အခန်း ၈၉၂
Vol. 75 Ch. 892
အပိုင်း (၈၉၂)
ငါးရက် အကြာတွင် တာ့ယန် အင်ပါယာ၏ ခံတပ် စခန်းသည် နောက်ဆုံးတော့ အကြမ်းဖျင်း ပုံပေါ်လာခဲ့၏။ စစ်သည် တစ်သိန်းငါးသောင်း သည်လည်း အားလုံး နေရာယူ ပြီးသွားခဲ့ပြီဖြစ်သည်။
ယခုအခါ တာ့ယန် အင်ပါယာတွင် စုစုပေါင်း စစ်တပ် လေးငါးသန်းကျော် ရှိပြီး အရှေ့တိုင်း လောကတွင်တင် သုံးသန်းခန့် ရှိ၏။
သို့ပေမည့် မိစ္ဆာမြို့တော်သည် သဲကန္တာရ အတွင်းတွင် ရှိနေသောကြောင့် စစ်သည် တစ်သိန်းငါးသောင်းကို ထောက်ပံ့ပေးနိုင်ရန်မှာ အမြင့်ဆုံး အကန့်အသတ် ဖြစ်နေပြီ ဖြစ်သည်။
ဤသည်မှာလည်း တာ့ယန် အင်ပါယာ၏ အံ့မခန်း နိုင်ငံ အင်အားကြောင့်သာ ဖြစ်ပြီး ဤစစ်သည် တစ်သိန်းငါးသောင်းကို ထောက်ပံ့ရန်အတွက် လူအင်အား ငါးသန်း အနည်းဆုံး အသုံးပြုရ၏။
နေ့စဉ်နှင့်အမျှ နက္ခတ်ဗေဒင် ကိန်းဂဏန်းများကဲ့သို့ များပြားလှသော ပစ္စည်းများကို အင်ပါယာ ပြည်တွင်းမှ၊ ယွင်ပြည်နယ်မြို့မှ တောင်ပိုင်းပြည်နယ်သို့ သယ်ယူလာပြီး၊ ထိုမှတစ်ဆင့် ရိုလန် ယာယီ စစ်စခန်းသို့ သယ်ယူလာကာ၊ ရိုလန် ယာယီ စစ်စခန်း မှတစ်ဆင့် ရှေ့တန်းသို့ သယ်ယူပို့ဆောင်ရသည်။
ဤဘက်တွင် စစ်သည် တစ်သိန်းငါးသောင်း စစ်မတိုက်ရသေးမီမှာပင် တာ့ယန် အင်ပါယာသည် ဒုတိယမြောက်၊ တတိယမြောက် ဧရာမ ယာယီ စစ်စခန်း ကြီးများကို တည်ဆောက်နေပြီ ဖြစ်၏။
ထိုမျှမက အရန် စစ်တပ် တစ်သန်းကျော်သည် ယာယီ စစ်စခန်း အသီးသီးတွင် ရှိနေကြပြီး အချိန်မရွေး ရှေ့တန်းသို့ ထွက်ခွာရန် အသင့်ပြင်ထားကြသည်။
နောက်ပိုင်းတွင် အထူး ဧရာမ လေသင်္ဘောများသည် အဆက်မပြတ် ပျံသန်းလာကြပြီး ရှေ့တန်း စခန်းများတွင် ဆင်းသက်ကြသည်။ သယ်ဆောင်လာသည်များ အားလုံးမှာ ပြောင်းဝကြီးသော အမြောက်များ ဖြစ်၏။
လမ်းခရီး တစ်လျှောက်တွင် သဲကန္တာရ ပတ်ဝန်းကျင်က အလွန် ဆိုးရွားသောကြောင့် အမြောက်ကြီးများကို သယ်ယူပို့ဆောင်ရန် လုံးဝ မဖြစ်နိုင်သလောက်ဖြစ်ပြီး ခံတပ် စခန်းများကို တည်ဆောက်ပြီးနောက်မှသာ နောက်တန်း ယာယီ စစ်စခန်းများမှ ဧရာမ လေသင်္ဘောများဖြင့် သယ်ယူပို့ဆောင်လာရခြင်း ဖြစ်သည်။
ထို့အပြင် ဧရာမ လေသင်္ဘော တစ်စင်းသည် တစ်ကြိမ်လျှင် အမြောက်ကြီး တစ်လက်သာ သယ်ဆောင်နိုင်၏။
နောက်ထပ် ဆယ်ရက် အချိန်ယူခဲ့ရပြီး နောက်တန်း ယာယီ စစ်စခန်းများမှ အမြောက်ကြီး စုစုပေါင်း သုံးရာကျော်ကို သယ်ယူပို့ဆောင်လာနိုင်ခဲ့သည်။
မြို့ရိုးအောက်သို့ ရောက်ရှိလာပြီးနောက် လဝက်တိတိ အချိန်အတွင်း တာ့ယန် အင်ပါယာ စစ်တပ်များသည် ခံတပ် စခန်းများကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခြင်း၊ ကာကွယ်ရေးလိုင်းများကို တည်ဆောက်ခြင်း၊ လက်နက်များ သယ်ယူပို့ဆောင်ခြင်းတို့ကိုသာ ပြုလုပ်နေခဲ့သည်။ စစ်တိုက်ခြင်း လုံးဝ မရှိခဲ့ပေ။
ထို့အပြင် ပို၍ ထူးဆန်းသည်မှာ အရှေ့ဘက်ရှိ မိစ္ဆာမြို့တော် သည်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ သေဆုံးနေသော မြို့ကြီး တစ်မြို့နှင့် တူနေခြင်းပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ စစ်တပ်ကို သူတို့ မမြင်ရသကဲ့သို့ ဖြစ်နေပြီး စစ်တိုက်ရန် မဆိုထားနှင့်၊ ကင်းထောက် ထွက်လာသူ တစ်ယောက်ပင် မရှိပေ။ မိစ္ဆာမြို့တော်တွင် စစ်ပွဲ မရှိပေ။
နောက်ပိုင်းအချိန်များတွင် တာ့ယန် အင်ပါယာ၏ ခံတပ် စခန်းများသည် အဆက်မပြတ် ရှေ့သို့ တိုးလာပြီး မိစ္ဆာမြို့တော်နှင့် ပို၍ ပို၍ နီးကပ်လာသည်။
မီတာ ငါးထောင်၊ မီတာ သုံးထောင်၊ မီတာ နှစ်ထောင်... ပိုမို နီးကပ်စွာ မသွားနိုင်တော့ပေ။
အမြောက်ကြီး ရာပေါင်းများစွာ အားလုံး ကျည်ထိုးထားပြီး မိစ္ဆာမြို့တော်ကို ချိန်ရွယ်ထားသည်။
“အရှင်ဧကရာဇ်... ပစ်ခတ်တော့မလား။”
တစ်ကြိမ် ပစ်ခတ်လိုက်သည်နှင့် မိစ္ဆာမြို့တော်နှင့် အဆုံးအဖြတ် တိုက်ပွဲကြီး စတင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့ လေကို ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်၏။ “ပစ်...”
ယွင်ကျုံးဟဲ့၏ အမိန့်ပေးသံနှင့်အတူ...
“ပစ်...”
“ပစ်...”
အမြောက်ကြီး ရာပေါင်းများစွာသည် မိစ္ဆာမြို့တော်ကို ချိန်ရွယ်၍ ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
ကောင်းကင်ကို တုန်လှုပ်စေသော လေခွင်းသံကြီးများ ထွက်ပေါ်လာပြီး မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။
အမြောက်ဆန် ရာပေါင်းများစွာသည် မိစ္ဆာမြို့တော် ဆီသို့ ရူးသွပ်စွာ ပစ်ထွက်သွားပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ရှစ်ရာကျော် ရှိကာ အားလုံးမှာ သံချပ်ကာဖောက် အမြောက်ဆန်များ ဖြစ်ကြ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
အမြောက်ဆန် ရာပေါင်းများစွာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
သို့ပေမည့် မိစ္ဆာမြို့တော်၏ မြို့ရိုးပေါ်တွင် အပေါက် ရာပေါင်းများစွာသာ ဖြစ်ပေါ်သွားသည်။ ကြည့်ရသည်မှာ အပေါ်ယံ အပေါက်လေးများ သက်သက်သာ ဖြစ်၏။
‘ဒီမိစ္ဆာမြို့တော်ရဲ့ မြို့ရိုးက ဘယ်လောက်တောင် ထူနေတာလဲ။ အမြောက်ကြီးတွေရဲ့ ပစ်ခတ်မှုက ယားယံအောင် လုပ်နေသလိုပဲလား။’
“ဝုန်း... ဝုန်း... ဝုန်း...”
အမြောက်ကြီး ရာပေါင်းများစွာက အဆက်မပြတ် ပစ်ခတ်နေပြီး ရူးသွပ်စွာ ဗုံးကြဲနေသည်။
တိုက်ပွဲတစ်ခုလုံးသည် အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလာသည်။ မည်သူမှ ထွက်မလာကြဘဲ ရူးသွပ်စွာ ပစ်ခတ်နေရုံ သက်သက်မျှသာ ဖြစ်၏။
သို့သော်လည်း ဧရာမမြို့ရိုးကြီးပေါ်တွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်သွားရုံမှတစ်ပါး ၎င်းမြို့ရိုးသည် မည်မျှအထိ ထူထပ်သည်ဆိုသည်ကိုမူ အခြေခံအားဖြင့် မသိရှိနိုင်ချေ။
ထူးဆန်းသည်မှာ မိစ္ဆာမြို့တော် အတွင်းတွင် မည်သည့် တုံ့ပြန်မှုမျှ မရှိခြင်းပင် ဖြစ်သည်။ ယွင်ကျုံးဟဲ့ကို ဤသို့ ရူးသွပ်စွာ ဗုံးကြဲခွင့်ပြုထား၏။
မိုးချုပ်သွားခဲ့၏။ ပထမနေ့၏ ရူးသွပ်စွာ ဗုံးကြဲမှု ပြီးဆုံးသွားပြီး အမြောက်ဆန် အမြောက်အမြားကို အသုံးပြုခဲ့သည်။
သို့ပေမည့် တိုက်ပွဲ ရလဒ်မှာ အလွန် သာမန်သာ ဖြစ်သည်။ အဓိက အချက်မှာ ဤမိစ္ဆာမြို့တော်တွင် မြို့တံခါးပင် မရှိခြင်း ဖြစ်၏။
အစမှ အဆုံးထိ မိစ္ဆာမြို့တော်သည် မည်သည့် တန်ပြန် တိုက်ခိုက်မှုမျှ မပြုလုပ်ခဲ့ပေ။
ဤသည်က မိစ္ဆာမြို့တော်ကြီးသည် လူသူဆိတ်သုဉ်းရာ မြို့လွတ်ကြီးတစ်မြို့ ဖြစ်သွားပြီလား။ အတွင်း၌လည်း မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေဘူးလား ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“အရှင်ဧကရာဇ်... အိပ်တော့လေ။”
ယွင်ကျုံးဟဲ့ ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ကျင်းကျုံးယွဲ့က ဘေးတွင် လှဲလျောင်းနေ၏။
“တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က တကယ်တမ်း ဘာလုပ်နေတာလဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒီနှစ်တွေက တကယ်ကို အရမ်း ထူးဆန်းတာပဲနော်။”
‘ဒီနှစ်တွေ ထူးဆန်းရုံတင် မကဘူး၊ ဒီလမ်းခရီး တစ်လျှောက်လုံးကလည်း အရမ်း ထူးဆန်းတာပဲ။’
ပထမဆုံး အနေဖြင့် မိစ္ဆာမြို့တော်၏ တားမြစ်နယ်မြေသည် ကြောက်စရာကောင်းပြီး ထူးဆန်းလွန်းလှကာ မျဉ်းကျော်ဝင်သူတိုင်း သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး မိစ္ဆာမြို့တော်ကို အလွန် ကြောက်စရာကောင်းပြီး အင်အားကြီးမားသကဲ့သို့ ဖန်တီးထားသည်။
သို့ပေမည့် မကြာမီ မြေအောက်မှ ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ခဲ့ပြီး လေကြောင်းမှ ခြိမ်းခြောက်မှုများကိုလည်း ပဟေဠိ ဖြေရှင်းနိုင်ခဲ့၏။
ရေနံတွင်းများကို တူးဖောက်ကာ မီးပင်လယ်ကြီး ဖန်တီးခဲ့မှုက အံ့ဩစရာ ကောင်းသည်မှာ မှန်၏။ အသွင်ပြောင်း ကျီးကန်း နှစ်သိန်း ဖွဲ့စည်းထားသော လေဆင်နှာမောင်းကြီးက ပို၍ပင် အံ့ဩစရာ ကောင်းသော်လည်း ၎င်းတို့ အားလုံးက အချက် တစ်ချက်ကို ပြသနေသည်။
မိစ္ဆာမြို့တော်သည် တာ့ယန် အင်ပါယာ စစ်တပ်များ ချီတက်လာမှုကို တားဆီးနေခြင်း ဖြစ်၏။
“အကယ်၍ မိစ္ဆာမြို့တော်ကသာ အရမ်း အင်အားကြီးတယ်ဆိုရင် ကျွန်မတို့ရဲ့ စစ်သည် တစ်သန်း သေတွင်းထဲ ဝင်လာတာကိုတောင် မျှော်လင့်နေမှာပါ။ ဒါပေမဲ့ သူတို့က ကျွန်မတို့ မိစ္ဆာမြို့တော်ကို လာတိုက်မှာကို အစွမ်းကုန် တားဆီးနေတာ ဆိုတော့ သူတို့ စိတ်ထဲမှာ ကြောက်နေတယ် ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ပြီးတော့ လွန်ခဲ့တဲ့ ရှစ်နှစ်တည်းက မိစ္ဆာမြို့တော်ဟာ ဘယ်ချင်ဝမ်နဲ့ မြို့စားကိုမှ မိစ္ဆာမြို့တော်ထဲ ဝင်ခွင့် မပြုတော့ဘဲ ဝင်ခွင့်ပဲ ရှိပြီး ထွက်ခွင့် မပေးတော့ဘူးလေ။ အခု သူတို့က မိစ္ဆာမြို့တော် တစ်ခုလုံးကို ပိတ်လှောင်ထားပြန်ပြီ ဆိုတော့ သူတို့ ကြောက်နေတယ် ဆိုတာကို ပိုပြီး သက်သေပြနေတာ မဟုတ်ဘူးလား။”
‘ဒီစကားကတော့ အဓိပ္ပာယ် ရှိပါတယ်။’
သို့သော်လည်း ဤအတိုင်း ဆက်လက်သွား၍မူ မရနိုင်ချေ။ မိစ္ဆာမြို့တော်ကြီးသည် ဧရာမ လိပ်ခွံကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး လုံးဝ ဖောက်ထွက်၍ မရနိုင်သည့်အပြင် အားနည်းချက်ဟူ၍လည်း လုံးဝ မရှိချေ။
အကယ်၍ အမြောက်များဖြင့်သာ အပေါက်တစ်ပေါက် ဖြစ်ပေါ်အောင် ဖောက်လိုပါက အချိန်မည်မျှအထိ ကြာမြင့်မည်ကို မည်သူမှ မသိနိုင်ပေ။
“မနက်ဖြန် ကျွန်မတို့ အမြောက်ကြီး ရာပေါင်းများစွာကို လားရာ တစ်ခုတည်းကို ချိန်ရွယ်ပြီး အားလုံး ပစ်ခတ်ခိုင်းမယ်။ သေချာပေါက် ဖောက်နိုင်မှာပါ။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ အိပ်ရန် မျက်စိမှိတ်လိုက်သည်။ ထိုအချိန်မှာပဲ ရုတ်တရက် သူ၏ နှလုံး ပြင်းထန်စွာ ခုန်သွားပြီး နားထင်လည်း ပြင်းထန်စွာ ခုန်သွားကာ တစ်ကိုယ်လုံး၏ စိတ်ပိုင်းဆိုင်ရာ ချက်ချင်း တင်းမာသွား၏။
‘မမှန်ဘူး၊ အခြေအနေ တစ်ခုခု ရှိနေတယ်။’
ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေသို့ ဝင်ရောက်သွား၏။ သူ အန္တရာယ်ကို ခံစားလိုက်ရသည်။
ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အတွင်းတွင် မြေအောက်မှ အရာတစ်ခုခု ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ အသွင်ပြောင်း သဲသန်ကောင် မဟုတ်ဘဲ တခြား အရာတစ်ခု ဖြစ်ပြီး မရေမတွက်နိုင်သော အရေအတွက်၊ နက္ခတ်ဗေဒင် ကိန်းဂဏန်းများကဲ့သို့ များပြားလို့နေ၏။
ယွင်ကျုံးဟဲ့ ချက်ချင်း ပြေးထွက်သွားရာ အပြင်ဘက်တွင် အမှောင်အတိ ကျနေပြီး အမြင်အာရုံအရ ဘာမှ မမြင်ရတော့ပေ။
သို့ပေမည့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အတွင်းတွင်မူ မိုင်ဆယ်ဂဏန်းခန့် အကွာရှိ သဲကန္တာရတွင် ရုတ်တရက် အက်ကွဲကြောင်း တစ်ခု ပွင့်ဟသွားပြီးနောက် မရေမတွက်နိုင်သော အရာများ ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို မြင်တွေ့ရသည်။
အသွင်ပြောင်း လိပ်ပြာများ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် လိပ်ပြာဟု မခေါ်ဆိုနိုင်ဘဲ အလိုအလျောက် မီးလောင်နိုင်သော အသွင်ပြောင်း မီးပိုးကောင် တစ်မျိုး ဖြစ်၏။
ယခင်က ယွင်ကျုံးဟဲ့ စမ်းသပ်ခဲ့ဖူးသော ကိုယ်တွင်း၌ ဖော့စဖရပ် ပါဝင်သည့် ထူးဆန်းသော အင်းဆက် တစ်မျိုး ပင် ဖြစ်သည်။
ယခင်က တာရှန်းမိစ္ဆာနိုင်ငံသည် ဤအရာများကို အသုံးပြု၍ လေပိုင်နက် တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ပြီး မည်သည့် ပျံသန်းသော အရာမဆို မျဉ်းကျော်ဝင်ရောက်လာသည်နှင့် ချက်ချင်း ထူးဆန်းစွာ အလိုအလျောက် မီးလောင်သွားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ထိုအချိန်က အကောင်ရေ ထောင်ချီ၊ သောင်းချီသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင်မူ အနည်းဆုံး ဆယ်သန်း၊ သန်းရာနှင့်ချီ၍ပင် ရှိနေတော့သည်။
အမှန်တကယ်ပင် သန်းပေါင်းရာချီ၍ ရှိနေခြင်း ဖြစ်သည်။ ကျိုင်းကောင်ကျရောက်သည့် ဘေးအန္တရာယ်ကဲ့သို့ သန်းပေါင်းထောင်ချီ၍ မများပြားသော်လည်း ဤမျှလောက်သော အရေအတွက်သည်ပင်လျှင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။
ယွင်ကျုံးဟဲ့၏ အမြင်အာရုံ အတွင်းတွင် ဤအသွင်ပြောင်း မီးပိုးကောင်များသည် မြေအောက်မှ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် လှည့်ပတ်နေကြ၏။ ပို၍ ပို၍ များပြားလာပြီး အနည်းဆုံး စတုရန်း ကီလိုမီတာ ဆယ်ဂဏန်းခန့် ရှိသော မြေပြင်ကို ဖုံးလွှမ်းသွားသည်။
အမှန်တကယ်ပင် တိမ်မည်းကြီးတစ်ခုကဲ့သို့ ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ အချိန်သည် ညဉ့်အခါဖြစ်သောကြောင့် မည်သည့်အရာကိုမှ မြင်တွေ့နိုင်ခြင်း မရှိချေ။
သို့သော်လည်း မကြာမီအချိန်အတွင်းမှာပင် လူတိုင်း ထင်ရှားစွာ မြင်တွေ့လိုက်ရလေသည်။ အဘယ်ကြောင့် ဆိုသော် ဤအသွင်ပြောင်း မီးပိုးကောင်များသည် စတင်၍ လင်းလက်တောက်ပလာသောကြောင့်ပင်။
တစ်ခဏချင်း အတွင်းမှာပင် သဲကန္တာရ တစ်ခုလုံး၏ ကောင်းကင်ယံ လင်းထိန်သွားသည်။ လိပ်ပြာ ပုံစံ အသွင်ပြောင်း မီးပိုးကောင် သန်းရာချီသည် လင်းလက်နေသော တိမ်တိုက် တစ်ခုကို ဖန်တီးလိုက်ပြီး စတုရန်း ကီလိုမီတာ ဆယ်ဂဏန်းခန့် ရှိသော လင်းလက်နေသည့် တိမ်တိုက်ကြီးသည် တာ့ယန် အင်ပါယာ စစ်တပ်၏ ကောင်းကင်ယံသို့ ရုတ်တရက် ပျံသန်းလာ၏။
ဤအချိန်တွင် မည်သည့် လေမှုတ်စက်ကြီး၊ မည်သည့် အမြောက်၊ မည်သည့် ကျည်ဆန်မှ အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အရေအတွက်က တကယ်ကို အရမ်း များပြားလွန်း သောကြောင့် ဖြစ်သည်။
ဤအခြေအနေသည် အမှန်တကယ်ပင် သေရေးရှင်ရေးတမျှ အရေးကြီးလှသည်။ အကယ်၍ ကြိုတင်ပြင်ဆင် ထားမှုသာ မရှိခဲ့ပါက သိန်းနှင့်ချီသော စစ်တပ်ကြီးသည် အသွင်ပြောင်း မီးပိုးကောင် သန်းပေါင်းရာချီ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်၏။
ပျမ်းမျှအားဖြင့် အသွင်ပြောင်း မီးပိုးကောင် အရေအတွက် ရာဂဏန်း၊ ထောင်ဂဏန်းမျှဖြင့်ပင် လူတစ်ယောက်ကို မီးရှို့သတ်ပစ်နိုင်လောက်သည်။
ယခင်စစ်ပွဲများတွင် တာရှန်းမိစ္ဆာနိုင်ငံအနေဖြင့်သာ ဤလက်နက်ကို အသုံးပြုခဲ့မည်ဆိုပါက တာ့ယန ်အင်ပါယာ စစ်တပ်များ မည်မျှအထိ အသေအပျောက် များပြားသွားမည်ကို မခန့်မှန်းနိုင်ချေ။
သို့သော်လည်း ဤအရာများ၏ ပျံသန်းနိုင်သည့် အကွာအဝေးမှာ အကန့်အသတ်ရှိပုံရပြီး မိစ္ဆာမြို့တော်မှ ယဇ်ပုရောဟိတ်ချုပ်များကသာ မွေးမြူထားခြင်း ဖြစ်နိုင်သည်။
ကံကောင်းစွာဖြင့် ယွင်ကျုံးဟဲ့သည် တကယ့် စစ်မချီမီတည်းက ကြိုတင် ကာကွယ်မှု အစီအမံများ ပြုလုပ်ထားပြီး ဖြစ်၏။
၎င်းတို့သည် လားရာကို ခွဲခြားသိရှိရန် သံလိုက်စက်ကွင်းကို အားကိုးကြခြင်းဖြစ်ရာ သူတို့၏ သံလိုက်စက်ကွင်းကို နှောင့်ယှက်လိုက်ရုံဖြင့် လားရာကို လုံးဝ ပျောက်ဆုံးသွားမှာဖြစ်သည်။
လျှပ်စစ်သံလိုက် အချက်ပြမှုများ ပိုမို ပြင်းထန်လာပါက သူတို့၏ ရူးသွပ်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေကာ တိုက်ရိုက် အလိုအလျောက် မီးလောင်သွားစေမှာဖြစ်သည်။ ဤစမ်းသပ်ချက်ကို ယွင်ကျုံးဟဲ့ ဆယ်ကြိမ်မက ပြုလုပ်ခဲ့ပြီး ဖြစ်၏။
“ဝှစ်... ဝှစ်.... ဝှစ်... ဝှစ်... ဝှစ်...”
အသွင်ပြောင်း လိပ်ပြာ မီးပိုးကောင် သန်းရာချီ ရူးသွပ်စွာ ပျံသန်းလာပြီး သူတို့၏ ခန္ဓာကိုယ် အရွယ်အစားက မကြီးမားသော်လည်း ကြောက်စရာကောင်းသော လေပြင်းများကို ဖြစ်ပေါ်စေသည်။
ဤမြင်ကွင်းသည် အလွန် လှပသလို အလွန်လည်း ကြောက်စရာ ကောင်းလှသည်။ လင်းလက်နေသော တိမ်တိုက်ကြီး တစ်ခု လျင်မြန်စွာ လွင့်မျောလာပြီး မှောင်မိုက်နေသော သဲကန္တာရ တစ်ခုလုံး နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွား၏။
အသွင်ပြောင်း မီးပိုးကောင် သန်းရာချီသည် တာ့ယန် အင်ပါယာ စစ်တပ်၏ ခံတပ်နှင့် ပို၍ ပို၍ နီးကပ်လာသည်။
မီတာ နှစ်သောင်း၊ မီတာ တစ်သောင်း၊ မီတာ ငါးထောင်...