← Chapters

အခန်း ၁၆၂၃

Vol. 109 Ch. 1623

အခန်း ၁၆၂၃

Vol. 109 Ch. 1623

အခန်း (၁၆၂၃) သူ့သေဆုံးမှုအတွက် အကွက်ဆင်ခြင်း (၁)

ချီရှန့်က ထိုအကြောင်းပြချက်များ မလုံလောက်သေးကြောင်းကို သဘာဝကျစွာပင် သိနေခဲ့သည်။ သို့သော်လည်း သူ၏ မျက်လုံးများနှင့် အပြုံးများက သူ၏ ယုံကြည်မှုကို ဖော်ပြနေပေသည်။

နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် အသက်ရှင်နေထိုင်လာခဲ့သော မဟာလေဟာနယ်၏ မဟာနတ်ဆရာကြီး ဝူဇူးတွင် လူအများစုထက် သာလွန်သော အတွေ့အကြုံနှင့် အသိပညာများ ရှိပေသည်။ သို့သော်လည်း သူသည် ချီရှန့်၏ အတွေးများကို တကယ်တမ်း ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။

ချီရှန့်က ပြောလိုက်၏။

"အဲဒီအရာတွေက မလုံလောက်သေးဘူးဆိုရင် ကျွန်တော် စကားနည်းနည်းလောက် ထပ်ပြောပါရစေ"

ဝူဇူးက အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ အပြောကောင်းတဲ့ လျှာကနေ ဘယ်လို အကြောင်းပြချက်မျိုးတွေ ထွက်လာနိုင်မလဲဆိုတာကို ငါ မြင်ချင်သေးတယ်။ ဒါပေမဲ့ မင်းအတွက် သတင်းဆိုး တစ်ခုတော့ ရှိတယ်"

"ချန်ပေ့ အရင်ပြောပါ" ချီရှန့်က ဆိုလိုက်၏။

ဝူဇူးက ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မင်း... သေရမယ်"

ချီရှန့်၏ မျက်လုံးများ သို့မဟုတ် မျက်နှာပေါ်တွင် အကြောက်တရား၊ ထိတ်လန့်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုတို့ကို မြင်တွေ့ရလိမ့်မည်ဟု ဝူဇူး ထင်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် ချီရှန့်က တည်ငြိမ်နေခဲ့ပေသည်။

ချီရှန့်က ခေါင်းညိတ်လိုက်၏။

"အခု မင်း ပြောလို့ရပြီ" ဝူဇူးက ပြောလိုက်သည်။

"ချန်ပေ့ဝူဇူးက ရှေးခေတ်ကာလတွေမှာ မွေးဖွားခဲ့ပြီး အရပ်ဒေသ အနှံ့အပြားကို ခရီးသွားခဲ့ဖူးတယ်။ ခင်ဗျားက မဟာလေဟာနယ်ထဲမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော နတ်ဆရာဖြစ်ပြီး အထွတ်အထိပ် သက်ရှိတစ်ပါး ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော နတ်ဆရာလည်း ဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ စုန်းကဝေ မှော်ပညာရပ်တွေကလည်း မိုးနဲ့မြေရဲ့ ချည်နှောင်မှုတွေကြောင့် ကန့်သတ်ခံထားရပြီး အသက်ရှင်နိုင်တဲ့ အချိန်အကန့်အသတ် ရှိနေတယ်။ ကျွန်တော့်ရဲ့ တွက်ချက်မှုသာ မှန်ကန်မယ်ဆိုရင် ချန်ပေ့... ခင်ဗျားအတွက် အချိန်သိပ်မကျန်တော့ဘူး မဟုတ်လား"

ဝူဇူး၏ မျက်လုံးများမှာ မယုံကြည်နိုင်သည့် အရိပ်အယောင်များ လင်းလက်သွားကာ ချီရှန့်ကို ကြည့်လိုက်၏။ ဤကိစ္စသည် သူ၏ နှလုံးသားထဲတွင် အမြဲတမ်း အထုံးအဖွဲ့ တစ်ခု ဖြစ်နေခဲ့သည်။ ၎င်းသည် အောက်လမ်းအတတ်များကို စတင်ကျင့်ကြံခဲ့ကတည်းက သူ ရင်ဆိုင်ခဲ့ရသော အကြီးမားဆုံး အတားအဆီးလည်း ဖြစ်ပေသည်။ သာမန်လူများနှင့် ကျင့်ကြံသူများ အပါအဝင် လူသားအားလုံး ရင်ဆိုင်ရသည့် ပြဿနာလည်း ဖြစ်၏။ သူ၏ ဘဝမှာ အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်ပေသည်။

ထာဝရ အသက်ရှင်နေထိုင်ရမည့်အရေးကို တွေးတောင် မတွေးရဲသူများ ရှိပေသည်။ ဘဝသည် ထပ်တလဲလဲ ဖြစ်နေပြီး ငြီးငွေ့စရာ ကောင်းကာ လူတစ်ယောက်၏ ခံစားချက်များနှင့် ဆန္ဒများကို ထုံထိုင်းသွားစေလိမ့်မည် ဖြစ်၏။ သို့သော် သူတို့ပိုင်ဆိုင်ထားသော စွမ်းအားနှင့် အဆင့်အတန်းများကို ခံစားရင်း ထာဝရ အသက်ရှင်ချင်သူများလည်း ရှိပေသည်။

ဝူဇူးသည် သဘာဝကျစွာပင် လူအများစုကဲ့သို့ ဒုတိယအုပ်စုတွင် ပါဝင်ပေသည်။ သူက သေဆုံးရန် ဆန္ဒမရှိချေ။

နောက်ဆုံးတွင် ဝူဇူးက မေးလိုက်သည်။

"မင်းက ဘယ်လိုလုပ် သိတာလဲ"

"သေချာ အကဲခတ်တတ်တဲ့ သူတွေက တွက်ချက်မှု နည်းနည်း လုပ်လိုက်တာနဲ့ သိနိုင်ပါတယ်" ချီရှန့်က ပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀,၀၀၀ တုန်းက မဟာအက်ကွဲတောင်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ကြမ္မာငင်တဲ့ အက်ကွဲမှုကြီးရဲ့ နောက်ကွယ်က တရားခံဟာ ခင်ဗျားပဲ။ ပြီးတော့ အောက်လမ်းအတတ်က အစီအရင်ကို အသုံးပြုပြီး အသက်စွမ်းအင် အမြောက်အမြားကို စုပ်ယူခဲ့တာလည်း ခင်ဗျားပဲ"

ဝူဇူးက မျက်မှောင်ကြုတ်လိုက်ရာ သူ၏ အမူအရာမှာ လေးနက်သွားတော့သည်။

ချီရှန့်က ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ အတွင်းမှာ မဟာလေဟာနယ် စူးစမ်းရှာဖွေရေးခရီးစဉ်နဲ့ နယ်မြေကိုးခုက လူသားတွေကို ရှင်းလင်းဖယ်ရှားတဲ့ အစီအစဉ်တွေ အပါအဝင် အရာအားလုံးကို ခင်ဗျားက စီစဉ်နေခဲ့တာ။ ပုရွက်ဆိတ်တွေ သေဆုံးနေတာကို ကြည့်ဖို့အတွက် ခင်ဗျားက အမြင့်ဆုံး နေရာမှာ ရပ်နေခဲ့တယ်..."

ဤနေရာအရောက်တွင် ဝူဇူးက လက်ကိုမြှောက်ကာ ပြောလိုက်၏။

"အဓိပ္ပာယ်မရှိတာတွေ”

ချီရှန့်က ပြောလိုက်သည်။

"ချန်ပေ့... ကျွန်တော် ပြောတာ ပြီးတဲ့အထိ စောင့်ပါလား။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ကို သတ်မှာပဲဟာကို"

"ပြောစမ်း” ဝူဇူးက ဩရှရှအသံဖြင့် ပြောလိုက်၏။

"အရင်က ပြောခဲ့သလိုပဲ ကျွန်တော်က တကယ်ရှိနေတဲ့ အချက်အလက်တွေကိုပဲ ပြောပြမှာဖြစ်ပြီး ခင်ဗျားရဲ့ ငြင်းဆိုချက်တွေ၊ ရှင်းပြချက်တွေကို ကျွန်တော် လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော် ပြောတာ မှန်သလား၊ မမှန်ဘူးလား ဆိုတာကို ခင်ဗျား အသိဆုံးပါပဲ" ချီရှန့်က ပြောလိုက်သည်။

ချီရှန့်၏ သဘောထားက ဝူဇူးကို ဒေါသထွက်လာစေသည်။ ချီရှန့်ကို ရိုက်သတ်ပစ်ချင်သော ဆန္ဒများက သူ့ထံတွင် လွှမ်းမိုးနေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် အကြာတွင် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကို ထိန်းချုပ်ရန် သူ သင်ယူတတ်မြောက်ခဲ့ပေသည်။ အထွတ်အမြတ်ခန်းမ၏ ရည်ရွယ်ချက်နှင့် အကြောင်းရင်းကို သူ နားလည်ရန် လိုအပ်သောကြောင့် သူက ပြောလိုက်သည်။

"ဆက်ပြော"

"ခင်ဗျားက အစီအစဉ်တွေ အများကြီးကို စဉ်းစားခဲ့ပြီး အဲဒါတွေ အားလုံးက ခင်ဗျားရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့၊ ချည်နှောင်မှုတွေကို ချိုးဖျက်ဖို့နဲ့ ထာဝရအသက်ကို ရရှိဖို့အတွက်ချည်းပဲ။ ကံမကောင်းစွာနဲ့ပဲ ခင်ဗျားရဲ့ အစီအစဉ်တွေ အားလုံးက ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်"

"ဖြစ်နိုင်တာက ခင်ဗျားက အဲဒါကို လက်မခံချင်လို့ မဟာလေဟာနယ် မျိုးစေ့ကို လုယူချင်ခဲ့တာ။ အဲဒါက သွင့်ကျန်းက ဖျက်ဆီးခြင်း တိုင်လုံးဆီကို ခင်ဗျား သွားခဲ့ရတဲ့ အကြောင်းရင်းပဲ။ သွင့်ကျန်းက ဖျက်ဆီးခြင်း တိုင်လုံးမှာ ပထမဆုံး အက်ကွဲကြောင်း ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ခင်ဗျားပဲ။ ဒါပေမဲ့ အထွတ်အမြတ်ခန်းမရဲ့ စည်းမျဉ်းကို ခင်ဗျား ကျော်လွန်သွားပြီဆိုတာကို ခင်ဗျား သိနေခဲ့တယ်။ သံသယကင်းရှင်းစေဖို့အတွက် မဟာလေဟာနယ် မျိုးစေ့ကို ခင်ဗျား လက်လွှတ်လိုက်ရတယ်။ အဲဒီအချိန်တုန်းက ခင်ဗျားရဲ့ စကားတွေကြောင့် အထွတ်အမြတ်ခန်းမက ဒီဖြစ်ရပ်ဟာ အဇဋာကြယ်ဆယ်ပွင့် တစ်တန်းတည်း တန်းနေတာနဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက နက္ခတ်ဗေဒင်ကို လုံးဝ နားမလည်ခဲ့ပါဘူး"

"အခု နှစ်ပေါင်း ၁၀၀,၀၀၀ ကြာပြီးတဲ့နောက်မှာတောင် ထာဝရအသက်ရှင်ဖို့ဆိုတဲ့ အတွေးကို ခင်ဗျားက စွန့်လွှတ်လိုက်တာ မဟုတ်သေးဘူး။ မူလကတော့ မဟာလေဟာနယ် မျိုးစေ့ကို လုယူဖို့အတွက် ခင်ဗျားက နောက်ထပ် နှစ်ပေါင်း ၃၀,၀၀၀ လောက် စောင့်ဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ခင်ဗျားရဲ့ အချိန်က ကုန်ခါနီးနေပြီ။ မဟာလေဟာနယ် မျိုးစေ့တွေ မှည့်လာမဲ့အချိန်ထိ ခင်ဗျား စောင့်နိုင်စရာ အကြောင်းမရှိဘူးဆိုတော့ မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင်တွေကို ပစ်မှတ်ထားဖို့ ခင်ဗျား ဆုံးဖြတ်လိုက်တယ်။ အဖြူရောင်ဧကရာဇ်၊ အနီရောင်ဧကရာဇ်နဲ့ မိုးပြာဧကရာဇ်တို့ဆီကို ခင်ဗျား လူတွေ လွှတ်ခဲ့တယ်..."

ဤနေရာအရောက်တွင် ချီရှန့်က ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်၏။

"ဟုတ်သား။ ရွှမ်းမုန့်ခန်းမရဲ့ နှစ်ပေါင်း ၄၀,၀၀၀ ကျော်အတွင်းက နံပါတ်တစ် မိန်းမလှလေး မုယွင်ရှောင်းက ကျွန်တော့်အကြိုက်မဟုတ်လို့လေ… သူ့ကို သတ်လိုက်တယ်”

"..."

ဝူဇူး၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူ၏ရှေ့မှ လူမှာ တကယ်ကို မှန်းဆရခက်လွန်းကြောင်း သူ တွေ့ရှိလိုက်ရ၏။ သူသည် လူသားမဟုတ်သော သက်ရှိတစ်မျိုးကို ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်ပေသည်။ ဤခံစားချက်မှာ အလွန် ဆိုးရွားလှပေသည်။ နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် အသက်ရှင်နေထိုင်လာခဲ့သူ တစ်ယောက်အနေဖြင့် သူသည် လူငယ်တစ်ယောက်ထက် တကယ်ပင် ညံ့ဖျင်းနေခဲ့သည်လား။ သူ၏ နှလုံးသားမှာ ရင်ထဲတွင် အရူးအမူး ခုန်ပေါက်လာတော့၏။

"သေချာစဉ်းစားပြီးတဲ့နောက်မှာတော့ အရှင်မင်းကြီးရှန်းကျန်းနဲ့ အတူရှိနေတဲ့ မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ စီယွမ်အာကို ခင်ဗျားက နောက်ဆုံးမှာ ပစ်မှတ်ထားလိုက်တယ်။ ကံမကောင်းစွာနဲ့ စီယွမ်အာက ပါရမီ အရမ်းပါလွန်းလို့ အရှင်မင်းကြီးရှန်းကျန်းက သူ့ကို အရမ်း သဘောကျနေခဲ့တယ်။ အရှင်မင်းကြီးရှန်းကျန်းက စီယွမ်အာကို ဘယ်တော့မှ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို ခင်ဗျား သိနေတဲ့အတွက် ခင်ဗျားရဲ့ ပစ်မှတ်ကို ခရုလေးဆီကို ပြောင်းလိုက်တာပဲ"

"မဟာလေဟာနယ် မျိုးစေ့တွေကို သန့်စင်ဖို့ဆိုတာ အရမ်းကို ခက်ခဲပြီး ရှုပ်ထွေးတယ်။ ဒါတွေက ကျွန်တော် ပျင်းနေတဲ့အချိန်မှာ ရေးချထားတဲ့ အဆင့်တွေပဲ"

ချီရှန့်က စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဝူဇူးထံသို့ ပစ်ပေးလိုက်ရင်း ပြောလိုက်သည်။

ဝူဇူးက စာအုပ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။ သူ ဘာတွေးနေသည်ကို မည်သူကမျှ မသိကြချေ။

"ချန်ပေ့ဝူဇူး... ဒီအဆင့်တွေကို ခင်ဗျား ရင်းနှီးနေသလို ခံစားရလား" ချီရှန့်က မေးလိုက်သည်။

ထို့နောက် ချီရှန့်က လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။

"ဒီကိစ္စကလည်း အထွတ်အမြတ်ခန်းမရဲ့ စည်းမျဉ်းကို ကျော်လွန်နေတယ်"

ထို့နောက် သူ၏အသံမှာ အုံ့မှိုင်းသွားကာ အနည်းငယ် အေးစက်သွားပြီး ဆက်ပြောလိုက်သည်။

"ဒါက ထူဝေ့ခန်းမရဲ့ စည်းမျဉ်းကိုလည်း ကျော်လွန်နေတယ်။ ဒါကြောင့် လောကကြီး ငြိမ်းချမ်းစေဖို့အတွက် ခင်ဗျား သေပေးရမယ်"

ချီရှန့်က ဝူဇူးကို ကြည့်ကာ နိဂုံးချုပ်အနေဖြင့် မေးလိုက်သည်။

"ဒီအကြောင်းပြချက်တွေက လုံလောက်ပြီလား"

…

All Chapters