အခန်း ၆၂၀
Vol. 45 Ch. 620
အခန်း (၆၂၀) - တောက်ပသော အနာဂတ်၊ သို့သော် သတိထားရမည့်အချိန်၊ တောင့်ခံနိုင်စွမ်း မရှိခြင်း
အကယ်၍သာ ထိုသို့ မဟုတ်ခဲ့ပါက ကုမိသားစုရွာမှ ရင့်ကျက်မှု မရှိသေးသော လူငယ်လေးများသည် ကောင်းကင်ဘုံ အသီးသီးကို ဖြတ်သန်းကာ ရှည်လျားပြီး ကြမ်းတမ်းလှသော ခရီးစဉ်ကြီးကို ကျော်ဖြတ်ပြီးနောက် သူတို့၏ ခရီးပန်းတိုင်သို့ မည်သို့ အောင်မြင်စွာ ရောက်ရှိလာနိုင်မည်နည်း။
ဘိုးဘေးကြီး၏ စီစဉ်မှုမှာ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်ပြီး အားလုံးကို လက်ခံသွားစေနိုင်သည်ဟုသာ ဆိုရပေမည်။ အစွမ်းထက်သော မျိုးနွယ်ခွဲများမှာ ပို၍ ဝေးကွာသော ခရီးကို သွားရမည်ဖြစ်ပြီး အားနည်းသော ကုမိသားစုရွာကဲ့သို့သော မျိုးနွယ်ခွဲများမှာမူ ပို၍ တိုတောင်းသော ခရီးကိုသာ သွားရန် လိုအပ်ပေသည်။ ဤနည်းအားဖြင့် ပြိုင်ဆိုင်မှု၏ တရားမျှတမှုကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ပေသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ဒီယှဉ်ပြိုင်မှုမှာ ငါတို့ ကုမိသားစုရွာက အနိုင်ရခဲ့ပြီပဲ... ဘိုးဘေးကြီးက ပထမရတဲ့သူကို ကောင်းကင်ဘုံက ဆုလာဘ်တွေ ပေးမယ်လို့ ကတိပေးထားတယ်... အဲ့ဒီဆုလာဘ်တွေက သေချာပေါက် နည်းမှာ မဟုတ်ဘူး! "
လူငယ်အကြီးအကဲတစ်ဦးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ အားလုံးကလည်း ပျော်ရွှင်စွာ ပြုံးလိုက်ကြ၏။ ဤဆုလာဘ်ဖြင့် ကုမိသားစုရွာ၏ အရေးတကြီး လိုအပ်ချက်များကို ဖြေရှင်းနိုင်ပြီး အခက်အခဲများကို ကျော်လွှားကာ လျင်မြန်စွာ ကြီးထွားလာနိုင်မည်ဟု သူတို့ မျှော်လင့်ထားကြသည်။
သို့သော် ကုယို၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏အမူအရာကြောင့် ရယ်မောသံများ တိတ်ဆိတ်သွားပြီးနောက် အားလုံးက ကုယိုကို စိုက်ကြည့်လာကြ၏။
ထို့နောက် ကုယဲ့မှ မနေနိုင်တော့စွာ မေးမြန်းလိုက်လေသည်။
" မိသားစုခေါင်းဆောင်... ကျွန်တော်တို့က အောင်မြင်မှုရထားတာလေ... ဘာလို့ ဒီလောက်တောင် လေးနက်နေရတာလဲ "
ကုယိုမှ ဖြည်းညင်းစွာ ပြန်လည် ပြောဆိုလိုက်၏။
" ငါ စဉ်းစားနေတာ... ငါတို့ ကုမိသားစုရွာရဲ့ အနာဂတ်အတွက်ပါ "
" ဘိုးဘေးကြီးက မျိုးနွယ်ခွဲတွေရဲ့ ကြီးထွားလာမှုမှာ ဝင်မစွက်ဖက်ဘူးလို့ ပြောထားပြီးသား... ကာကွယ်ပေးမယ့်သူလည်း လွှတ်ပေးမှာ မဟုတ်ဘူး "
ကုယိုမှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဆက်၍ ပြောဆိုလေသည်။
" လေပြင်းတွေ တိုက်ခတ်လာတဲ့အခါ အပင်ခိုင်တဲ့သူတွေကတော့ ဒဏ်ခံနိုင်မှာပါ... ဒါပေမဲ့ အပင်နုတဲ့ ငါတို့လို ရွာမျိုးကတော့ အမြစ်ပါမကျန် ကျွတ်ထွက်သွားလိမ့်မယ်... ဒါက ငါတို့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲပဲ "
ထိုစကားကို ကြားသောအခါ အားလုံးမှာ တိတ်ဆိတ်သွားကြ၏။ ကုယို ပြောလိုသည်ကို သူတို့ နားလည်လိုက်သည်။ အခြားမျိုးနွယ်ခွဲကြီးများမှာ အခြေခံ ခိုင်မာသဖြင့် အန္တရာယ်ရှိလျှင်တောင် လွတ်မြောက်နိုင်ကြမည်။ သို့သော် ကုမိသားစုရွာမှာမူ အလွန် အားနည်းနေသဖြင့် လှိုင်းဂယက်လေး အနည်းငယ်ကပင် သူတို့ လုံးဝ တောင့်ခံနိုင်စွမ်း မရှိသော အန္တရာယ် ဖြစ်နေလေသည်။