အခန်း ၆၂၂
Vol. 45 Ch. 622
အခန်း (၆၂၂) - ကုမိသားစုကို ခွဲထုတ်ရန် ကုယို၏ ချက်ချင်းကြေညာချက်
လမ်းသစ်ကို မည်သို့ ဖောက်ကြမည်နည်း။
ရိုးရှင်းပါ၏။ ကုမိသားစုရွာကို မီးပွားလေးများသဖွယ် ခွဲထုတ်ပြီး အင်မော်တယ်နယ်မြေတစ်ခွင်သို့ ဖြန့်ကြက်ပစ်ရန်ပင် ဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် အကိုင်းအခက်အချို့ ဖွံ့ဖြိုးရန် အခက်အခဲရှိခဲ့လျှင်တောင်၊ အန္တရာယ်နှင့်ကြုံ၍ ပျက်စီးသွားခဲ့လျှင်တောင်မှ အခြားအဖွဲ့များ ကျန်နေသေးသရွေ့ ကုမိသားစုအတွက် မျှော်လင့်ချက် ရှိနေဦးမည်ဖြစ်သည်။ ထို့ပြင် တစ်စုတစ်ဖွဲ့ အောင်မြင်သွားခဲ့လျှင်လည်း ကျန်သောအဖွဲ့များကို ပြန်လည်ထောက်ပံ့ပေးနိုင်ပြီး မိသားစုတစ်ခုလုံး၏ တိုးတက်မှုကို ကောင်းစွာ အထောက်အကူပြုနိုင်ပေလိမ့်မည်။
ဤအစီအစဉ်ကို ကုမိသားစုရွာလေး ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာလာကတည်းက ကုယို ကြိုတင်စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
ယခု မိသားစုရွာလေး အခြေတကျဖြစ်သွားပြီဖြစ်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ရမည့် အချိန်ရောက်လာပြီဖြစ်သည်။
ကုယို၏ အစီအစဉ်ကို ကြားလိုက်ရချိန်တွင် ခန်းမတစ်ခုလုံး အတန်ကြာ တိတ်ဆိတ်သွားတော့၏။ ထိုနေရာရှိ လူတိုင်းသည် ကုမိသားစုရွာ၏ အမာခံအင်အားစုများ ဖြစ်ကြပြီး စွမ်းအားအရရော၊ စိတ်နေသဘောထားအရပါ အကောင်းဆုံး ရွေးချယ်ခံထားရသူများ ဖြစ်ကြသည်။ သေချာတွေးကြည့်လျှင် ကုယို၏စကား မှန်ကန်ကြောင်း သူတို့ကောင်းကောင်း သိကြပါသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကုယဲ့မှ စတင်၍ မေးမြန်းလိုက်၏။
" မိသားစုခေါင်းဆောင် ပြောတာ မှန်ပါတယ်... ဒါပေမဲ့ အခုလို မိသားစုကို ခွဲထုတ်မယ့်ကိစ္စက နည်းနည်းစောလွန်းမနေဘူးလား... အခုမှ ကျွန်တော်တို့တွေ အခြေတကျဖြစ်ကာစပဲ ရှိသေးတာ... ခရီးပန်းလာကြတဲ့သူတွေကို ခဏလောက် အနားပေးပြီးမှ ဒီအစီအစဉ်ကို လုပ်ရင်လည်း မနောက်ကျပါဘူး "
ထိုစကားကြောင့် ကျန်လူများလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။ သူတို့လည်း ဤသို့ပင် တွေးနေကြခြင်းဖြစ်သည်။
လူတိုင်းသည် အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ အခုလို အခြေတကျဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အမောတောင် မပြေသေးခင်မှာပင် ကုယိုသည် အစီအစဉ်ကို အကောင်အထည်ဖော်ကာ လူတိုင်းကို မိသားစုထဲမှ ထုတ်ပြီး 'ခြေသလုံးအိမ်တိုင်' ဘဝသို့ ပြန်ရောက်စေချင်နေ၏။ စိတ်ခံစားချက်အရဖြစ်စေ၊ ယုတ္တိရှိရှိပင်ဖြစ်စေ ဤကိစ္စသည် များစွာ အလျင်လိုလွန်းနေသည်။
သို့သော်လည်း လူအများ၏ မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်များကို ကြည့်ကာ ကုယိုမှ တည်ငြိမ်စွာ ခေါင်းခါလိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်၏။
" မရဘူး... မိသားစုကို ခွဲထုတ်မယ့် အစီအစဉ်ကို အခုချက်ချင်း စရမယ် "
" ဘိုးဘေးကြီး အမိန့်ပေးတုန်းက ကောင်းကင်တားမြစ်နယ်မြေမှာရှိတဲ့ မိသားစုခွဲတွေ အားလုံးက နာခံပြီး အင်မော်တယ်နယ်မြေအနှံ့ကို သွားခဲ့ကြတယ်... ဘာလို့လဲဆိုတော့ ဘိုးဘေးကြီးဆီမှာ ပြိုင်ဘက်ကင်းတဲ့ ဩဇာအာဏာရှိနေလို့ပဲ... မိသားစုတစ်ခုလုံးက ဘိုးဘေးကြီးအပေါ်မှာပဲ မှီခိုနေရတာမို့ သူ့အမိန့်ကို နာခံရုံကလွဲပြီး မရှိဘူးလေ... အခု ငါက ဒီအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အချိန်ကြာလာလို့ လူတိုင်းရဲ့ တက်ကြွမှုတွေ ပျောက်ဆုံးသွားတဲ့အခါကြမှ မိသားစုကို ခွဲထုတ်ဖို့ဆိုတာ ပိုခက်ခဲသွားလိမ့်မယ် "
ဤအစီအစဉ်ကို လုပ်ဆောင်ရန် အကောင်းဆုံးအချိန်မှာ ယခုအချိန်ပင်ဖြစ်ကြောင်း ကုယို ရှင်းရှင်းလင်းလင်း မြင်နေ၏။ အချိန်ဆွဲလေ ပိုခက်ခဲလာလေ ဖြစ်မည်။ ဘိုးဘေးကြီးကတော့ သူ၏ ဩဇာအာဏာဖြင့် အချိန်မရွေး ခွဲထုတ်နိုင်စွမ်းရှိသော်လည်း ကုယိုမှာမူ မည်သည့်စွမ်းဆောင်ရည်မျိုး ရှိနေပါသနည်း။
ယခုအချိန်တွင် သူသည် မိသားစုကို အခြေတကျဖြစ်အောင် အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သည့် သူ၏ကျန်ရှိနေသေးသော ဩဇာကိုသုံး၍ မိသားစုကို ပြတ်ပြတ်သားသား ခွဲထုတ်နိုင်သေးသည်။ သို့သော် အချိန်ကြာလာ၍ လူတိုင်း စိတ်အေးသွားသည့်အခါ ထိုခြေသလုံးအိမ်တိုင်ဘဝမျိုးကို ပြန်သွားရန် မည်သူမှ ဆန္ဒရှိကြမည် မဟုတ်ပေ။
ဤအချက်ကို သဘောပေါက်သောကြောင့်ပင် ကုယိုသည် ယခုအချိန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်မှာ အလွန်ခိုင်မာနေပြီး မည်သူမျှ ဖျောင်းဖျ၍ ရမည်မဟုတ်ချေ။
ကုယို၏ ပြတ်သားသော ဆုံးဖြတ်ချက်နှင့် တုန်လှုပ်မှုမရှိသော ဟန်ပန်ကို မြင်သောအခါ ခန်းမထဲရှိ လူများအားလုံး တိတ်ဆိတ်သွားကြ၏။ သူတို့ အတူတကွ ရွေးချယ်တင်မြှောက်ခဲ့သည့် ဤလူငယ် မိသားစုခေါင်းဆောင်၏ အကြောင်းကို သူတို့ ကောင်းကောင်းသိကြသည်။ ဤလူငယ်ခေါင်းဆောင်သည် ဆုံးဖြတ်ချက်တစ်ခု ချပြီးပြီဆိုပါက မည်သူတွေ မည်မျှပင် ဖျောင်းဖျပါစေ သူ၏ဆုံးဖြတ်ချက်ကို လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။
" ကောင်းပြီ... မိသားစုခွဲထုတ်မယ့် အစီအစဉ်ကို အခု ကြေညာမယ် "
ကုယိုသည် ထိုနေရာရှိ လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပင် ကြေညာလိုက်တော့သည်။
" ကုယဲ့... မင်းက ကုထုန်... ကုလင်းအာတို့နဲ့ တစ်ဖွဲ့နေ... ကုချုံ... မင်းက ကုရှန်ချန်... ကုဝူကျီတို့နဲ့ တစ်ဖွဲ့... "