အခန်း ၆၂၇
Vol. 45 Ch. 627
အခန်း (၆၂၇) - အမျိုးသမီးနှစ်ဦးနှင့် တွေ့ဆုံခြင်း၊ ဆုံးဖြတ်ချက်ကို ကြေညာခြင်းနှင့် နှစ်တစ်သောင်း ကတိကဝတ်
ခန္ဓာသုံးပါး ပေါင်းစည်းခြင်းက မကြာမီ ဖြစ်ပေါ်လာတော့မည့် ကိစ္စဖြစ်၏။ ထိုသို့မတိုင်မီ အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေရှိ ကိစ္စရပ်များ၊ အထူးသဖြင့် နတ်ဆိုးနယ်မြေမှ ကိစ္စရပ်များကို ကုချန်အနေဖြင့် အလျင်အမြန်ဆုံး အရင်ဖြေရှင်းရန် လိုအပ်နေသည်။
အင်မော်တယ်နယ်မြေနှင့် ပတ်သက်၍မူ ကုချန် စိုးရိမ်စရာ ဘာမှမရှိပေ။
သူသည် ကောင်းကင်ဘုံရှိ ကုမိသားစုတစ်ခုလုံးကို အင်မော်တယ်နယ်မြေအနှံ့ ဖြန့်ကြက်ကာ အခြေချ ရှင်သန်နိုင်ရန် ကြိုတင် စီစဉ်ထားပြီးဖြစ်ရာ သူတို့အတွက် ကုချန် ထပ်မံပူပန်နေရန် မလိုအပ်တော့ချေ။
သို့သော် နတ်ဆိုးနယ်မြေနှင့် ပတ်သက်လာလျှင် နတ်ဆိုးဧကရာဇ်အဆင့်ရှိ သူ၏ လက်အောက်ငယ်သား သုံးဦးအပြင် ချီလျန်မျိုးနွယ်ကိုပါ သူ ရှင်းပြမှုတစ်ခု ပေးရန် လိုအပ်နေ၏။
နတ်ဆိုးနယ်မြေ... အဆုံးမဲ့ကောင်းကင်... ချီလျန်မျိုးနွယ်၏ ဌာနေမြေဟောင်း.....
ဌာနေမြေဟောင်းအတွင်း၌ ချီလျန်မျိုးနွယ်စုဝင်များသည် ဟိုဟိုဒီဒီ သွားလာနေကြကာ သူတို့၏ မျက်နှာများထက်တွင်လည်း ပျော်ရွှင်ကြည်နူးဖွယ် အပြုံးများ ဝေဆာနေကြ၏။
ကုချန်သည် အဆုံးမဲ့ကောင်းကင်အရှင်သခင် ဖြစ်လာပြီး ချီလျန်မျိုးနွယ်ကို စတင်ကာကွယ်ပေးခဲ့ချိန်မှစ၍ မျိုးနွယ်စု၏ အခြေအနေမှာ ယခင်ကနှင့် နှိုင်းယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားသွားခဲ့သည်။
ယခုအခါ ချီလျန်မျိုးနွယ်သည် အဆုံးမဲ့ကောင်းကင်တွင် အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် မျိုးနွယ်စုကြီး ဖြစ်လာရုံသာမက နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်အောက်ရှိ ကောင်းကင်ဘုံများ၌လည်း သူတို့အတွက် သီးသန့်နေရာတစ်ခုကို ရရှိနေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အသစ်ခန့်အပ်ခံရသော အဆုံးမဲ့ကောင်းကင်အရှင်သခင် ကုချန်အပေါ် နတ်ဆိုးဧကရာဇ်ကြီး၏ အလေးထားမှုကို ကောင်းကင်ဘုံအရှင်သခင်များအားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်၏။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ မျက်စိထဲတွင် ကုချန်က ပို၍ နေရာရလာလေ သူ၏ လက်အောက်ရှိ ချီလျန်မျိုးနွယ်၏ အဆင့်အတန်းကလည်း ပို၍ မြင့်မားလာလေပင် ဖြစ်သည်။
" ငါ့ဆီ အခုချက်ချင်း လာခဲ့ကြ "
ထိုနေ့တွင် သားအမိနှစ်ဦးဖြစ်သော ချီလျိုနှင့် ချီမုန်တို့သည် မိမိတို့၏ ကိစ္စရပ်များဖြင့် အလုပ်များနေကြ၏။
ရုတ်တရက် ကုချန်ထံမှ အခေါ်တော်လွှတ်မှုကို သူတို့ ရရှိလိုက်ကြသည်။
အမိန့်ကို ရရှိလိုက်သည်နှင့် သားအမိနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ ကြည့်လိုက်မိကြကာ သူတို့၏ လှပသော မျက်ဝန်းများထဲတွင် နားမလည်နိုင်မှုများ၊ တွေဝေမှုများနှင့် ပြည့်နှက်သွားကြ၏။
သူတို့၏ အရှင်သခင်သည် သူတို့ကို မခေါ်ယူခဲ့သည်မှာ ကြာပြီဖြစ်ကာ နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ခေါ်ယူခြင်းမျိုးဆိုလျှင် ပို၍ပင် အံ့ဩစရာကောင်းလှသည်။
သို့သော် ယုံမှားသံသယဖြစ်ဖွယ်မရှိသည်မှာ အရှင်သခင်က သူတို့ကို ခေါ်ယူခဲ့လျှင် ကြီးမားသော ကိစ္စရပ်တစ်ခုခု ဖြစ်ပျက်နေသောကြောင့်သာ ဖြစ်ရမည်။
ချီလျိုနှင့် ချီမုန်တို့သည် အချိန်ဆွဲရန် မဝံ့ရဲကြဘဲ ကုချန် တံခါးပိတ်ကျင့်ကြံနေသည့် နေရာသို့ ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့ကြ၏။
" အရှင်သခင် "
ရောက်ရှိသွားသောအခါ အမျိုးသမီးနှစ်ဦးသည် ကုချန် တံခါးပိတ်ကျင့်ကြံနေသည့် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခြင်းမပြုဘဲ ခန်းမအပြင်ဘက်၌သာ ရိုသေစွာ ဒူးထောက်ကာ ပြေပြစ်ကျော့ရှင်းစွာ ဂါရဝပြုလိုက်ကြသည်။
" ဝင်လာခဲ့ "
ခန်းမဆောင်အတွင်းမှ ကုချန်၏ အေးဆေးတည်ငြိမ်သော အသံ ထွက်ပေါ်လာသောအခါမှသာ အမျိုးသမီးနှစ်ဦးသည် မတ်တတ်ရပ်ကာ ခန်းမအတွင်းသို့ ဝင်ရောက်ရန် ဝံ့ရဲကြတော့သည်။
" ဒီတစ်ကြိမ် မင်းတို့နှစ်ယောက်ကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းက တကယ့်ကို ကြီးမားတဲ့ ကိစ္စတစ်ခု ရှိနေလို့ပဲ "
ချီမုန်နှင့် ချီလျိုတို့၏ နားမလည်နိုင်ဖြစ်နေသော အကြည့်များကို ရင်ဆိုင်ရင်း ကုချန်သည် စကားကို လှည့်ပတ်မနေတော့ဘဲ တည့်တိုးပင် ပြောချလိုက်၏။
" ငါ ထွက်သွားတော့မယ် "
ဤစကားကို ကြားလိုက်ရသည်နှင့် ချီလျိုနှင့် ချီမုန်တို့၏ နားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
အရှင်သခင်က ထွက်သွားတော့မယ် ဟုတ်လား။ ဒါ ဘာသဘောလဲ။
" အရှင်သခင်... ကျွန်မတို့ ဘာအမှားများ လုပ်မိလို့လဲ... အရှင်သခင် ကျွန်မတို့ကို စွန့်ပစ်သွားလို့ မရပါဘူး "
ချီမုန်မှ စိုးရိမ်တကြီး ပြောဆိုလိုက်၏။
သူသည် ထက်မြက်ပြီး ဉာဏ်ရည်ပြည့်ဝသူ ဖြစ်ရာ ကုချန်ပြောသော ထွက်ခွာခြင်းဆိုသည်မှာ ခေတ္တခဏ ထွက်ခွာခြင်းမျိုး မဟုတ်ဘဲ သူတို့ကို ထာဝရ စွန့်ခွာသွားတော့မည့်ပုံရနေသည်ကို သဘာဝကျကျပင် ခန့်မှန်းမိလေသည်။
သို့မဟုတ်လျှင် ခေတ္တခဏ ထွက်ခွာရုံမျှသာဆိုပါက ကုချန်အနေဖြင့် သူတို့ကို ဤမျှ လေးနက်စွာ ပြောပြနေရန် မလိုအပ်ပေ။
တစ်ခုတည်းသော အဓိပ္ပာယ်မှာ အရှင်သခင်သည် သူတို့ကို ထာဝရ စွန့်ခွာသွားတော့မည် ဟူ၍ပင် ဖြစ်သည်။
" မင်းတို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး... အချိန်တန်ပြီဖြစ်လို့ ငါ ထွက်သွားရတော့မှာပါ "
ကုချန်သည် လက်ကို ဝှေ့ယမ်းလိုက်၏။ ချီမုန်နှင့် ချီလျိုတို့ကို မည်သည့်အရာမျှ ရှင်းပြလိုသည့် ဆန္ဒ သူ့ထံတွင် မရှိချေ။ ထို့အပြင် သူ၏ အဆင့်အတန်းအရ ဤအမျိုးသမီးနှစ်ဦးကို မည်သည့်အရာကိုမျှ ရှင်းပြနေရန်လည်း မလိုအပ်ပေ။
သို့သော် ချီလျန်မျိုးနွယ်သည် သူ၏ နောက်သို့ လိုက်ပါခဲ့ပြီး အမျိုးသမီးနှစ်ဦးသည်လည်း သူ့အပေါ် အမြဲတမ်း သစ္စာရှိခဲ့သောကြောင့် ကုချန်သည် နောက်ဆုံးတွင် များစွာ ရက်စက်မနေတော့ဘဲ ဤသို့သာ ပြောဆိုလိုက်၏။
" နောက်ထပ် နှစ်တစ်သောင်းအတွင်းမှာ အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်... နှစ်တစ်သောင်းကြာတဲ့အခါ ငါ အသက်ရှင်နေသေးတယ်ဆိုရင် ချီလျန်မျိုးနွယ်လည်း ဆက်လက် ရပ်တည်နိုင်လိမ့်မယ်... တကယ်လို့ နှစ်တစ်သောင်းကြာတဲ့အခါ ငါမရှိတော့ဘူးဆိုရင်တော့ မင်းတို့ရဲ့ ချီလျန်မျိုးနွယ်လည်း မြေမှုန့်အဖြစ်ကိုပဲ ပြန်လည်ရောက်ရှိသွားလိမ့်မယ် "
နောက်ထပ် နှစ်တစ်သောင်းအတွင်း ကောင်းကင်ဘုံများသည် ၎င်းတို့၏ နိဂုံးသို့ ရောက်ရှိသွားမည်ဖြစ်သည်။
နောက်ဆုံးအချိန် ရောက်ရှိလာသောအခါ ကုချန်သာ တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ပါက ချီလျန်မျိုးနွယ်သည်လည်း သူနှင့်အတူ ကောင်းကင်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကမ္ဘာလောကများကို ကျော်လွန်ကာ ကောင်းကင်ဘုံများ၏ သံသရာလည်ခြင်းမှ လွတ်မြောက်နိုင်မည်ဖြစ်၏။
သို့သော် ကုချန်သာ ကျရှုံးခဲ့ပါက ချီလျန်မျိုးနွယ်သည်လည်း သူနှင့်အတူ သဘာဝကျကျ ပျက်စီးသွားမည်သာ ဖြစ်လေသည်။