← Chapters

အခန်း ၁၆၂၈

Vol. 109 Ch. 1628

အခန်း ၁၆၂၈

Vol. 109 Ch. 1628

အခန်း (၁၆၂၈) ခင်ဗျား တရားမျှတလောက်တယ်လို့ ကျုပ် ထင်တယ်

လုကျိုးသည် ဤအခိုက်အတန့်တွင် နတ်ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကို သူ အထင်ကြီးလွန်းခဲ့ပြီဟု ခံစားလိုက်ရသည်။ ရှန်းကျန်း၏ ရိုးသားပြီး လေးနက်သော မျက်နှာအမူအရာကို ကြည့်ကာ သူက မေးလိုက်၏။

"သူ့ကို ကြည့်ရုံသက်သက်ပဲလား"

ရှန်းကျန်းက ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်။ ကျုပ်က အများကြီး လက်လွှတ်ဆုံးရှုံးခဲ့ရတာ။ အဝေးကနေ ကြည့်နေရရင်တောင်မှ ကျုပ် ကျေနပ်ပါပြီ။ ဒါ့အပြင် ရွှမ်းယီနန်းတော်က အရမ်းကြီး လုံခြုံတာ မဟုတ်ဘူး"

"ဟင်" လုကျိုးက သိချင်စိတ်ဝင်သွား၏။

"ခင်ဗျားရဲ့ စွမ်းအားကို ကျုပ် သံသယမဝင်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ရွှမ်းယီနန်းတော်ထဲကို ကြမ်းတမ်းခက်ထန်သားရဲတွေက ထူးဆန်းစွာနဲ့ မကြာခဏ ရောက်လာတတ်ကြတယ်။ အဲဒီ ကောင်မလေး နှစ်ယောက်ကလည်း ဟိုပြေးဒီလွှား လုပ်ရတာကို တကယ် သဘောကျကြတာ" ရှန်းကျန်းက ပြောလိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်းကျန်းသည် သူ၏ သမီးအတွက် အကောင်းဆုံး ကိုယ်ရံတော် ဖြစ်လာချင်ရုံ သက်သက်သာ ဖြစ်ပေသည်။ သူ၏ ရည်ရွယ်ချက်ကို လုကျိုးက ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။

"မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူနိုင်ပေမဲ့ မင်း စည်းမျဉ်းတွေကိုတော့ လိုက်နာရမယ်။ ခရုလေးက မင်းကို မမုန်းပေမဲ့ မင်းကို သူ မတွေ့ချင်ဘူး" လုကျိုးက ပြောလိုက်၏။

ရှန်းကျန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ ပေါ်လာကာ ကမန်းကတန်း ပြောလိုက်သည်။

"ဒါပေါ့... ကျုပ်က အကောင်းဆုံး အစေခံတစ်ယောက် သေချာပေါက် ဖြစ်လာစေရမယ်"

ရှန်းကျန်း စကားပြောနေစဉ် သူ၏ ရုပ်သွင်မှာ နောက်တစ်ကြိမ် တွန့်ရှုံ့ပြောင်းလဲသွားပြီး ယခင် ရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွား၏။ သူ၏ ကျင့်ကြံမှုဖြင့် ရုပ်သွင်ပြောင်းလဲခြင်းမှာ ပန်းခြံထဲ လမ်းလျှောက်ရသကဲ့သို့ လွယ်ကူလှပေသည်။ သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ရာ ယခုအခါတွင် သူက ပို၍ တက်ကြွနေပုံရသည်။

"ရှစ်စွင်း"

ဤအခိုက်အတန့်တွင် ရှောင်ယွမ်အာနှင့် ခရုလေးတို့ ရုတ်တရက် ပြေးလာကြသည်။ လုကျိုး၏ ရှေ့တွင် သူတို့နှစ်ယောက်သည် အခြားသော တပည့်များကဲ့သို့ လိမ္မာရေးခြား မရှိကြချေ။ သူတို့က တံခါးကို ဆွဲဖွင့်ကာ ခန်းမထဲသို့ ဝင်လာခဲ့ကြ၏။

ရှောင်ယွမ်အာ၏ အမြင်အာရုံက အလွန် စူးရှပေသည်။ လုကျိုး၏ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေသော အစေခံကို မြင်သောအခါ သူမက ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ချေ။ သူမက ရှေ့သို့ လျှောက်သွားကာ ပြောလိုက်၏။

"ဟေး၊ ဟေး၊ ဟေး၊ ငါ့ရှစ်စွင်းရဲ့ ရှေ့မှာ ထိုင်ဖို့ နင့်ကို ဘယ်သူက ပြောလို့လဲ"

အစေခံက ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို ခေါင်းမော့ကြည့်လိုက်ရာ ဆွံ့အသွားတော့သည်။

'လွန်ခဲ့တဲ့ နှစ် ၁၀၀ လုံးလုံး မင်းတို့ကို ငါ ရိုးရိုးသားသား ဆက်ဆံခဲ့တာကို မင်းတို့က ဒီလို ပြန်ပေးဆပ်တာလား'

သို့သော်လည်း ရှန်းကျန်းက ခရုလေးကို မြင်သောအခါ သူက အားအင်ကုန်ခမ်းသွားပြန်သည်။ သူ၏ ဇာတ်ကောင်စရိုက်ကို ထိန်းသိမ်းရန်အတွက် သူက ကမန်းကတန်း မတ်တတ်ရပ်ကာ တောင်းပန်သည့် လေသံဖြင့် ပြောလိုက်၏။

"ကျုပ်.. ကျုပ်က ဆရာကြီးကို အချိန်အကြာကြီး လေးစားအားကျနေခဲ့တာမို့ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးချင်လို့ပါ။ ကျုပ်ရဲ့ မိုက်မဲမှုအတွက် တောင်းပန်ပါတယ်"

"ငါ့ရှစ်စွင်းဆီကနေ အကြံဉာဏ် တောင်းချင်တဲ့သူတွေ အများကြီးပဲ။ မြန်မြန် ထွက်သွားစမ်း"

ရှောင်ယွမ်အာက ပြောလိုက်သည်။ ဤအစေခံအပေါ် သူမ၏ အထင်အမြင်က အလွန် ဆိုးရွားနေခဲ့၏။

လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"မင်းတို့ ဘာလို့ ပြန်လာတာလဲ"

ရှောင်ယွမ်အာက အပြင်ဘက်သို့ လက်ညှိုးထိုးကာ ပြောလိုက်၏။

"ရှစ်စွင်း... ဧကရာဇ်ရွှမ်းယီက အနက်ရောင်အစောင့် တော်တော်များများကို ဦးဆောင်ပြီး အရှေ့တောင်ဘက် ဒေသကို သွားနေတယ်။ ရွှမ်းယီနန်းတော်ရဲ့ ဟန်ချက်ညီမှုကို အနှောင့်အယှက်ပေးနေတဲ့ သူတော်စင် သတ်ဖြတ်သူ တစ်ကောင်နဲ့ တခြား ကြမ်းတမ်းခက်ထန်သားရဲတွေ ရှိတယ်လို့ သူ ပြောသွားတယ်"

"သူတော်စင် သတ်ဖြတ်သူလား" လုကျိုးက မေးလိုက်သည်။

"ထင်တဲ့အတိုင်းပဲ..." ရှန်းကျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ဟင်။ နင် ဘာပြောလိုက်တာလဲ" ရှောင်ယွမ်အာက လှည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အိုး.. ကျုပ်ဘာသာ စကားပြောနေတာပါ..." ရှန်းကျန်းက ခေါင်းငုံ့ကာ ပြောလိုက်၏။

"ဧကရာဇ်ရွှမ်းယီက ပုံမှန်ဆိုရင် တံခါးပိတ်ကျင့်ကြံလေ့ရှိပြီး မကြာသေးခင်ကမှ နတ်ဘုရင် တစ်ပါး ဖြစ်လာခဲ့တာလေ။ မျှခြေမညီမျှမှုအကြောင်းကို သူ နက်နက်ရှိုင်းရှိုင်း နားလည်ထားတာ မရှိဘူး။ မျှခြေမညီမျှမှုက ဆက်ပြီး ဆိုးရွားလာနေတာ။ နယ်မြေကိုးခုနဲ့ အမည်မသိကုန်းမြေမှာ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီး ပြည့်နှက်နေတယ်။ မျှခြေမညီမျှမှုရဲ့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေကို ရှောင်ရှားဖို့အတွက် မဟာလေဟာနယ်ထဲကို အခွင့်ကောင်းယူ ခိုးဝင်လာတဲ့ အံ့ဖွယ်သားရဲတွေနဲ့ သူတော်စင် သတ်ဖြတ်သူတချို့ ရှိတယ်။ အစကတည်းက မဟာလေဟာနယ်ထဲမှာ ရက်စက်တဲ့ သူတော်စင် သတ်ဖြတ်သူတွေ အများကြီး ရှိနေခဲ့တာလေ။ သူတို့ရဲ့ ပေါ်ထွက်လာမှုက မဟာလေဟာနယ်ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေလိမ့်မယ်။ အခု အခွင့်အရေး ရတုန်း ဧကရာဇ်ရွှမ်းယီက အဲဒီ သူတော်စင် သတ်ဖြတ်သူကို ရှင်းလင်းဖို့ ကြိုးစားနေတာ ဖြစ်ရမယ်"

လုကျိုးက ခေါင်းညိတ်လိုက်သည်။

"သူတို့က ဘယ်လို ရက်စက်တဲ့ သူတော်စင် သတ်ဖြတ်သူတွေ၊ ဒါမှမဟုတ် အံ့ဖွယ်သားရဲတွေ ဆိုတာ မင်း သိလား"

မည်သို့ပင်ဆိုစေ သူတော်စင် သတ်ဖြတ်သူများတွင် အားနည်းသူနှင့် အားကြီးသူများ ရှိပေသည်။ နတ်ဘုရင်များက သူတို့ကို ရင်ဆိုင်နိုင်သော်လည်း အနက်ရောင်အစောင့်များကတော့ ပိုမို အစွမ်းထက်သော သူတော်စင် သတ်ဖြတ်သူများကို သေချာပေါက် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ရှန်းကျန်းက ခေါင်းခါကာ ပြောလိုက်၏။

"ကျုပ် မသိဘူး။ ဒါပေမဲ့ ရွှမ်းယီနန်းတော်ကလွဲပြီး တခြား ခန်းမဆောင်တွေကလည်း ကြမ်းတမ်းခက်ထန်သားရဲတွေနဲ့ သူတော်စင် သတ်ဖြတ်သူတွေကို ရှင်းလင်းဖို့ လူတွေ စေလွှတ်လိမ့်မယ်ဆိုတာ ကျုပ် သေချာပါတယ်"

ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာလို့လဲ။ ခန်းမဆယ်ခုက တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်နေကြတာ မဟုတ်ဘူးလား။ ငါသာဆိုရင် ဘေးကနေ ရပ်ကြည့်ပြီး ဝမ်းသာနေမှာ"

အစေခံ ဖြစ်နေသော ရှန်းကျန်းက သဘာဝမကျသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

"ရှန်းကျန်းခန်းမက လူတွေ လွှတ်မယ်လို့ ကျုပ် ထင်တယ်။ ဧကရာဇ်ရှန်းကျန်းက ခန်းမဆယ်ခုမှာ တစ်ဦးတည်းသော နတ်ဧကရာဇ်လေ။ သူက မွန်မြတ်ပြီး သဘောထားကြီးတယ်။ သူက ဘေးကနေ ရပ်ပြီး ဘာမှမလုပ်ဘဲ နေမှာမဟုတ်ဘူးလို့ ကျုပ် ထင်တယ်"

ဤစကားကို ကြားသောအခါ လုကျိုးမှာ ပါးစပ်ထဲမှ လက်ဖက်ရည်များ ပန်းထွက်သွားမတတ် ဖြစ်သွားတော့သည်။ 'မင်းက တကယ်ကို ကြီးမြတ်တာပဲ'

ရှောင်ယွမ်အာက ဤစကားကို ကြားသောအခါ မပျော်မရွှင် ဖြစ်သွား၏။ သူမက ပြောလိုက်သည်။

"နင့်မှာ ဘာပြဿနာရှိလို့လဲ။ အဲဒီ အဘိုးကြီးကို ငါ မုန်းတယ်ဆိုတာ နင် သိသိရက်နဲ့ သူ့ကို ချီးမွမ်းနေတုန်းပဲလား"

ရှန်းကျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"သခင်မလေး... သူ့အပေါ် သခင်မလေး အထင်လွဲနေတယ်လို့ ကျုပ် ထင်ပါတယ်"

"ငါ သူ့ကို လုံးဝ အထင်မလွဲပါဘူး။ နင် သူ့ကို ထပ်ပြီး ချီးမွမ်းနေဦးမယ်ဆိုရင် နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်ဆိုတာ ယုံလား" ရှောင်ယွမ်အာက ရက်စက်ပုံပေါက်စေရန် သွားများပေါ်အောင် လုပ်ကာ ပြောလိုက်သည်။

အစေခံ ရှန်းကျန်းမှာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့၏။

"သခင်မလေး ပြောတာ မှန်ပါတယ်။ ဧကရာဇ်ရှန်းကျန်းက ခွေးကောင်ပါ"

ရှောင်ယွမ်အာက ကျေနပ်သွားကာ ပြောလိုက်သည်။

"ဒါမှပေါ့"

ဤအခိုက်အတန့်တွင် လုကျိုးက ပြောလိုက်၏။

"ခရုလေး... မင်း လာတာ အချိန်ကိုက်ပဲ။ မင်းအတွက် ပစ္စည်း နှစ်ခု ရှိတယ်"

ဤစကားကို ကြားသောအခါ အစေခံ ရှန်းကျန်း၏ မျက်လုံးများက ကျေးဇူးတင်မှုများဖြင့် လင်းလက်သွားတော့သည်။

ခရုလေးက လျှောက်လာကာ ဦးညွှတ်လိုက်၏။ သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာများလဲ ရှစ်စွင်း"

လုကျိုးက သူ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်သည်။

သူ၏ အနောက်ဘက်ရှိ စတုဂံပုံ ကတ္တီပါဘူးက ပွင့်သွားပြီး ကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်း ထွက်ပေါ်လာ၏။ ၎င်းက ပျံထွက်လာပြီး ခရုလေး၏ ရှေ့ ပေဝက်ခန့်အကွာတွင် ဝဲပျံနေကာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။ ကနဦးချီ မပါဝင်လျှင်တောင်မှ ၎င်းက ထူးခြားပြောင်မြောက်နေဆဲ ဖြစ်၏။

"ဒါကို ကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်းလို့ ခေါ်တယ်။ အဲဒါကို မင်းအတွက် ငါ ပေးမယ်။ မင်းက ဂီတမှာ ပါရမီပါတဲ့အတွက် ဒါက မင်းနဲ့ အသင့်တော်ဆုံးပဲ" လုကျိုးက ပြောလိုက်သည်။ သူ၏ အမြင်တွင် အကျိုးရှိနေသရွေ့ ထိုပစ္စည်းများကို မည်သူက ပေးသည်ဖြစ်စေ အရေးမကြီးပေ။ သို့သော်လည်း ခရုလေးက သူမ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်မည် မဟုတ်ကြောင်း သူ သိနေသောကြောင့် သူမကို ပြောပြရန် အစီအစဉ် မရှိခဲ့ချေ။

"ရှစ်စွင်းဆီမှာလည်း ကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်း ရှိတာလား" ခရုလေးက ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဟင်... တခြား ဘယ်သူ့ဆီမှာ ရှိသေးလို့လဲ" လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက ရေရွတ်လိုက်၏။

"တခြား ဘယ်သူဖြစ်ရမှာလဲ။ အဲဒီ ရှန်းကျန်း အဘိုးကြီးက ရှစ်မေ့ကို ကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်း ပေးချင်တယ်လို့ ပြောခဲ့ပေမဲ့ တပည့် မမြင်လိုက်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ရှစ်မေ့ကတော့ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုပဲ သဘောကျတယ်လို့ ပြောခဲ့တာပဲ..."

"ဒီကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်းကို ရှေးဟောင်း အပျက်အစီးတစ်ခုထဲကနေ ရခဲ့တာ" လုကျိုးက ပြောလိုက်သည်။

ရှောင်ယွမ်အာက ခေါင်းငုံ့ကာ ကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်းကို အကဲခတ်လိုက်၏။ သူမက မနာလို အနည်းငယ် ဖြစ်သွားကာ ပြောလိုက်သည်။

"ရှစ်စွင်း ပေးတဲ့ ကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်းက အကောင်းဆုံး ဖြစ်ရမယ်။ ကံကောင်းလို့ ရှစ်မေ့က အဲဒီ အရိုးခြောက် ရှန်းကျန်းဆီက စောင်းကို လက်မခံခဲ့တာ။ အဲဒါက ရှစ်မေ့ ခရုလေးကို လှည့်စားဖို့အတွက် လုပ်ထားတဲ့ အတု ဖြစ်ဖို့ များတယ်"

ခရုလေးက ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်သော အမူအရာကို ပြသလာ၏။ သူမက ပြောလိုက်သည်။

"ဒီကြိုးမျှင်ဆယ်သွယ်ဗျပ်စောင်းက သိပ် လှတာပဲ"

ခရုလေး စကားပြောနေစဉ် သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်ချောင်းလေးများက စောင်းပေါ်တွင် ကခုန်နေခဲ့သည်။

တေးသွားက ဒီရေလှိုင်းများကဲ့သို့ဖြစ်ပြီး ကျက်သရေရှိကာ သာယာနာပျော်ဖွယ် ကောင်းလှ၏။ တေးသံ ပြန့်နှံ့သွားသောအခါ လူများကို တည်ငြိမ်ပြီး စိတ်အေးလက်အေး ဖြစ်သွားစေသည်။

လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်၏။

"သဘောကျရဲ့လား"

"ဟုတ်ကဲ့၊ သဘောကျပါတယ်" ခရုလေးက ပြန်ဖြေလိုက်သည်။

"ငါ့ဆီမှာ ဂီတသံစဉ် မှတ်စုတစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ တုန်းက ငါ တွေးမိခဲ့တာ" လုကျိုးက ပြောရင်း စက္ကူတစ်ရွက်ကို ခရုလေးထံသို့ ပစ်ပေးလိုက်၏။

ခရုလေးက တစ်ချက်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ပြန်လမ်းအလင်္ကာလား"

အပြင်ဘက်တွင် တောင်တန်းအနီးရှိ နေဝင်ချိန်၌ ငှက်ဖြူများ ဝဲပျံနေကြပေသည်။

ခရုလေးသည် ပြန်လမ်းအလင်္ကာက သူမ၏ ရှစ်စွင်းအနားသို့ ပြန်ရောက်လာသည့်အချိန်တွင် သူမ၏ ခံစားချက်များ၊ အတွေးများနှင့် ကိုက်ညီနေသည်ဟု ခံစားလိုက်ရ၏။

ဤလောကရှိ အရာအားလုံးတွင် အစနှင့် အဆုံး၊ ခွဲခွာခြင်းနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ထွက်ခွာခြင်းနှင့် ပြန်လာခြင်းတို့ ရှိစမြဲပင် ဖြစ်ပေသည်။

ခဏအကြာတွင် လုကျိုးက ဘူး၏ ဒုတိယ အကန့်ထဲမှ အထွတ်အမြတ် လျှို့ဝှက် ကျောက်တုံးကို ထုတ်ယူကာ ပြောလိုက်သည်။

"ဒါကို အထွတ်အမြတ် လျှို့ဝှက် ကျောက်တုံးလို့ ခေါ်တယ်။ မင်းရဲ့ ကျင့်ကြံမှုက နောက်ကျနေပြီမို့ ဒီကျောက်တုံးထဲက စွမ်းအားကို သန့်စင်လိုက်"

ဤစကားကို ကြားသောအခါ ရှောင်ယွမ်အာက ပို၍ပင် မနာလို ဖြစ်လာတော့၏။ သူမက မပြောဘဲ မနေနိုင်တော့ပေ။

"ရှစ်စွင်း... တပည့်လည်း တစ်တုံး လိုချင်တယ်"

လုကျိုးက ပြောလိုက်၏။

"အထွတ်အမြတ် လျှို့ဝှက် ကျောက်တုံးက တစ်တုံးပဲ ရှိတာ။ မင်းက အစ်မကြီးဖြစ်ပြီး မင်းရဲ့ ပါရမီက ခရုလေးထက် အများကြီး ပိုမြင့်မားတယ်။ မင်း သူ့ကို ပေးလိုက်သင့်တယ်"

"အိုး" ရှောင်ယွမ်အာက နှုတ်ခမ်းဆူလိုက်ပြီး လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။

ခရုလေးက ပြောလိုက်၏။

"ကျိုရှစ်ကျဲ... ရှစ်ကျဲ သဘောကျရင် အဲဒါကို ရှစ်ကျဲအတွက် ပေးပါ့မယ်"

ထို့နောက် ခရုလေးက အထွတ်အမြတ် လျှို့ဝှက် ကျောက်တုံးကို ရှောင်ယွမ်အာထံသို့ ကမ်းပေးလိုက်သည်။

ရှောင်ယွမ်အာက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

"မလိုပါဘူး။ ဒါက ရှစ်မေ့အတွက်ပဲ"

"ကျွန်မဆီမှာ စောင်း ရှိနေပြီပဲ" ခရုလေးက ပြောလိုက်သည်။

"ရှစ်မေ့ရဲ့ ပစ္စည်းတွေကို ငါ မယူနိုင်ပါဘူး" ရှောင်ယွမ်အာက ခရုလေးကို ပြတ်သားစွာ ငြင်းပယ်လိုက်၏။

ဤအခိုက်အတန့်တွင် အစေခံ ရှန်းကျန်းက ထပ်မံ၍ အပြင်းအထန် ချောင်းဆိုးလိုက်ပြန်သည်။

ရှောင်ယွမ်အာက လှည့်ကာ သံသယဖြင့် မေးလိုက်၏။

"နင့်မှာ ပြဿနာ ရှိနေတာလား"

"မ..မရှိပါဘူး၊ ပြဿနာ မရှိပါဘူး... ကျုပ်က ဇဝေဇဝါ ဖြစ်နေရုံပါ" အစေခံ ရှန်းကျန်းက ပြောလိုက်သည်။

"နင်က ဘာကို ဇဝေဇဝါ ဖြစ်နေရတာလဲ။ အဲဒါက နင်နဲ့ ဘာဆိုင်လို့လဲ။ ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်လဲ" ရှောင်ယွမ်အာက ပြောလိုက်၏။

အစေခံက ရေရွတ်လိုက်သည်။

"ဆရာကြီးက ဘာလို့ ဒီလောက်တောင် ဘက်လိုက်နေရတာလဲလို့ တွေးမိလို့ပါ..." သူက ဆက်ပြောနေရင်း သူ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားတော့၏။

"ဆရာကြီးက တရားမျှတသင့်တယ်လို့ ကျုပ် ထင်မိလို့ပါ..."

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ 'သူက ငါ့ကို အရူး လုပ်နေတာလား'

လုကျိုးက ပြောလိုက်၏။

"အထွတ်အမြတ် လျှို့ဝှက် ကျောက်တုံးကို ခရုလေးကိုပဲ ပေးလိုက်ပါ။ ရှန်းကျန်းခန်းမမှာ ပိုကောင်းတဲ့ ပစ္စည်းတွေ ရှိတယ်လို့ ငါ ကြားတယ်။ မင်းအတွက် ရတနာ နှစ်ခုလောက် ငါ သွားရှာပေးမယ်"

တကယ်တော့ ရှောင်ယွမ်အာသည် သူမ၏ ဆရာက ခရုလေးကို ပစ္စည်းနှစ်ခု ပေးလိုက်ခြင်းအပေါ် မည်သည့် ထူးဆန်းသော အတွေးမှ မရှိခဲ့ချေ။ သူမက အားကျရုံသက်သက်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူမရှစ်စွင်း၏ စကားကြောင့် သူမက အလွန် ဝမ်းသာသွားဆဲ ဖြစ်ပေသည်။

"တကယ်လား"

"ဒါပေါ့"

"ကျေးဇူးတင်ပါတယ် ရှစ်စွင်း" ရှောင်ယွမ်အာက အလွန်အမင်း ဝမ်းသာသွားတော့၏။

အစေခံ ရှန်းကျန်း: "..."

ဤအခိုက်အတန့်တွင် လီချွင်းက တာအိုခန်းမ အပြင်ဘက်၌ ပေါ်လာခဲ့သည်။

"လီချွင်းက မျှော်နန်းသခင်လုကို လာရောက် ဂါရဝပြုတာပါ"

"ဘာကိစ္စများလဲ"

"အရှင်မင်းကြီးက ရွှမ်းယီနန်းတော်ရဲ့ အရှေ့တောင်ဘက် ဒေသမှာ သူတော်စင် သတ်ဖြတ်သူ တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ မျှော်နန်းသခင်လု... အဲဒါကို ရှင်းလင်းဖို့ အရှင်မင်းကြီးနဲ့ ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ" လီချွင်းက ပြောလိုက်၏။

…

All Chapters