← Chapters

အခန်း ၆၁၈

Vol. 45 Ch. 618

အခန်း ၆၁၈

Vol. 45 Ch. 618

အခန်း (၆၁၈) - အတိတ်ကာလ၊ ကုယို၏ ဆုံးဖြတ်ချက်နှင့် လျှို့ဝှက်ချက်ဖြစ်သွားသော အတိတ်

‎

‎

‎ဤကုမိသားစု အကြီးအကဲများအားလုံးသည် ကုမိသားစုရွာတွင် ကြီးပြင်းလာခဲ့ကြသော မျိုးဆက်သစ်များ ဖြစ်ကြသည်။ ယခုအခါ သူတို့သည် ရင့်ကျက်တည်ငြိမ်နေပုံရသော်လည်း ပင်မထိုင်ခုံတွင် ထိုင်နေသူသည် အသက်အရွယ်အရဖြစ်စေ၊ အဆင့်အတန်းအရဖြစ်စေ သူတို့ ယှဉ်ပြိုင်နိုင်စွမ်းထက် များစွာ သာလွန်နေကြောင်းကို သူတို့ ကောင်းစွာ သိရှိထားကြ၏။

‎

‎ကုမိသားစုရွာသည် အင်မော်တယ်နယ်မြေသို့ မရောက်ရှိမီကတည်းက ယခင် မိသားစုခေါင်းဆောင်သည် လက်ရှိ မိသားစုခေါင်းဆောင် နေရာအတွက် ဆက်ခံသူကို ရွေးချယ်ထားခဲ့ပြီးဖြစ်သည်ဟု ဆိုကြသည်။

‎

‎ထိုဆက်ခံသူမှာ ပင်မထိုင်ခုံတွင် ထိုင်နေသော ကုယိုပင် ဖြစ်လေသည်။

‎

‎အသက်အရွယ်နှင့် အဆင့်အတန်းကို ထည့်မတွက်လျှင်တောင်မှ ဤရာနှင့်ချီသော နှစ်ကာလများအတွင်း မိသားစုခေါင်းဆောင် ကုယိုသည် ကုမိသားစုရွာ တစ်ရွာလုံးကို ဦးဆောင်ကာ ကျိုးကွမ်းကောင်းကင်ဘုံ၊ မိုယွန်အင်မော်တယ်နယ်မြေ၌ အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့ပြီး ယခုလက်ရှိ အနေအထားသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့၏။ မည်သို့ပင်ဖြစ်စေ သူသည် အားလုံး၏ ရိုသေလေးစားမှုကို ခံယူထိုက်သူတစ်ဦး ဖြစ်ပေသည်။

‎

‎ထို့ကြောင့် ဤရာထူးသစ်ရ ကုမိသားစုရွာ အကြီးအကဲများသည် ကုယိုအပေါ် မည်သို့လျှင် အနည်းငယ်မျှ မရိုမသေ ပြုရဲပါမည်နည်း။

‎

‎" ဒီနေ့ မင်းတို့အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေလို့ပဲ "

‎

‎ကုယိုသည် ပင်မထိုင်ခုံတွင် ထိုင်လျက် သူ၏ အောက်ဘက်ရှိ ကုမိသားစုရွာ အကြီးအကဲများစွာကို အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်လုံးအနက်ရှိုင်းဆုံးနေရာတွင် လွမ်းဆွတ်မှု အရိပ်အယောင်တစ်ခု အလိုအလျောက် ပေါ်လာလေသည်။

‎

‎ဤကုမိသားစုရွာ အကြီးအကဲများထဲတွင် အထက်ကမ္ဘာမှ ထွက်ခွာလာစဉ်က သူ့နောက်သို့ လိုက်ပါလာခဲ့သူဟူ၍ တစ်ဦး၊ နှစ်ဦးမျှသာ ရှိတော့ပြီး ကျန်သူများမှာ ကုမိသားစုရွာ ကြီးထွားကျယ်ပြန့်လာပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့ကြသည့် အောင်မြင်သူများသာ ဖြစ်ကြသည်။

‎

‎ဤသို့ဖြစ်ရခြင်းမှာ သူနှင့်အတူ အထက်ကမ္ဘာမှ ထွက်ခွာလာခဲ့သော ကုမိသားစုရွာသားများ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့၍ မဟုတ်ဘဲ ကုယို၏ တမင်တကာ စီစဉ်မှုကြောင့်သာ ဖြစ်လေသည်။

‎

‎အထက်ကမ္ဘာမှ ထွက်ခွာလာခဲ့ချိန်က ကုယို၏ ဦးဆောင်မှုနှင့် ကုမိသားစုရွာမှ ထူးချွန်သော လူငယ်အချို့၏ အကူအညီဖြင့် ကုမိသားစုရွာ တစ်ရွာလုံးသည် ခရီးစဉ်အတွင်းရှိ အန္တရာယ်များစွာကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ပြီး သူတို့၏ ခရီးပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။

‎

‎ထိုထူးချွန်သော လူငယ်များသည်လည်း ကုမိသားစုရွာ၏ ပထမဆုံးသော အင်မော်တယ်နယ်မြေ အကြီးအကဲအဖွဲ့ ဖြစ်လာခဲ့ကြပြီး ကုယိုအား ရွာ၏ ကိစ္စရပ်အမျိုးမျိုးကို ကူညီဖြေရှင်းပေးခဲ့ကြ၏။

‎

‎သို့သော် ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ကုမိသားစုရွာ အခိုင်အမာ ခြေကုပ်ယူနိုင်သွားချိန်တွင် ကုယိုသည် အားလုံးကို အံ့အားသင့်သွားစေမည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့လေသည်။

‎

‎၎င်းမှာ လမ်းတစ်လျှောက် ကုမိသားစုရွာကို ကူညီပေးခဲ့သော လူငယ်အကြီးအကဲများအားလုံးကို အင်မော်တယ်နယ်မြေထဲသို့ စွန့်စားသွားလာရန် စေလွှတ်လိုက်ပြီး ကုမိသားစုရွာတွင် ဆက်လက်နေထိုင်ခွင့် ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။

‎

‎ကုယို ဤဆုံးဖြတ်ချက်ကို ချလိုက်သောအခါ ကုမိသားစုရွာ တစ်ရွာလုံးတွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။

‎

‎လူတိုင်းမှာ ကုယို ဘာကြောင့် ဤကဲ့သို့ ဆုံးဖြတ်ရသနည်းဟု အံ့အားသင့်ခဲ့ကြသည်။

‎

‎ဤအတွေ့အကြုံရင့်ကျက်ပြီး ရိုသေလေးစားခံရသော အကြီးအကဲများသည် အနာဂတ်တွင် သူ၏ မိသားစုခေါင်းဆောင် အာဏာကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်၍များလော။

‎

‎ထိုကုမိသားစုရွာ အကြီးအကဲများ ကိုယ်တိုင်လည်း အလွန် ရှုပ်ထွေးသွားခဲ့ကြ၏။ ယခုမှ ကုမိသားစုရွာကို အခြေကျအောင် ဦးဆောင်နိုင်ခဲ့ပြီး အသက်ရှူချောင်တော့မည့် အချိန်ရောက်မှ ကုယိုက သူတို့အားလုံးကို ရွာမှ ထွက်ခွာသွားစေရန် စေလွှတ်လိုက်မည်ဟု မည်သူ တွေးမိမည်နည်း။

‎

‎ဒါက ဘာသဘောလဲ။

‎

‎ကောလာဟလများအတိုင်း ကုမိသားစုရွာအတွင်း သူတို့၏ဩဇာလွှမ်းမိုးမှုဟာ အနာဂတ်တွင် ကုယို၏ အာဏာကျင့်သုံးမှုအတွက် အဟန့်အတား ဖြစ်လာမည်ကို ကုယို အမှန်တကယ် စိုးရိမ်နေခဲ့ခြင်းလော။

‎

‎ဤလူငယ် အကြီးအကဲများသည် များစွာ နားမလည်နိုင်ဖြစ်ကာ ကုယိုအား သွားရောက် မေးမြန်းရန် အဖွဲ့လိုက် သွားခဲ့ကြ၏။ သို့သော် ထိုမေးမြန်းမှု၏ ရလဒ်ကို မည်သူမျှ မသိခဲ့ကြပေ။

‎

‎အခြားရွာသားများ သိခဲ့ရသည်မှာ ထိုနေ့က မိသားစုခေါင်းဆောင်၏ အခန်းထဲမှ ထွက်လာပြီးနောက် ထိုလူငယ် အကြီးအကဲများ အားလုံးသည် သူတို့၏ပစ္စည်းများကို တိတ်ဆိတ်စွာ သိမ်းဆည်းကြပြီး ကုမိသားစုရွာမှ လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့ကြခြင်းပင်။ နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ဆယ်စုနှစ်အနည်းငယ်တိုင်း ကျင်းပလေ့ရှိသော ဘိုးဘေးပူဇော်ပွဲများတွင်သာ အကြီးအကဲ အနည်းငယ်မျှ တစ်ခါတစ်ရံ ပြန်လာလေ့ရှိကြသည်။

‎

‎ထိုနေ့က ကုယိုသည် ထိုလူငယ် အကြီးအကဲများအား ကုမိသားစုရွာမှ ဆန္ဒအလျောက် ထွက်ခွာသွားစေရန် မည်သို့ ဖျောင်းဖျနိုင်ခဲ့သနည်းဆိုသည်မှာ ကုမိသားစုရွာသား အားလုံး၏ ရင်ထဲတွင် ဖျောက်ဖျက်မရနိုင်သော လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့လေတော့သည်။

‎

All Chapters