← Chapters

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အခန်း (၁၆၂၁) ဖော်ထုတ်ချက် (၂)

အချိန်ကာလများ ကုန်လွန်လာသည်နှင့်အမျှ ကိစ္စများစွာ တဖြည်းဖြည်း မေ့လျော့သွားခဲ့ကြသော်လည်း ကိစ္စများစွာမှာလည်း တဖြည်းဖြည်း သေချာရေရာလာခဲ့ပေသည်။ တစ်ခါပြုလုပ်မိပြီးသော ကိစ္စအချို့မှာ အချိန်မည်မျှပင် ကြာမြင့်စေကာမူ ပြန်လည် ပြင်ဆင်၍ မရနိုင်တော့ပေ။

အတိတ်က ကိစ္စရပ်များ အားလုံးမှာ အတုအယောင်များသာ ဖြစ်ကြောင်း တစ်စုံတစ်ယောက်က ရုတ်တရက် လာပြောသောအခါ ခုံးကျွင်းဟွာမှာ မည်သို့ ခံစားရမည်ကိုပင် မသိနိုင်အောင် ဖြစ်သွားတော့၏။

ရှန်းကျန်းမှာ တုန်ယင်နေတာ မရပ်တန့်တော့ပေ။ သူ၏ မျက်လုံးများက မီးဟုန်းဟုန်း တောက်လောင်နေပြီး သူက ပြောလိုက်၏။

“ကျုပ် သက်သေ လိုချင်တယ်”

အမြဲတမ်း သစ္စာရှိသော ရွှမ်းယီက ပြောလိုက်သည်။

“မျှော်နန်းသခင်လုက ခင်ဗျား လိုအပ်တဲ့ သက်သေအကုန်ပဲ”

“ဧကရာဇ်ရွှမ်းယီ... ခင်ဗျားက သူ့ကို ယုံတယ်ပေါ့လေ” ဝူရှင်းက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်၏။

“သူက ဒီလောကကြီးမှာ ကျုပ် အယုံကြည်ရဆုံး လူပဲ” ရွှမ်းယီက လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်လောက်သော တုန်လှုပ်ခြင်းမရှိသည့် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“…”

ဝူရှင်းသည် ခေါင်းခါယမ်းကာ ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။

“ဒီကနေ့ ဖြစ်ပျက်ခဲ့တာတွေကို ကျုပ် မှတ်ထားမယ်။ ဒီလို မဟုတ်မမှန် စွပ်စွဲတဲ့ စကားတွေကို ကျုပ် မှတ်ထားပြီး ကျုပ်ရဲ့ ဘိုးဘေးနဲ့ အထွတ်အမြတ်ခန်းမကို သတင်းပို့မယ်။ မဟာလေဟာနယ်ထဲမှာ တရားမျှတမှုကို စောင့်ထိန်းမဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာကို ကျုပ် မယုံဘူး”

ထို့နောက် ဝူရှင်းသည် ထွက်ခွာရန် ပြင်ဆင်ရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

အကယ်၍ ရှန်းကျန်းကသာ ဝူရှင်းကို ထွက်ခွာခွင့် ပြုလိုက်မည်ဆိုပါက လုကျိုး၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ဝူရှင်းကို ဤနေရာ၌ ဆက်လက် ထိန်းချုပ်ထားရန်မှာ ခက်ခဲလှပေလိမ့်မည်။

“ခဏလောက် နေပါဦး”

ခရုလေးက ရှေ့သို့ ထွက်လာခဲ့၏။

လူတိုင်းသည် ခရုလေးကို ကြည့်လိုက်ကြသည်။

ဝူရှင်း၏ မျက်နှာပေါ်တွင် ဝမ်းသာအားရဖြစ်မှုနှင့် အံ့အားသင့်မှုများ ချက်ချင်းပင် ပေါ်ထွက်လာခဲ့၏။ ခရုလေးက ရွှမ်းမုန့်ခန်းမသို့ လိုက်ပါလာမည်ဟု သူ ထင်မှတ်လိုက်ပေသည်။

ခရုလေး၏ မျက်နှာအမူအရာမှာ အလွန် တည်ငြိမ်နေပြီး သူမက ပြောလိုက်သည်။ “ကျွန်မရဲ့ ရှစ်စွင်း ပြောတဲ့စကားတွေက အမှန်ဆိုတာကို ကျွန်မ သက်သေပြနိုင်ပါတယ်”

“ဟင်” ရှန်းကျန်းသည် ခရုလေးကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏။ “မင်းက ဘယ်လို သက်သေပြနိုင်မှာလဲ”

မည်သို့ပင်ဆိုစေ ခရုလေးမှာ အလွန် ငယ်ရွယ်လွန်းသေးသည် မဟုတ်ပါလော။ လွန်ခဲ့သော နှစ်ပေါင်း ၁၁၀,၀၀၀ တုန်းက ဖြစ်ပျက်ခဲ့သည်များကို သူမက ဘယ်လိုလုပ် သိနိုင်မည်နည်း။

ခရုလေးသည် စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏ လက်မောင်းကို မြှောက်ကာ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး သူမ၏ ဖြူဖွေးသော လက်မောင်းကို ဖော်ပြလိုက်၏။ ထို့နောက် သူမသည် လက်မောင်းပေါ်သို့ လက်နှစ်ချောင်းဖြင့် ညင်သာစွာ ပုတ်လိုက်ရာ သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ခရုပုံစံ အမှတ်အသားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအမှတ်အသားမှာ စူးရှတောက်ပစွာ လင်းလက်နေပေသည်။

လူတိုင်း မှင်တက်သွားကြတော့သည်။

ခရုလေးက တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။ “ကျွန်မ အမေရဲ့ နာမည်က လော့ရွှမ်းပါ။ သူမက အနီရောင်ကြာနယ်မြေက ကျင့်ကြံသူ တစ်ယောက်ကို ချစ်ခဲ့တယ်။ သူမက လွတ်လပ်ပေါ့ပါးပြီး အနှောင်အဖွဲ့ကင်းတဲ့သူပါ။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှောင်အဖွဲ့တွေကို လေ့လာရတာကိုလည်း နှစ်သက်တယ်။ သူမက လောကီရေးရာတွေနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်ပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာရတာကို သဘောကျတယ်။ သူမက စစ်ပွဲတွေနဲ့ သတ်ဖြတ်တာတွေကို မုန်းတီးတယ်။ သူမက အမည်မသိကုန်းမြေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ လူအနည်းစုထဲက တစ်ယောက်လေ။ သူမက အရမ်းကို သတ္တိရှိတယ်။ ကျွန်မကို အမည်မသိကုန်းမြေထဲမှာ ကယ်တင်ခဲ့ပြီး လော့ရှစ်ရင်ဆိုတဲ့ နာမည်ကို ပေးခဲ့တာလည်း သူမပါပဲ”

လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။ သူမ၏ စကားများက လက်ရှိ ကိစ္စရပ်နှင့် မည်သို့ သက်ဆိုင်နေသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

လုကျိုးသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူသည် ခရုလေးကို မတားဆီးခဲ့ပေ။

ခရုလေးသည် အနီရောင်ကြာနယ်မြေရှိ သူမ၏ ဘဝ၊ မိခင်ဖြစ်သူ ပျောက်ဆုံးသွားမှု၊ မိဘမဲ့တစ်ဦး ဖြစ်လာမှုနှင့် သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့မှု တို့အကြောင်းကို ဆက်လက် ပြောပြနေခဲ့သည်။ နောက်ဆုံးတွင် သူမက ပြောလိုက်၏။

“ကျွန်မ အမေနဲ့ ပြန်တွေ့တဲ့အချိန်မှာ အမေက သူမရဲ့ ကျင့်ကြံမှုတွေကို ကျွန်မဆီ လက်ဆင့်ကမ်းပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ ထူးဆန်းတဲ့ မြင်ကွင်းတွေကို အိပ်မက်မက်လာခဲ့တယ်။ ကျွန်မရဲ့ အိပ်မက်တွေထဲမှာ တောင်တစ်တောင်နဲ့ မြစ်တွေ ရှိနေခဲ့တယ်...”

ရှန်းကျန်းက လေးနက်တည်ကြည်စွာ မေးလိုက်သည်။

“မင်းက ဘာကို ဆိုလိုချင်တာလဲ”

ခရုလေးသည် ရှန်းကျန်း၏ စကားကို မကြားလိုက်ရသကဲ့သို့ပင် ဆက်ပြောလိုက်၏။ “ကျွန်မရဲ့ အိပ်မက်တွေထဲမှာ အဲဒီတောင်က စိမ်းလန်းနေတယ်။ တစ်နှစ်ပတ်လုံး နွေရာသီပဲ ဖြစ်နေခဲ့တာ။ ရှုခင်းတွေကလည်း အရမ်းကို သာယာလှပတယ်။ လူတွေက အဲဒီနေရာကို... နန်ဟွာတောင် လို့ ခေါ်ကြတယ်”

ထို့နောက် ခရုလေး၏ လက်ကောက်ဝတ်ပေါ်ရှိ အမှတ်အသားမှာ ရုတ်တရက် လင်းလက်သွားပြီးနောက် လေထုထဲတွင် စူးရှတောက်ပသော အနီရောင် စာလုံးနှစ်လုံး ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ ရှန်းကျန်းပင် ဖြစ်ပေသည်။

ဘုန်း

ခုံးကျွင်းဟွာမှာ အနောက်သို့ ယိုင်နဲ့သွားပြီး လဲကျသွားတော့၏။ အစေခံ အမျိုးသမီးများက သူမကို အလျင်အမြန် ထူမပေးလိုက်ကြသည်။

လေထုထဲရှိ စာလုံးနှစ်လုံးကို မြင်သောအခါ ရှန်းကျန်း၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ရွှမ်းယီ၊ ဝူရှင်းနှင့် အခြားသူများ အားလုံးမှာ ခရုလေးကို ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်လိုက်ကြ၏။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဝူရှင်းက တံတွေးမျိုချလျက် ပြောလိုက်သည်။

ရှန်းကျန်းသည် သူ၏ စိတ်ထဲတွင် လက်ခံနိုင်စွမ်း မရှိဘဲ အလိုအလျောက်ပင် အနောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။ နတ်ဘုရင်တစ်ပါး ဖြစ်နေသည့်တိုင် ဤအခိုက်အတန့်၌ သူသည် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ပေ။ သူက အဆက်မပြတ် ခေါင်းခါယမ်းနေခဲ့သည်။

ရှန်းကျန်း၏ သဘောထားကို မြင်သောအခါ ခရုလေးသည် သူမ၏ အင်္ကျီလက်ကို ပြန်ချလိုက်ရာ အနီရောင် စာလုံးနှစ်လုံးမှာ ပျောက်ကွယ်သွားတော့၏။ သူမ၏ လက်မောင်းကို ထပ်မံ၍ တစ်ချက် ပုတ်လိုက်သောအခါ လက်ကောက်ဝတ်ပေါ်ရှိ အမှတ်အသားမှာလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူမက တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်မ ဒီအမှတ်အသားကို ဖုံးကွယ်ထားခဲ့တာက... ကျွန်မမှာ အမေ တစ်ယောက်ပဲ ရှိလို့ပါ။ သူမ နာမည်က လော့ရွှမ်း။ ကျွန်မမှာ တခြား မိသားစုဝင်တွေ မရှိဘူး။ အခုလည်း မရှိသလို နောင်လဲ ရှိလာမှာ မဟုတ်ဘူး”

“…”

နေရာတစ်ခုလုံးမှာ သုဿန်တစပြင်တစ်ခုကဲ့သို့ တိတ်ဆိတ်သွားတော့၏။

ဤခန်းမဆောင် တစ်ခုလုံးတွင် ခရုလေး တစ်ဦးတည်းသာ အမှန်တကယ် တည်ငြိမ်နေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူမသည် ထိုမြင်ကွင်းများကို အိပ်မက်ထဲတွင် အကြိမ်တစ်ထောင်မက မြင်တွေ့ခဲ့ရပြီး ယနေ့ မြင်ကွင်းကိုလည်း သူမ၏ ရင်ထဲတွင် မရေမတွက်နိုင်အောင် အထပ်ထပ်အခါခါ ပုံဖော်ကြည့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ အိပ်မက်များနှင့် နှလုံးသားထဲရှိ မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာတိုင်း သူမ၏ ရင်ထဲတွင် နာကျင်ခဲ့ရသော်လည်း ၎င်းတို့မှာ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ရာ ယခုအခါ သူမသည် လုံးဝ ခံစားရခြင်း မရှိတော့ပေ။

ရှောင်ယွမ်အာက တုံးအသူ မဟုတ်ပေ။ သူမက အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့၏။ သူမသည် ခရုလေးကို တကယ်ပင် နှစ်သိမ့်ပေးချင်ခဲ့သော်လည်း မှန်ကန်သော စကားများကို မပြောဆိုနိုင်မည်ကို စိုးရိမ်နေမိသည်။ နောက်ဆုံးတွင် သူမသည် ပါးစပ်ကို ပိတ်ထားရုံသာ တတ်နိုင်တော့၏။

သတိပြန်ဝင်လာသော ရွှမ်းယီက တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွဲလိုက်သည်။

“တကယ်လို့ သူက ဘေးအန္တရာယ်ရဲ့ ရှေ့ပြေးနိမိတ်သာ အစစ်အမှန် ဖြစ်နေမယ်ဆိုရင်... အဲဒီအချိန်ကစပြီး ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး မဟာလေဟာနယ်ထဲမှာ ဘာလို့ ဘာအပြောင်းအလဲမှ မရှိခဲ့တာလဲ”

“…”

“တကယ်လို့ သူမက ကံဆိုးစေသူသာဆိုရင် ဘေးအန္တရာယ်က ဘယ်မှာလဲ။ မျှခြေမညီမျှမှုတွေနဲ့ သွင့်ကျန်း ဖျက်ဆီးခြင်း တိုင်လုံး ပြိုကျသွားတာက ဘေးအန္တရာယ်လို့ ခင်ဗျားတို့ ပြောကြတော့မလို့လား” ရွှမ်းယီက အနည်းငယ် ဒေါသထွက်နေသော လေသံဖြင့် ဆက်ပြောလိုက်၏။ ခရုလေးမှာ သနားစရာကောင်းလှသည်ဟု သူ တကယ်ပင် ထင်မှတ်မိပြီး သူမကိုယ်စား မတရားခံရသလို ခံစားနေရပေသည်။ သူက မေးလိုက်၏။

“ဧကရာဇ်ရှန်းကျန်း... ခင်ဗျား ဘယ်လိုထင်လဲ”

ရှန်းကျန်းသည် အနောက်သို့ ယိုင်နဲ့သွားကာ စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ သူ၏ ပလ္လင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ ဝိညာဉ် လွင့်ပျောက်သွားသကဲ့သို့ ဖြစ်နေခဲ့၏။

ခရုလေးက လှည့်လာသည်။ သူမသည် လုကျိုး၏ အရှေ့တွင် ရပ်ကာ အရိုအသေပေးလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်မဆီမှာ မဟာလေဟာနယ် မျိုးစေ့ ရှိနေတယ်ဆိုတော့ ခန်းမတစ်ခန်းရဲ့ တပ်မှူး ဖြစ်လာဖို့ အကောင်းဆုံး ကိုယ်စားလှယ်ပါပဲ။ ရွှမ်းမုန့်ခန်းမက လူလိုနေတာလေ။ တကယ်လို့ ရှစ်စွင်းသာ ကန့်ကွက်စရာ မရှိဘူးဆိုရင် ကျွန်မ ရွှမ်းမုန့်ခန်းမရဲ့ တပ်မှူးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိပါတယ်”

လုကျိုး ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“တခြား ကိစ္စတွေသာဆိုရင် ငါ သဘောတူနိုင်ပေမဲ့ ဒါကိုတော့ လက်မခံနိုင်ဘူး” ထို့နောက် သူသည် ဝူရှင်းကို လှည့်ကြည့်ကာ ပြောလိုက်၏။

“လောလောဆယ်တော့ အဲဒီနေရာက အရမ်းကို ညစ်ပတ်နေတုန်းပဲ”

ဝူရှင်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

လုကျိုးသည် လူတိုင်းကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် အပြင်ဘက်သို့ လှည့်ထွက်သွားတော့၏။

ရှောင်ယွမ်အာနှင့် ခရုလေးတို့သည်လည်း သူတို့၏ ရှစ်စွင်း နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။

ဝှစ် ဝှစ် ဝှစ်

ရှန်းကျန်းခန်းမမှ ကျင့်ကြံသူများသည် ခန်းမဆောင်၏ ဝင်ပေါက်တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြပြီး သူတို့ကို သားကောင်ကို စောင့်ကြည့်နေသော ကျားများကဲ့သို့ ကြည့်နေကြ၏။

“သခင်မလေး နှစ်ယောက်က ခွင့်ပြုချက်မရဘဲ ရှန်းကျန်းခန်းမကနေ ထွက်ခွာခွင့် မရှိဘူး”

လုကျိုးသည် သူ၏ လက်ကို မြှောက်လိုက်ရာ ဓားပုံစံဖြင့် ရှိနေသော အမည်မဲ့သည် သူ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့၏။ ထို့နောက် သူက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“ငါ့ကို သွေးချောင်းစီးအောင် မလုပ်ခိုင်းနဲ့”

ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်လွှတ်နေသည့် အမည်မဲ့ကို ကြည့်လိုက်ကြသည်။ ၎င်းမှာ လေဟာနယ်အဆင့် လက်နက်တစ်ခု ဖြစ်ကြောင်း သူတို့အားလုံး သိမြင်နိုင်ပေသည်။ လေဟာနယ်အဆင့် လက်နက်တစ်ခုကို ကိုင်ဆောင်ထားသော လုကျိုးကို မည်သူမျှ မတိုက်ခိုက်ရဲသလို လှုပ်လဲ မလှုပ်ရဲကြချေ။

ထိုအခိုက်အတန့်တွင် ရှန်းကျန်းက ပြောလိုက်၏။ “သူတို့ကို သွားခွင့်ပြုလိုက်ပါ”

ထိုစကားနှင့်အတူ ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း ဆုတ်ခွာသွားကြတော့သည်။

လုကျိုး ပျံသန်းထွက်ခွာသွားပြီး ရွှမ်းယီ၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က အနောက်မှ လိုက်ပါသွားကြ၏။

…

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိရတော့ပေ။ ဝူရှင်းသည် နေရာမှ ထရပ်လိုက်ပြီး ရှန်းကျန်းကို အရိုအသေပေးလျက် ပြောလိုက်၏။

“အရှင်မင်းကြီး... ကျွန်တော်မျိုး သတင်းပြန်ပို့ရဦးမှာဆိုတော့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။ သွားခွင့်ပြုပါဦး”

ဝူရှင်းနှင့် သူ၏ နောက်ပါများသည် ခန်းမဆောင်၏ ဝင်ပေါက်ဆီသို့ အလျင်အမြန် လျှောက်သွားကြသည်။ သူတို့ ထွက်ခွာတော့မည့်ဆဲဆဲ၌ ရှန်းကျန်း၏ မှိုင်းညို့နေသော အသံက လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။

“မင်းက ဒီကို ရောက်နေမှတော့ ထွက်သွားလို့ မရတော့ဘူး”

ရှန်းကျန်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သည်။

ခန်းမဆောင် ဝင်ပေါက်ရှိ လေဟာနယ်မှာ တွန့်လိမ်လှိုင်းထလာတော့၏။

ရွှစ်

ဝူရှင်းနှင့်အတူ ပါလာသော ကျင့်ကြံသူများမှာ သွေးများ အန်ထွက်လာကာ လွင့်စဉ်သွားကြတော့သည်။

ဝူရှင်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူက အလျင်အမြန် လှည့်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... သူ့ကို ယုံလို့မရဘူးနော်”

ရှန်းကျန်းသည် ဝူရှင်းကို လျစ်လျူရှုကာ အေးစက်သော အသံဖြင့် အော်ဟစ်လိုက်၏။

“လူတွေလာကြစမ်း”

ရွှစ် ရွှစ် ရွှစ်

ကျင့်ကြံသူ အများအပြားသည် လျှပ်တစ်ပြက်အတွင်း ခန်းမဆောင်ထဲသို့ ပေါ်လာခဲ့ကြသည်။

“သူ့ကို ဆွဲထုတ်သွားပြီး ဒုက္ခိတဖြစ်အောင် လုပ်လိုက်” ရှန်းကျန်းက ပြောလိုက်၏။

“နားလည်ပါပြီ”

ကျင့်ကြံသူ နှစ်ဦး ချက်ချင်းပင် ရှေ့သို့ ထွက်လာကြသည်။

ဝူရှင်းက ဟိန်းဟောက်လိုက်၏။

“ရှန်းကျန်း... ခင်ဗျား ဘယ်လိုလုပ် လုပ်ရဲရတာလဲ။ ရွှမ်းမုန့်ခန်းမကို အနိုင်ကျင့်ရ လွယ်တယ်လို့ တကယ် ထင်နေတာလား။ တကယ်လို့ ကျုပ်ရဲ့ ဆံပင်တစ်ပင်ကိုတောင် ခင်ဗျား ထိရဲမယ်ဆိုရင်... ကျုပ်ရဲ့ ဘိုးဘေးက ခင်ဗျားကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”

ရှန်းကျန်း၏ မျက်လုံးများက မီးဝင်းဝင်း လက်နေပြီး သူက ပြောလိုက်သည်။

“သူ့ရဲ့ ခြေလက်တွေကို ချိုးပစ်လိုက်”

“နားလည်ပါပြီ”

ဝူရှင်း ရုန်းကန်ရန် ပြင်လိုက်ချိန်မှာပင် ရှန်းကျန်းက လက်ကို ဝှေ့ယမ်းလိုက်၏။ အလင်းတံဆိပ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ဝူရှင်း၏ ရင်ဘတ်ကို ဝင်တိုက်သွားတော့သည်။ ဝူရှင်း လွင့်ထွက်သွားပြီးနောက် ကျင့်ကြံသူ လေးဦးက သူ့ကို ဖမ်းချုပ်လိုက်ကြသည်။

ဒုတ်

ကျင့်ကြံသူ တစ်ဦးစီက ဝူရှင်း၏ ခြေလက်များကို အသီးသီး ချိုးပစ်လိုက်ကြတော့၏။

“သူ့ကို အသက်ရှင်လျက် ထားထား။ ဝူဇူးက ဒီကိစ္စကို ဘယ်လို ရှင်းပြမလဲဆိုတာ ငါ ကြည့်ချင်တယ်”

ရှန်းကျန်းက ပြောလိုက်သည်။

“နားလည်ပါပြီ”

ရှန်းကျန်းသည် သူ၏ ပလ္လင်ပေါ်သို့ ပြန်သွားခဲ့ပြီး မှင်တက်နေဆဲပင် ဖြစ်၏။ သူက ခုံးကျွင်းဟွာကို လှည့်ကြည့်လိုက်သည်။ သူမ သတိလစ်နေတာ ကြာပြီး ဖြစ်ကာ အစေခံ အမျိုးသမီး၏ လက်မောင်းပေါ်တွင် လဲလျောင်းနေပေသည်။

“သခင်မကို အနားယူဖို့ ခေါ်သွားလိုက်”

“နားလည်ပါပြီ”

ခုံးကျွင်းဟွာကို ခေါ်ဆောင်သွားပြီးနောက် ရှန်းကျန်းသည် ခန်းမဆောင်ထဲ၌ အချိန်အတော်ကြာအောင် နေနေခဲ့၏။ သူ၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တည်ငြိမ်နေခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိရတော့ပေ။ နောက်ဆုံးတွင် ရှန်းကျန်းသည် မတ်တတ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

ထိုအချိန်တွင် ကျင့်ကြံသူ တစ်ဦး ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာပြီး မေးလိုက်၏။

“အရှင်မင်းကြီး... ဘာများ အမိန့်ပေးစရာ ရှိပါသလဲ”

“ရထားလုံးပျံကို ပြင်ဆင်ထားလိုက်။ ငါ ရွှမ်းယီခန်းမကို သွားချင်တယ်”

“နားလည်ပါပြီ”

“နေပါဦး” ရှန်းကျန်းက လှမ်းခေါ်လိုက်ပြီးနောက် ပြောလိုက်၏။ “ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ ပြီးတော့ ငါ့ရဲ့ တာအိုခန်းမဆောင်ထဲက ပစ္စည်းတွေကိုလည်း ယူခဲ့”

“နားလည်ပါပြီ”

…

All Chapters