အခန်း ၆၂၅
Vol. 45 Ch. 625
အခန်း (၆၂၅) - သစ်ပင်အိုကြီး နိုးထလာခြင်း၊ နှစ်တစ်သောင်းပင် မကျန်တော့သည့် အချိန်နှင့် ရွေးချယ်စရာ လမ်းနှစ်သွယ်
" အချိန် သိပ်မရှိတော့ဘူး "
ကုချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရင့်ကျက်တည်ငြိမ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
သူ၏အဆင့်သို့ ရောက်ရှိလာမှသာ ဤအဆုံးမဲ့တာအိုကမ္ဘာကြီးအတွက် အချိန်မည်မျှ နည်းပါးနေပြီဖြစ်ကာ အခြေအနေများ မည်မျှ အရေးပေါ်ဖြစ်နေပြီကို အမှန်တကယ် နားလည်သဘောပေါက်နိုင်ပေမည်။
" ဝုန်း...! "
ကုချန်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာအတွင်း၌ အဆုံးမဲ့တာအို ကောင်းကင်တိုင်လုံးကြီးများသည် တုန်ခါမြည်ဟည်းသွားကြ၏။ ထိုတာအိုကောင်းကင်တိုင်လုံးကြီးများသည် ဤအဆုံးမဲ့ကမ္ဘာကြီးနှင့် အနီးကပ်ဆုံး ချိတ်ဆက်နေသည်ဖြစ်ရာ ယခုကဲ့သို့ တုန်လှုပ်သွားခြင်းမှာ ကမ္ဘာကြီး ပြိုကွဲပျက်စီးတော့မည့် လက္ခဏာပင် ဖြစ်သည်။ သို့သော် နောက်ဆုံးအချိန်မတိုင်မီ မည်မျှကြာဦးမည်ကိုမူ မည်သူမျှ မသိနိုင်ချေ။
" အဟွတ်...! အဟွတ်...! ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီကမ္ဘာကြီးက ဘာလို့ ဒီလောက်မြန်မြန် ပြိုကွဲနေရတာလဲ "
အံ့အားသင့်နေသော အသံအိုကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကုချန်သည် အလိုအလျောက်ပင် လှည့်ကြည့်လိုက်မိ၏။
အသံရှင်မှာ ခန်းမဆောင်၏ ထောင့်တစ်နေရာရှိ သစ်ပင်ငယ်လေး ဖြစ်လေသည်။ ယခုအခါ ထိုသစ်ပင်လေးသည် ထိတ်လန့်နေသော ခံစားချက်ကို ဖော်ပြနေသည့်အလား တဆတ်ဆတ်တုန်ခါနေကာ သစ်ရွက်အချို့ ကြွေကျသွားလေသည်။
" ခင်ဗျား နိုးလာပြီလား "
ကုချန်သည် ထိုသစ်ပင်လေးအား အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။ ထိုသစ်ပင်လေးမှာ သစ်ပင်အိုကြီးပင် ဖြစ်သည်။ ကွေ့ရွှီးနယ်မြေတွင် ၎င်းကို ရှာတွေ့ခဲ့ပြီးကတည်းက သစ်ပင်အိုကြီးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ရာ ယခုလို အချိန်တွင် နိုးလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
" ဟူး... ခဏလေး နိုးလာပြီးရင် ပြန်အိပ်ရပြန်ဦးမယ်... အိပ်လိုက်နိုးလိုက်နဲ့ လူလည်းမဟုတ် သရဲလည်းမဟုတ်... ဒီလို အသက်ရှင်နေရတာ ဘာအဓိပ္ပါယ်ရှိမှာလဲ "
သစ်ပင်အိုကြီး၏ အသံမှာ အနည်းငယ် တိုးညှင်းနေသော်လည်း ရုတ်တရက် အသံနေအသံထား ပြောင်းလဲသွားကာ လေးနက်စွာဖြင့် ပြောဆိုလာ၏။
" မင်းလည်း ခံစားမိမှာပါ... ဒီကမ္ဘာကြီးက သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ရောက်နေပြီ... ငါထင်တာတော့ အချိန်သိပ်မကျန်တော့ဘူး "
" ဒါကတော့ သဘာဝပါပဲ "
ကုချန်သည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။
သစ်ပင်အိုကြီး ပြောနေသည့်အရာများကို သူလည်း ကောင်းစွာ ခံစားသိရှိပြီး ဖြစ်သည်။ သို့သော် သစ်ပင်အိုကြီး၏ နောက်ထပ်စကားတစ်ခွန်းကမူ ကုချန်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားစေခဲ့၏။
" အရင်ခေတ်က အတွေ့အကြုံအရဆိုရင်... ဒီကမ္ဘာကြီးအတွက် ကျန်နေတဲ့အချိန်က နှစ်တစ်သောင်းတောင် ပြည့်တော့မှာ မဟုတ်ဘူး "
နှစ်တစ်သောင်းတောင် မပြည့်တော့ဘူး?
သစ်ပင်အိုကြီး၏စကားကို ကြားလိုက်ရချိန်တွင် ကုချန်မှာ ဆွံ့အသွားတော့သည်။ အချိန်တွေ ကုန်ဆုံးနေပြီဖြစ်ကြောင်း သူ ကြိုတင် ခံစားမိထားသော်လည်း နှစ်တစ်သောင်းပင် မကျန်တော့ဘူးဆိုသည့် အခြေအနေမျိုးအထိ ဆိုးရွားနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
" နှစ်တစ်သောင်းပဲ... အဲ့ဒီအချိန်အတွင်းမှာ မင်းသာ အဆင့်မချိုးဖောက်နိုင်ခဲ့ရင် ဒီကမ္ဘာကြီးနဲ့အတူ မင်းပါ သေဆုံးရလိမ့်မယ် "
သစ်ပင်အိုကြီး၏အသံတွင် သက်ပြင်းချသံများ ခံစားချက်များ ပြည့်နှက်နေကာ မျှော်လင့်ချက် ကင်းမဲ့နေသည့် အရိပ်အယောင်ကိုပင် ခံစားသိရှိနိုင်လေသည်။
စိတ်ပိုင်းဆိုင်ရာအရရော ယုတ္တိရှိမှုအရပါ ကုချန်တစ်ယောက် တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ရန် ၎င်းက ပြင်းပြစွာ မျှော်လင့်နေ၏။ အဘယ်ကြောင့်ဆိုသော် ကုချန်သာ ထိုသို့ လုပ်နိုင်ပါက ၎င်းကိုယ်တိုင်လည်း ဤကမ္ဘာကြီး၏ ကပ်ဘေးမှ လွတ်မြောက်ကာ အသက်ဆက်ရှင်နိုင်မည် ဖြစ်သောကြောင့်ပင်။ ယခင်ခေတ်ကာလများကတည်းက ဤခေတ်အထိ အသက်ရှင်ကျန်ရစ်နိုင်ရန် သစ်ပင်အိုကြီးသည် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ ယခုအခါ မျှော်လင့်ချက် များစွာ နည်းပါးနေလျှင်တောင်မှ သူ ဆက်လက် အသက်ရှင်ချင်နေဆဲပင်။
မည်မျှပင် မြင့်မားသော အဆင့်သို့ ရောက်နေပါစေ အသက်ရှင်သန်လိုစိတ်ဟူသည် သက်ရှိအားလုံး၏ မွေးရာပါ အလိုဆန္ဒသာ ဖြစ်ပေသည်။
သို့သော် သူ့ရှေ့မှ လူငယ်လေးသည် ဤခေတ်ကာလအတွင်း အဆင့်ချိုးဖောက်ရန် အမှန်တကယ် အခွင့်အရေးရှိပါမည်လော။ သစ်ပင်အိုကြီးကိုယ်တိုင် သေချာမသိချေ။ ၎င်း၏အမြင်တွင် ကုချန်သည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်လှ၏။ သူသည် ဤခေတ်ကာလတွင် မွေးဖွားလာသူ ဖြစ်သော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်များကြောင့် ဤခေတ်နှင့် မသက်ဆိုင်သူတစ်ဦးကဲ့သို့ သစ်ပင်အိုကြီးကို အမြဲတမ်း ခံစားရစေသည်။
" ငါ့ရဲ့ ခန့်မှန်းချက်တွေ မမှားပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပဲ "
သစ်ပင်အိုကြီး၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသော်လည်း ကုချန်ကမူ ထိုအရာများကို ဂရုမစိုက်အားပေ။ ယခု သူ၏ စိတ်ထဲတွင် အတွေးတစ်ချက်သာ ရှိတော့၏။ ၎င်းမှာ နှစ်တစ်သောင်းအတွင်း တာအိုအရှင်သခင်အဆင့်သို့ မဖြစ်မနေ ချိုးဖောက်ဝင်ရောက်ရန် ပင် ဖြစ်သည်။
တာအိုအရှင်သခင် ဖြစ်မလာခဲ့ပါက ခေတ်ကာလကြီး ပျက်သုဉ်းချိန်တွင် သက်ရှိအားလုံး ပျက်စီးရမည်ဖြစ်၏။ အင်မော်တယ်ဧကရာဇ်တို့ နတ်ဆိုးဧကရာဇ်တို့ပင် ဖြစ်နေပါစေ အားလုံး အတူတူပင်။ အားလုံး သေဆုံးရမည်သာ ဖြစ်သည်။
" ခန္ဓာသုံးပါးကို တစ်ပေါင်းတည်း ပေါင်းစည်းရမလား... ဒါမှမဟုတ် သီးခြားစီပဲ ဆက်ပြီး နားလည်သဘောပေါက်အောင် ကျင့်ကြံရမလား "
ကုချန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ယခု သူ့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိနေသည်။
ပထမနည်းလမ်းမှာ ခန္ဓာသုံးပါးလုံးကို ပေါင်းစည်း၍ ၎င်းတို့၏ ကျင့်ကြံမှုများနှင့် နားလည်မှုများကို ပေါင်းစပ်ရန်ဖြစ်၏။
ဒုတိယနည်းလမ်းမှာ ခန္ဓာသုံးပါးကို သီးခြားစီ ဆက်လက်ကျင့်ကြံစေပြီး အဆုံးမဲ့တာအို အမှန်တရားအား နားလည်နိုင်စွမ်းကို အရှိန်မြှင့်တင်ရန်ဖြစ်သည်။
ဤရွေးချယ်မှု နှစ်ခုစလုံးတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိနေလေတော့သည်။