← Chapters

အခန်း ၆၃၀

Vol. 45 Ch. 630

အခန်း ၆၃၀

Vol. 45 Ch. 630

အခန်း (၆၃၀) - အတူတကွ ကျော်ဖြတ်ခြင်း၊ စောင့်ကြိုနေသော လူသားဧကရာဇ်နှင့် ထာဝရကပ်ဘေး

‎

‎

‎လူတိုင်း အပြင်းအထန် ကျော်ဖြတ်ရန် ရုန်းကန်နေကြဆဲမှာပင် အားလုံးရဲ့ နှလုံးသားထဲ၌ ဝိညာဉ်အလင်းတန်းတစ်ခု ပေါက်ကွဲသွားခဲ့၏။

‎

‎တစ်စုံတစ်ယောက်မှာ တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ မည်သူနည်း။

‎

‎ထိုအချိန်တွင် အံ့ဩမှုနှင့် စိတ်ပျက်အားငယ်မှုများ ရောယှက်နေသော မရေမတွက်နိုင်သည့် အကြည့်အားလုံးသည် ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ကျရောက်သွားကြ၏။ အကြောင်းမှာ တစ်စုံတစ်ယောက် တာအိုအရှင်သခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားပြီဖြစ်ကြောင်း အမှောင်ထုထဲမှနေ၍ သူတို့ အာရုံခံလိုက်မိသောကြောင့်ပင်။

‎

‎" သူ... သူပဲ... "

‎

‎ရှောင်လင်ဧကရီမှ တိုးညှင်းစွာ ရေရွတ်လိုက်၏။ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရပ်တည်နေသည့် ထိုကြီးမားခမ်းနားလှသော ပုံရိပ်ကို သူ မြင်တွေ့နေရသကဲ့သို့ပင်။

‎

‎တကယ်ပဲ... သူလား။

‎

‎တာအိုအရှင်သခင်။ တာအိုအရှင်သခင်။

‎

‎ဟွမ်သွမ့်ပင်လယ်၏ အောက်ခြေ၌ ကုချန်သည် တင်ပျဉ်ခွေထိုင်နေကာ သူ၏ပတ်လည်တွင် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဆိုးပုံရိပ်များက သူ့အား အဆက်မပြတ် ဦးညွှတ်ခယနေကြ၏။

‎

‎မှန်ပေသည်။ တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းသွားသူမှာ သူပင်ဖြစ်သည်။

‎

‎တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိသည်နှင့် ကုချန်သည် သူ၏အသိစိတ်များ အဆုံးမရှိ မြင့်တက်သွားကာ ကောင်းကင်ဘုံကိုကျော်လွန်၍ ထာဝရကာလ၏ အစအဦးတွင် ရပ်တည်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်စိရှေ့တွင် ပင့်ကူမျှင်များကဲ့သို့ သိပ်သည်းရှုပ်ထွေးနေသော မျဉ်းကြောင်းများ ဖြည်းညင်းစွာ ဖြန့်ကျက်လာ၏။

‎

‎ထိုမျဉ်းကြောင်းများမှာ အချိန်ကာလ မျဉ်းကြောင်းများပင် ဖြစ်လေသည်။

‎

‎အချိန်ကာလ မျဉ်းကြောင်းတစ်ခုစီတိုင်းတွင် ဤစကြဝဠာနှင့် ကောင်းကင်ဘုံများ၏ သက်တမ်းတစ်ခုလုံးကို ဖုံးကွယ်ထား၏။ ဤမရေမတွက်နိုင်သော အချိန်မျဉ်းများထဲတွင် အဆုံးမဲ့သော ဖြစ်နိုင်ခြေများ ပါဝင်နေပေသည်။

‎

‎ဤအချိန်တွင် ကုချန်၏ နှလုံးသားထဲ၌ အသိတရားတစ်ခု ပေါ်ပေါက်လာခဲ့၏။ ယခု သူလုပ်ရမည့်အရာမှာ ဤအချိန်မျဉ်းများအားလုံးရှိ သူ၏ပုံရိပ် 'အားလုံး' ကို စုစည်းကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းပစ်ရန်ပင် ဖြစ်သည်။

‎

‎ထိုသို့လုပ်ဆောင်မှသာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ရှိ မိမိကိုယ်တိုင်အားလုံး တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းကာ အမှန်တကယ် ပြည့်စုံသော ကျော်လွန်ခြင်းဖြစ်မည်။ အချိန်မျဉ်းများပေါ်ရှိ ကိုယ်ပွားအားလုံး မူလခန္ဓာကိုယ်ထံသို့ ပြန်လည်ရောက်ရှိလာမှသာ ထာဝရဟု ခေါ်ဆိုနိုင်ကာ တာအိုအရှင်သခင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ မဟာအရှင်သခင် ဟု ခေါ်ဆိုနိုင်ပေမည်။

‎

‎ကုချန်၏အကြည့်တို့က ၎င်းတို့အပေါ် ဖြတ်သန်းသွားခဲ့၏။ ထိုအချိန်မျဉ်းများပေါ်ရှိ သူ၏ပုံရိပ်များအားလုံးသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်လာကြတော့သည်။

‎

‎ထိုအခိုက်တွင် သူ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရ၏။

‎

‎လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားတစ်ခုသည် အချိန်မျဉ်းပေါင်းများစွာ၏ အလွန်မှ ကျဆင်းလာကာ အချိန်မျဉ်းတစ်ခုပေါ်သို့ ကျရောက်သွား၍ ထိုအချိန်မျဉ်းပေါ်ရှိ ကုချန်မှ ရရှိသွားသည်ကို သူမြင်လိုက်ရသည်။

‎

‎ထိုအချိန်မျဉ်းတွင် သူသည် အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်ပြီး နတ်ဆိုးနယ်မြေမှ တံခါးလာခေါက်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။ ထိုအချိန်မျဉ်းမှ ကုချန်သည် အသေခံတိုက်ခိုက်ခဲ့သော်လည်း အခြားသော အင်မော်တယ်ဧကရာဇ်များမှာမူ ထွက်မလာဘဲ နောက်ဆုတ်နေရန် ရွေးချယ်ခဲ့ကြသဖြင့် သူ့ကို ဒေါသထွက်စေခဲ့သည်။

‎

‎နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့သွားသော ကုချန်သည် သူ၏အမွေအနှစ်ကို ခေါင်းတလားအဖုံးပေါ်တွင် ချန်ထားခဲ့ကာ ခေါင်းတလားထဲ၌ သူ့ကိုယ်သူ မြှုပ်နှံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

‎

‎နောက်ပိုင်းတွင် ထိုခေါင်းတလားသည် ဆက်လက်ကျဆင်းသွားပြီး အခြားသော အချိန်မျဉ်းများပေါ်သို့ ကျရောက်သွားခဲ့၏။

‎

‎အချိန်မျဉ်းတစ်ခုတွင် အရောင်ကိုးမျိုးရှိသော နတ်ဖီးနစ်တစ်ကောင်သည် ကျဆင်းတော့မည့် ရှေးဟောင်းခေါင်းတလားကို မြင်လိုက်ရပြီး စူးစမ်းရန် အလျင်အမြန် လိုက်လံရှာဖွေခဲ့သော်လည်း ခေါင်းတလားမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် ဖမ်းဆီးခံလိုက်ရကာ တောင့်ခဲလျက် ခေါင်းတလားနှင့်အတူ ဆက်လက် ကျဆင်းသွားခဲ့လေသည်။

‎

‎ထိုအရောင်ကိုးမျိုး နတ်ဖီးနစ်မှာ ဟွမ်ကျိုအာ ဖြစ်နေလေသ‌လား။

‎

‎ကုချန်၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို ဖွင့်လိုက်ပြီးနောက် သူ့ကိုယ်သူ မြင်တွေ့ခဲ့ရသော်လည်း နောက်တစ်စက္ကန့်တွင် ခေါင်းတလား အလွတ်ဖြစ်သွားရသည့် အကြောင်းရင်းကို သူ အပြည့်အဝ နားလည်သွားတော့သည်။

‎

‎အကြောင်းမှာ ခေါင်းတလားထဲတွင် မြှုပ်နှံထားသည်က အခြားအချိန်မျဉ်းတစ်ခုမှ သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။

‎

‎မတူညီသော အချိန်မျဉ်းနှစ်ခုမှ ကုချန်တို့သည် ဘယ်သောအခါမှ တွေ့ဆုံခွင့်မရှိရန် ကံကြမ္မာစီမံထားသဖြင့် သူ ဒုတိယအကြိမ် ကြည့်လိုက်သောအခါ ခေါင်းတလားထဲရှိ သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

‎

‎အတိတ်က လူသားဧကရာဇ်မှ ဟွမ်ကျိုအာကို ပြောခဲ့သော အချက်နှင့် ပတ်သက်၍လည်း ယခုအခါ ကုချန် နားလည်သွားခဲ့ပြီဖြစ်၏။

‎

‎ဟွမ်ကျိုအာသည် အခြားအချိန်မျဉ်းတစ်ခုမှ လာခြင်းဖြစ်ပြီး ခေါင်းတလားနှင့်အတူ ဤအချိန်မျဉ်းပေါ်သို့ ကျရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မည်သည့်အချိန်နှင့်မျှ သက်ဆိုင်ခြင်းမရှိသူတစ်ဦး မဟုတ်ပါလော။

‎

‎ထိုခေါင်းတလားက ကုချန်ကို ပို၍ပင် အံ့အားသင့်စေခဲ့၏။ ၎င်း၏ မူလဇာစ်မြစ်ကို ခြေရာခံကြည့်သောအခါ ဤခေါင်းတလားသည် ကောင်းကင်ဘုံပြင်ပမှ ရောက်ရှိလာခြင်းဖြစ်ပြီး စကြဝဠာပြင်ပမှ အရာတစ်ခု ဖြစ်နေလေသည်။

‎

‎" တကယ့်ကို မြင့်မြတ်တဲ့အရာပဲ "

‎

‎ကုချန်မှ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ရင်း တစ်ချိန်တည်းမှာပင် သူ၏လက်ဝါးကို ဆန့်ထုတ်ကာ ကျယ်ပြောလှသော အချိန်မျဉ်းများထဲသို့ ဖိချလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို ဆယ်ယူရန် ကြံရွယ်လိုက်၏။

‎

‎သူ အချိန်မျဉ်းကို ခွာချလိုက်သည့်အချိန်တွင် ထိုအချိန်မျဉ်းပေါ်၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တာအိုအရှင်သခင်အဆင့် ကျင့်စဉ်ကို လေ့ကျင့်နေခဲ့သော ရှောင်လင်ဧကရီသည် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ရ၏။ သူသည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းရောင် လက်ဝါးကြီးကို မြင်လိုက်ရပြီး တစ်ချိန်တည်းမှာပင် ကုချန်၏ မျက်နှာကိုပါ မြင်တွေ့လိုက်ရလေသည်။

‎

‎နှစ်ပေါင်းများစွာ အကြာမှ ရှောင်လင်ဧကရီ၏ အံ့ဩမှင်တက်နေသော အကြည့်များကြားတွင် ကုချန်သည် သူ၏လက်ဝါးကို ဆန့်ထုတ်ကာ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို သူ၏လက်ထဲသို့ ဆုပ်ကိုင်လိုက်၏။

‎

‎တစ်ချိန်တည်းမှာပင် ဟွမ်သွမ့်ပင်လယ်အတွင်းရှိ သဘာဝအလျောက် ဖြစ်တည်နေသော စာသားမဲ့ ကောင်းကင်ကျောက်စာတိုင်ပေါ်တွင်လည်း လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းရောင် လက်ဝါးရာတစ်ခု ထင်ဟပ်သွားလေသည်။

‎

‎ဤအရာအားလုံးကို စောင့်ကြည့်ရင်း ကုချန်သည် အမှန်တရားကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီး သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့၏။

‎

‎ဒါဆို ဒီအရာအားလုံးက တကယ်ပဲ သူ့ဆီကနေ ဆင်းသက်လာခဲ့တာလား။

‎

‎သို့သော် ထိုအရာများမှာ အရေးမကြီးတော့ပေ။

‎

‎ကုချန်သည် အချိန်မျဉ်းအားလုံးကို စုစည်းလိုက်ပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံများမှ လုံးဝ ခုန်ထွက်သွားကာ သေမျိုးကမ္ဘာ၏ ပြင်ပတွင် ရပ်တည်လိုက်တော့၏။

‎

‎" ငါကိုယ်တော်က တာအိုအရှင်သခင်အဆင့်ကို ရောက်ရှိသွားပြီ... မင်းတို့အားလုံး ငါနဲ့အတူ ကျော်ဖြတ်ရမယ် "

‎

‎အဆုံးမဲ့ ခမ်းနားကြီးကျယ်မှုများ ပြည့်နှက်နေသော အသံတစ်ခု ကောင်းကင်ဘုံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

‎

‎ဤအချိန်တွင် ကုမိသားစုဝင်များအားလုံး၊ ရှောင်လင်ဧကရီ၊ ယွဲ့လင်၊ ချီလျန်မျိုးနွယ်၊ ရှာနာနတ်ဆိုးဧကရာဇ်၊ နတ်ဆိုးဧကရာဇ်ကြီးအပါအဝင် ကုချန်နှင့် အတိတ်က ပတ်သက်မှုရှိခဲ့သူတိုင်းကို ကုချန်က ကောင်းကင်ဘုံများထဲမှ 'ဆယ်ယူ' လိုက်လေသည်။

‎

‎ကောင်းကင်ဘုံများ ပျက်သုဉ်းသွားသည်ကိုရော၊ ထိုဖြစ်စဉ်အတွင်း ကျဆုံးသွားသော မရေမတွက်နိုင်သည့် သက်ရှိများကိုပါ စောင့်ကြည့်ရင်း ကုချန်၏မျက်လုံးများထဲတွင် တစ်ခဏတာ လွမ်းဆွတ်မှုများ ပေါ်လာခဲ့၏။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းကာ သူသည် လူတိုင်းကို ခေါ်ဆောင်၍ ကမ္ဘာများ၏ ပြင်ပသို့ ထွက်ခွာသွားလေသည်။

‎

‎သို့သော် သူတို့ ကမ္ဘာများ၏ ပြင်ပသို့ မရောက်မီတွင် 'အသိဟောင်း' တစ်ဦးနှင့် ဆုံတွေ့ခဲ့ရ၏။

‎

‎" လူသားဧကရာဇ်လား?! "

‎

‎သူ၏ရှေ့ရှိ ရင်းနှီးနေသော ပုံရိပ်ကိုကြည့်ကာ ကုချန်၏မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်သွားလေသည်။

‎

‎သူ၏ရှေ့ရှိလူမှာ ကျဆုံးသွားခဲ့သော လူသားဧကရာဇ် ဖူရှီး မဟုတ်ပါလော။

‎

‎" မိတ်ဆွေလေး... မင်း လုပ်နိုင်မယ်ဆိုတာ ငါ သိနေခဲ့တယ် "

‎

‎ဖူရှီးသည် လက်ခုပ်တီးလျက် ဂုဏ်ပြုလိုက်၏။ သူ၏မျက်လုံးများတွင်လည်း အသိအမှတ်ပြုသော အကြည့်များရှိနေသည်။

‎

‎" ကျွန်တော် ထင်တဲ့အတိုင်းပါပဲ "

‎

‎အစပိုင်းတွင် အံ့ဩသွားပြီးနောက် ကုချန်သည် တဖြည်းဖြည်း တည်ငြိမ်သွားကာ အရာအားလုံးကို လက်ခံလိုက်ပုံရ၏။

‎

‎မှန်ပေသည်။ အကယ်၍ လူသားဧကရာဇ်သာ တာအိုအရှင်သခင်အဆင့်ကို မရောက်ရှိသွားသေးဘဲ အောက်ကမ္ဘာရှိ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေပါက ဟွမ်ကျိုအာ၏ ဇာစ်မြစ်ကို မည်သို့မြင်နိုင်မည်နည်း။ ပြီးလျှင် ထိုသို့သော စကားကို မည်သို့ ချန်ထားနိုင်မည်နည်း။

‎

‎မည်သို့ပင်ဆိုစေကာမူ ဟွမ်ကျိုအာသည် အင်မော်တယ်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အခြားအချိန်မျဉ်းတစ်ခုမှ တည်ရှိမှုတစ်ခုဖြစ်သည်။ သို့သော် ထိုအချိန်က လူသားဧကရာဇ် ဖူရှီးသည် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းသာရှိပြီး အစစ်အမှန် အင်မော်တယ်ပင် မဖြစ်သေးပေ။ သူ့အနေဖြင့် ထိုသို့သော စွမ်းရည်မျိုးဖြင့် ဟွမ်ကျိုအာ၏ဇာစ်မြစ်ကို မြင်နိုင်စွမ်းရှိခြင်းမှာ ရှောင်လင်ဧကရီနှင့် အခြားသူများပင် ပိုင်ဆိုင်ထားခြင်း‌ မရှိသောအရာဟု ဆိုရမည်။

‎

‎အကယ်၍ လူသားဧကရာဇ်သာ အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့သော တည်ရှိမှုတစ်ခု ဖြစ်နေပါက အရာအားလုံးကို ရှင်းပြနိုင်ပေလိမ့်မည်။

‎

‎" လူသားဧကရာဇ်က တကယ်ကို အံ့မခန်းပါပဲ... အရပ်မျက်နှာ အသီးသီးက အပြင်းအထန် ကျော်ဖြတ်ဖို့ ရုန်းကန်နေရချိန်မှာ လူသားဧကရာဇ်က ကမ္ဘာကြီးရဲ့ ပြင်ပကို ကျော်လွန်သွားခဲ့တာပဲ "

‎

‎ကုချန်မှ အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။

‎

‎သို့သော် သူ၏အသံတွင် နားမလည်နိုင်သော အရိပ်အယောင်တစ်ခု ရှိနေ၏။ လူသားဧကရာဇ်သာ တာအိုအရှင်သခင်အဆင့်ကို ကျော်လွန်သွား၍ ကောင်းကင်ဘုံများ၏ ပြင်ပတွင် ရပ်တည်နေနိုင်ပြီဆိုလျှင် အဘယ်ကြောင့် ဧကရာဇ်အဆင့် ကျင့်ကြံသူလေးတစ်ဦးအဖြစ် 'ဇာတ်ရုပ်' ဝင်နေရသနည်း။ သေချာပေါက် သူ့ကြောင့်တော့ မဟုတ်နိုင်ဘူး မဟုတ်လား။

‎

‎ကုချန်သည် သူ၏အတွေးမှာ အနည်းငယ် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရကာ ခေါင်းခါရမ်းလိုက်၏။ သူသည် နောက်မှရောက်လာသူ တစ်ယောက်မျှသာဖြစ်ရာ လူသားဧကရာဇ်မှ သူ့ကို ဤမျှတန်ဖိုးထားရလောက်အောင် သူ့ဆီ၌ ဘာများရှိမည်နည်း။

‎

‎သို့သော် ကုချန် ထိုသို့ တွေးနေစဉ်မှာပင် လူသားဧကရာဇ်၏ ပြတ်သားသော အသံကို ကြားလိုက်ရ၏။

‎

‎" ငါအရှင်က အမှန်တကယ် ကျော်လွန်သွားခဲ့တာ ကြာပါပြီ... ဒါပေမယ့် ဒီမူလခေတ်ကာလမှာ မဟုတ်ဘဲ ခေတ်ကာလ အားလုံးမတိုင်ခင်ကတည်းက ကျော်လွန်နိုင်ခဲ့တာပါ... ဒီခေတ်ကာလကို ဆင်းသက်လာခဲ့ရတဲ့ အကြောင်းရင်းကတော့ တာအိုမိတ်ဆွေ မင်းကြောင့်ပါပဲ "

‎

‎တကယ်ပဲ သူ့ကြောင့်လား။

‎

‎ကုချန်သည် အနည်းငယ် အံ့အားသင့်သွားရ၏။

‎

‎" ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာကို အထက်နဲ့ အောက်ဆိုပြီး အတွဲနှစ်တွဲ ခွဲထားတယ်... အထက်ပိုင်းကို ဒီခေတ်ကာလရဲ့ ရှောင်လင်ဧကရီက ရရှိခဲ့ပြီး အောက်ပိုင်းကတော့ အတိတ်က ဝိညာဉ်သခင်ဆီမှာ ရှိခဲ့တယ် "

‎

‎လူသားဧကရာဇ်မှ ဖြည်းညင်းစွာ ပြောဆိုလေသည်။

‎

‎ဝိညာဉ်သခင်?

‎

‎ကုချန်၏ စိတ်ထဲတွင် တာအိုအရှင်သခင် ထောင်ပေါင်းများစွာ အလောင်းများအဖြစ် ချိတ်ဆွဲခံထားရသော နေရာနှင့် သူ့ကို သေလုနီးပါး ဖြစ်စေခဲ့သော ထိုတာအိုအရှင်သခင်၏ အလောင်းကို ချက်ချင်း သတိရသွား၏။

‎

‎သို့သော် လူသားဧကရာဇ်က အဘယ်ကြောင့် ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာအကြောင်း ရုတ်တရက် ထုတ်ပြောလာရသနည်း။ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ ရောက်ရှိနေသည့် နေရာများအားလုံးမှာ လူသားဧကရာဇ်၏ စီစဉ်မှုများသာ ဖြစ်မနေလျှင်ပေါ့။

‎

‎ကုချန်သည် အတွေးထဲ နစ်မျောသွားတော့သည်။

‎

‎ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာကို အတွဲနှစ်တွဲခွဲထားပြီး မည်သည့် မူလခေတ်ကာလကမှန်း မသိသော တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုဖြစ်သည့် ဝိညာဉ်သခင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် အထက်ပိုင်းသည် နောက်ဆုံးတွင် ဤမူလခေတ်ကာလမှ ရှောင်လင်ဧကရီ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။ သေချာစဉ်းစားကြည့်လျှင် ဤသည်မှာ အမှန်တကယ်ကို ယုတ္တိမရှိလှပေ။

‎

‎အကြောင်းမှာ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာသည် ဝိညာဉ်သခင်၏ အထွတ်အထိပ် သိုင်းပညာဖြစ်ရာ သူ၏ဘေးတွင်သာ အပြည့်အဝ ရှိနေသင့်သည်။ အဘယ်ကြောင့် ကျမ်းစာတစ်ဝက်မှာ ဤခေတ်ကာလသို့ ရုတ်တရက် ရောက်ရှိလာရသနည်း။ တစ်ခုတည်းသော ရှင်းပြချက်မှာ တစ်စုံတစ်ယောက်က ကျမ်းစာတစ်ဝက်ကို တမင်တကာယူဆောင်လာ၍ လက်ရှိ မူလခေတ်ကာလအတွင်း ထားရစ်ခဲ့ခြင်းပင် ဖြစ်ရမည်။

‎

‎" တာအိုမိတ်ဆွေ... တာအိုအရှင်သခင် ထောင်ပေါင်းများစွာ အလောင်းတွေအဖြစ် ချိတ်ဆွဲခံထားရတဲ့ အဲဒီနေရာကို မင်း ရောက်ဖူးပြီးသား ဖြစ်မှာပါ "

‎

‎လူသားဧကရာဇ်မှ အေးအေးလူလူပင် ပြောဆိုလိုက်၏။

‎

‎" အဲဒါက ငါအရှင် မင်းကို ထုတ်ဖော်ပြချင်တဲ့ အမှန်တရားရဲ့ ထောင့်တစ်နေရာပါပဲ တာအိုမိတ်ဆွေ... တာအိုအရှင်သခင်အဆင့်ကို ရောက်ရှိတာက ကောင်းကင်ဘုံတွေရဲ့ လည်ပတ်မှုကို အမှန်တကယ် ကျော်လွန်နိုင်ပေမယ့်... ထာဝရကပ်ဘေးရဲ့ နောက်ဆုံး ဘေးအန္တရာယ်ကနေတော့ မလွတ်မြောက်နိုင်ဘူး "

‎

‎" မင်းမြင်ခဲ့ရတဲ့ တာအိုအရှင်သခင် အလောင်းထောင်ပေါင်းများစွာဟာ အရင် ထာဝရကပ်ဘေးတွေကနေ ကျန်ရစ်ခဲ့တာတွေပဲ... ထာဝရကပ်ဘေး ပြီးသွားတဲ့အခါ တာအိုအရှင်သခင်တွေ အားလုံး သေဆုံးရတယ်! “‎

‎‎

‎

All Chapters