အခန်း ၈၉၁
Vol. 75 Ch. 891
အပိုင်း (၈၉၁)
မရေမတွက်နိုင်သော မီးတောက်များသည် လေဆင်နှာမောင်း၏ လိပ်တင်ခြင်းကို ခံလိုက်ရပြီးနောက် တကယ်ကို ဧရာမ နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
လေဆင်နှာမောင်း သည် မီးလေဆင်နှာမောင်း အဖြစ် ပြောင်းလဲသွားပြီး မူလ အရှိန်အတိုင်း အဆက်မပြတ် လှိမ့်ဝင်လာနေဆဲ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤအသွင်ပြောင်း ကျီးကန်းများသည် ထွက်ပြေးချင်လျှင်ပင် ထွက်ပြေး၍ မလွတ်နိုင်တော့ဘဲ သူတို့ ကိုယ်တိုင်လည်း ဤအင်အားကြီးမားသော အရှိန်၏ ချည်နှောင်မှုကို ခံထားရသောကြောင့် ဖြစ်သည်။
ထို့နောက် ကြောက်စရာကောင်းသော မီးတောက်များသည် လေဆင်နှာမောင်း အတွင်းရှိ နေရာတိုင်းသို့ ပြည့်နှက်သွား၏။
ဤသည်မှာ မီးလောင်ဗုံးများ၏ မီးတောက်များ ဖြစ်ပြီး အတွင်းတွင် မီးစုန်း၊ ဓာတ်ဆီဗုံး၊ အောက်ဆီဂျင် ထုတ်ပေးသည့် ဓာတုပစ္စည်းများ ပါဝင်သည်။
မီးလောင်သွားသည်နှင့် တပြိုင်နက် ပစ္စည်းများ အားလုံး လောင်ကျွမ်း ကုန်ဆုံးသွားသည်အထိ လုံးဝ ရပ်တန့်၍ မရနိုင်ပေ။
ထို့ကြောင့် မရေမတွက်နိုင်သော အသွင်ပြောင်း ကျီးကန်းများ မီးစွဲလောင်သွားပြီး မီးဟုန်းဟုန်း တောက်လောင်သွားကြသည်။
မကြာမီ အနက်ရောင် လေဆင်နှာမောင်း တစ်ခုလုံး တိုက်ရိုက် မီးလောင်ကျွမ်းခံလိုက်ရသည်။ မရေမတွက်နိုင်သော အသွင်ပြောင်း ကျီးကန်းများ၏ အလောင်းများသည် တစ်ကောင်ပြီး တစ်ကောင် ပြုတ်ကျလာကြပြီး မီးသွေးခဲများ အဖြစ် လုံးဝ မီးလောင် ပြာကျသွားကြ၏။
ကောင်းကင်ယံတွင် မီးမိုးများ ရွာကျနေသကဲ့သို့ သဲကန္တာရပေါ်သို့ အဆက်မပြတ် ကျဆင်းနေ၏။ ထောင်ချီ၊ သောင်းချီ၊ သိန်းချီသော မီးမိုးများ... ဤသည်မှာ တကယ်ကို မည်သည့် ကြယ်တံခွန် မိုးရွာကျမှုထက်မဆို ပိုမို လှပလွန်းလှပေသည်။
ထိုသို့ဖြင့် အချိန်တိုလေး အတွင်းမှာပဲ ရန်သူ၏ အသွင်ပြောင်း ကျီးကန်း အများစု အားလုံး မီးလောင် သေဆုံးသွားကြပြီး ကျန်ရှိနေသော အနည်းငယ်မှာ လုံးဝ ထွက်ပြေး လွတ်မြောက်သွားကြ၏။
တကယ်ကို တစ်ခါမှ မရှိဖူးလောက်အောင် လှပတဲ့ သတ်ဖြတ်မှုကြီးပင် ဖြစ်၏။ သို့သော်လည်း နောက်ဆက်တွဲအနေဖြင့် မကောင်းသော ကိစ္စရပ်များ ဖြစ်ပွားလာပြန်သည်။
ဤအသွင်ပြောင်း ကျီးကန်းများအားလုံးနီးပါး သေဆုံး၍ ဖရိုဖရဲ ထွက်ပြေးသွားကြပြီးသည့်တိုင်အောင် လေဆင်နှာမောင်းကြီးသည် ရပ်တန့်သွားခြင်း မရှိဘဲ ၎င်း၏အတွင်း၌ မီးတောက်မီးလျှံများ ပါဝင်နေဆဲ ဖြစ်၏။
လေဆင်နှာမောင်းဟူသည် ပြင်းထန်သော အပူစွမ်းအင် လေကြောင်းစီးဆင်းမှုကြောင့် ဖြစ်ပေါ်လာရသည့် ရာသီဥတုဖြစ်စဉ်တစ်မျိုး ဖြစ်သောကြောင့် မူလကပင် ပျောက်ကွယ်သွားသင့်ပြီဖြစ်သည်။
သို့သော်ငြား ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ဖြစ်နေသော မီးတောက်များကြောင့် အပေါ်နှင့်အောက် လေထုအပူချိန် ကွာဟချက် ကြီးမားသွားကာ ၎င်းလေဆင်နှာမောင်းမှာ ဆက်လက် တည်ရှိနေခြင်း ဖြစ်၏။
‘ချီးတဲ့မှ... မပျောက်သေးဘူးလား။’
ယွင်ကျုံးဟဲ့ အလျင်အမြန် တွက်ချက်လိုက်၏။ ဤလေဆင်နှာမောင်း၏ ရွေ့လျားမည့် လမ်းကြောင်းကို တွက်ချက်ပြီး မည်သည့် အချိန်တွင် ပျောက်ကွယ်သွားမည်ကို တွက်ချက်သည်။
“စတုတ္ထ တပ်မတော်... ဘေးနှစ်ဖက်ကို ဆုတ်ခွာ၊ မြန်မြန်... မြန်မြန်... မြန်မြန်...” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။
သူ၏ အမိန့်ပေးသံနှင့်အတူ စတုတ္ထ တပ်မတော်မှ လူလေးသောင်းနီးပါးသည် ဘေးနှစ်ဖက်သို့ ချက်ချင်း ရူးသွပ်စွာ ပြေးလွှားကြ၏။ ဘာမှ မယူဆောင်နိုင်တော့ဘဲ ရေချိုနှင့် သေနတ်များကိုသာ လွယ်ပိုးသွားကြသည်။
ထိုသို့ဖြင့် မီးတောက်များ ပါဝင်နေသော ထိုလေဆင်နှာမောင်းသည် ဆက်လက်၍ လှိမ့်ဝင်သွားသည်။
ယွင်ကျုံးဟဲ့က အချိန်မီ အမိန့်ပေးခဲ့ပြီး စတုတ္ထ တပ်မတော်က အတိုတောင်းဆုံး အချိန်အတွင်း ထွက်ပြေး ခဲ့သော်လည်း လူအရေအတွက်က အရမ်း များပြားလွန်းသောကြောင့် လုံးဝ လွတ်မြောက်အောင် ပြေးရန်မှာ အလွန် ခက်ခဲ၏။
စစ်သည် အတော်များများ အရှင်လတ်လတ် လေဆင်နှာမောင်း၏ လိပ်တင်ခြင်းကို ခံလိုက်ရ၏။ ကျည်ဆန်များ၊ အမြောက်ဆန်များ အများအပြား ကောင်းကင်ယံသို့ လိပ်တင်ခံလိုက်ရသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
လေဆင်နှာမောင်းအတွင်း၌ မရေမတွက်နိုင်သော အမြောက်ဆန်များ ပေါက်ကွဲလျက်ရှိပြီး မရေမတွက် နိုင်သော ကျည်ဆန်များမှာလည်း ရူးသွပ်စွာ ပစ်ခတ်လို့နေ၏။
ဤမြင်ကွင်းသည် အလွန်ထူးဆန်းလှသော်လည်း စိတ်နှလုံးကို နာကျင်စေ၏။ နောက်ဆုံးတွင် ဤလေဆင်နှာမောင်းသည် မိုင်ထောင်ချီ လှိမ့်ဝင်သွားပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။
တာ့ယန် အင်ပါယာ စစ်တပ်များမှ စစ်သည် ရာပေါင်းများစွာ အသေအပျောက် ရှိခဲ့ပြီး ပစ္စည်းများနှင့် အမြောက်ဆန်များ အများအပြား ပျက်စီးသွားခဲ့၏။
ဤဆုံးရှုံးမှုသည် မည်သို့ပင်ဖြစ်စေ ခံနိုင်ရည် ရှိသေး၏။ မည်သို့ပင်ဖြစ်စေ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ကျီးကန်း နှစ်သိန်းနီးပါးကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်မှာ ခမ်းနားသော စစ်ရေး အောင်ပွဲ တစ်ခုပင် ဖြစ်သည်။
လူတိုင်း၏ ယွင်ကျုံးဟဲ့အပေါ် ကြည်ညိုလေးစားမှုသည် တစ်ခါမှ မရှိဖူးလောက်အောင် မြင့်မားသော အဆင့်သို့ ရောက်ရှိသွား၏။
‘အရှင်မင်းကြီးသာ မရှိခဲ့ရင် ဒီအသွင်ပြောင်း ကျီးကန်းတွေရဲ့ တိုက်ခိုက်မှုက တာ့ယန် အင်ပါယာ စစ်တပ်ကို ဘယ်လောက်တောင် ဆုံးရှုံးမှုတွေ ပေးသွားမလဲ ဆိုတာ မသိနိုင်ဘူး။’
တာ့ယန် အင်ပါယာ၏ ခရီးဝေး စစ်ချီမှုတွင်လည်း အသွင်ပြောင်းငှက် အများအပြားကို ခေါ်ဆောင်လာခဲ့သည်။
အသွင်ပြောင်း သိမ်းငှက် ရာပေါင်းများစွာ ရှိသလို အသွင်ပြောင်း ကျီးကန်း အချို့လည်း ရှိသည်။ သို့ပေမည့် တကယ့် အသွင်ပြောင်း လေကြောင်း အဓိက အင်အားစုမှာ အသွင်ပြောင်း ဇင်ယော်များ ဖြစ်ကြပြီး ၎င်းတို့သည် သမုဒ္ဒရာနှင့် အချိန် အကြာကြီး မခွဲခွာနိုင်သလို သဲကန္တာရ အတွင်းသို့ ပို၍ပင် မဝင်ရောက်နိုင်ပေ။
စစ်သည် သိန်းချီ ပြန်လည် စုစည်းပြီးနောက် ဆက်လက် ချီတက်ကြသည်။
ဤတစ်ကြိမ် ခရီးဝေးစစ်ချီရခြင်းသည် အမှန်တကယ်ပင် မလွယ်ကူလှပေ။ လမ်းတစ်လျှောက်လုံး အနောက်ဘက် ကောင်းကင်ဘုံသို့ ကျမ်းစာသွားပင့်ရသကဲ့သို့ အခက်အခဲ အန္တရာယ်ပေါင်းစုံကို ဖြတ်သန်းနေရ၏။
မိစ္ဆာမြို့တော်သည် အင်အားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ထိုမြို့တော်သို့ မရောက်မီကပင် တာ့ယန်အင်ပါယာ စစ်တပ်များအား ဤမျှလောက်အထိ ခြိမ်းခြောက်မှု အမြောက်အမြား ပေးနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း အသွင်ပြောင်း ကျီးကန်းများ၏ လေဆင်နှာမောင်းသည် နောက်ဆုံးအသုတ် ဖြစ်ပုံရသည်။ ထို့နောက်ပိုင်းတွင် ကျယ်ဝန်းလှသော သဲကန္တာရအတွင်း၌ ဆက်လက် ချီတက်နေရသော်လည်း တာရှန်း မိစ္ဆာနိုင်ငံ၏ တိုက်ခိုက်မှုကို ထပ်မံ ကြုံတွေ့ရခြင်း မရှိတော့ပေ။
ရန်သူများသည် မိစ္ဆာမြို့တော်အတွင်းမှနေ၍ သူတို့ကို စောင့်ကြိုနေကြသည့်အလား ပင်ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲ ရက်အနည်းငယ် အတွင်းတွင် သဲကန္တာရ တစ်ခုလုံးသည်လည်း အလွန် အေးချမ်းနေပုံ ရသည်။
လေပြည်လေညင်း သွေးပြီး နေသာနေကာ တစ်ခါတစ်ရံ အိုအေစစ်များနှင့် သဲကန္တာရ အပင် အချို့ကိုလည်း ဖြတ်သန်းသွားရသည်။
ရှုခင်းက အလွန် လှပသော်လည်း စစ်တပ် တစ်ခုလုံး၏ လေထုကတော့ အလွန် လေးလံနေသည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာမြို့တော်နှင့် ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်ကြောင်း လူတိုင်း သိရှိကြသောကြောင့်ပင်။
‘လျှို့ဝှက်ဆန်းကြယ်တယ်၊ ကြောက်စရာကောင်းတယ်၊ မှောင်မိုက်တဲ့ လောကကြီးရဲ့ ဗဟိုချက် တာရှန်းမိစ္ဆာနိုင်ငံ ဧကရာဇ်က ဒီမိစ္ဆာမြို့တော် ထဲမှာ ရှိနေတာလေ။’
အချိန်များ တစ်နေ့ပြီး တစ်နေ့ ကုန်လွန်သွားသည်။
ယွင်ကျုံးဟဲ့ စစ်တပ်ကို ဦးဆောင်ကာ အဆက်မပြတ် ချီတက်နေသည်။ မိစ္ဆာမြို့တော် နှင့် ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်၏။
ဆယ်ရက် အကြာတွင်...
ကောင်းကင်ယံမှ လေသင်္ဘောများက ကြိုးမဲ့ ဆက်သွယ်ရေး ဖြင့် သတင်းပေးပို့လာသည်။
“အရှင်ဧကရာဇ်... အရှေ့မှာ မိစ္ဆာမြို့တော် ပါ။”
“အရှင်ဧကရာဇ်... ကျုပ်တို့ အရမ်း၊ အရမ်း၊ အရမ်းကို အံ့ဩမှင်တက်နေပါတယ်။”
“အရှင်ဧကရာဇ်... ကျုပ်တို့ ကိုယ့်မျက်လုံးကို ကိုယ်တောင် မယုံနိုင်အောင် ဖြစ်နေပါတယ်။”
“ဒါက တကယ်ပဲ မိစ္ဆာမြို့တော်လား။ လောကကြီးမှာ ဒီလို မိစ္ဆာမြို့တော်မျိုး ရှိသေးတယ်လား။”
ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားသည်။ ‘ဒါ... ဒါက မိစ္ဆာမြို့တော် လား။’
ပထမဆုံး အနေဖြင့် လွန်ခဲ့သော ရှစ်နှစ်က မိစ္ဆာမြို့တော် မည်သို့ ရှိသည်ကို သူ သိထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်ဘုရင်ကျိုး နှင့် ပိုင်ဖေးဖေး တို့က ဖော်ပြခဲ့ဖူးသောကြောင့်ပင်။
ခမ်းနားသည်၊ ခန့်ညားသည်၊ လျှို့ဝှက်ဆန်းကြယ်သည်၊ မှောင်မိုက်သည်၊ အင်အားကြီးမားသည်၊ အနုပညာဆန်သည်။
ဤစကားလုံးများ အားလုံးကို မိစ္ဆာမြို့တော် ပေါ်တွင် အသုံးပြုနိုင်ပြီး ပုံစံမှာ ဆော်ရွန်၏ မိုဒေါမြို့၊ လစ်ချ် ကင်း၏ ရေခဲသရဖူ ခံတပ် တို့နှင့် အနည်းငယ် ဆင်တူသည်။ သို့ပေမည့် ၎င်းတို့မှာ အနောက်တိုင်း ပုံစံများ ဖြစ်ပြီး မိစ္ဆာမြို့တော်ကမူ အရှေ့တိုင်း ပုံစံ ပိုဆန်၏။
ထိုအချိန်က မိစ္ဆာမြို့တော် သည် စိတ်ကူးယဉ်မှုများ ပြည့်နှက်နေဆဲဖြစ်ပြီး အမှောင် အင်ပါယာ တစ်ခု၏ မြို့တော် အသွင်အပြင်နှင့် ကိုက်ညီသည်။
သို့ပေမည့် ယခု ဤမိစ္ဆာမြို့တော်သည် တကယ်ကို လောကတွင် အရုပ်ဆိုးဆုံး အဆောက်အအုံကြီး ဖြစ်သည်။ မြို့ တစ်မြို့ကို ဤသို့ တည်ဆောက်ထားလိမ့်မည်ဟု တွေးကြည့်၍ပင် မရနိုင်ပေ။
အလွန်၊ အလွန် ကြီးမားသော လေးထောင့်တုံးပုံကြီး တစ်ခုပင် ဖြစ်သည်။ မီတာ ရှစ်ဆယ်ကျော် မြင့်မားသော မြို့ရိုးကြီး ရှိပြီး အပေါ်မှ အပြည့်အဝ ဖုံးအုပ်ထားသည်။
ကြည့်ရသည်မှာ အထူး ဧရာမ တုံးလေးထောင့်ပုံကြီး တစ်ခုက သဲကန္တာရပေါ်တွင် အုပ်မိုးထားသကဲ့သို့ပင် ဖြစ်လို့နေ၏။
ဤဧရာမ မြို့ကြီးကို မည်သို့ တည်ဆောက်ခဲ့သည် ဆိုသည်ကို ယွင်ကျုံးဟဲ့ တွေးကြည့်၍ပင် မရနိုင်ပေ။ အကယ်၍ အရွယ်အစား ကြီးမားမှုကို ယှဉ်မည်ဆိုပါက ကမ္ဘာမြေပေါ်ရှိ မည်သည့် အဆောက်အအုံထက်မဆို လုံးဝ သာလွန်သည်။
အချို့သော အပိုင်းများမှာ ကျောက်တုံးကြီးများ ဖြစ်ပြီး အချို့သော အပိုင်းများမှာ ကွန်ကရစ်များ ဖြစ်သည်။ အဓိက အချက်မှာ ၎င်းသည် ခံတပ် တစ်ခု မဟုတ်ဘဲ အထူး ဧရာမ မြို့ကြီး တစ်ခု ဖြစ်ပြီး စတုရန်း ကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်းသော ဧရာမ မြို့ကြီး ဖြစ်၏။
တာရှန်းမိစ္ဆာနိုင်ငံသည် ဤမြို့ကို တည်ဆောက်ရန် ကျွန်မည်မျှ အသုံးပြုခဲ့သည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။
ဤစီမံကိန်း ပမာဏသည် ပိရမစ်များနှင့် နှိုင်းယှဉ်၍ ရနိုင်သော အရာမျိုး လုံးဝ မဟုတ်ပေ။ အကယ်၍ ဤမြို့ကြီးသာ ခေတ်သစ် ကမ္ဘာမြေပေါ်တွင် ပေါ်ပေါက်လာပါက ဂြိုဟ်သားများ ချန်ထားခဲ့သော အရာဟု ထင်မှတ်ခံရပြီး လပေါ်မှနေ၍ ကြည့်လျှင်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်လောက်သည်။
ယွင်ကျုံးဟဲ့ ဤမိစ္ဆာမြို့တော် ကို မြင်လိုက်ရချိန်တွင် ပါးစပ်မှ ထွက်ပေါ်လာသည်မှာ စကားလုံး သုံးလုံးသာ ဖြစ်၏။ ‘ချီးတဲ့မှ... ဒါကို မိစ္ဆာမြို့တော်လို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး။’
သို့သော်လည်း ဤမျှအရုပ်ဆိုး၍ ဤမျှထူးဆန်းသော မြို့မျိုးမှသာ မိစ္ဆာမြို့တော်ဟူသော အမည်နာမနှင့် ထိုက်တန်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤသည်ကား မည်သို့လျှင် မြို့တစ်မြို့ ဖြစ်နိုင်ပါအံ့နည်း။ စတုရန်းကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်း လှသည့် ဧရာမ ခေါင်းတလားကြီးတစ်ခုမျှသာ ဖြစ်၏။
အမှန်တကယ်ပင် ၎င်းကို ခေါင်းတလား တစ်ခုအဖြစ် သတ်မှတ်လိုက်ပါက ချက်ချင်းပဲ အနုပညာ အငွေ့အသက်များ ပြည့်နှက်သွားသည်။
ဟုတ်သည်။ မီတာ ရှစ်ဆယ်၊ ကိုးဆယ်လောက် မြင့်ပြီး စတုရန်း ကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်းတဲ့ ဧရာမ ကျောက်ခေါင်းတလားကြီး တစ်ခုနှင့် တူသည်။ ဤအတွင်းမှာ ထောက်တိုင်ကြီး ဘယ်လောက်များများ ရှိမည်နည်း ဆိုသည်ကို တွေးကြည့်၍တောင် မရနိုင်ပေ။
ယွင်ကျုံးဟဲ့သာမက တာ့ယန်အင်ပါယာ စစ်တပ်တစ်ခုလုံးမှာလည်း လုံးဝ အံ့ဩမှင်တက်သွားကြရသည်။ ဤသည်မှာ မည်မျှ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းသနည်း။
လေသင်္ဘောပေါ်ရှိ ကင်းထောက်များသည် အစွမ်းကုန် ဓာတ်ပုံ ရိုက်ယူနေကြသည်။ အဘယ်ကြောင့်ဆိုသော် တကယ်ကို အရမ်း ထူးဆန်းလွန်းလှသောကြောင့်ပင်။
စစ်တပ်ကြီး ဆက်လက် ချီတက်သွားပြီး မိစ္ဆာမြို့တော်နှင့် မီတာ ငါးထောင်ခန့် အကွာအဝေးတွင် ရပ်တန့် လိုက်သည်။
‘တကယ်... တကယ်ကို ကြီးလွန်းလှတယ်။ အဓိက အချက်က ဒီအရာကြီးကို ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာပဲ။’
အပြည့်အဝ ပိတ်လှောင်ထားပြီး မြို့အထက်တွင် အားလုံး ဖုံးအုပ်ထားသောကြောင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် ဤမြို့ရိုးက မည်မျှ ထူမည်ကိုလည်း မည်သူကမှ မသိနိုင်ချေ။
ဤကဲ့သို့သော မြို့ကို တည်ဆောက်ခြင်းသည် မည်မျှ စိတ်ကူးဉာဏ် နည်းပါးလှသနည်း။ သို့ပေမည့် မည်မျှ စိတ်ကူးဉာဏ် ပြည့်နှက်နေသနည်း။
ကျင်းကျုံးယွဲ့က မနေနိုင်ဘဲ ပြောလိုက်သည်။ “မိစ္ဆာမြို့တော်နဲ့ ယှဉ်လိုက်ရင် ဟေးယန်အင်ပါယာရဲ့ အနက်ရောင် နဂါးမြို့ဟာ အနုပညာ မြို့တော်ကြီး ဖြစ်သွားပြီ။”
ယွင်ကျုံးဟဲ့ လည်း ထိုသို့ပင် ထင်မြင်မိသည်။
ထို့အပြင် ပို၍ ထူးဆန်းသည်မှာ ယွင်ကျုံးဟဲ့၏ စစ်တပ် သိန်းချီ ရောက်ရှိလာပြီ ဖြစ်သော်လည်း မိစ္ဆာမြို့တော် အတွင်းတွင် မည်သည့် တုံ့ပြန်မှုမျှ မရှိခြင်းပင်။
အမြောက်စင် မရှိ၊ စစ်တပ် မရှိ၊ အသွင်ပြောင်း သားရဲတိရစ္ဆာန် မရှိပေ။ မိစ္ဆာမြို့တော် တစ်ခုလုံး လုံးဝ သေဆုံး တိတ်ဆိတ်နေသည်။
တာ့ယန် အင်ပါယာ၏ စစ်သည် သိန်းချီသည် ခံတပ် စခန်းများကို စတင် တည်ဆောက်ကြ၏။
မိစ္ဆာမြို့တော် ပတ်လည်ရှိ သဲကန္တာရများသည် တကယ်တမ်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ ဖြစ်ပြီး အနည်းငယ် စိမ်းလန်းနေကာ ကျောက်စရစ် လွင်ပြင် အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။
ဤနေရာ၏ ဘူမိဗေဒ ပတ်ဝန်းကျင်ကို တာရှန်းမိစ္ဆာနိုင်ငံက အများကြီး ပြောင်းလဲထားခဲ့၏။
“အရှင်ဧကရာဇ်... ဒီသဲကန္တာရက အများကြီး ပြောင်းလဲသွားပြီး အများကြီး စိုစွတ်လာပါတယ်။”
အနက်ရောင်ဘုရင်ကျိုးက ပြောသည်။ “သက်ဆိုင်ရာ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ မြေအောက် ပိရမစ် အုပ်စုကို တူးဖော်တုန်းက ဧရာမ မြေအောက် ရေကြောတွေကို တွေ့ရှိခဲ့ပြီး သူတို့က မြေအောက် ရေကြောက ရေတွေကို အပေါ်ရောက်အောင် လုပ်ပြီး ဒီသဲကန္တာရရဲ့ ဘူမိဗေဒ အနေအထားကို ပြောင်းလဲပစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။”
သို့ပေမည့် လုံခြုံရေးကို သေချာစေရန်အတွက် ယွင်ကျုံးဟဲ့သည် ဤနေရာရှိ မြေအောက်ရေကို မသုံးစွဲရန် ဆုံးဖြတ်လိုက်၏။
နောက်ဆက်တွဲ အနေဖြင့် ထောက်ပံ့ရေး လမ်းကြောင်းများကို တည်ဆောက်ရမည်ဖြစ်ပြီး ခံတပ် အသီးသီးမှတစ်ဆင့် ရေချိုနှင့် ပစ္စည်းများကို ရှေ့တန်းသို့ အဆက်မပြတ် သယ်ယူပို့ဆောင်လာရမှာဖြစ်သည်။
အင်ဂျင်နီယာ တပ်ဖွဲ့ သောင်းချီသည် နေရာမှာပင် ကာကွယ်ရေး လိုင်းများကို ချက်ချင်း တည်ဆောက်ပြီး အမြောက်စင် စခန်းများကို တည်ဆောက်ကြ၏။