက ဤသတင်းအချက်အလက်သည် အလွန် အရေးကြီးသည်ဟု ထင်မြင်မှသာ ယွင်ကျုံးဟဲ့ထံသို့ သတင်းပေးပို့ခြင်း ဖြစ်၏။
ဤသတင်းအချက်အလက်ကို ယွင်ကျုံးဟဲ့က ချက်ချင်း အလေးထားလိုက်သည်။
ယွင်ကျုံးဟဲ့ ချက်ချင်း သွားရောက် ကြည့်ရှုရာ ကင်းထောက်များ ပြောသော ဤပုံမှန်မဟုတ်သည့် မြေနေရာကို မြင်တွေ့လိုက်ရ၏။
ဖုံးကွယ်ထားသော်လည်း ဤနေရာရှိ မြေကြီးများကို တူးဆွထားပြီး တစ်စုံတစ်ယောက်က ဤနေရာတွင် တူးဖော်ထားကြောင်း မြင်တွေ့နိုင်သေးသည်။
“အရှင်ဧကရာဇ်... အသွင်ပြောင်း သဲသန်ကောင်တွေ ဒီနေရာမှာ လှုပ်ရှားသွားတာများလား။” ကျီးယန်က မေးလိုက်၏။
ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ရိုလန်မြို့တွင် တာ့ရှီ အင်ပါယာ၏ စစ်သည် သိန်းချီကို သူ မည်သို့ ဖျက်ဆီးခဲ့သည်ကို မနေနိုင်ဘဲ ပြန်လည် သတိရသွားမိသည်။
‘မကောင်းဘူး၊ ရန်သူကလည်း စစ်သည် တစ်သန်းကို မီးရှို့မယ့် အကြံအစည်ကို သုံးတော့မလို့ပဲ။ ပြီးတော့ အရွယ်အစားက ကျုပ် ရိုလန်မြို့မှာ လုပ်ခဲ့တဲ့ အကြိမ်ထက် ပိုကြီးမားတယ်။’
ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “စစ်သည်အားလုံး အသင့်ပြင်၊ မီးဘေး ကာကွယ်ရေး၊ ဗုံးဘေး ကာကွယ်ရေးတွေ လုပ်ထား။ အထူးချွန်ဆုံး ကင်းထောက်တွေကို စေလွှတ်ပြီး မိုင်ဆယ်ဂဏန်း ပတ်လည်က မြေနေရာ အားလုံးကို တူးဖော်ထားတဲ့ သဲလွန်စတွေ ရှိ၊ မရှိ စူးစမ်း ထောက်လှမ်းခိုင်း။”
“ကောင်းပါပြီ။ ”
ကင်းထောက် ထောင်ချီ အလျင်အမြန် ထွက်ခွာသွားကြသည်။
ထို့နောက် ယွင်ကျုံးဟဲ့သည် လူများကို ခေါ်ဆောင်ကာ ချက်ချင်း ဆုတ်ခွာသွား၏။
ခဏအကြာတွင်....
“ဝုန်း... ဝုန်း... ဝုန်း...”
ရုတ်တရက် မြေပြင်ပေါ်တွင် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာပြီး မြေပြင်သည် အက်ကွဲကြောင်း တစ်ခုပြီး တစ်ခု ပွင့်ဟသွားသည်။
ထို့နောက် မရေမတွက်နိုင်သော ရေနံစိမ်းများ ကောင်းကင်ယံသို့ ထိုးတက်လာပြီး မရေမတွက်နိုင်သော သဘာဝ ဓာတ်ငွေ့များ ပေါက်ကွဲထွက်လာ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
မိုင်တစ်ရာ ပတ်လည်ရှိ မြေပြင်ပေါ်တွင် အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေပြီး တွင်းပေါက် ရာပေါင်းများစွာ တိုက်ရိုက် ဖောက်ခွဲခံလိုက်ရသည်။
မရေမတွက်နိုင်သော ရေနံစိမ်းများနှင့် သဘာဝ ဓာတ်ငွေ့များသည် တွင်းပေါက် ရာပေါင်းများစွာမှ ပန်းထွက်လာပြီး မီတာ ဆယ်ဂဏန်းခန့် မြင့်သော ကောင်းကင်ယံသို့ တိုက်ရိုက် ပန်းထွက်နေ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ထို့နောက် ရေနံစိမ်းများနှင့် သဘာဝ ဓာတ်ငွေ့များသည် မီးဟုန်းဟုန်း တောက်လောင်သွားသည်။
တစ်ခဏချင်း အတွင်းမှာပဲ မီးနဂါး ရာပေါင်းများစွာ ကောင်းကင်သို့ ထိုးတက်သွားပြီး မိုင်တစ်ရာ ပတ်လည်ရှိ မြေပြင်သည် လုံးဝ မီးပင်လယ်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွား၏။
တာ့ယန် အင်ပါယာ၏ ကင်းထောက်များသည် ပုံမှန်မဟုတ်မှုများကို ကြိုတင် တွေ့ရှိခဲ့သောကြောင့် စစ်တပ်ကြီးသည် မီးပင်လယ် အတွင်းသို့ မဝင်ရောက်ခဲ့ခြင်းမှာ အလွန် ကံကောင်းသည်။
သို့ပေမည့် မီးပင်လယ်နှင့် စစ်တပ်ကြီး၏ အကွာအဝေးမှာ မီတာ တစ်ထောင်ပင် မပြည့်ပေ။ ကြောက်စရာ အကောင်းဆုံး အချက်မှာ ဤမီးပင်လယ်များသည် ပြန့်နှံ့ ရွေ့လျားနိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပန်းထွက်လာသော ရေနံစိမ်းများသည် အပူချိန် မြင့်မားချိန်တွင် စီးဆင်းနိုင်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့ ဘက်တွင် စစ်သည်သိန်းချီ ရှိသောကြောင့် ရွေ့လျားရာတွင် သိပ်မမြန်ဆန်ပေ။ ထို့ကြောင့် မီးပင်လယ်များ ပြန့်နှံ့မှုကို တားဆီးရမှာဖြစ်ပြီး စစ်တပ်ကြီးကို ဆုတ်ခွာစေကာ အခြား လမ်းကြောင်း တစ်ခုကို ရွေးချယ်၍ မီးပင်လယ်ကို ကွေ့ပတ် သွားရမှာ ဖြစ်သည်။