အခန်း ၆၂၆
Vol. 45 Ch. 626
အခန်း (၆၂၆) - ကုချန်၏ ဆုံးဖြတ်ချက်၊ မဖြစ်မနေ လိုအပ်လာသော ခန္ဓာသုံးပါး ပေါင်းစည်းခြင်း
" ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း "
ကျင့်စဉ်ကို တတ်မြောက်ပြီးကတည်းက ကုချန်၏ မူလခန္ဓာနှင့် ကိုယ်ပွားနှစ်ခုတို့သည် သီးခြားစီ နားလည်သဘောပေါက်ကာ ကျင့်ကြံနေခဲ့ကြ၏။
ခန္ဓာနှစ်ခု ခေတ္တပေါင်းစည်းသွားချိန်တွင် ကျင့်ကြံမှုနှင့် နားလည်နိုင်စွမ်းများ အလိုက်သင့် မြင့်တက်လာတတ်သော်လည်း သီးခြားခန္ဓာများအဖြစ် ပြန်လည်ခွဲထွက်သွားသောအခါ တာအိုအပေါ် နားလည်မှုများမှာလည်း ပြန့်ကျဲသွားသည့် အခြေအနေသို့ ပြန်ရောက်သွားမြဲပင်ဖြစ်သည်။
ခန္ဓာသုံးပါး ခွဲခြားထားခြင်း၏ အားသာချက်မှာ ကွဲပြားသော တာအိုများကို လျင်မြန်စွာ ချေဖျက်နားလည်နိုင်ပြီး အာဟာရများကို စုပ်ယူကာ အံ့မခန်း တိုးတက်မှုကို ရရှိနိုင်ခြင်းပင်။
သို့သော် အားနည်းချက်ကလည်း များစွာ သိသာထင်ရှားနေပြန်သည်။ ခန္ဓာသုံးပါး ခွဲထားချိန်တွင် စွမ်းအားများ လုံလောက်မှုမရှိသဖြင့် မည်မျှပင် နားလည်သဘောပေါက်စေကာမူ သင်ယူနိုင်စွမ်းမှာ အကန့်အသတ် ရှိနေသေး၏။
ဤသည်မှာ စစ်မှန်သော အင်မော်တယ်ရာပေါင်းများစွာက နှစ်ထောင်သောင်းချီ၍ ကျင့်ကြံလျှင်တောင်မှ အင်မော်တယ်ဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခု၏ ချက်ချင်းဆိုသလို အလင်းပွင့်သွားသော ဉာဏ်အလင်းနှင့် မယှဉ်နိုင်သကဲ့သို့ပင်။
ခန္ဓာသုံးပါး တစ်ပေါင်းတည်း ပေါင်းစည်းခြင်း၏ အားသာချက်မှာမူ ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် နားလည်နိုင်စွမ်းကို အတိုတောင်းဆုံးအချိန်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားစေနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်သွားပါက "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" နှင့် အဆုံးမဲ့တာအိုများကို နားလည်သဘောပေါက်ရန် ပိုမိုမြန်ဆန်ပြီး အကျိုးရှိလာမည်ဖြစ်၏။
သို့သော် အားနည်းချက်တစ်ခုလည်း ရှိနေသေးသည်။ ခန္ဓာသုံးပါး ပေါင်းစည်းပြီးသွားပါက ကုချန်တွင် ဤကဲ့သို့ အသက်ကယ်နိုင်သော နည်းလမ်းမျိုး ရှိတော့မည်မဟုတ်ချေ။
ယခင်က ခန္ဓာသုံးပါးသည် နေရာအသီးသီးတွင် ရှိနေသဖြင့် ကိုယ်ပွားတစ်ခု မမျှော်လင့်ဘဲ ပျက်စီးသွားလျှင်တောင်မှ ကျန်ခန္ဓာနှစ်ခု ရှိနေသေးသရွေ့ ကုချန်၏လုံခြုံရေးအတွက် စိတ်ချရသည်။
သို့သော် ခန္ဓာသုံးပါး တစ်ပေါင်းတည်း ဖြစ်သွားသည်နှင့် ကုချန်တွင် ဤ 'အသက်တစ်ချောင်း' သာ ကျန်ရှိတော့မည်ဖြစ်ရာ အကယ်၍ မူလခန္ဓာသာ ပျက်စီးသွားပါက သူ ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် ဤရွေးချယ်မှုနှစ်ခုကြားတွင် မည်သို့ ရွေးချယ်သင့်သနည်း။
လုံခြုံရေးနှင့် သီးခြားနားလည်နိုင်စွမ်းကို ဦးစားပေး၍ ခန္ဓာသုံးပါးကို ဆက်လက်ခွဲထားသင့်သလား။ သို့မဟုတ် အရာအားလုံးကို စွန့်လွှတ်ရင်း နောက်ဆုံးအကြိမ် လောင်းကြေးထပ်ကာ ခန္ဓာသုံးပါးကို ပေါင်းစည်းလိုက်ရမည်လား။
ဤအတွေးနှစ်ခုသည် ကုချန်၏ စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေတော့၏။ သို့သော် ဤသို့တွေဝေစဉ်းစားနေမှုသည် အသက်ရှူချိန် နှစ်ကြိမ်သုံးကြိမ်ခန့်သာ ကြာမြင့်ခဲ့ပြီးနောက် ကုချန်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ဖြင့် အကြည့်များ ခိုင်မာလာခဲ့သည်။
" ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း... ဟက်...! အထွတ်အမြတ် ကျင့်စဉ်ဆိုပေမယ့် ငါ့ရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးပစ်လုနီးပါးပဲ "
ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်၏။
အချိန်ကာလ တစ်လျှောက်လုံးတွင် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" မှလွဲ၍ "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" ကျင့်စဉ်သည် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက်နှင့် အားထားရာဖြစ်ခဲ့သည်မှာ ယုံမှားဖွယ်မရှိပေ။ ၎င်းကို အားကိုးခြင်းဖြင့် မရေမတွက်နိုင်သော ဘေးအန္တရာယ်များမှ လွတ်မြောက်ခဲ့ပြီး အကျပ်အတည်းများကို ကျော်လွှားနိုင်ခဲ့၏။
သို့သော် ဤသို့ ထပ်တလဲလဲ ကြုံတွေ့ခဲ့ရမှုများကြောင့် ဤအထွတ်အမြတ်ကျင့်စဉ်အပေါ် သူ တဖြည်းဖြည်း မှီခိုလာခဲ့မိသည်။ "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" သည် သူ၏ အကြီးမားဆုံး အားထားရာ ဖြစ်နေရုံသာမက သူ၏ တိုးတက်မှုအတွက် အဟန့်အတားတစ်ခုလည်း ဖြစ်လာခဲ့၏။
သစ်ပင်အိုကြီး၏ စကားအရ ဤအဆုံးမဲ့ကမ္ဘာကြီးသည် နှစ်တစ်သောင်းပင် မပြည့်မီ ပြိုကွဲပျက်စီးတော့မည်ဖြစ်သည်။ ကမ္ဘာကြီး ပျက်သုဉ်းသွားမည့် အချိန်အထိ သူ အမှန်တကယ် ဘေးကင်းစွာ အသက်ရှင်နေခဲ့လျှင်တောင်မှ ဘာအဓိပ္ပါယ် ရှိတော့မည်နည်း။
သူသည်လည်း ဤကမ္ဘာကြီးနှင့်အတူ ပျက်စီးကာ မြေမှုန့်အဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ ထို့အပြင် သူ၏ရုပ်အလောင်းသည်လည်း စုပုံနေသော မရေမတွက်နိုင်သည့် အင်မော်တယ်ဧကရာဇ်များ၏ ရုပ်အလောင်းများနည်းတူ တာအိုအရှင်သခင်များ ချိတ်ဆွဲခံရသည့် နေရာ၏ အရေးမပါသော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
ယခုအခါ အချိန် နှစ်တစ်သောင်းပင် မကျန်တော့သည့်အတွက် သူတတ်နိုင်သမျှမှာ အသက်နှင့်ရင်း၍ တိုက်ပွဲဝင်ရန်၊ ဤနှစ်တစ်သောင်းအတွင်း မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို ဆုပ်ကိုင်ရန်နှင့် တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိရန် ထိုတစ်ခုတည်းသော အခွင့်အရေးကို အရယူရန်ပင် ဖြစ်သည်။
ထို့ကြောင့် ခန္ဓာသုံးပါး ပေါင်းစည်းခြင်းကို မဖြစ်မနေ ပြုလုပ်ရတော့မည်ဖြစ်၏။
" နှစ်တစ်ရာအတွင်း ခန္ဓာသုံးပါးလုံးကို ငါ ပေါင်းစည်းမယ်... ဒီနှစ်တစ်ရာအတွင်း အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေတွေက ကိစ္စအားလုံးကို အပြီးသတ် ဖြေရှင်းရမယ် "
ကုချန်သည် ခန္ဓာသုံးပါးလုံးကို ပေါင်းစည်းရန် ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သော်လည်း ထိုသို့မတိုင်မီ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ရန် လိုအပ်နေသေးသည်။ အထူးသဖြင့် နတ်ဆိုးနယ်မြေရှိ သူ၏ ဒုတိယကိုယ်ပွားအတွက် ကြိုတင်ပြင်ဆင်စရာများစွာ ကျန်ရှိနေသေး၏။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနယ်မြေတွင် သူသည် ချီလျန်မျိုးနွယ်လက်အောက်ရှိ နယ်မြေအရှင်သခင်တစ်ပါး ဖြစ်နေရုံသာမက သူ့လက်အောက်တွင် နတ်ဆိုးဧကရာဇ်သုံးပါးပင် ရှိနေသေးသည် မဟုတ်ပါလော။