အခန်း ၆၂၃
Vol. 45 Ch. 623
အခန်း (၆၂၃) - အမှန်တရားကို နားလည်သဘောပေါက်ခြင်း၊ ယွမ်ဟွေ့ခေတ်ကာလ၏ အဆုံးသတ်တွင် အချိန်များ ကုန်ဆုံးလာပြီဖြစ်ခြင်း
ကုယိုသည် မိသားစုရွာလေးကို ခွဲထုတ်မည့် အစီအစဉ်အား ပြတ်ပြတ်သားသား ကြေညာလိုက်လေသည်။ ယခုနေရာ၌ ရှိနေသော မိသားစုရွာ၏ အကြီးအကဲအားလုံးနီးပါးသည် ထိုခွဲထုတ်မည့် အစီအစဉ်တွင် ပါဝင်နေကြ၏။
သူ၏အတွေးများမှာ ရှင်းလင်းလှသည်။ ကုမိသားစုရွာလေး၏ အလားအလာရှိသော မျိုးစေ့လေးများကို ယခုအချိန်၌ အစွမ်းကုန် ဖြန့်ကြက်ထားချင်၏။ သို့မှသာ နောင်နှစ် 'ဆောင်းဦး' ရောက်သည့်အခါ 'ရိတ်သိမ်း' ချိန်ကို ရရှိနိုင်မည် မဟုတ်ပါလော။
ကုယို၏ ရှင်းပြမှုကို နားထောင်ပြီးနောက် မိသားစုရွာ၏ လူငယ်အကြီးအကဲများမှာ စိတ်ထဲ၌ မလွတ်လပ်သလို ခံစားနေရဆဲဖြစ်သော်ငြား ကုယို၏ ဆုံးဖြတ်ချက်ကိုတော့ နာခံခဲ့ကြ၏။ အစည်းအဝေး ပြီးဆုံးသွားသောအခါ သူတို့သည် သူတို့၏လူများကို အသီးသီး ဦးဆောင်ကာ ကုမိသားစုရွာလေးထဲမှ နောက်ကြောင်းပြန်မလှည့်ဘဲ ထွက်ခွာသွားကြတော့သည်။
ဤတစ်ကြိမ် ထွက်ခွာသွားပြီးနောက် မည်သည့်အချိန်တွင် ရွာလေးဆီသို့ ပြန်ရောက်မည်ကို သူတို့ကိုယ်တိုင်ပင် မသိကြချေ။ ရွာလေးဆီသို့ ပြန်လာရန် အခွင့်အရေးပင် ရှိချင်မှ ရှိတော့မည်။ ဤသို့ တွေးတောနေရင်းမှ ကုယိုသည် လက်တွေ့ကမ္ဘာဆီသို့ အသိပြန်ဝင်လာခဲ့၏။
သူသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက ရှိနေခဲ့သော ယခု သူ၏ရှေ့တွင် ထိုင်နေကြသည့် မိသားစုရွာမှ အကြီးအကဲများကို ကြည့်ကာ စိတ်သက်သာရာရစွာ ပြုံးလိုက်လေသည်။
ယခု နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ရွာလေးမှ ထွက်ခွာသွားခဲ့ကြသော သူ၏ ရဲဘော်ရဲဘက်များသည် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိနေကြပြီဖြစ်သည်။ အနည်းစုမျှသာ သူနှင့် အဆက်အသွယ် ပြတ်တောက်သွားသော်လည်း အများစုမှာမူ ရှင်သန်ကြီးထွားနေဆဲပင် ဖြစ်၏။ ဤသည်မှာ ကုမိသားစုရွာလေးသည် အင်မော်တယ်နယ်မြေဟူသော သူစိမ်းပြင်ကြီး၌ အမှန်တကယ် အမြစ်တွယ်ပြီး တဖြည်းဖြည်း အခြေတကျ ဖြစ်လာပြီဟူသော အဓိပ္ပါယ်ပင်။
တစ်ချိန်တည်းမှာပင် ကုမိသားစုရွာလေးမှ ခရီးရက်အနည်းငယ် အကွာအဝေးရှိ ကောင်းကင်တားမြစ်နယ်မြေအတွင်း၌.....
မိသားစုဝင် အများစု ထွက်ခွာသွားခဲ့ခြင်းကြောင့် အထက်ကောင်းကင်တားမြစ်နယ်မြေမှာ ယခုအခါ ပိုမိုတိတ်ဆိတ်နေလေပြီ။ ကျယ်ပြောလှသော ကောင်းကင်တားမြစ်နယ်မြေကြီးသည် အတိတ်ကလို လူသံများဖြင့် ဆူညံမနေတော့ဘဲ ငြိမ်သက်လျက်ရှိ၏။
အထက်ကောင်းကင်ဘုံမှ မထွက်ခွာသွားခဲ့ကြသည့် အိုမင်းနေပြီဖြစ်သော ကုမိသားစုဝင်များသာ ဤနေရာ၌ ကျန်ရစ်ခဲ့ပြီး သူတို့၏ ဘဝနေဝင်ချိန်များကို ဖြတ်သန်းနေကြလေသည်။
အထက်ကောင်းကင်ဘုံ၏ ပင်မခန်းမဆောင်အတွင်း၌.....
ကုချန်သည် တိတ်ဆိတ်စွာ တရားထိုင်နေလေသည်။ သူ၏ ကိုယ်ပေါ်တွင် ဖုန်မှုန့်များပင် အလွှာလိုက် တင်နေသယောင် ရှိ၏။ မိသားစုကို ခွဲထုတ်လိုက်ကတည်းက ကုချန်သည် ပင်မခန်းမဆောင်အတွင်း တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ချက်မျှပင် လှုပ်ရှားခဲ့ခြင်း မရှိပေ။
ဤနှစ်ရာပေါင်းများစွာ အတွင်းတွင် ကုချန်သည် အခြားမည်သည့်အရာကိုမျှ မလုပ်ဘဲ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ပညာရပ်ကိုသာ ဆင်ခြင်သုံးသပ်နေခဲ့၏။ အနာဂတ်တွင် ကောင်းကင်ဘုံများကို ဖြတ်သန်းသွားလာနိုင်ရန် ဤပညာရပ်သည် သူ၏ အကြီးမားဆုံးသော ယုံကြည်ချက် ဖြစ်လာလိမ့်မည်ဟု သူ ခံစားနေရသည်။ ထို့ကြောင့် ဤပညာရပ်ကို လေ့ကျင့်ရန် မည်သည့်အခါမျှ ပေါ့ဆ၍မဖြစ်ချေ။
သူ၏ပင်မကိုယ်ပွားသာမက ကုချန်၏ ကိုယ်ပွားနှစ်ခုသည်လည်း ဤပညာရပ်ကို လေ့ကျင့်ရန် တစ်ကြိမ်တစ်ခါမျှ ပျက်ကွက်ခဲ့ခြင်း မရှိပေ။ သူ၏စွမ်းအားများ ကြီးမားလာသည်နှင့်အမျှ ပညာရပ်ကို နားလည်သဘောပေါက်နိုင်စွမ်းမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့၏။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဤပညာရပ်ကို သူ၏နားလည်နိုင်စွမ်းသည် တစ်ခါတစ်ရံ ၃ ရာခိုင်နှုန်း သို့မဟုတ် ၅ ရာခိုင်နှုန်းခန့်သာ တိုးတက်ခဲ့၏။ သို့သော် ယခုအခါ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းသည် များစွာ မြန်ဆန်လာခဲ့ပြီး ၄၅ ရာခိုင်နှုန်းအထိပင် ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ကုချန်အား အနည်းငယ် စိတ်ပျက်စေသည်မှာ ဤတစ်ကြိမ် ၅၀ ရာခိုင်နှုန်းအထိ နားလည်သဘောပေါက်ပါက ရရှိမည့် စနစ်၏ ဆုလာဘ်များကို မရရှိသေးခြင်းပင် ဖြစ်သည်။
သို့တိုင်အောင် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ပညာရပ်အပေါ် သူ၏ နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ ကောင်းကင်ဘုံတာအိုအပေါ် ကုချန်၏ သဘောပေါက်မှုသည်လည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရက်စက်လှသော အမှန်တရားတစ်ခုကို သူ တဖြည်းဖြည်း နားလည်လာခဲ့လေသည်။
ထိုအရာမှာ.....
ဤခေတ်ကာလကြီးသည် ၎င်း၏ နေဝင်ချိန်သို့ ရောက်ရှိနေပြီဆိုသည့် အချက်ပင်တည်း!
နောက်ဆုံးအချိန်ကာလသည် သိပ်မဝေးတော့သည့်ပုံပင်။
ဤသည်မှာ သူ၏ စွမ်းအားများ ကြီးမားလာပြီးနောက် မြူခိုးများကို ဖယ်ခွာကာ သူမြင်တွေ့နိုင်ခဲ့သော အမှန်တရားတစ်ခု ဖြစ်သည်။ အရင်က စွမ်းအားမပြည့်ဝသေးချိန်တွင် ဤအရာကို သူ လုံးဝ အာရုံမခံနိုင်ခဲ့ပေ။ သို့သော် ယခုအခါ အဆုံးသတ်တော့မည့် ဤခေတ်ကာလကြီး၏ နက်ရှိုင်းလှသော ကျဆင်းယိုယွင်းလာမှုကို သူ ရှင်းရှင်းလင်းလင်း ခံစားလာရပြီပင်။
ဤခေတ်ကာလကြီး အဆုံးသတ်ရန် အချိန်မည်မျှ ကျန်သေးသည်ကိုတော့ မသိရပေ။ နှစ်တစ်ထောင်၊ တစ်သောင်းလည်း ဖြစ်နိုင်သလို နှစ်တစ်သိန်း၊ တစ်သန်းလည်း ဖြစ်နိုင်သေးသည်။
သို့သော် သေချာသည့် အချက်တစ်ချက်မှာ ကုချန်အတွက် အချိန်များ ကုန်ဆုံးနေပြီဆိုခြင်းပင် ဖြစ်တော့၏။