← Chapters

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အခန်း (၁၆၂၆) အကောင်းဆုံး ကိုယ်ရံတော် (၁)

"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ..." အစေခံက ဒူးထောက်လိုက်ပြီး ပို၍ ရိုသေလေးစားဟန် ပြလာသည်။ ထို့နောက် သူက လက်ဖက်ရည် ဖျော်ခြင်းနှင့် ငှဲ့ခြင်းတို့ကို ဆက်လုပ်လေသည်။ သူ၏ လှုပ်ရှားမှုများမှာ သူ၏ အလုပ်နှင့် အကျွမ်းတဝင် မရှိသကဲ့သို့ တောင့်တင်းနေဆဲ ဖြစ်၏။

လုကျိုးက ဆက်ပြောလိုက်သည်။

"ရှန်းကျန်းရဲ့ လုပ်ရပ်တွေက တကယ်ကို ရွံရှာစရာကောင်းပေမဲ့ အမုန်းတရားကြောင့် မျက်ကန်း မဖြစ်စေနဲ့"

ရှောင်ယွမ်အာက ပြောလိုက်၏။

"အဲဒါက အမုန်းတရား မဟုတ်ပါဘူး။ သူက ဒီထက် ပိုကောင်းမယ်လို့ တပည့် ထင်ခဲ့တာ။ ပုံမှန်ဆိုရင် သူက တော်တော်လေး ဖော်ရွေတတ်ပေမဲ့ သူက... ရှစ်စွင်း ပြောတာ မှန်ပါတယ်။ လူတွေရဲ့ စိတ်နှလုံးက ခန့်မှန်းရ အခက်ဆုံးပဲ"

ဤအခိုက်အတန့်တွင် ခရုလေးက ပြောလိုက်သည်။

"ကျွန်မက အဲဒါကို စဉ်းစားမိနေတာ ကြာပါပြီ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လုံးလုံး အဲဒီအကြောင်းကို ကျွန်မ တွေးနေခဲ့တာ။ ကျွန်မသာ သူ့ကို တကယ် မုန်းခဲ့မယ်ဆိုရင် ရှန်းကျန်းခန်းမမှာ ဆက်နေခဲ့မှာ မဟုတ်ဘူး"

တကယ်တော့ နှစ်ပေါင်း ၁၀၀ ဆိုသည်မှာ လူအများစု သည်းခံနိုင်သော အရာမျိုး မဟုတ်ပေ။

လုကျိုးက ပြောလိုက်၏။

"မင်းကို ငါ ခေါ်လာခဲ့တုန်းက မင်းက ငယ်သေးပြီး အဝတ်အစားတွေကလည်း စုတ်ပြတ်နေတာပဲ။ မင်းမှာ ဖိနပ်တစ်ရန်တောင် မရှိခဲ့ဘူး။ ဒီလို ရက်စက်တဲ့ လောကကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တာက မင်း ကံကောင်းတယ်လို့ သတ်မှတ်လို့ ရတယ်"

ခရုလေးက ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။

"ဆရာသာ မရှိခဲ့ရင် ကျွန်မ သေသွားတာ ကြာလောက်ပြီ"

ရှောင်ယွမ်အာက ရယ်မောကာ ပြောလိုက်၏။

"ရှစ်မေ့က ကြိုးတုပ်ပြီး မီးရှို့သတ်ခံရတော့မလို့ဆိုတာ တပည့် ကြားခဲ့ဖူးတယ်။ ကံကောင်းလို့ ရှစ်စွင်းက အချိန်မီ ရောက်လာခဲ့တာပေါ့"

အစေခံမှာ မနေနိုင်ဘဲ နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်တော့သည်။

ရှောင်ယွမ်အာက အစေခံကို စကားမဆိုနိုင်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမက ထောင့်တစ်နေရာသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။

"ကျေးဇူးပြုပြီး နောက်ဆုတ်ပေးလို့ ရမလား။ ငါ့ရှစ်စွင်းရဲ့ ရှေ့မှာ မရပ်ပါနဲ့။ နင့်ကိုယ်နင် တိုင်လုံးလို့ ထင်နေတာလား"

"အာ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ" အစေခံက ပြောလိုက်ပြီးနောက် ရိုသေစွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။

ထို့နောက် ရှောင်ယွမ်အာက ဆက်လက် ညည်းတွားလိုက်၏။

"ရှစ်စွင်း၊ ရှစ်စွင်းက ဒါကို သိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ရှန်းကျန်းခန်းမမှာ ရှိနေတုန်းက ရှစ်စွင်းအကြောင်းကို တပည့် နေ့တိုင်း တွေးနေခဲ့တာ"

လုကျိုးက မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

"ကောင်မလေး၊ တခြားသူတွေကို မြှောက်ပင့်ပြောဆိုတတ်ဖို့ မင်း ဘယ်တုန်းက သင်ယူလိုက်တာလဲ"

"ရှစ်စွင်း၊ ဒါက တကယ်ပါ" ရှောင်ယွမ်အာက ရေရွတ်လိုက်၏။

"တပည့်က မငယ်တော့ပါဘူး။ အဲဒီ လူယုတ်မာ ရှန်းကျန်းနဲ့ နေ့တိုင်း ရင်ဆိုင်ရတဲ့အခါ လိမ္မာရေးခြားရှိသလို ဟန်ဆောင်ခဲ့ရတာ။ အဲဒါက တကယ်ကို ခက်ခဲခဲ့တာ"

အစေခံက ထပ်မံ ချောင်းဆိုးလိုက်ပြန်သည်။

ရှောင်ယွမ်အာမှာ ကြားဖြတ် မနှောင့်ယှက်ခံရဘဲ စကားပြော၍ မရဟု ခံစားလိုက်ရသည်။ သူ၏ ချောင်းဆိုးသံက သူမ၏ စကားပြော အရှိန်ကို ဖျက်ဆီးပစ်လိုက်၏။ သူမက အပြင်ဘက်သို့ ချက်ချင်း လက်ညှိုးထိုးကာ ပြောလိုက်သည်။

"တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ထွက်သွားစမ်း"

အစေခံက ခေါင်းညိတ်ကာ ဗလုံးဗထွေးဖြင့် ပြောလိုက်၏။

"တ...တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်..."

ထို့နောက် သူက ခန်းမထဲမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်သွားကာ အနောက်သို့ အခါအားလျော်စွာ လှည့်ကြည့်နေခဲ့သည်။

ဒိုင်း

ရှောင်ယွမ်အာက လက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးမှာ ဝုန်းခနဲ ပိတ်သွားတော့သည်။ ထို့နောက် သူမက လုကျိုးဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ရှစ်စွင်း၊ ဧကရာဇ်ရွှမ်းယီကို တပည့်တို့ သတိထားမှ ဖြစ်မယ်။ အဲဒီ အစေခံက ရိုးသားပုံ ပေါ်ပေမဲ့ ဧကရာဇ်ရွှမ်းယီ လွှတ်လိုက်တဲ့ သူလျှို ဖြစ်နိုင်တယ်။ သူက လက်ဖက်ရည် ဘယ်လို ဖျော်ရမလဲ၊ ငှဲ့ရမလဲဆိုတာကိုတောင် မသိဘူး။ သူက အသစ်ရောက်လာတဲ့သူ ဖြစ်တာ သေချာတယ်။ ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်လဲ"

"ဟင်" လုကျိုးက အစေခံ၏ ထူးဆန်းသော အပြုအမူကို သတိပြုမိနေခဲ့ရာ အံ့အားသင့်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ရှောင်ယွမ်အာက ထိုမျှလောက် အကဲခတ်တတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့၍ အနည်းငယ် အံ့ဩဝမ်းသာ ဖြစ်သွားခဲ့သည်။ ကောင်မလေး အရွယ်ရောက်လာပြီဟု ထင်ရပေသည်။ သူက တံခါးကို ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် အပြုံးလေးဖြင့် ပြောလိုက်၏။

"ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့"

"နားလည်ပါပြီ"

"ရှန်းကျန်းခန်းမမှာ နေခဲ့ရတဲ့ နှစ် ၁၀၀ အတွင်းမှာ မင်းရဲ့ ကျင့်ကြံမှု တိုးတက်ဖို့အတွက် အပျင်းထူနေခဲ့သေးလား" လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက ဂုဏ်ယူစွာ ပြောလိုက်၏။

"လုံးဝ မပျင်းခဲ့ပါဘူး။ တပည့်က တာအိုသူတော်စင် တစ်ပါး ဖြစ်နေတာ ကြာပါပြီ။ အဲဒီ ရှန်းကျန်း အဘိုးကြီးက တပည့်တို့ရဲ့ ကျင့်ကြံရေး ခန်းမဆီကို နေ့တိုင်း လာမနေဘူးဆိုရင် တပည့်က မဟာတာအိုသူတော်စင် တစ်ပါး ဖြစ်နေလောက်ပြီ"

"..."

ခရုလေးက ပြောလိုက်သည်။

"ကျွန်မက ကျိုရှစ်ကျဲနဲ့တော့ မယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ မကြာခင်မှာ တာအိုသူတော်စင် တစ်ပါး ဖြစ်လာနိုင်လောက်ပါတယ်"

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

"တာအိုသူတော်စင် တစ်ပါး ဖြစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး"

ထို့နောက် လုကျိုးက အပြင်ဘက်သို့ ရုတ်တရက် ကြည့်လိုက်ပြီး သူ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကောင်မလေး နှစ်ယောက်စလုံးက သူတို့၏ ဆရာကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး သူ ဘာလုပ်နေသည်ကို နားမလည်နိုင် ဖြစ်နေကြ၏။

"တခြားသူတွေနဲ့ ဆက်သွယ်ဖြစ်သေးလား" လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက ခေါင်းငုံ့ကာ ပြောလိုက်၏။

"ရှစ်စွင်း၊ တပည့်က ရှစ်စွင်းကို ဘာမှ ဖုံးကွယ်မထားချင်ပါဘူး..."

"ပြောစမ်း"

"တပည့်က အစီအစဉ်ကြီး တစ်ခုကို လုပ်နေတာပါ" ရှောင်ယွမ်အာက ပြောလိုက်သည်။

"အစီအစဉ်ကြီးလား"

"စစ်ရှစ်ရှိုးနဲ့ စန်းရှစ်ရှိုးတို့က ရှန်းကျန်းခန်းမကို လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက သူတို့က တကယ်လို့ တပည့်တို့က ရှစ်စွင်းနဲ့ တွေ့ခဲ့ရင် မသိချင်ယောင် ဆောင်နေကြဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ အကြောင်းရင်းကိုတော့ သူတို့ မပြောပြခဲ့ဘူး"

"လောင်စစ်လား"

ရှောင်ယွမ်အာက မျက်တောင်ခတ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားကာ ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ရှစ်စွင်း၊ တပည့် ကိစ္စကြီးတစ်ခုကို ရှာတွေ့ခဲ့တယ်..." သူမက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ထူဝေ့ခန်းမက အဲဒီ ချီရှန့်က... ချီရှစ်ရှိုး ဖြစ်နေနိုင်တယ်လို့ တပည့် ထင်တယ်"

လုကျိုးက မျက်မှောင် အနည်းငယ် ကြုတ်မိသွားသည်။ ဤသည်မှာ ချီရှန့်အကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ အကြီးအကဲ လေးယောက်ကလည်း သူ့အကြောင်း ပြောခဲ့ဖူးသည်။ သူ၏ စတုတ္ထတပည့်ကလည်း သူ့အကြောင်း ပြောခဲ့ဖူးသည်။ ယခုအခါ ရှောင်ယွမ်အာကလည်း သူ့အကြောင်း ပြောနေပြန်သည်။ လက္ခဏာရပ်များ အားလုံးက ချီရှန့်သည် သူ၏ သတ္တမတပည့် စီး၀ူယာ့ ဖြစ်နေကြောင်းကို ပြသနေပုံရ၏။ သို့သော်လည်း စီး၀ူယာ့ သေဆုံးသွားကြောင်းကို သူ ကိုယ်တိုင် အတည်ပြုခဲ့ပြီး ယွီကျန့်ဟိုင်ကလည်း စီး၀ူယာ့၏ ရုပ်အလောင်းကို ပင်လယ်ထဲသို့ မြှုပ်ခဲ့ပြီး ဖြစ်ပေသည်။ စီး၀ူယာ့က ဘယ်လိုလုပ်ပြီး ရုတ်တရက် အသက်ပြန်ရှင်လာနိုင်မှာလဲ။ ထိုအချိန်တုန်းက ပြန်လည်ရှင်သန်ခြင်းစာလိပ်သည် ချင်းယွမ်၏ သမီးအပေါ် သက်ရောက်မှု ရှိခဲ့သလိုမျိုး စီး၀ူယာ့အပေါ် သက်ရောက်မှု မရှိခဲ့ချေ။ ထိုအချိန်က ပြန်လည်ရှင်သန်ခြင်းစာလိပ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက စီး၀ူယာ့ကို အသက်ပြန်ရှင်လာစေရန် လုံလောက်မှု မရှိခဲ့သည်မှာ သေချာပေသည်။

စီး၀ူယာ့ မသေဆုံးခဲ့ဘူး ဆိုလျှင်တောင်မှ အဆုံးမဲ့ ပင်လယ်ထဲသို့ အမြှုပ်ခံလိုက်ရပြီးနောက် သူ အသက်ရှင်ကျန်ရစ်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။

ရှောင်ယွမ်အာက လျှို့ဝှက်သော အမူအရာဖြင့် ပြောလိုက်၏။

"သူက ချီရှစ်ရှိုးပဲလို့ တပည့် ခံစားရတယ်။ သူ့ရဲ့ ပုံစံက ချီရှစ်ရှိုးနဲ့ အရမ်း တူလွန်းနေတယ်"

"ဟုတ်လို့လား"

"ရှစ်စွင်း၊ တပည့်ကို သံသယမဝင်ပါနဲ့။ သူက တပည့်တို့ကို ခန်းမဆောင်တွေရဲ့ ခန်းမသခင်တွေ ဖြစ်လာစေချင်နေတာ" ရှောင်ယွမ်အာက သူမ၏ မေးစေ့ကို ပွတ်သပ်ကာ ထိုကိစ္စကို ခွဲခြမ်းစိတ်ဖြာလာခဲ့သည်။

"မဟာလေဟာနယ်ထဲမှာ တာအိုသူတော်စင်တွေ အများကြီး ရှိပြီး လူတိုင်းက အဲဒီ နေရာအတွက် တိုက်ပွဲဝင်ချင်ကြတာ။ ဒါပေမဲ့ သူကတော့ တပည့်တို့ကို အဲဒီအတွက် တိုက်ပွဲဝင်ဖို့ အတင်းအကျပ် တိုက်တွန်းနေခဲ့တယ်"

လုကျိုးက ထိုကိစ္စအပေါ် မှတ်ချက်မပေးခဲ့ပေ။ ထို့အစား သူက မေးလိုက်၏။

"တခြားသူတွေကရော ဘယ်လိုနေကြလဲ"

ရှောင်ယွမ်အာက ပြန်ဖြေလိုက်သည်။

"တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က ကျင့်ကြံခြင်းကိုပဲ စွဲလမ်းနေကြလို့ သူတို့ အဆင်ပြေလောက်ပါတယ်။ စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုးတို့က မီးတောက်ပင်လယ်ထဲမှာ ရှိနေကြလို့ တပည့်တို့ သူတို့ကို မကြာခဏ မတွေ့ဖြစ်ခဲ့ဘူး။ ၀ူရှစ်ကျဲနဲ့ လျိုရှစ်ကျဲတို့ကို တွေ့ဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်။ တပည့်တို့ အမြဲတမ်းလိုလို တွေ့ရတဲ့ တစ်ဦးတည်းသောသူကတော့ ပါးရှစ်ရှိုးပဲ။ အခု သူက အထွတ်အမြတ်ခန်းမရဲ့ ခန်းမသခင် ဖြစ်နေပြီလေ။ သူက တစ်နေ့လုံး ဟိုဟိုဒီဒီ ပြေးလွှားနေတာပဲ။ သူ ဘာတွေ လုပ်နေလဲဆိုတာ တပည့် တကယ်ကို မသိဘူး"

…

All Chapters